မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာသွန်သင်ရာကို လိုက်နာရန်အခြားသူတို့အား ကူညီလော့

သမ္မာကျမ်းစာသွန်သင်ရာကို လိုက်နာရန်အခြားသူတို့အား ကူညီလော့

သမ္မာကျမ်းစာသွန်သင်ရာကို လိုက်နာရန်အခြားသူတို့အား ကူညီလော့

“ကောင်းသောမြေ၌ရှိသောသူကား ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူကို ဆိုလိုသတည်း။”—⁠လုကာ ၈:၁၅

၁၊ ၂။ (က) သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကို အဘယ်အတွက် ရည်စူးထုတ်ဝေထားသနည်း။ (ခ) မကြာသေးမီနှစ်များအတွင်း ယေဟောဝါသည် မိမိလူမျိုး၏ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မည်သို့ကောင်းချီးသွန်းလောင်းခဲ့သနည်း။

“ဒီစာအုပ်က သိပ်ကောင်းလွန်းလို့ ကျွန်မကော ကျွန်မရဲ့ကျမ်းစာသင်သားပါ သိပ်ကြိုက်တယ်။ ဒီစာအုပ်ကြောင့် လူတွေနဲ့ အိမ်တံခါးဝမှာပဲ ချက်ချင်း ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့တယ်။” သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း * စာအုပ်နှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ရှေ့ဆောင်ညီအစ်မတစ်ဦး ထိုသို့ပြောခဲ့သည်။ သက်ကြီးကြေညာသူတစ်ဦးကလည်း ထိုစာအုပ်အကြောင်း ဤသို့ဆိုသည်– “အနှစ် ၅၀ အတွင်း အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တက်တက်ကြွကြွပါဝင်ခဲ့တုန်းက ယေဟောဝါအကြောင်း လူအများကြီးသိရှိလာအောင် ကူညီခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဒီစာအုပ်က တစ်မူထူးခြားတယ်။ ဒီမှာပါတဲ့ ရုပ်လုံးဖော်ရေးသားချက်တွေ၊ ပုံဥပမာတွေက သိပ်ထိရောက်တယ်။” သမ္မာကျမ်းစာသွန်သင်ရာစာအုပ်နှင့်ပတ်သက်၍ သင် ထိုသို့ပင်ခံစားရသလော။ ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးကြလော့’ ဟူသော ယေရှု၏မိန့်မှာချက်အတိုင်း ဆောင်ရွက်နိုင်ရန် ထိုစာအုပ်က ကူညီပေးသည်။—⁠မဿဲ ၂၈:၁၉၊ ၂၀

သက်သေခံ ၆.၆ သန်းကျော်သည် တပည့်ဖြစ်စေပါဟူသော ယေရှု၏ညွှန်ကြားချက်ကို တလိုတလားလိုက်နာနေကြောင်း တွေ့မြင်နေရသည့်အတွက် ယေဟောဝါအလွန်ရွှင်လန်းမည်မှာ သေချာသည်။ (သု. ၂၇:၁၁) သူတို့၏လုပ်ဆောင်မှုများကို ယေဟောဝါကောင်းချီးပေးနေကြောင်း ထင်ရှားသည်။ ဥပမာ၊ ၂၀၀၅ ခုနှစ်အတွင်း ၂၃၅ နိုင်ငံတွင် သတင်းကောင်းဟောပြောနေကြပြီး ပျမ်းမျှအားဖြင့် ကျမ်းစာသင်အံမှုပေါင်း ၆,၀၆၁,၅၀၀ ကျော်ကျင်းပလျက်ရှိသည်။ ယင်းကြောင့် လူများစွာသည် ‘ဘုရားသခင်၏နှုတ်မြွတ်တော်ကို ခံယူကြသောအခါ လူ၏နှုတ်ထွက်စကားကိုမခံမယူဘဲ ဘုရားသခင်၏နှုတ်မြွက်တော်အမှန်’ ကို ခံယူနိုင်ကြသည်။ (၁ သက်သာလောနိတ် ၂:၁၃) လွန်ခဲ့သောနှစ်နှစ်အတွင်း တပည့်အသစ်ငါးသိန်းကျော်သည် ယေဟောဝါ၏စံနှုန်းများနှင့်အညီနေထိုင်ကာ ဘုရားသခင်ထံအပ်နှံခဲ့ကြသည်။

