မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောက်ျား နှင့်မိန်းမ ဂုဏ်သိက္ခာရှိသောတာဝန်ကိုယ်စီ ရရှိထား

ယောက်ျား နှင့်မိန်းမ ဂုဏ်သိက္ခာရှိသောတာဝန်ကိုယ်စီ ရရှိထား

ယောက်ျား နှင့်မိန်းမ ဂုဏ်သိက္ခာရှိသောတာဝန်ကိုယ်စီ ရရှိထား

ယေဟောဝါဘုရားသခင်သည် အာဒံကို ဦးစွာဖန်ဆင်းပြီးနောက် ဧဝကိုဖန်ဆင်းခဲ့၏။ ဧဝကိုမဖန်ဆင်းမီ အာဒံတစ်ကိုယ်တည်း အသက်ရှင်နေထိုင်ခဲ့သည်။ ထိုအချိန်အတွင်း ယေဟောဝါသည် သူ့ကို တိကျသောညွှန်ကြားချက်များ ပေးခဲ့၏။ (ကမ္ဘာဦး ၂:၁၅-၂၀) ယင်းတို့ကို ဇနီးဖြစ်သူအား အသိပေးပြောကြားခဲ့ရသည်။ ထို့ကြောင့် ဝတ်ပြုရေးအပါအဝင် ကိစ္စရပ်အားလုံးတွင် သူဦးစီးဦးဆောင်ရမည်ဖြစ်၏။

ခရစ်ယာန်အသင်းတော်တွင်လည်း အလားတူအစီအစဉ်မျိုးရှိသည်ဖြစ်ရာ ယင်းကိုဆန်းစစ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်သည်။ “မိန်းမသည် . . . ယောက်ျားကို အစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာနေအပ်၏။ အကြောင်းမူကား အာဒံကို ရှေးဦးစွာဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏” ဟုတမန်တော်ပေါလုရေးခဲ့သည်။ (၁ တိမောသေ ၂:၁၂၊ ၁၃) ယင်းက မိန်းမတစ်ဦးသည် ခရစ်ယာန်အသင်းတော်အစည်းအဝေးတွင် လုံးဝတိတ်ဆိတ်စွာနေရမည်ဟု မဆိုလိုပေ။ ယောက်ျားတစ်ဦးနှင့်အငြင်းအခုံဖြစ်ခြင်း၊ သူ၏ ခန့်အပ်ခံအနေအထားကိုနှိမ်ခြင်း၊ အသင်းတော်တွင်သွန်သင်ခြင်းစသည်တို့ မပြုလုပ်သည့်သဘောမျိုးဖြင့် တိတ်ဆိတ်စွာနေခြင်းဖြစ်၏။ အသင်းတော်တွင် ဦးစီးကြီးကြပ်ခြင်းနှင့် သွန်သင်ခြင်းတာဝန်ကို ယောက်ျားများအား ပေးအပ်ထားသော်လည်း မိန်းမများအနေနှင့် ခရစ်ယာန်အစည်းအဝေးများတွင် နည်းအမျိုးမျိုးဖြင့် ပါဝင်ပံ့ပိုးနိုင်ပါသည်။

ယောက်ျားနှင့်မိန်းမတို့အား ဘုရားသခင်အပ်နှင်းထားသော တာဝန်အသီးသီးကို သိရှိစေရန် တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ယောက်ျားသည် မိန်းမကြောင့် ဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။ . . . သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမဖြစ်သည်မဟုတ်။ မိန်းမ,မပါဘဲ ယောက်ျားဖြစ်သည်မဟုတ်။ [တစ်ဦးနှင့်တစ်ဦး သီးခြားရပ်တည်၍မရ။] မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံတို့သည်လည်း ဘုရားသခင်ကြောင့်ဖြစ်ကြ၏။”—⁠၁ ကောရိန္သု ၁၁:၈-၁၂

