မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှမွေလ စစ်မှန်သောဝတ်ပြုရေးကိုမြှင့်တင်ပေးသူ

ရှမွေလ စစ်မှန်သောဝတ်ပြုရေးကိုမြှင့်တင်ပေးသူ

ရှမွေလ စစ်မှန်သောဝတ်ပြုရေးကိုမြှင့်တင်ပေးသူ

ပရောဖက်ရှမွေလသည် လူသားဘုရင်တစ်ပါး တင်မြှောက်ပေးရန် တောင်းဆိုသော ယုံကြည်သူချင်းတို့ကို ပြစ်တင်ဆုံးမခဲ့ပြီး ဘုရားသခင်အားနာခံဖို့ တိုက်တွန်းခဲ့သည်။ သူသည် ဘုရားသခင်၏ပရောဖက်ဖြစ်ကြောင်း သက်သေပြသည့်အနေနှင့် မိုးသက်မုန်တိုင်းကျရောက်စေရန် ယေဟောဝါထံဆုတောင်းခဲ့သည်။ ဣသရေလနိုင်ငံတွင် ဂျုံစပါးရိတ်သိမ်းချိန်၌ မိုးသက်မုန်တိုင်းကျခြင်းသည် အလွန်ဖြစ်ခဲ၏။ သို့သော် ဘုရားသခင်သည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူသည်။ ရလဒ်အနေဖြင့် လူတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ပရောဖက် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။—⁠၁ ဓမ္မရာဇဝင် ၁၂:၁၁-၁၉

ပရောဖက်ရှမွေလသည် ကျမ်းရေးသူတစ်ဦးလည်းဖြစ်၏။ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များစွာပါရှိသော သူ၏ကျမ်းမှတ်တမ်းများတွင် နှစ်ပေါင်း ၃၃၀ ကျော်အတွင်း အဖြစ်အပျက်များကို ဖော်ပြထားပြီး ဣသရေလတရားသူကြီးများ၏ အံ့ဖွယ်လုပ်ရပ်များလည်း ပါဝင်သည်။ သာဓကအနေဖြင့် အသက်ရှင်ခဲ့သမျှတွင် အသန်စွမ်းဆုံးလူသား ရှံဆုန်၏ဘဝဖြစ်ရပ်မှန်ကို ကဗျာနှင့်ပြဇာတ်အဖြစ် ရေးသားခဲ့ကြသည့်အပြင် စင်မြင့်နှင့်ရုပ်ရှင်ပိတ်ကားပေါ် ပြသလာကြသည်။ (တရားသူကြီး၊ အခန်းကြီး ၁၃–၁၆) ဆင်းရဲနွမ်းပါးသော မုဆိုးမနှစ်ဦးဖြစ်သူ ရုသနှင့် သူ့ယောက္ခမနောမိတို့အကြောင်းကိုလည်း ရှမွေလရေးသားခဲ့သည်။ ဇာတ်သိမ်းလှပသော ထိုဖြစ်ရပ်မှန်သည်လည်း ထပ်တူပင်စိတ်ဝင်စားဖွယ်ကောင်းလှသည်။—⁠ရုသ၊ အခန်းကြီး ၁–၄

ရှမွေလရေးခဲ့သောကျမ်းများနှင့် သူ့အသက်တာမှ ကျွန်ုပ်တို့ မည်သည့်အရာသင်ယူနိုင်သနည်း။ စစ်မှန်သောဝတ်ပြုရေးကို သူမည်သို့ မြှင့်တင်ပေးခဲ့သနည်း။