၃။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်နှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို ဤဆောင်းပါးတွင် ဆွေးနွေးကြမည်နည်း။

လောလောဆယ် သင်သည် တစ်စုံတစ်ဦးနှင့်ကျမ်းစာသင်အံမှုကျင်းပနေရသည့်အတွက် ပျော်ရွှင်နေပါသလော။ ကမ္ဘာတစ်ဝန်းတွင် “ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး” ပိုင်ဆိုင်သူများ ရှိနေဆဲဖြစ်ပြီး သူတို့သည် ဘုရားသခင့်နှုတ်မြွတ်တော်ကိုကြားသည်နှင့် ယင်းကို “စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီး” သီးကြ၏။ (လုကာ ၈:၁၁-၁၅) တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မည်သို့အသုံးပြုနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။ အောက်ပါမေးခွန်းသုံးခုကို ဆန်းစစ်ကြမည်ဖြစ်၏– (၁) ကျမ်းစာသင်အံမှုတစ်ခု မည်သို့စတင်နိုင်မည်နည်း။ (၂) အဘယ်သွန်သင်နည်းစနစ်များသည် အထိရောက်ဆုံးဖြစ်သနည်း။ (၃) လူတစ်ဦးကို ကျမ်းစာသင်သားတစ်ဦးဖြစ်လာရုံမျှမက ဘုရားသခင့်နှုတ်မြွက်တော်ကျမ်းစာ သွန်သင်သူတစ်ဦးဖြစ်လာစေရန် မည်သို့ကူညီနိုင်သနည်း။

ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ပုံ

၄။ အချို့က ကျမ်းစာသင်အံရန် အဘယ်ကြောင့်တွန့်ဆုတ်ရသနည်း၊ ယင်းကိုအောင်မြင်ကျော်လွှားနိုင်ရန် သင်မည်သို့ကူညီနိုင်သနည်း။

စမ်းချောင်းကြီးတစ်ခုကို ခြေတစ်လှမ်းတည်းဖြင့် ခုန်ကျော်ခိုင်းလျှင် သင်ငြင်းဆိုပေမည်။ သို့သော် စမ်းချောင်းတွင် ခြေချစရာကျောက်တုံးများ ချထားပေးမည်ဆိုလျှင် သင်ဖြတ်ကူးလိုပါလိမ့်မည်။ အလားတူ၊ အလုပ်များသောအိမ်ရှင်တစ်ဦးသည် ကျမ်းစာလေ့လာရန် တွန့်ဆုတ်နေပေမည်။ ထိုသို့လေ့လာရန် အချိန်နှင့်ခွန်အား များစွာစိုက်ထုတ်ဖို့လိုသည်ဟု သူတွေးမိပေမည်။ ယင်းကို အောင်မြင်ကျော်လွှားနိုင်ရန် သင်မည်သို့ကူညီနိုင်သနည်း။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှ မှတ်သားဖွယ်အကြောင်းအရာများကို တိုတိုတုတ်တုတ်ဆွေးနွေးခြင်းက ကျမ်းစာကို ပုံမှန်သင်အံလာသည့်အထိ ဖြစ်စေနိုင်သည်။ သင်ကောင်းစွာပြင်ဆင်မည်ဆိုလျှင် ပြန်လည်ပတ်သည့်အကြိမ်တိုင်းသည် သင်သားကို ယေဟောဝါနှင့်မိတ်ဆွေဖြစ်လာစေရန် လမ်းခင်းပေးသောကျောက်တုံးနှင့်တူပေမည်။

၅။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အဘယ်ကြောင့် ဖတ်ရှုဖို့လိုသနည်း။