မိန်းမတို့တွင် အခွင့်ထူးများရှိ

ဣသရေလလူမျိုးကို ဘုရားသခင်ပေးခဲ့သော ပညတ်တော်အရ မိန်းမများသည် အခွင့်ထူးများစွာရရှိပြီး ၎င်းတို့ကိုယ်တိုင် အစပြုလုပ်ဆောင်နိုင်ရာ များစွာရှိသည်။ ဥပမာ၊ နယပုံပြင် ၃၁:၁၀-၃၁ တွင် ချောသောအထည်အလိပ်ကိုဝယ်ပြီး အိမ်သူအိမ်သားတို့အတွက် အကောင်းဆုံးအဝတ်များကို ချုပ်လုပ်ပေးသည့် “သီလနှင့်ပြည့်စုံသောမိန်းမ” အကြောင်း ဖော်ပြထား၏။ သူသည် “ချောသောအထည်အလိပ်ကိုရက်၍ ရောင်းတတ်၏။” (အခန်းငယ် ၁၃၊ ၂၁-၂၄) ထိုမိန်းမကောင်းသည် ဝေးသောအရပ်မှပင်ဖြစ်ပါစေ စားကောင်းသောက်ဖွယ်ကို “ကုန်သည်သင်္ဘောကဲ့သို့” ဆောင်ခဲ့တတ်၏။ (အခန်းငယ် ၁၄) “ကောင်းမွန်စွာဆင်ခြင်၍ လယ်ကွက်ကိုဝယ်ယူတတ်၏။ . . . စပျစ်ဥယျာဉ်ကိုပြုစုတတ်၏။” (အခန်းငယ် ၁၆) “မိမိလုပ်သောဥစ္စာ ကောင်း” သောကြောင့် အကျိုးအမြတ်ရတတ်၏။ (အခန်းငယ် ၁၈) ယေဟောဝါကိုကြောက်ရွံ့ပြီး လုံ့လရှိသောမိန်းမသည် “အိမ်သူအိမ်သားပြုမူသမျှတို့ကို ကြည့်ရှု” သည့်အပြင် သူတစ်ပါးကိုလည်း ကိုယ်ကျိုးစွန့်ကူညီတတ်သည်။ (အခန်းငယ် ၂၀၊ ၂၇) ထို့ကြောင့် သူချီးမွမ်းခံရသည်မှာ အဆန်းမဟုတ်ပေ!—⁠အခန်းငယ် ၃၁။

မောရှေမှတစ်ဆင့်ပေးသော ယေဟောဝါ၏ပညတ်များတွင် မိန်းမများ၏ဝိညာဉ်ရေးကို တိုးတက်စေသည့် အခွင့်အလမ်းများစွာ ပေးထားသည်။ ဥပမာ၊ ယောရှု ၈:၃၅ တွင် ဤသို့ဖတ်ရ၏– “ယောရှုသည် မောရှေမှာထားသောစကားတစ်ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တစ်ကျွန်းတစ်နိုင်ငံသားပါသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ အကုန်အစင်ဖတ်ရွတ်လေ၏။” ယဇ်ပုရောဟိတ်ဧဇရနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ဤသို့ဖော်ပြသည်– “နားထောင်နားလည်နိုင်သမျှသော ပရိသတ်ယောက်ျားမိန်းမတို့ရှေ့သို့ သတ္တမလ ပထမနေ့ရက်တွင် ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ်ဧဇရသည် ဆောင်ခဲ့၍ နားလည်နိုင်သောသူ၊ ယောက်ျား မိန်းမတို့ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင်ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။” (နေဟမိ ၈:၂၊ ၃) ထိုသို့ ပညတ်တရားကိုဖတ်ရှုခြင်းမှ အမျိုးသမီးများ အကျိုးကျေးဇူးရရှိကြသည်။ ဘာသာရေးပွဲတော်များတွင်လည်း သူတို့ပါဝင်ကြသည်။ (တရားဟောရာ ၁၂:၁၂၊ ၁၈; ၁၆:၁၁၊ ၁၄) အရေးကြီးဆုံးမှာ ရှေးဣသရေလနိုင်ငံရှိ အမျိုးသမီးများသည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိနိုင်ကြပြီး ကိုယ်တော့်ထံ သီးသန့်ဆုတောင်းနိုင်ကြသည်။—⁠၁ ဓမ္မရာဇဝင် ၁:၁၀

