မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောက်ျားနှင့် မိန်းမ တစ်ဦးကိုတစ်ဦး ထောက်မရန် ဖန်ဆင်းခံရ

ယောက်ျားနှင့် မိန်းမ တစ်ဦးကိုတစ်ဦး ထောက်မရန် ဖန်ဆင်းခံရ

ယောက်ျားနှင့် မိန်းမ တစ်ဦးကိုတစ်ဦး ထောက်မရန် ဖန်ဆင်းခံရ

ယောက်ျားနှင့်မိန်းမသည် အမြဲမခွဲအတူနေလိုကြ၏။ ထိုဆန္ဒကို ဘုရားသခင် ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပထမလူသားအာဒံသည် တစ်ယောက်တည်း မနေကောင်းဟု ယေဟောဝါယူဆခဲ့သည်။ ထို့ကြောင့် “[ယောက်ျား] နှင့်တော်သောအထောက်အမ” ကိုဖန်ဆင်းပေးခဲ့၏။

ယေဟောဝါသည် အာဒံကို အိပ်မောကျစေပြီးနောက် သူ၏နံရိုးတစ်ချောင်းကိုထုတ်ယူကာ ထို “နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။” အာဒံသည် ယေဟောဝါဖန်ဆင်းထားသော မိန်းမချောလေးကိုမြင်လေသော် ဝမ်းသာလွန်း၍ “ယခု ဤသူသည် ငါ့အရိုးထဲက အရိုး၊ ငါ့အသားထဲက အသားဖြစ်၏” ဟုဆိုလေသည်။ စုံလင်သောမိန်းမ ဧဝသည် မိန်းမပီသသောလက္ခဏာများဖြင့် အမှန်ချစ်ဖွယ်ကောင်းလှ၏။ စုံလင်သောလူ အာဒံသည်လည်း ယောက်ျားပီသသောလက္ခဏာရှိ၍ ရိုသေလေးစားခံထိုက်ပေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦးထောက်မရန် ဖန်ဆင်းခံရကြသည်။ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုကျမ်းစာဆိုလေ၏။—⁠ကမ္ဘာဦး ၂:၁၈-၂၄

သို့သော် ယနေ့တွင် မိသားစုများပြိုကွဲနေကြပြီး ယောက်ျားနှင့်မိန်းမစပ်ကြား ဆက်ဆံရေးသည် ကိုယ်နှုတ်ရိုင်းစိုင်းကြမ်းတမ်းကာ အတ္တဆန်လာသည်။ ၎င်းတို့စပ်ကြား ပြိုင်ဆိုင်လိုစိတ်ကြောင့် စိတ်ဝမ်းကွဲလာသည်။ ယင်းတို့သည် ယောက်ျားနှင့်မိန်းမအတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်၏။ မြေကြီးပေါ်တွင် ထူးမြတ်လှသောတာဝန်ကိုထမ်းဆောင်ရန် ယောက်ျားကိုဖန်ဆင်းခဲ့သည်။ မိန်းမသည်လည်း လင်ယောက်ျားကို ထောက်မပေးရန်ဖြစ်သည်။ သူတို့သည် စည်းလုံးစွာအတူတကွလုပ်ဆောင်ရမည်။ လူသားစတင်တည်ရှိချိန်မှစ၍ ယေဟောဝါ၏လမ်းညွှန်မှုကို လေးစားလိုက်နာသော ယောက်ျားမိန်းမတို့သည် သူတို့အတွက် ကိုယ်တော်ရည်ရွယ်ထားသော တာဝန်များကို သစ္စာရှိရှိကျေပွန်ခဲ့ကြရာ ပျော်ရွှင်မှုနှင့်ကျေနပ်ရောင့်ရဲမှု ခံစားကြရသည်။ ထိုတာဝန်များကား အဘယ်နည်း။ ယင်းတို့ကို မည်သို့ကျေပွန်နိုင်မည်နည်း။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကိုဂုဏ်သိက္ခာရှိသော တာဝန်များထမ်းဆောင်ရန် ဖန်ဆင်းခဲ့