လူငယ်ဘဝ

ရှမွေလ၏ဖခင် ဧလကာနသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူဖြစ်ပြီး မေတ္တာရှိသော ခင်ပွန်းတစ်ဦးဖြစ်သည်။ ဧလကာန၏ဇနီး ဟန္နသည် ဝိညာဉ်ရေးကောင်းသော အမျိုးသမီးဖြစ်၏။ အမြုံဖြစ်သောဟန္နသည် ရှိလောမြို့ ယေဟောဝါ၏အိမ်တော်တွင် ဤသို့ထက်သန်စွာဆုတောင်းပြီး သစ္စာကတိပြုလေ၏– ‘အို ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ၊ ကိုယ်တော်၏ကျွန်မကို မေ့လျော့တော်မမူဘဲ ကိုယ်တော်ကျွန်မ၏ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့် သားယောက်ျားကိုပေးသနားတော်မူလျှင် သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ဘုရားသခင်၏ ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်။’ (၁ ဓမ္မရာဇဝင် ၁:၁-၁၁) ယင်းက ထိုကလေးကို ယေဟောဝါ၏အမှုတော်အတွက် ပေးဆပ်မည်ဟူသည့်သဘောဖြစ်သည်။

ဟန္နသည် အသံမထွက်ဘဲ ဆုတောင်းခဲ့ရာ သူ၏ ‘နှုတ်ခမ်းသာလှုပ်’ သည်ဟု မှတ်တမ်းကဖော်ပြသည်။ ယဇ်ပုရောဟိတ်မင်းဧလိက ဟန္န ယစ်မူးသည်ဟု အထင်လွဲပြီး ပြစ်တင်ဆုံးမလေသည်။ သို့သော် ဟန္နသည် သူ့အခြေအနေကို လေးစားစွာရှင်းပြရာ ဧလိက “ငြိမ်ဝပ်စွာသွားလော့။ ယခုဆုတောင်းသည်အတိုင်း ဣသရေလအမျိုး၏ဘုရားသခင် ပေးသနားတော်မူပါစေသော” ဟုဆို၏။ ယေဟောဝါသည် ဟန္န၏ဆုတောင်းသံကို နားညောင်းတော်မူခဲ့သည်။ ‘ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ သားယောက်ျားကိုဖွားမြင်ပြီးလျှင် ထိုသားကို ထာဝရဘုရားသခင်ထံ၌ ဆုတောင်းသောကြောင့် ရှမွေလအမည်ဖြင့်မှည့်လေ၏’ ဟူ၍ မှတ်တမ်းကဖော်ပြ၏။—⁠၁ ဓမ္မရာဇဝင် ၁:၁၂-၂၀

ရှမွေလသည် ယေဟောဝါ၏ ‘အလိုတော်နှင့်အညီ ဆုံးမသွန်သင်’ ခံခဲ့ရ၏။ (ဧဖက် ၆:၄) ရှမွေလ နို့ပြတ်သည်နှင့် ဟန္နသည် သူ့ကို ရှိလောမြို့ရှိ ဘုရားသခင့်အိမ်တော်သို့ခေါ်ဆောင်လာပြီး ယဇ်ပုရောဟိတ်မင်းဧလိထံ အပ်လေသည်။ ဧလိ၏အုပ်ထိန်းမှုအောက်တွင် ထိုသူငယ်သည် ယေဟောဝါ၏ “အမှုတော်ကိုဆောင်ရွက်” လေသည်။ ဟန္နသည် အလွန်ရွှင်လန်းလျက် ကျေးဇူးတော်ချီးမွမ်းခဲ့ရာ ယင်းကို နောက်ပိုင်းတွင် ရှမွေလကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၂:၁-၁၁

သင်သည် မိဘတစ်ဦးဖြစ်ပါက ယေဟောဝါအမှုတော်ဆောင်ခြင်းကို အသက်မွေးလုပ်ငန်းဖြစ်စေရန် သားသမီးများကို အားပေးပါသလော။ မိမိအစွမ်းခွန်အားကို စစ်မှန်သောဝတ်ပြုရေး မြှင့်တင်ရာတွင် အသုံးပြုခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ရှမွေလသည် ဘုရားသခင့်အိမ်တော်တွင် နေသားကျလာသည်။ သူသည် ‘ထာဝရဘုရားသခင်ရှေ့တော်၌ ကြီးပွား၍ ထာဝရဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။’ ဘုရားသခင့်ရေးရာ အရည်အသွေးများကို သူတင်ပြခဲ့ရာ အခြားသူများ၏ ချစ်ခင်နှစ်သက်မှု ရရှိခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၂:၂၁၊ ၂၆

