မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာကို သွန်သင်လော့

သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာကို သွန်သင်လော့

သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာကို သွန်သင်လော့

‘လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . သွန်သင်ပေးကြလော့။’—⁠မဿဲ ၂၈:၁၉၊ ၂၀

၁။ သမ္မာကျမ်းစာနှင့်စပ်လျဉ်း၍ မည်သို့ပြောဆိုနိုင်သနည်း။

ယေဟောဝါ၏နှုတ်မြွက်တော် သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အဖြန့်ဝေရဆုံးစာအုပ်တစ်အုပ်ဖြစ်၏။ အနည်းဆုံး ကျမ်းစာတစ်စိတ်တစ်ပိုင်းကို ဘာသာစကားပေါင်း ၂,၃၀၀ ကျော်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏မိခင်ဘာသာစကားဖြင့် သမ္မာကျမ်းစာကို ပိုင်ဆိုင်နိုင်ပြီဖြစ်၏။

၂၊ ၃။ (က) သမ္မာကျမ်းစာသွန်သင်ရာနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် ရှုပ်ထွေးနေကြသနည်း။ (ခ) အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

လူသန်းပေါင်းများစွာသည် ကျမ်းစာကို နေ့စဉ်ဖတ်ရှုကြ၏။ အချို့က တစ်အုပ်လုံးကို အကြိမ်ကြိမ်ဖတ်ရှုခဲ့ပြီးဖြစ်သည်။ ဘာသာရေးအဖွဲ့အစည်းများစွာက ၎င်းတို့၏သွန်သင်ချက်များသည် ကျမ်းစာကိုအခြေခံသည်ဟုဆိုသော်လည်း ကျမ်းစာသွန်သင်ရာနှင့်ပတ်သက်၍ အချင်းချင်းသဘောထားကွဲလွဲနေကြသည်။ ပိုဆိုးသည်မှာ ဘာသာတူအသင်းသားများကြားတွင်ပင် အကြီးအကျယ်သဘောထားကွဲလွဲနေခြင်းဖြစ်၏။ အချို့က သမ္မာကျမ်းစာ၊ ကျမ်းစာ၏ရင်းမြစ်၊ ကျမ်းစာ၏တန်ဖိုးတို့နှင့်ပတ်သက်သော အယူသီးမှုများကို ယုံကြည်ထားကြသည်။ လူအများစုက သစ္စာကတိပြုသောအခမ်းအနားတွင် သို့မဟုတ် တရားရုံး၌ကျမ်းကျိန်ရာတွင် အသုံးပြုသည့် မြင့်မြတ်သောစာအုပ်အဖြစ်သာ ကျမ်းစာကို သဘောထားကြသည်။

အမှန်မှာ၊ သမ္မာကျမ်းစာတွင် လူတို့အတွက် ဘုရားသခင်ထံမှ အစွမ်းထက်သော သတင်းစကားပါရှိသည်။ (ဟေဗြဲ ၄:၁၂) ထို့ကြောင့် ယေဟောဝါသက်သေများဖြစ်သော ကျွန်ုပ်တို့သည် သမ္မာကျမ်းစာသွန်သင်ရာကို လူတို့အား သင်ယူလေ့လာစေလိုပါသည်။ ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . သွန်သင်ပေးကြလော့’ ဟူ၍ နောက်လိုက်တို့အား ယေရှုခရစ်အပ်နှင်းခဲ့သောတာဝန်ကို ကျွန်ုပ်တို့ ပျော်ရွှင်စွာထမ်းဆောင်နေကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) နေရာအနှံ့ဖြစ်ပျက်နေသည့် ဘာသာရေးအရှုပ်အထွေးများကြောင့် စိတ်ဓာတ်ကျနေသော နှလုံးရိုးဖြောင့်သူများကို ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် တွေ့ရတတ်သည်။ သူတို့သည် ဖန်ဆင်းရှင်အကြောင်း သိရှိလိုပြီး ဘဝအဓိပ္ပာယ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို သင်ယူလိုကြသည်။ လူများစွာသိလိုသော မေးခွန်းသုံးခုကို သုံးသပ်ကြစို့။ အကြောင်းအရာတစ်ခုစီတွင် ဘာသာရေးခေါင်းဆောင်များ၏ လွဲမှားသောသွန်သင်ချက်များကို သတိပြုမှတ်သားကာ ကျမ်းစာအမှန်တကယ်သွန်သင်ရာကို သုံးသပ်ကြမည်။ ထိုမေးခွန်းများမှာ– (၁) ကျွန်ုပ်တို့ကို ဘုရားသခင် အမှန်ပင်ဂရုစိုက်သလော။ (၂) ကျွန်ုပ်တို့ အဘယ်ကြောင့် ဤကမ္ဘာတွင် ရောက်ရှိနေရသနည်း။ (၃) ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်းတို့ဖြစ်ကြ၏။