ပထမရာစုတွင် ဘုရားသခင်ကိုကြောက်ရွံ့သော အမျိုးသမီးများသည် ယေရှုကို အလုပ်အကျွေးပြုခွင့်ရကြသည်။ (လုကာ ၈:၁-၃) ဗေသနိရွာတွင် ညစာစားစဉ် အမျိုးသမီးတစ်ဦးသည် ယေရှု၏ခေါင်းနှင့်ခြေကို ဆီမွှေးဖြင့်လိမ်းခဲ့သည်။ (မဿဲ ၂၆:၆-၁၃; ယောဟန် ၁၂:၁-၇) ယေရှုထမြောက်ပြီးနောက် ကိုယ်ယောင်ထင်ရှားပြသည်ကို အမျိုးသမီးများလည်း တွေ့မြင်ခဲ့ကြသည်။ (မဿဲ ၂၈:၁-၁၀; ယောဟန် ၂၀:၁-၁၈) ကိုယ်တော် ကောင်းကင်သို့တက်ကြွပြီးနောက် တပည့် ၁၂၀ စုဝေးချိန်တွင် “ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့” ပါဝင်သည်။ (တမန်တော် ၁:၃-၁၅) အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်မြို့အထက်ခန်းမတွင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရ၍ ယေရှု၏တပည့်များ ဘာသာစကားအမျိုးမျိုးပြောချိန်တွင် အဆိုပါမိန်းမအများစု သို့မဟုတ် အားလုံး ရှိနေကြမည်မှာ သေချာသည်။—⁠တမန်တော် ၂:၁-၁၂

ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရုသည် ယောလ ၂:၂၈၊ ၂၉ ကိုကိုးကား၍ ဤသို့ဆိုခဲ့၏– “လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ . . . ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း . . . လိမ့်မည်။” (တမန်တော် ၂:၁၃-၁၈) ထိုပရောဖက်ပြုချက်ပြည့်စုံမှုတွင် ယောက်ျားများရော မိန်းမများပါ ပါဝင်သည်။ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ခရစ်ယာန်အမျိုးသမီးများသည် ဝိညာဉ်တော်ဆုကျေးဇူးများရရှိခဲ့ကြသည်။ သူတို့သည် ဘာသာစကားအမျိုးမျိုးပြောဆိုကြပြီး ကျမ်းစာအမှန်တရားအကြောင်း ပရောဖက်ပြုဟောပြောကြသည်။

ရောမမြို့ရှိခရစ်ယာန်များထံ တမန်တော်ပေါလုစာရေးရာတွင် “ဖိဗေ” အကြာင်း လှိုက်လှိုက်လှဲလှဲချီးမွမ်းထားသည်။ ထို့ပြင် တရုဖဲနနှင့်တရုဖောသတို့အား “သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ” ဟုခေါ်ဆိုထားသည်။ (ရောမ ၁၆:၁၊ ၂၊ ၁၂) ထိုမိန်းမများသည် ကနဦးခရစ်ယာန်အသင်းတော်၌ တာဝန်ရှိအနေအထားတွင် ခန့်အပ်မခံရသော်လည်း သူတို့နှင့် အခြားမိန်းမများစွာကို ကောင်းကင်နိုင်ငံတော်တွင် သားတော်ယေရှုခရစ်နှင့်အတူ အုပ်စိုးရန် ဘုရားသခင် ရွေးချယ်ခဲ့သည်။—⁠ရောမ ၈:၁၆၊ ၁၇; ဂလာတိ ၃:၂၈၊ ၂၉