ဧလိ၏သားဆိုးနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့မူ ‘ထာဝရဘုရားသခင်ကိုမသိ’ ကြပေ။ လိင်အကျင့်ယိုယွင်းကြပြီး တဲတော်တွင် လူတို့ပူဇော်သော ယဇ်ကောင်များမှ အကောင်းဆုံးအရာများကို လုယူကြသည်။ သားနှစ်ဦး၏သေခြင်းအပါအဝင် ဧလိကြုံတွေ့ရမည့် ပြစ်ဒဏ်ကို ပရောဖက်တစ်ပါးအားဖြင့် ဘုရားသခင် ကြေညာခဲ့ပြီးဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၂:၁၂၊ ၁၅-၁၇၊ ၂၂-၂၅၊ ၂၇၊ ၃၀-၃၄) နောက်ထပ် တရားစီရင်ခြင်းသတင်းကြေညာရန် ရှမွေလကို ယေဟောဝါ အသုံးပြုတော်မူမည်။

ပရောဖက်တစ်ပါးအဖြစ် ရှမွေလထမ်းဆောင်

ရှမွေလကို ဘုရားသခင် ဤသို့မိန့်ဆို၏– ‘[ဧလိ]၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင် ကိုယ်ပြုသောအပြစ်ကို သူသိသော်လည်း ကျပ်တည်းစွာမဆုံးမဘဲနေသောကြောင့် သူ၏အိမ်သားတို့ ၌ ငါသည် အစဉ်အမြဲဒဏ်ပေးမည်။’ ထိုသတင်းကို ပြန်ပြောပြရန် ခက်လှ၏။ ယင်းတို့ကို မထိမ်ဝှက်ဘဲပြောပြရန် ဧလိ တိုက်တွန်းခဲ့ရာ ရှမွေလလည်း ယေဟောဝါမိန့်ဆိုသမျှကို ပြန်ပြောခဲ့၏။ ထိုသို့ပြုရန် သတ္တိရှိဖို့လိုပေသည်။—⁠၁ ဓမ္မရာဇဝင် ၃:၁၀-၁၈

ရှမွေလ အရွယ်ရောက်လာသည်နှင့်အမျှ သူသည် ဘုရားသခင့်ပရောဖက်ဖြစ်ကြောင်း ဣသရေလလူမျိုးအားလုံး သိလာကြသည်။ (၁ ဓမ္မရာဇဝင် ၃:၁၉၊ ၂၀) ဣသရေလလူတို့သည် ဖိလိတ္တိလူတို့ရှေ့ စစ်ရှုံးသောအခါ ရှမွေလကြိုပြောခဲ့သော တရားစီရင်ချက်သည် စတင်ပြည့်စုံလာ၏။ ဟောဖနိနှင့်ဖိနဟတ်တို့သည် တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ဖိလိတ္တိလူတို့က ယေဟောဝါ၏ပဋိညာဉ်သေတ္တာကို ယူဆောင်သွားကြသည်။ ထိုသတင်းကို ဧလိကြားသော် ခုံပေါ်မှ နောက်သို့လန်ကျသဖြင့် လည်ပင်းကျိုး၍သေဆုံးသွားသည်။—⁠၁ ဓမ္မရာဇဝင် ၄:၁-၁၈

အနှစ်နှစ်ဆယ်ကြာသော် ရှမွေလသည် ဣသရေလလူတို့အား မှားယွင်းသောဝတ်ပြုရေးကို စွန့်ပစ်ကြရန် တိုက်တွန်းခဲ့သည်။ ထိုအခါ လူတို့သည် မိမိတို့ကိုးကွယ်သောရုပ်ပုံများကို စွန့်ပစ်ပြီး အစာရှောင်လျက် အပြစ်ဝန်ချခဲ့ကြသည်။ ရှမွေလသည် သူတို့အတွက် မီးရှို့ရာယဇ်ပူဇော်ကာ ဆုတောင်းပေးခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ ဖိလိတ္တိလူတို့ စစ်ချီလာသောအခါ ဘုရားသခင်သည် ရန်သူတို့ကို ကစဉ့်ကလျားဖြစ်စေသဖြင့် ဣသရေလလူတို့ အနိုင်ရရှိခဲ့ကြသည်။ ယေဟောဝါ၏ကောင်းချီးကြောင့် ဣသရေလလူတို့၏ အခြေအနေသည် ပြန်လည်ကောင်းမွန်လာပြီး ဖိလိတ္တိလူတို့ သိမ်းယူခဲ့သော နယ်မြေများကို ပြန်လည်ရရှိခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၇:၃-၁၄