ဘုရားသခင် ဂရုစိုက်တော်မူသလော

၄၊ ၅။ မိမိတို့ကို ဘုရားသခင်ဂရုမစိုက်ဟု လူတို့အဘယ်ကြောင့်ယူဆကြသနည်း။

ဦးစွာ၊ ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်တော်မူသလောဟူသည့် မေးခွန်းကို သုံးသပ်ကြစို့။ ဂရုမစိုက်ပါဟု လူအများစုယူဆကြသည်မှာ ဝမ်းနည်းစရာပင်။ အဘယ်ကြောင့် ထိုသို့ယူဆကြသနည်း။ အကြောင်းရင်းတစ်ခုမှာ မုန်းတီးမှု၊ စစ်မှုနှင့် ဆင်းရဲခက်ခဲမှုများပြည့်နှက်နေသော ကမ္ဘာတွင် အသက်ရှင်နေရသောကြောင့်တည်း။ ‘ဘုရားသခင်သာ တကယ်ဂရုစိုက်ရင် ဒီလိုဆိုးသွမ်းမှုတွေမဖြစ်ရအောင် တားဆီးပေးမှာပေါ့’ ဟူ၍ သူတို့ဆင်ခြင်ကြသည်။

နောက်အကြောင်းရင်းတစ်ခုမှာ ဘုရားသခင်သည် လူတို့ကိုဂရုမစိုက်ဟူ၍ ဘာသာရေးခေါင်းဆောင်များ သွန်သင်ထားသောကြောင့်ဖြစ်၏။ ဘေးဆိုးတစ်ခုကြုံရသည့်အခါ ဘာသာရေးခေါင်းဆောင်များ မည်သို့ပြောလေ့ရှိသနည်း။ ယာဉ်တိုက်မှုကြောင့် ကလေးငယ်နှစ်ဦးဆုံးရှုံးသွားသော အမျိုးသမီးတစ်ဦးကို ခရစ်ယာန်ဓမ္မဆရာက “ဒါဟာ ဘုရားသခင့်အလိုတော်ပဲ။ ဘုရားသခင်က ကောင်းကင်တမန်နှစ်ပါး အလိုရှိနေတာ” ဟုပြောခဲ့သည်။ ထိုသို့ပြောဆိုသော ဘာသာရေးခေါင်းဆောင်များသည် အဖြစ်ဆိုးများကြုံရသည့်အတွက် ဘုရားသခင်ကို အပြစ်တင်နေကြခြင်းဖြစ်၏။ သို့သော် ယာကုပ် ဤသို့ရေးခဲ့၏– “အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား ‘ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်’ ဟုမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။” (ယာကုပ် ၁:၁၃) ဆိုးသွမ်းမှုများကို ယေဟောဝါဘုရားသခင် ဖြစ်ပေါ်စေသည်မဟုတ်ပါ။ အမှန်ပင်၊ ‘မကောင်းမှုသည် ဘုရားသခင်နှင့်ဝေးပါစေ။’—⁠ယောဘ ၃၄:၁၀