သို့သော် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှ အခြားသူများအကျိုးခံစားရရန် အကူအညီမပေးမီ သင်ကိုယ်တိုင် ထိုစာအုပ်ကို အသေအချာဖတ်ရှုထားရမည်။ ထိုစာအုပ်ကို အစအဆုံးဖတ်ရှုပြီးပြီလော။ မောင်နှံတစ်စုံသည် အားလပ်ရက်ခရီးထွက်ရာတွင် ထိုစာအုပ်ကိုယူသွားပြီး ကမ်းခြေ၌အပန်းဖြေသည့်အခါ စတင်ဖတ်ရှုခဲ့၏။ ခရီးသည်များကို ဈေးရောင်းနေသော ဒေသခံအမျိုးသမီးတစ်ဦးက သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဟူသောခေါင်းစဉ်ကို သတိပြုမိသည်။ သူသည် ထိုမေးခွန်းနှင့်ပတ်သက်၍ မကြာသေးမီကပင် ဆုတောင်းခဲ့ကြောင်း ပြောပြသည်။ ထိုမောင်နှံသည် ဝမ်းသာအားရဖြင့် အမျိုးသမီးအား စာအုပ်ပေးခဲ့သည်။ ချိန်းဆိုမှုအတွက် စောင့်ဆိုင်းစဉ် သို့မဟုတ် ကျောင်းနှင့်အလုပ်ခွင်တွင် ခေတ္တအနားယူစဉ် ထိုစာအုပ်ကိုဖတ်ရှုရန် ‘အချိန်ကိုဝယ်ယူ’ ပါလေ။ (ဧဖက် ၅:၁၅၊ ၁၆ကဘ) ထိုသို့ပြုပါက စာအုပ်ကို ပို၍အကျွမ်းတဝင်ရှိလာပြီး ယင်းတွင်ပါသောအကြောင်းအရာများကို အခြားသူများအား ပြောပြရန် အခွင့်အရေးရှာယူနိုင်ပေမည်။

၆၊ ၇။ ကျမ်းစာသင်အံမှုစတင်ရာတွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မည်သို့အသုံးပြုနိုင်သနည်း။

ခရစ်ယာန်ဓမ္မအမှုတွင် ထိုစာအုပ်ကိုဝေငှသည့်အခါ စာမျက်နှာ ၄-၆ တွင်ပါသော ရုပ်ပုံများ၊ ကျမ်းချက်များနှင့် မေးခွန်းများကို ထိရောက်စွာအသုံးပြုပါ။ ဥပမာ၊ “အခု လူတွေ ကြုံနေရတဲ့ပြဿနာတွေအတွက် အကောင်းဆုံးလမ်းညွှန်ချက်က ဘာဖြစ်မယ်လို့ထင်သလဲ” ဟူ၍မေးမြန်းကာ စကားစမြည်စတင်နိုင်ပေမည်။ အိမ်ရှင်၏တုံ့ပြန်မှုကို ဂရုစိုက်နားထောင်ပြီးနောက် ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်၍ သမ္မာကျမ်းစာတွင် လူ့ပြဿနာများအတွက် ဖြေရှင်းနည်းအစစ်အမှန်ပါရှိကြောင်း ရှင်းပြပါ။ ထို့နောက် စာမျက်နှာ ၄၊ ၅ ကို အာရုံစိုက်စေကာ “ဒီပုံတွေမှာပါတဲ့ ဘယ်ပြဿနာကြောင့် စိတ်အထိခိုက်ဆုံးဖြစ်ရသလဲ” ဟုအိမ်ရှင်ကိုမေးပါ။ အိမ်ရှင်က အကြောင်းအရာတစ်ခုကိုညွှန်ပြလျှင် ယင်းနှင့်သက်ဆိုင်သောကျမ်းချက်ကို ဖတ်ပြပါ။ ထို့နောက် စာမျက်နှာ ၆ ကိုဖတ်ပြပြီး “ဒီမှာပါတဲ့မေးခွန်းခြောက်ခုထဲက ဘယ်အကြောင်းအရာကို သိချင်သလဲ” ဟုအိမ်ရှင်ကိုမေးပါ။ သူသည် မေးခွန်းတစ်ခုကိုရွေးချယ်ပါက ယင်းနှင့်သက်ဆိုင်သော အခန်းကိုပြပြီးနောက် စာအုပ်ကိုထားရစ်ခဲ့ပါ။ နောက်ထပ်ပြန်သွားပြီး ထိုမေးခွန်းကိုဆွေးနွေးရန် အသေအချာစီစဉ်ပါ။