ရှမွေလသည် စစ်မှန်သောဝတ်ပြုရေးကို အမှန်ပင် မြှင့်တင်ပေးခဲ့၏။ သာဓကအနေဖြင့် စစ်တိုက်၍ရသော ဥစ္စာအချို့ဖြင့် တဲတော်ကိုပြုပြင်ထိန်းသိမ်းစေခဲ့သည်။ ပသခါပွဲများကျင်းပရန် စီစဉ်ပေးခဲ့ပြီး လေဝိသားတံခါးစောင့်တို့၏ လုပ်ငန်းများကို ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ (၁ ရာဇဝင်ချုပ် ၉:၂၂; ၂၆:၂၇၊ ၂၈; ၂ ရာဇဝင်ချုပ် ၃၅:၁၈) မိမိနေရပ် ရာမမြို့မှ အခြားမြို့များသို့ နှစ်စဉ်ခရီးလှည့်လည်ကာ အမှုစီရင်ပေးသည်။ ရိုးသားသူ၊ မျက်နှာမလိုက်သူအဖြစ်လည်း နာမည်ကောင်းရရှိခဲ့သည်။ လူများသည် ရှမွေလကို လေးစားကြသောကြောင့် သူတို့ကို ဝိညာဉ်ရေးအရ ကူညီပေးနိုင်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၇:၁၅-၁၇; ၉:၆-၁၄; ၁၂:၂-၅) သူ၏ရိုးသားမှုနှင့် ဝိညာဉ်ရေးအရည်အသွေးများက သူ့ပုံသက်သေကို လိုက်လျှောက်ရန် လူတို့အား လှုံ့ဆော်ပေးခဲ့မည်မှာ သေချာသည်။ ရှမွေလ၏ဘဝလမ်းစဉ်က သင့်အပေါ် အကျိုးသက်ရောက်မှုရှိသလော။

ဣသရေလလူတို့ ရှင်ဘုရင်တစ်ပါး တောင်းဆိုကြ

ရှမွေလအသက်ကြီးလာသောအခါ သူ့သားများဖြစ်သော ယောလနှင့်အဘိရတို့ကို တရားသူကြီးများအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် သူတို့သည် “အဘလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့်လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏။” ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ရှင်ဘုရင်တစ်ပါး တောင်းဆိုခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၈:၁-၅) ထိုသို့တောင်းဆိုသည်ကို ရှမွေလမနှစ်သက်သောကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ သူဆုတောင်းခဲ့ရာ ယေဟောဝါ ဤသို့မိန့်ဆို၏– “သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကိုမအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။” (၁ ဓမ္မရာဇဝင် ၈:၆၊ ၇) ဘုရားသခင်သည် ရှမွေလကို လူတို့၏ဆန္ဒကို လိုက်လျောရန် မှာကြားပြီး ဘုရင်အုပ်ချုပ်မှုအောက်တွင် သူတို့၏ လွတ်လပ်မှုအချို့ ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း သတိပေးစေခဲ့သည်။ လူတို့က မရမကတောင်းဆိုကြသောအခါ ရှောလုကို ဘုရင်အဖြစ်ခန့်အပ်ရန် ရှမွေလအား ယေဟောဝါမိန့်မှာခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၈:၆-၂၂; ၉:၁၅-၁၇; ၁၀:၁