၆။ ဤလောကရှိ ဆိုးသွမ်းမှုနှင့်ဆင်းရဲခက်ခဲမှုများ၏ နောက်ကွယ်တွင် မည်သူရှိသနည်း။

သို့ဆိုလျှင် ဆိုးသွမ်းမှုနှင့်ဆင်းရဲခက်ခဲမှုများ အဘယ်ကြောင့် ဤမျှများပြားနေရသနည်း။ အကြောင်းရင်းတစ်ခုမှာ လူအများစုသည် ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ်ငြင်းပယ်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သောပညတ်များနှင့်မူများကို လက်အောက်မခံလိုခြင်းကြောင့်ဖြစ်၏။ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြ’ သောကြောင့် လူတို့သည် မရည်ရွယ်ဘဲလျက် ဘုရားသခင့်ရန်သူစာတန်ကို လက်အောက်ခံနေကြသည်။ (၁ ယောဟန် ၅:၁၉) ထိုအဖြစ်မှန်ကိုသိရှိထားခြင်းက အခြေအနေဆိုးများ အဘယ်ကြောင့်တည်ရှိရကြောင်း နားလည်စေပါသည်။ စာတန်သည် ဆိုးယုတ်သူ၊ မုန်းတီးမှုပြည့်နှက်နေသူ၊ လှည့်စားသူ၊ ရက်စက်ကြမ်းကြုတ်သူဖြစ်၏။ ထို့ကြောင့် လောကသားများက ၎င်းတို့အုပ်စိုးရှင်၏အကျင့်စရိုက်ကို ထင်ဟပ်နေသည်မှာ မဆန်းပေ။ ဆိုးသွမ်းမှုများ ဤမျှများပြားနေရခြင်းမှာလည်း အံ့ဩစရာမဟုတ်ပါ။

၇။ အဘယ်အကြောင်းရင်းအချို့ကြောင့် ဆင်းရဲခက်ခဲမှုများ ကြုံတွေ့ရသနည်း။

ဆင်းရဲခက်ခဲမှုများကြုံတွေ့ရသည့် နောက်အကြောင်းရင်းတစ်ခုမှာ လူ့မစုံလင်မှုကြောင့်ဖြစ်၏။ အပြစ်ပြုတတ်သော လူသားတို့သည် တစ်ဦးကိုတစ်ဦး လွှမ်းမိုးကြီးစိုးရန် ကြိုးစားကြရာမှ စစ်မှု၊ ဖိနှိပ်မှု၊ ဆင်းရဲခက်ခဲမှုတို့ဖြစ်ပေါ်လေ့ရှိသည်။ ဒေ. ၈:၉ တွင် လူတို့သည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ကြ၏ဟုဖော်ပြထားသည်။ ဆင်းရဲခက်ခဲရခြင်း၏ နောက်အကြောင်းရင်းတစ်ခုမှာ “အချိန်နှင့်ကြိုတင်မမြင်နိုင်သော ဖြစ်ရပ်များ” ကြောင့်ဖြစ်သည်။ (ဒေ. ၉:၁၁ကဘ) လူတို့သည် မရှိသင့်သောအချိန်၊ မရှိသင့်သောနေရာ၌ ရှိနေကြသောကြောင့် ဘေးဆိုးများကြုံတွေ့ရလေ့ရှိသည်။

၈၊ ၉။ ကျွန်ုပ်တို့ကို ယေဟောဝါအမှန်ပင်ဂရုစိုက်တော်မူကြောင်း မည်သို့သိရှိရသနည်း။

ဆင်းရဲခက်ခဲမှုများကြုံတွေ့ရခြင်းမှာ ယေဟောဝါကြောင့်မဟုတ်ကြောင်း သိရှိရ၍ စိတ်သက်သာစရာပင်။ သို့သော် ကျွန်ုပ်တို့၏ဘဝတွင် ဖြစ်ပျက်ရာများကို ဘုရားသခင် အမှန်ပင်ဂရုစိုက်သလော။ ဂရုစိုက်ပါသည်။ လူတို့ ဆိုးသွမ်းသောလမ်းစဉ်လိုက်ခြင်းကို ယေဟောဝါ အဘယ်ကြောင့်ခွင့်ပြုထားကြောင်း သမ္မာကျမ်းစာက ရှင်းပြသောကြောင့် ကျွန်ုပ်တို့ကို ဘုရားသခင်အမှန်ပင်ဂရုစိုက်ကြောင်း သိရှိရသည်။ ထိုအကြောင်းရင်းများတွင် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် လူသားတို့၏သမာဓိစောင့်သိမှုတို့ပါဝင်သည်။ အတိုင်းအဆမဲ့တန်ခိုးရှိသော ဖန်ဆင်းရှင်ယေဟောဝါသည် ဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့်ခွင့်ပြုရကြောင်း ရှင်းပြရန် တာဝန်မရှိပေ။ သို့တိုင် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုဂရုစိုက်သောကြောင့် ယင်းတို့ကို ရှင်းပြပေးပါသည်။

ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်ကြောင်းသိရှိနိုင်သည့် နောက်ထပ်အထောက်အထားကို သုံးသပ်ကြည့်ပါ။ နောဧခေတ်တွင် ဆိုးသွမ်းမှုများပြည့်နှက်နေသည်ကို ကိုယ်တော်မြင်လေသော် “နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။” (ကမ္ဘာဦး ၆:၅၊ ၆) ယနေ့ကော ဘုရားသခင့်စိတ်တော် ပြောင်းလဲသွားပြီလော။ ပြောင်းလဲမသွားပါ။ (မာလခိ ၃:၆) ကိုယ်တော်သည် မတရားမှုများကိုရွံမုန်း၍ လူတို့ ဆင်းရဲခက်ခဲမှုများ ခံစားနေရသည်ကို မတွေ့မြင်လိုပေ။ ဘုရားသခင်သည် လူ့အုပ်ချုပ်မှုနှင့် စာတန့်သြဇာလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ရသော ထိခိုက်ပျက်စီးမှုမှန်သမျှကို မကြာမီပယ်ဖျက်ပေးတော့မည်ဟု သမ္မာကျမ်းစာသွန်သင်၏။ ယင်းက ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်ကြောင်း ယုံကြည်စိတ်ချစေသော အထောက်အထား မဟုတ်လော။

၁၀။ လူ့ဆင်းရဲခက်ခဲမှုများနှင့်စပ်လျဉ်း၍ ယေဟောဝါ မည်သို့ခံစားရသနည်း။

၁၀ ကျွန်ုပ်တို့အဖြစ်ဆိုးများကြုံတွေ့ရခြင်းမှာ ဘုရားသခင့်အလိုတော်ဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင်များ ပြောဆိုသောကြောင့် ဘုရားသခင်ကို လူတို့အထင်လွဲမှားကြသည်။ သို့သော် ယေဟောဝါမူကား လူတို့၏ဆင်းရဲခက်ခဲမှုများကို အဆုံးတိုင်စေလိုသည်။ ၁ ပေတရု ၅:၇ တွင် ကိုယ်တော်သည် “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ” သည်ဟုဖော်ပြထား၏။ ယင်းကား သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာဖြစ်သည်။

ကျွန်ုပ်တို့ အဘယ်ကြောင့်ဤကမ္ဘာတွင် ရောက်ရှိနေရသနည်း

၁၁။ ကမ္ဘာပေါ်တွင် လူ့အသက်တာနှင့်စပ်လျဉ်း၍ ဘာသာတရားများက မည်သို့သွန်သင်လေ့ရှိသနည်း။

၁၁ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤကမ္ဘာတွင်ရောက်ရှိနေရသနည်းဟူသော လူများစွာသိလိုသည့် ဒုတိယမေးခွန်းကို သုံးသပ်ကြည့်ကြစို့။ ကမ္ဘာပေါ်တွင် လူတို့ ခေတ္တယာယီသာနေထိုင်ရမည်ဟု ဘာသာတရားများက သွန်သင်လေ့ရှိ၏။ ဘဝခရီးနှင်ရာတွင် ကမ္ဘာမြေသည် ခရီးတစ်ထောက် နားခိုရာနေရာဖြစ်သည်ဟု ယူဆကြ၏။ ဘာသာရေးခေါင်းဆောင်အချို့က တစ်ချိန်ချိန်တွင် ကမ္ဘာဂြိုဟ်ကို ဘုရားသခင်ဖျက်ဆီးပစ်မည်ဟု တလွဲသွန်သင်ကြသည်။ ထိုသွန်သင်ချက်များကြောင့် လူများစွာသည် သေမင်းစောင့်ကြိုနေမှတော့ အသက်ရှင်ခိုက် ရနိုင်သည့်အရာမှန်သမျှ ရအောင်လုပ်ထားမှဖြစ်မည်ဟု ကောက်ချက်ချကြ၏။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤတွင်ရောက်ရှိနေရသည်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကား အဘယ်နည်း။