ယနေ့လည်း ဘုရားသခင်ကိုကြောက်ရွံ့သော အမျိုးသမီးများစွာသည် အခွင့်ထူးရရှိထားကြ၏။ ဆာလံ ၆၈:၁၁ တွင် ‘ဘုရားသခင်အမိန့်တော်ရှိ၍ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော’ မိန်းမတို့အကြောင်း ဆိုထားသည်။ အဆိုပါအမျိုးသမီးများကို ချီးမွမ်းထိုက်ပါသည်။ ဥပမာ၊ သူတို့သည် ကျမ်းစာသင်သားများကို ထိရောက်စွာသွန်သင်ပေးသောကြောင့် ဘုရားသခင့်အလိုတော်နှင့်ညီသည့် စစ်မှန်သောသွန်သင်ချက်များကို လူများစွာ လိုက်နာလာကြသည်။ သားသမီးများကို ယုံကြည်သူဖြစ်လာရန် ကူညီပေးကြပြီး အသင်းတော်တာဝန်ထမ်းဆောင်နေရသော ခင်ပွန်းကို ထောက်ကူပေးကြသော အိမ်ထောင်သည်အမျိုးသမီးများကိုလည်း ချီးမွမ်းထိုက်ပေသည်။ (သု. ၃၁:၁၀-၁၂၊ ၂၈) တစ်ကိုယ်ရေအမျိုးသမီးများလည်း ဂုဏ်သိက္ခာရှိအနေအထားတွင်ရှိကြသည်။ “အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ နှမကဲ့သို့လည်းကောင်း မှတ်၍ကျင့်ကြလော့” ဟူ၍ခရစ်ယာန်အမျိုးသားများကို တိုက်တွန်းထားသည်။—⁠၁ တိမောသေ ၅:၁၊ ၂

ယောက်ျားတစ်ဦး၏တာဝန်များ

ခရစ်ယာန်ယောက်ျားတစ်ဦးသည် ဘုရားသခင်အပ်နှင်းထားသော တာဝန်ရရှိထားပြီး ယင်းတို့ကို ကျေပွန်ရမည်။ ပေါလုဤသို့ဖော်ပြခဲ့သည်– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။” (၁ ကောရိန္သု ၁၁:၃) ယောက်ျားတွင်လည်း ခရစ်တော်တည်းဟူသော ဦးခေါင်းရှိသည်။ အမှန်မှာ ယောက်ျားသည် ယေရှုနှင့်ယေဟောဝါထံ စာရင်းရှင်းရမည့်တာဝန်ရှိသည်။ ယောက်ျားသည် မေတ္တာဖြင့်ဦးဆောင်ရန် ယေဟောဝါမျှော်လင့်တော်မူ၏။ (ဧဖက် ၅:၂၅) လူကိုစတင်ဖန်ဆင်းချိန်ကတည်းက ယင်းသို့ပင်ဖြစ်သည်။

ဘုရားသခင်သည် အမျိုးသားများကို ၎င်းတို့၏ အိမ်ထောင်ဦးစီးအနေအထားနှင့်လျော်ညီစွာ တာဝန်ချမှတ်ပေးတော်မူကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ဥပမာ၊ ရေလွှမ်းမိုးဘေးမှ အသက်ရှင်လွတ်မြောက်ရန် သင်္ဘောဆောက်ဖို့ နောဧကို ယေဟောဝါမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၉-၇:၂၄) အာဗြဟံသည် မိမိမျိုးနွယ်အားဖြင့် လူမျိုးအပေါင်း ကောင်းချီးခံစားရမည်ဟူသောကတိ ရရှိခဲ့သည်။ ထိုမျိုးနွယ်၏အဓိကပုဂ္ဂိုလ်မှာ ခရစ်တော်ယေရှုဖြစ်သည်။ (ကမ္ဘာဦး ၁၂:၃; ၂၂:၁၈; ဂလာတိ ၃:၈-၁၆) ဣသရေလလူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် မောရှေအား ဘုရားသခင်တာဝန်ပေးခဲ့သည်။ (ထွက်မြောက်ရာ ၃:၉၊ ၁၀၊ ၁၂၊ ၁၈) ယေဟောဝါသည် မောရှေအားဖြင့် ပညတ်ပဋိညာဉ် သို့မဟုတ် မောရှေပညတ်ကိုပေးခဲ့သည်။ (ထွက်မြောက်ရာ ၂၄:၁-၁၈) ထို့ပြင် ကျမ်းရေးသူအားလုံးသည် အမျိုးသားများဖြစ်ကြ၏။