ထိုတင်ဆက်မှုသည် ငါးမိနစ်မျှသာကြာ၏။ သို့သော် ထိုခဏအတွင်း အိမ်ရှင်စိုးရိမ်မကင်းဖြစ်နေသည့်အရာကို သိရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်သည့်ကျမ်းချက်နှစ်ချက်ကို ဖတ်ရှုကာ ပြန်လည်ပတ်ရန် စီစဉ်နိုင်မည်။ အိမ်ရှင်နှင့်ပြောဆိုလိုက်သည့် သင်၏စကားတစ်ခွန်းနှစ်ခွန်းသည် သူ့ကို အလွန်ပင် အားပေးနှစ်သိမ့်မှုဖြစ်စေနိုင်သည်။ သို့ဖြင့် အလုပ်များသူတစ်ဦးပင် သင်နှင့်လေ့လာနိုင်ရန် ပို၍အချိန်ပေးလိုမည်ဖြစ်ကာ “အသက်ရှင်ခြင်းသို့ရောက်သောလမ်း” ပေါ်သို့ အရောက်လှမ်းနိုင်ရန် သူ့ကိုကူညီပေးနိုင်မည်။ (မဿဲ ၇:၁၄) အတန်ကြာသော် အိမ်ရှင်၏ စိတ်ဝင်စားမှုတိုးလာသည်နှင့်အမျှ လေ့လာချိန်ကို တိုးပေးသင့်သည်။ ထို့နောက် သတ်သတ်မှတ်မှတ်အချိန်တစ်ခုအတွင်း အတူထိုင်ကာ လေ့လာကြရန် ကမ်းလှမ်းနိုင်သည်။

အထိရောက်ဆုံးသွန်သင်နည်းစနစ်များ

၈၊ ၉။ (က) ကျွန်ုပ်တို့၏ကျမ်းစာသင်သား ကြုံတွေ့ရနိုင်သည့် အတားအဆီးများကို အောင်မြင်ကျော်လွှားရန် မည်သို့ပြင်ဆင်ပေးနိုင်သနည်း။ (ခ) ယုံကြည်ခြင်းခိုင်မြဲစေသော မီးခံပစ္စည်းများကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။

လူတစ်ဦးသည် သမ္မာကျမ်းစာသွန်သင်ရာကို စတင်လိုက်နာသည့်အခါ သူ၏တိုးတက်မှုကို ဟန့်တားသည့်အရာများရှိပေမည်။ တမန်တော်ပေါလု ဤသို့ဆိုခဲ့သည်– ‘ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားသခင်ဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။’ (၂ တိမောသေ ၃:၁၂) ပေါလုက ယင်းစမ်းသပ်မှုများကို မီးနှင့်နှိုင်းယှဉ်ခဲ့သည်။ မီးသည် မီးလောင်လွယ်သောပစ္စည်းများကို ပြာကျသွားစေနိုင်သော်လည်း ရွှေငွေနှင့်အဖိုးထိုက်ကျောက်မျက်များကိုမူ မလောင်ကျွမ်းစေနိုင်ပါ။ (၁ ကောရိန္သု ၃:၁၀-၁၃; ၁ ပေတရု ၁:၆၊ ၇) သင်၏ကျမ်းစာသင်သား ကြုံတွေ့ရနိုင်သော စမ်းသပ်မှုများကိုခံရပ်နိုင်ရန် ကူညီရာတွင် မီးခံပစ္စည်းများဖြင့်တည်ဆောက်ပေးဖို့လိုသည်။

ဆာလံဆရာက ယေဟောဝါ၏ “မိန့်တော်မူချက်တို့” ကို “မြေနှင့်ကင်းစင်စေခြင်းငှာ မိုက်၌ ခုနစ်ကြိမ်စစ်သောငွေ” နှင့်နှိုင်းယှဉ်ခဲ့သည်။ (ဆာလံ ၁၂:၆) သမ္မာကျမ်းစာမှ အဖိုးထိုက်အကြောင်းအရာများက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အမှန်ခိုင်မြဲစေသည်။ (ဆာလံ ၁၉:၇-၁၁; သု. ၂:၁-၆) သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သည် ကျမ်းစာကို မည်သို့ထိရောက်စွာအသုံးပြုနိုင်ကြောင်း ဖော်ပြပေးသည်။