၁၂-၁၄။ ကမ္ဘာမြေနှင့်လူတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာသွန်သင်ရာကား အဘယ်နည်း။

၁၂ ကမ္ဘာမြေနှင့်လူသားတို့အတွက် ဘုရားသခင်၌ ကောင်းမွန်လှသောရည်ရွယ်ချက်ရှိသည်။ ကိုယ်တော်သည် “[ကမ္ဘာမြေကို] အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ” ၏။ (ဟေရှာယ ၄၅:၁၈) ထို့ပြင် ယေဟောဝါသည် “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာတည်တော်မူ” ၏။ (ဆာလံ ၁၀၄:၅) ကမ္ဘာမြေနှင့်လူတို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကို လေ့လာမည်ဆိုလျှင် ကျွန်ုပ်တို့ အဘယ်ကြောင့် ဤတွင်ရောက်ရှိနေရကြောင်း နားလည်နိုင်မည်ဖြစ်သည်။

၁၃ ကမ္ဘာဦး အခန်းကြီး ၁ နှင့် တွင် ကမ္ဘာမြေကို လူတို့နေထိုင်စရာဖို့ ယေဟောဝါပြင်ဆင်ပေးထားကြောင်း ဖော်ပြသည်။ ကမ္ဘာမြေအပါအဝင် ဖန်ဆင်းခြင်းလုပ်ငန်းပြီးဆုံးသောအခါ အရာခပ်သိမ်း “အလွန်ကောင်း” ခဲ့သည်။ (ကမ္ဘာဦး ၁:၃၁) ပထမလူယောက်ျားနှင့်မိန်းမဖြစ်သော အာဒံနှင့်ဧဝတို့ကို လှပသောဥယျာဉ်တွင်နေထိုင်စေကာ စားကောင်းသောက်ဖွယ် အလျှံပယ်ပေးခဲ့သည်။ ထို့ပြင် သူတို့ကို “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟုမိန့်မှာထား၏။ သူတို့သည် စုံလင်သောကလေးများ မွေးဖွားရမည်၊ ဥယျာဉ်စံအိမ်ကို ကမ္ဘာတစ်ခွင်တိုးချဲ့သွားရမည်၊ တိရစ္ဆာန်များကို မေတ္တာဖြင့်အုပ်စိုးသွားရမည်ဖြစ်သည်။—⁠ကမ္ဘာဦး ၁:၂၆-၂၈

၁၄ ယေဟောဝါ၏ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် စုံလင်သောလူ့မိသားစုကြီး ထာဝစဉ်နေထိုင်ရန်ဖြစ်သည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်[မြေကြီး]ကို အမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုသမ္မာကျမ်းစာဆို၏။ (ဆာလံ ၃၇:၂၉) မှန်ပါသည်၊ လူတို့သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်ပျော်မွေ့ရန်ဖြစ်သည်။ ယင်းသည် ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်ပြီး သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာဖြစ်သည်။

ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း

၁၅။ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသည်နှင့်ပတ်သက်၍ ဘာသာတရားအများစုက မည်သို့သွန်သင်ကြသနည်း။

၁၅ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်းဟူသော လူများစွာသိလိုသည့် တတိယမေးခွန်းကို သုံးသပ်ကြည့်ကြစို့။ ကမ္ဘာ့ဘာသာတရားအများစုက လူ့ကိုယ်ခန္ဓာထဲတွင် လူသေဆုံးပြီးနောက် ဆက်အသက်ရှင်နေနိုင်သည့်အရာတစ်ခုရှိသည်ဟု သွန်သင်ကြသည်။ ဘာသာတရားအချို့ကမူ ဘုရားသခင်သည် လူဆိုးများကို မီးငရဲတွင်ထာဝစဉ်ညှဉ်းဆဲပြီး အပြစ်ဒဏ်ပေးသည်ဟု ယုံကြည်နေဆဲဖြစ်၏။ ယင်းနှင့်ပတ်သက်သော အမှန်တရားကား အဘယ်နည်း။ သေခြင်းတရားနှင့်ပတ်သက်၍ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။