ခရစ်ယာန်အသင်းတော်၏ဦးခေါင်းဖြစ်သော ယေရှုသည် ‘လူ့အသွင်ဆုလာဘ်များ’ ကိုပေးခဲ့သည်။ (ဧဖက် ၁:၂၂; ၄:၇-၁၃ကဘ) ပေါလုသည် ဦးစီးကြီးကြပ်သူတို့ ပြည့်မီရမည့်အရည်အချင်းများကို ဖော်ပြရာတွင် ယောက်ျားများကို ရည်ညွှန်းခဲ့၏။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ထို့ကြောင့် ယေဟောဝါသက်သေတို့၏အသင်းတော်များတွင် ဦးစီးကြီးကြပ်မှူး၊ အကြီးအကဲ၊ ဓမ္မအမှုထမ်းဟူသောတာဝန်ကို ယောက်ျားများသာ ထမ်းဆောင်ကြသည်။ (ဖိလိပ္ပိ ၁:၁၊ ၂; ၁ တိမောသေ ၃:၈-၁၀၊ ၁၂) ခရစ်ယာန်အသင်းတော်တွင် ယောက်ျားများသာ သိုးထိန်းများအဖြစ် အမှုဆောင်ကြသည်။ (၁ ပေတရု ၅:၁-၄) သို့သော် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အမျိုးသမီးများသည် ဘုရားသခင်အပ်နှင်းထားသော အခွင့်ထူးများပိုင်ဆိုင်ထားပါသည်။

မိမိတို့၏တာဝန်များတွင် ပျော်မွေ့ကြ

အမျိုးသားနှင့်အမျိုးသမီးများသည် ဘုရားသခင်အပ်နှင်းထားသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်သည့်အခါ ပျော်ရွှင်မှုခံစားရကြသည်။ လင်နှင့်မယားသည် ခရစ်တော်နှင့် အသင်းတော်၏ပုံသက်သေကို တုပကြသောအခါ အိမ်ထောင်သာယာချမ်းမြေ့လေ၏။ ပေါလု ဤသို့ရေးခဲ့သည်– “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ . . . ထိုအသင်းတော်အဖို့အလို့ငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။” (ဧဖက် ၅:၂၅-၃၃) ထို့ကြောင့် လင်ယောက်ျားများသည် မိမိတို့အိမ်ထောင်ကို အတ္တဆန်ဆန်မဟုတ်ဘဲ မေတ္တာဖြင့်ဦးစီးဖို့လိုသည်။ ခရစ်တော်၏အသင်းတော်သည် ပြည့်ဝစုံလင်သူများဖြင့် ဖွဲ့စည်းထားသည်မဟုတ်ပါ။ သို့တိုင် ယေရှုသည် အသင်းတော်ကိုချစ်မြတ်နိုးပြီး ဂရုစိုက်တော်မူသည်။ အလားတူ ခရစ်ယာန်ယောက်ျားတစ်ဦးသည် ဇနီးဖြစ်သူကို မေတ္တာပြကာ ဂရုစိုက်သင့်သည်။

ခရစ်ယာန်ဇနီးတစ်ဦးသည် “ကိုယ်ခင်ပွန်းကို [အလွန်] ရိုသေ” သင့်သည်။ (ဧဖက် ၅:၃၃) ယင်းနှင့်စပ်လျဉ်း၍ အသင်းတော်ကို ပုံသက်သေအဖြစ်ထားနိုင်သည်။ ဧဖက် ၅:၂၁-၂၄ တွင် ဤသို့ဖော်ပြသည်– “ခရစ်တော်ကိုခန့်ညားသောအားဖြင့် အချင်းချင်းတစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက်နေကြလော့။ အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။” တစ်ခါတစ်ရံ ခင်ပွန်းကိုလက်အောက်ခံရန် ခက်ခဲမည်ဖြစ်သော်လည်း ထိုသို့လက်အောက်ခံခြင်းသည် အလွန်သင့်လျော်လျောက်ပတ်လှသည်။ (ကောလောသဲ ၃:၁၈) ခင်ပွန်းအား လက်အောက်ခံခြင်းကို သခင်ယေရှုခရစ်နှစ်သက်ကြောင်း အမှတ်ရနေမည်ဆိုလျှင် ထိုသို့ပြုရန် လွယ်ကူပေလိမ့်မည်။