၁၀။ ကျမ်းစာကို သင်သားအာရုံစိုက်လာရန် သင်မည်သို့ကူညီနိုင်သနည်း။

၁၀ ဆွေးနွေးနေသောအခန်းတွင် ဖော်ပြထားသည့် ကျမ်းချက်များကို သင်သားအား အာရုံစိုက်စေပါ။ အဓိကကျမ်းချက်များကို နားလည်ရန်နှင့် လက်တွေ့ကျင့်သုံးနိုင်ရန် ကူညီပေးသော မေးခွန်းများမေးပါ။ ဘာလုပ်ရမည်နှင့်ပတ်သက်၍ သူ့အား မပြောမိရန် သတိထားပါ။ သို့အစား ယေရှု၏ပုံသက်သေကို တုပပါ။ ကျမ်းတတ်တစ်ယောက်သည် ယေရှုကိုမေးခွန်းထုတ်သောအခါ ကိုယ်တော်က “ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည် အဘယ်သို့ဖတ်သနည်း” ဟုမေးတော်မူ၏။ ထိုကျမ်းတတ်က ကျမ်းစာမှကိုးကားဖြေဆိုသောအခါ ထိုအချက်သည် သူနှင့်မည်သို့သက်ဆိုင်ကြောင်း သိမြင်နိုင်ရန် ကိုယ်တော်ကူညီခဲ့သည်။ ပုံဥပမာတစ်ခုပြောပြီး မည်သို့ပြုလုပ်သင့်ကြောင်း သူသိမြင်လာရန် ကိုယ်တော်ကူညီပေးခဲ့သည်။ (လုကာ ၁၀:၂၅-၃၇) ကျမ်းစာမူများကို သင်သားကျင့်သုံးနိုင်ရန် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှ ရိုးရှင်းသောပုံဥပမာများစွာဖြင့် ကူညီပေးနိုင်သည်။

၁၁။ လေ့လာမှုတစ်ခုစီတွင် အကြောင်းအရာ မည်မျှဆွေးနွေးသင့်သနည်း။

၁၁ ယေရှုသည် ခက်ခဲရှုပ်ထွေးသော အကြောင်းအရာကို စကားလုံးရိုးရိုးဖြင့်တင်ဆက်သကဲ့သို့ ဤစာအုပ်သည် ရိုးရှင်း၍ တိုက်ရိုက်ကျသောစကားလုံးများဖြင့် သမ္မာကျမ်းစာကို ရှင်းပြထားသည်။ (မဿဲ ၇:၂၈၊ ၂၉) ကိုယ်တော်၏ပုံသက်သေကို အတုယူကာ အကြောင်းအရာကို ရိုးရိုးရှင်းရှင်း၊ တိတိကျကျရှင်းပြပါ။ အလျင်စလို မလေ့လာပါနှင့်။ လေ့လာမှုအတွင်း ဆွေးနွေးမည့်စာပိုဒ်အရေအတွက်ကို သတ်မှတ်ရာတွင် သင်သား၏အခြေအနေနှင့်စွမ်းရည်ကို ထည့်တွက်ပါ။ ယေရှုသည် တပည့်များ၏အကန့်အသတ်ရှိမှုကို ထည့်တွက်ပြီး သူတို့ခံနိုင်သည်ထက် ပို၍ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပါ။—⁠ယောဟန် ၁၆:၁၂