၁၆၊ ၁၇။ သမ္မာကျမ်းစာအရ သေလွန်သူတို့၏အခြေအနေကား အဘယ်နည်း။

၁၆ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ” ဟုကျမ်းစာတွင် ဖော်ပြသည်။ သေသောသူသည် “အဘယ်အရာကိုမျှမသိ” သောကြောင့် သူတို့သည် မကြားနိုင်၊ မမြင်နိုင်၊ မပြောနိုင်၊ မခံစားနိုင်၊ မတွေးခေါ်နိုင်ပါ။ အဘယ်အကျိုးအပြစ်ကိုမျှ မခံစားရတော့ချေ။ သူတို့ အဘယ်အရာလုပ်ဆောင်နိုင်မည်နည်း။ အဘယ်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ထို့ပြင် သေလွန်သူသည် အဘယ်ခံစားချက်မျှမရှိသောကြောင့် “သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။”—⁠ဒေ. ၉:၅၊ ၆၊ ၁၀

၁၇ သေခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာမှာ ရိုးရှင်းပြတ်သားလှ၏၊ သေလွန်သူသည် တစ်နေရာရာတွင် ဆက်အသက်မရှင်ပါ။ ပြန်ဝင်စားခြင်းအယူကိုယုံကြည်သူတို့ ပြောသည့်အတိုင်း သေဆုံးချိန်တွင် ခန္ဓာကိုယ်မှထွက်သွားပြီး ဆက်အသက်ရှင်နေကာ အခြားလူတစ်ဦးမှတစ်ဆင့် ပြန်မွေးဖွားလာသည့်အရာ မရှိပါ။ ယင်းကို ဤသို့ဥပမာပေးနိုင်သည်– ကျွန်ုပ်တို့၏အသက်သည် ဖယောင်းတိုင်မီးနှင့်တူ၏။ မီးငြိမ်းသတ်လိုက်သောအခါ ထိုမီးသည် အဘယ်နေရာကိုမျှ ရောက်ရှိမသွားပါ။ ယင်းသည် မတည်ရှိတော့ချေ။

၁၈။ သေလွန်သူတို့ အဘယ်အရာကိုမျှမသိကြောင်း ကျမ်းစာသင်သား သဘောပေါက်လာသည့်အခါ သူမည်သို့ကောက်ချက်ချနိုင်သနည်း။

၁၈ ရိုးရှင်းသော်လည်း အစွမ်းထက်သည့် ထိုအမှန်တရား၏အကျိုးဆက်များကို စဉ်းစားကြည့်ပါ။ သေလွန်သူသည် အဘယ်အရာကိုမျှမသိကြောင်း ကျမ်းစာသင်သားတစ်ဦး သဘောပေါက်သွားပြီဆိုပါစို့။ သူ ဤသို့ကောက်ချက်ချသင့်၏– သေဆုံးသွားသောဘိုးဘေးများ အသက်ရှင်ခဲ့စဉ်က သူနှင့်ပတ်သက်၍ နာကြည်းစရာများရှိခဲ့သော်လည်း ယခု သူ့ကိုအန္တရာယ်မပြုနိုင်တော့ပေ။ သေဆုံးသွားသောချစ်ရသူများသည် မကြားနိုင်၊ မမြင်နိုင်၊ မပြောနိုင်၊ မခံစားနိုင်၊ မတွေးတောနိုင်တော့ကြောင်း ချက်ချင်းပင် သူသဘောပေါက်သင့်သည်။ သေလွန်သူတို့သည် ငရဲကလေးတွင် အထီးကျန်နေခြင်း၊ မီးငရဲတွင်ညှဉ်းဆဲခံနေရခြင်း မရှိပါ။ သို့သော် ဘုရားသခင့်မှတ်ဉာဏ်တွင်ရှိနေသော သေလွန်သူများ ရှင်ပြန်ထမြောက်လာမည်ဟု သမ္မာကျမ်းစာသွန်သင်သည်။ အလွန်ကောင်းမွန်လှသော မျှော်လင့်ချက်ပင်။—⁠ယောဟန် ၅:၂၈၊ ၂၉