ထိုအစီအစဉ်နှင့်ပတ်သက်၍ ရှမွေလ စိုးရိမ်မိသော်လည်း ဦးဆောင်ဦးရွက်ပြုခဲ့သည်။ အမ္မုန်လူမျိုးများကို ဣသရေလတို့အနိုင်ယူပြီးနောက် ရှောလုကို ဘုရင်အဖြစ်တင်မြှောက်ရန် ဂိလဂါလမြို့တွင် လူတို့ကိုစုဝေးစေသည်။ (၁ ဓမ္မရာဇဝင် ၁၀:၁၇-၂၄; ၁၁:၁၁-၁၅) ရှမွေလသည် ဣသရေလသမိုင်းကြောင်းကို ပြန်လည်ပြောပြပြီး ယေဟောဝါအားနာခံရန် ရှင်ဘုရင်နှင့်လူတို့ကို တိုက်တွန်းခဲ့၏။ ထို့နောက် အစပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ဘုရားသခင်သည် အချိန်အခါမဟုတ် မိုးသက်မုန်တိုင်းကျရောက်စေခြင်းဖြင့် ရှမွေလ၏ဆုတောင်းချက်ကို ဖြေကြားတော်မူသည်။ ထိုမိုးသက်မုန်တိုင်းကြောင့် လူတို့သည် ယေဟောဝါအား ငြင်းပယ်မိသည့်အပြစ်ကို ဝန်ခံခဲ့ကြသည်။ သူတို့အတွက်ဆုတောင်းပေးရန် ရှမွေလကို ပြောကြသောအခါ သူဤသို့ပြန်ဆို၏– ‘သင်တို့အဖို့ ဆုမတောင်းဘဲနေသဖြင့် ယေဟောဝါကို ပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သောလမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။’ ယေဟောဝါနှင့် ကိုယ်တော့်လူမျိုးအပေါ် မြဲမြံသောမေတ္တာတင်ပြရာတွင် ပုံသက်သေကောင်းပါတကား! (၁ ဓမ္မရာဇဝင် ၁၂:၆-၂၄) အလားတူပင်၊ သင်လည်း သီအိုကရက်တစ်အစီအစဉ်များကို တလိုတလား ပံ့ပိုးကူညီပေးပြီး ယုံကြည်သူချင်းများအတွက် ဆုတောင်းပေးသလော။

ဣသရေလလူတို့၏ ပထမဘုရင်နှစ်ပါး

ရှောလုသည် ဘုရားသခင့်မျက်နှာသာရသော ကျိုးနွံသူတစ်ဦးဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၉:၂၁; ၁ ဓမ္မရာဇဝင် ၁၁:၆) သို့သော် နောက်ပိုင်းတွင် သူသည် ဘုရားသခင့်ညွှန်ကြားချက်များကို မလေးမစားပြုလာသည်။ ဥပမာ၊ ရှမွေလကိုမစောင့်ဘဲ ယဇ်ပူဇော်ခဲ့သောကြောင့် သူ့ကို ရှမွေလ ပြစ်တင်ဆုံးမခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၀-၁၄) ရှောလုသည် နာခံမှုမဲ့စွာ အာမလက်ဘုရင်အာဂတ်ကို အသက်ချမ်းသာပေးသောကြောင့် ရှမွေလက ‘ယနေ့ ထာဝရဘုရားသခင်သည် ဣသရေလနိုင်ငံကို သင်မှဆုတ်ယူ၍ သင့်ထက်ကောင်းသော သင်၏အိမ်နီးချင်းအား ပေးတော်မူပြီ’ ဟုဆိုလေ၏။ ရှမွေလကိုယ်တိုင် ဘုရင်အာဂတ်ကိုသတ်ပြီး ရှောလုအတွက် စိတ်မသာညည်းတွားခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၁၅:၁-၃၅

နောက်ဆုံးတွင်ရှမွေလကို ယေဟောဝါဤသို့မိန့်ဆို၏– “ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့် သင်သည် အဘယ်မျှကာလပတ်လုံး စိတ်မသာညည်းတွားလျက်နေလိမ့်မည်နည်း။” ထို့နောက် ယေဟောဝါသည် ရှမွေလကို ဗက်လင်မြို့သို့ စေလွှတ်ပြီး ယေရှဲ၏သားတစ်ဦးကို ဘုရင်အဖြစ်ခန့်အပ်စေသည်။ ယေရှဲ၏သား တစ်ဦးချင်းစီကို ရှမွေလကြည့်ရှုပြီးနောက် ယေဟောဝါ၏မျက်နှာသာရရှိသူ အငယ်ဆုံးသားဒါဝိဒ်ကို ဘုရင်အဖြစ်ခန့်အပ်လေသည်။ ထိုနေ့တွင် ရှမွေလသည် ဤအရေးကြီးသင်ခန်းစာကို ရရှိခဲ့၏– ‘ဘုရားသခင်သည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ဘုရားသခင်မူကား နှလုံးကိုကြည့်ရှုတတ်သည်။’—⁠၁ ဓမ္မရာဇဝင် ၁၆:၁-၁၃