၁၂။ နောက်ဆက်တွဲကို မည်သို့အသုံးပြုသင့်သနည်း။

၁၂ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၏ နောက်ဆက်တွဲတွင် အကြောင်းအရာ ၁၄ ခုပါရှိသည်။ ကျမ်းစာသွန်သင်ပေးသူအနေနှင့် သင်သား၏လိုအပ်ရာကို ထည့်တွက်ပြီး အကြောင်းအရာကို မည်သို့အထိရောက်ဆုံးတင်ဆက်နိုင်ကြောင်း ဆုံးဖြတ်သင့်သည်။  ဥပမာ၊  သင်သားသည် ယခင်ယုံကြည်ချက်များကြောင့်  အကြောင်းအရာတစ်ခုကို  နားလည်ရခက်ခဲမည် သို့မဟုတ် မေးခွန်းမေးမည်ဆိုလျှင် သက်ဆိုင်သောနောက်ဆက်တွဲကို ညွှန်ပြကာ သူ့ကိုသုံးသပ်စေပါ။ သို့မဟုတ် ထိုအကြောင်းအရာကို သူနှင့်အတူဆွေးနွေးဖို့ လိုကောင်းလိုပေမည်။ နောက်ဆက်တွဲ၌ “လူတွင် မျက်စိဖြင့်မမြင်နိုင်သည့် မသေနိုင်သောဝိညာဉ်ရှိသလော၊” “‘မဟာဗာဗုလုန်’ ကိုခွဲခြားသတ်မှတ်ခြင်း” ဟူသော အရေးကြီးသောအကြောင်းအရာများ ပါရှိသည်။ ထိုအကြောင်းအရာများကို သင်သားနှင့်အတူ ဆွေးနွေးလိုပေမည်။ နောက်ဆက်တွဲတွင် မေးခွန်းများ မပါရှိသောကြောင့် ထိရောက်သောမေးခွန်းများမေးနိုင်ရန် အကြောင်းအရာကို ကောင်းစွာနားလည်ထားရမည်။

၁၃။ ယုံကြည်ခြင်းခိုင်မြဲနေစေရန် ဆုတောင်းခြင်းသည် မည်မျှအရေးကြီးသနည်း။

၁၃ ‘ထာဝရဘုရားသခင်သည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏’ ဟု ဆာလံ ၁၂၇:၁ တွင် ဖော်ပြသည်။ ထို့ကြောင့် ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်သည့်အခါ ယေဟောဝါထံမှ အကူအညီရရန် ဆုတောင်းပါ။ ကျမ်းစာလေ့လာမှု၏ အဖွင့်အပိတ်ဆုတောင်းချက်များတွင် သင်သည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ပေါ်လွင်စေပါ။ သမ္မာကျမ်းစာကို နားလည်နိုင်သောဉာဏ်နှင့် ကျမ်းစာသွန်သင်ချက်များကို လိုက်နာနိုင်သောခွန်အားပေးရန် ယေဟောဝါထံဆုတောင်းဖို့ သင်သားကို အားပေးပါ။ (ယာကုပ် ၁:၅) ထိုသို့ပြုပါက သင်သားသည် စမ်းသပ်မှုများကိုခံရပ်နိုင်ပြီး ယုံကြည်ခြင်းခိုင်မြဲနေပါလိမ့်မည်။

သွန်သင်သူဖြစ်လာရန် ကျမ်းစာသင်သားကို ကူညီပါ

၁၄။ ကျမ်းစာသင်သားများသည် အဘယ်အထိ ဆက်တိုးတက်သွားဖို့လိုသနည်း။

၁၄ တပည့်များအား ယေရှုပေးသမျှသော “ပညတ်တော်တို့” ကို ကျမ်းစာသင်သား လိုက်နာနေပြီဆိုလျှင် သမ္မာကျမ်းစာသွန်သင်သူတစ်ဦးဖြစ်လာသည်အထိ ဆက်တိုးတက်သွားဖို့လိုသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၆-၈) ထိုသို့ဆက်တိုးတက်စေရန် သင်သားကို သင်မည်သို့ကူညီနိုင်သနည်း။

၁၅။ ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် ကျမ်းစာသင်သားကို အဘယ်ကြောင့် အားပေးသင့်သနည်း။

၁၅ ဦးဆုံးအကြိမ် ကျမ်းစာသင်အံသည်နှင့် အသင်းတော်အစည်းအဝေးများကို သင်နှင့်အတူတက်ရောက်ရန် သင်သားကိုဖိတ်ခေါ်ပါ။ သင်သည် အစည်းအဝေးများတွင် ရရှိသောလေ့ကျင့်မှုများကြောင့် သမ္မာကျမ်းစာသွန်သင်သူတစ်ဦးဖြစ်လာကြောင်း သူ့ကိုပြောပြပါ။ ကျမ်းစာသင်အံမှုပြီးတိုင်း အချိန်အနည်းငယ်ယူ၍ အစည်းအဝေးများ၊ စည်းဝေးပွဲများမှရရှိသည့် ဝိညာဉ်ရေးသွန်သင်ခြင်းအစီအစဉ်အကြောင်း ပြောပြပါ။ ထိုအစည်းအဝေးများမှ သင်ရရှိသည့်အကျိုးကျေးဇူးများအကြောင်း အားတက်သရောပြောပြပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သင်သားသည် အစည်းအဝေးများကို မှန်မှန်တက်ရောက်လာသည့်အခါ သမ္မာကျမ်းစာ သွန်သင်သူတစ်ဦး ဖြစ်လာနိုင်ပေသည်။