ခင်ပွန်းဖြစ်သူသည် ယုံကြည်သူမဟုတ်သည့်တိုင် ခရစ်ယာန်ဇနီးတစ်ဦးအနေနှင့် သူ၏ဦးစီးမှုကို လက်အောက်ခံရမည်။ တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– ‘မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်မြွက်တော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင် ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။’ (၁ ပေတရု ၃:၁၊ ၂) ခင်ပွန်းဖြစ်သူအာဗြဟံကို ရိုသေလေးစားသောစာရာသည် ဣဇာက်ကိုမွေးဖွားခွင့်နှင့် ယေရှုခရစ်၏ဘေးမတစ်ဦး ဖြစ်ခွင့်ရရှိခဲ့သည်။ (ဟေဗြဲ ၁၁:၁၁၊ ၁၂; ၁ ပေတရု ၃:၅၊ ၆) စာရာနည်းတူကျင့်ကြံသော ဇနီးများသည် ဘုရားသခင့်ကောင်းချီးခံစားရမည်မှာ ဧကန်ပင်။

ယောက်ျားနှင့်မိန်းမသည် မိမိတို့အား ဘုရားသခင်အပ်နှင်းထားသော တာဝန်များကို ကျေပွန်သည့်အခါ စည်းလုံးငြိမ်သက်မှုရှိမည်ဖြစ်ပြီး ပျော်ရွှင်ကျေနပ်မှု ခံစားရပေမည်။ ထို့ ပြင်ကျမ်းစာတောင်းဆိုချက်များကို လိုက်နာခြင်းက သူတို့တစ်ဦးစီကို ဂုဏ်သိက္ခာရှိစေပြီး ဘုရားသခင့်အစီအစဉ်တွင် မျက်နှာသာရအနေအထားရှိစေသည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ဘုရားသခင်အပ်နှင်းထားသောတာဝန်ကို သူတို့မည်သို့ ရှုမြင်ကြ

“ကျွန်မအမျိုးသားက အိမ်ထောင်ကို အကြင်နာမေတ္တာနဲ့ဦးစီးတယ်။ ဆုံးဖြတ်ချက်ချစရာပေါ်လာရင် အတူဆွေးနွေးလေ့ရှိပြီး သူ့ဆုံးဖြတ်ချက်တိုင်းက ကျွန်မတို့အကျိုးအတွက်ပဲဆိုတာ ကျွန်မသိတယ်။ ခရစ်ယာန်ဇနီးတွေကို ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်တွေကြောင့် တကယ်ပျော်ရွှင်ရတယ်၊ အိမ်ထောင်လည်း ခိုင်မြဲလာတယ်။ ကျွန်မတို့နှစ်ယောက် ရင်းနှီးချစ်ခင်ကြပြီး ဝိညာဉ်ရေးပန်းတိုင်တွေရောက်အောင် အတူတူကြိုးစားလုပ်ဆောင်ကြတယ်” ဟုစူစဲန်ပြောပြ၏။

မင်ဒီအမည်ရှိအမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “အမျိုးသမီးတွေကို ဘုရားသခင်အပ်နှင်းထားတဲ့တာဝန်က ကျွန်မတို့ကို ကိုယ်တော်ချစ်မြတ်နိုးတယ်ဆိုတာ စိတ်ချစေတယ်။ ကျွန်မအမျိုးသားကို ရိုသေလေးစားပြီး အသင်းတော်တာဝန်တွေ သူထမ်းဆောင်တဲ့အခါ ကူညီပေးရတာက ယေဟောဝါရဲ့အစီအစဉ်ကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့နည်းလမ်းဖြစ်တယ်လို့ ခံစားရတယ်။”

[စာမျက်နှာ ၅ ပါ ရုပ်ပုံများ]

ဘုရားသခင်သည် နောဧ၊ အာဗြဟံ၊ မောရှေတို့ကို ယောက်ျား၏ ဦးစီးအနေအထားနှင့်လျော်ညီစွာ တာဝန်အသီးသီးအပ်နှင်းပေးခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

‘ဝမ်းမြောက်စရာသတင်းကိုကြားပြောသော[မိန်းမ] တို့သည် အတိုင်းမသိများကြ၏’