ရှောလု၏မနာခံမှုကြောင့် ရှမွေလ စိတ်ထိခိုက်ခဲ့ရသည်။ ယခုလည်း ရှောလုက ဒါဝိဒ်ကိုမုန်းတီးပြီး သတ်ဖို့ကြိုးစားသည့်အခါ သူဝမ်းနည်းလိုက်မည်ဖြစ်ခြင်း! ရှမွေလသည် ထိုခက်ခဲမှုများကြား ဇရာအိုအရွယ်အထိ ယေဟောဝါအမှုတော်ကို အတတ်နိုင်ဆုံး တက်ကြွစွာထမ်းဆောင်ခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၁၉:၁၈-၂၀

ရှမွေလ၏အမွေအနှစ်

နှိမ့်ချပြီး သတ္တိရှိကာ လူတို့၏ဘဝအပေါ် ဩဇာလွှမ်းမိုးသော ပရောဖက်ရှမွေလသေဆုံးချိန်တွင် ဣသရေလလူတို့ ငိုကြွေးမြည်တမ်းခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၂၅:၁) ရှမွေလသည် မစုံလင်သူတစ်ဦးဖြစ်ရာ မှားယွင်းစွာတရားစီရင်သည့် အချိန်များရှိခဲ့ပါသည်။ သူ့တွင် ကန့်သတ်ချက်များရှိသော်လည်း ယေဟောဝါကို အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခဲ့ပြီး အခြားသူများလည်း အလားတူပြုနိုင်ရန် မမောနိုင်မပန်းနိုင် ကူညီပေးခဲ့သည်။

ကျွန်ုပ်တို့ခေတ်သည် ရှမွေလခေတ်နှင့် များစွာကွာခြားသော်လည်း သူ့ဘဝအသက်တာမှ အဖိုးတန်သင်ခန်းစာများ သင်ယူရရှိပါသည်။ ထို့ထက်ကား ရှမွေလသည် ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးကို တက်ကြွစွာ မြှင့်တင်ပေးခဲ့သည်။ သင်လည်း ထိုသို့လုပ်ဆောင်နေပါသလော။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

ရှမွေလ၏ဘဝကိုဆင်ခြင်သုံးသပ်ခြင်း

• ရှမွေလ၏မိဘများသည် သူ့အား ဘုရားသခင့်နှုတ်မြွက်တော်ကို သွန်သင်ပေးခဲ့သည့်နည်းတူ သင့်သားသမီးများကိုလည်း ယေဟောဝါ၏ ‘အလိုတော်နှင့်အညီ ဆုံးမသွန်သင်’ ပေးပါ။—⁠ဧဖက် ၆:⁠၄

• ရှမွေလနည်းတူ ယေဟောဝါ၏အမှုတော်ထမ်းဆောင်ခြင်းကို အသက်မွေးလုပ်ငန်းဖြစ်စေရန် သားသမီးများကို အားပေးပါ။

• ရှမွေလသည် ဘုရားရေးရာအရည်အသွေးကောင်းများကြောင့် အခြားသူများ၏ ချစ်ခင်နှစ်သက်မှုခံခဲ့ရသည်။ သို့ဖြင့် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း ချမှတ်ပေးခဲ့၏။

• စစ်မှန်သောဝတ်ပြုရေးကို မြှင့်တင်ပေးရန် ရှမွေလ အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း လုပ်ဆောင်သင့်သည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရှမွေလသည် စစ်မှန်သောဝတ်ပြုရေးကို မြှင့်တင်ပေးပြီး ဝိညာဉ်ရေးအရ လိုလိုလားလားအကူအညီပေးခဲ့