၁၆၊ ၁၇။ ကျမ်းစာသင်သားတစ်ဦးသည် အဘယ်ပန်းတိုင်အချို့ ချမှတ်နိုင်သနည်း။

၁၆ သင်သားလက်လှမ်းမီနိုင်သည့် ပန်းတိုင်များချမှတ်နိုင်ရန် ကူညီပေးပါ။ ဥပမာ၊ သင်ယူသိရှိခဲ့ရာကို မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးအား ပြောပြရန် အားပေးပါ။ ထို့ပြင် ကျမ်းစာတစ်အုပ်လုံးအပြီးဖတ်ရှုဖို့ ပန်းတိုင်ထားရန် အကြံပြုပါ။ ကျမ်းစာမှန်မှန်ဖတ်ရှုသည့်အကျင့် ဆက်ရှိနေရန် သင်သားကိုကူညီပေးမည်ဆိုလျှင် ယင်းက သူနှစ်ခြင်းခံပြီးနောက်အထိပင် အကျိုးခံစားရမည်ဖြစ်သည်။ ထို့ပြင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၏ အခန်းတစ်ခန်းစီမှ အဓိကမေးခွန်းနှင့်သက်ဆိုင်သော အနည်းဆုံး ကျမ်းချက်တစ်ချက်ကိုမှတ်မိရန် ပန်းတိုင်ထားဖို့ အကြံပြုပါ။ ထိုသို့ပြုခြင်းဖြင့် သူသည် ‘ရှက်ကြောက်စရာအကြောင်းမရှိဘဲ အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်’ ပါလိမ့်မည်။—⁠၂ တိမောသေ ၂:၁၅

၁၇ သင်သားသည် သူ၏ယုံကြည်ချက်အကြောင်း မေးမြန်းသူများကို ပြန်ရှင်းပြရာတွင် ကျမ်းချက်များရွတ်ပြကာ အဓိပ္ပာယ်ရှင်းပြရုံမျှမက သက်ဆိုင်သောကျမ်းချက်များကို အချက်ကျကျရှင်းပြတတ်ရန် သူ့ကို အားပေးပါ။ သူ၏ယုံကြည်ချက်အကြောင်းမေးမြန်းသော ဆွေမျိုး သို့မဟုတ် အလုပ်ဖော်တစ်ဦးအဖြစ် သင့်ကိုသဘောထားကာ တိုတိုတုတ်တုတ်ရှင်းပြစေခြင်းက အကျိုးရှိနိုင်သည်။ “နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်” မည်သို့ပြန်ရှင်းပြနိုင်ကြောင်း သူ့ကို သင်ပေးပါ။—⁠၁ ပေတရု ၃:၁၅

၁၈။ ကျမ်းစာသင်သားတစ်ဦးသည် နှစ်ခြင်းမခံသေးသောကြေညာသူအဖြစ် အရည်အချင်းပြည့်မီလာသည့်အခါ အဘယ်အရာအတွက် ထပ်မံကူညီပေးနိုင်သနည်း။

၁၈ အချိန်တန်သော် သင်သားသည် ဟောပြောခြင်းလုပ်ငန်းအတွက် အရည်အချင်းပြည့်မီလာပေမည်။ ယင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရခြင်းသည် အခွင့်ထူးဖြစ်ကြောင်း ရှင်းပြပါ။ (၂ ကောရိန္သု ၄:၁၊ ၇) သင်သားသည် နှစ်ခြင်းမခံသေးသောကြေညာသူအဖြစ် အရည်အချင်းပြည့်မီကြောင်း အကြီးအကဲများဆုံးဖြတ်ပြီးသည်နှင့် ဟောပြောခြင်းလုပ်ငန်းအတွက် တင်ဆက်နည်းရိုးရိုးလေးကို ကူညီပြင်ဆင်ပေးကာ သူနှင့်တွဲ၍ အမှုဆောင်ပါ။ နည်းလမ်းအမျိုးမျိုးဖြင့် အမှုဆောင်ရာတွင် သူနှင့်အတူ လက်တွဲလုပ်ဆောင်သွားပါ။ ပြန်လည်ပတ်မှုများအတွက် မည်သို့ပြင်ဆင်ကာ ထိရောက်စွာတင်ဆက်နိုင်ကြောင်း သင်ပေးပါ။ သင်၏ပုံသက်သေကောင်းသည် ကောင်းကျိုးသက်ရောက်စေနိုင်သည်။—⁠လုကာ ၆:၄၀

‘ကိုယ်တိုင်နှင့် နားထောင်သောသူတို့ကို ကယ်တင်’

၁၉၊ ၂၀။ ကျွန်ုပ်တို့ အဘယ်ပန်းတိုင်ထားသင့်သနည်း၊ အဘယ်ကြောင့်နည်း။

၁၉ အမှန်တရားနှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာရရှိရန် လူတစ်ဦးကို ကူညီပေးရာတွင် အလွန်ကြိုးစားအားထုတ်ရမည်မှာ သေချာသည်။ (၁ တိမောသေ ၂:၄) သို့သော် သမ္မာကျမ်းစာသွန်သင်ရာကို လူတစ်ဦးလက်ခံလာအောင် ကူညီပေးခြင်းကြောင့် ခံစားရသည့်ပျော်ရွှင်မှုမှာ အဘယ်အရာနှင့်မျှ မနှိုင်းသာပေ။ (၁ သက်သာလောနိတ် ၂:၁၉၊ ၂၀) ဤကမ္ဘာချီသွန်သင်ခြင်းလုပ်ငန်းတွင် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” ဖြစ်ရခြင်းသည် အလွန်အခွင့်ထူးလှ၏။—⁠၁ ကောရိန္သု ၃:⁠၉သမ္မာ။

၂၀ ယေရှုခရစ်နှင့် တန်ခိုးရှိသောကောင်းကင်တမန်များအားဖြင့် ယေဟောဝါသည် “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့” ကို မကြာမီအရေးယူစီရင်တော်မူမည်။ (၂ သက်သာလောနိတ် ၁:၆-၈) လူတို့၏သေရေးရှင်ရေးကိစ္စဖြစ်နေသည်။ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ဖြင့် အနည်းဆုံး ကျမ်းစာသင်အံမှုတစ်ခုကျင်းပရန် သင် ပန်းတိုင်ထားမည်လော။ ဤလုပ်ငန်းတွင် သင်ပါဝင်သည်နှင့်အမျှ “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်” နိုင်မည့်အခွင့်အရေး ရရှိပါလိမ့်မည်။ (၁ တိမောသေ ၄:၁၆) ယခုအချိန်သည် သမ္မာကျမ်းစာသွန်သင်ရာကို အခြားသူများလက်ခံလာအောင် ကူညီပေးရန် အရေးအကြီးဆုံးအချိန်ဖြစ်၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ယေဟောဝါသက်သေများထုတ်ဝေသည်။

သင်အဘယ်အရာသိရှိခဲ့သနည်း

• သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အဘယ်ရည်ရွယ်ချက်ဖြင့် ထုတ်ဝေထားသနည်း။

• သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အသုံးပြုပြီး သင်အံမှုများမည်သို့စတင်နိုင်သနည်း။

• အဘယ်သွန်သင်နည်းစနစ်များက အထိရောက်ဆုံးဖြစ်သနည်း။

• သမ္မာကျမ်းစာ သွန်သင်သူဖြစ်လာစေရန် ကျမ်းစာသင်သားကို မည်သို့ကူညီပေးနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဤစာအုပ်ကို သင်ကောင်းစွာအသုံးပြုနေသလော

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

တိုတိုတုတ်တုတ်ဆွေးနွေးခြင်းက လူတစ်ဦးကိုကျမ်းစာအသိပညာဆည်းပူးလိုစိတ် နှိုးဆွပေးနိုင်

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာကို သင်သားအာရုံစိုက်လာရန်မည်သို့လမ်းကြောင်းပေးနိုင်သနည်း

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ကျမ်းစာသင်သားတိုးတက်လာရန် ကူညီပေးပါ