ကျွန်ုပ်တို့အတွက် စာအုပ်သစ်

၁၉၊ ၂၀။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့တွင် အဘယ်တာဝန်ရှိသနည်း။ ကျမ်းစာလေ့လာရာတွင် အထောက်အကူပြုသော အဘယ်စာအုပ်ကို အထူးသဖြင့် ခရစ်ယာန်ဓမ္မအမှုတွင်အသုံးပြုရန် ဖြစ်သနည်း။

၁၉ လူများစွာသိလိုကြသော မေးခွန်းများစွာအနက် သုံးခုကိုသာ ကျွန်ုပ်တို့သုံးသပ်ခဲ့သည်။ မေးခွန်းတစ်ခုစီအတွက် သမ္မာကျမ်းစာသွန်သင်ရာမှာ ရိုးရှင်းပြတ်သားသည်။ ကျမ်းစာသွန်သင်ရာကို သိရှိလိုသူများအား ထိုအမှန်တရားအကြောင်း ဝေမျှရခြင်းသည် အလွန်ပျော်ရွှင်ဖွယ်ပင်။ သို့သော် စိတ်ရိုးဖြောင့်သူများသိလိုသည့် အရေးကြီးသောမေးခွန်းများစွာ ရှိနေသေးသည်။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ထိုမေးခွန်းများ၏အဖြေကို ရှာဖွေနေကြသူများအား ကူညီပေးရမည့်တာဝန်ရှိသည်။

၂၀ ရိုးရှင်းပြီး နှလုံးထိမိစေသည့်နည်းဖြင့် ကျမ်းစာအမှန်တရားကိုသွန်သင်ရန် မလွယ်ကူပေ။ ထိုအခက်အခဲကိုအောင်မြင်နိုင်ရန် ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် စာအုပ်တစ်အုပ်ပြင်ဆင်ခဲ့ပြီး အထူးသဖြင့် ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့အသုံးပြုနိုင်ရန် ဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇) ထိုစာအုပ်မှာ ၂၂၄-မျက်နှာရှိ၍ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဟူသောစာအုပ်ဖြစ်သည်။

၂၁၊ ၂၂။ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၏ ထူးခြားသောအသွင်အပြင်အချို့ကား အဘယ်နည်း။

၂၁ ၂၀၀၅/၀၆ ခုနှစ်၊ ယေဟောဝါသက်သေများ၏ “ဘုရားရေးရာနာခံခြင်း” ခရိုင်စည်းဝေးကြီးတွင်ထုတ်ဝေခဲ့သော ထိုစာအုပ်တွင် ထူးခြားသောအကြောင်းအရာမျိုးစုံ ပါဝင်သည်။ ဥပမာ၊ နိဒါန်းပိုင်းစာမျက်နှာ ၅ မျက်နှာက ကျမ်းစာသင်အံမှုများစတင်ရာတွင် အလွန်အထောက်အကူပြုသည်။ ဤနိဒါန်းပိုင်းမှ ရုပ်ပုံများနှင့်ကျမ်းချက်များသည် ဆွေးနွေးရလွယ်ကူကြောင်း သင်တွေ့ရှိရပေမည်။ ထို့ပြင် ကျမ်းစာအခန်းကြီး၊ အခန်းငယ်များကို မည်သို့ရှာဖွေနိုင်ကြောင်း သင်သားသိရှိနိုင်ရန် ဤအပိုင်းမှလေးထောင့်ကွက်ကို အသုံးပြုနိုင်သည်။

၂၂ ထိုစာအုပ်၏အရေးအသားပုံစံမှာ ရိုးရှင်း၍ နားလည်လွယ်သည်။ သင်သားကို ပါဝင်ပတ်သက်စေသည့်နည်းဖြင့် ရေးသားထားသောကြောင့် သူ၏နှလုံးကိုထိမိစေသည်။ အခန်းတစ်ခုစီတွင် နိဒါန်းပျိုးထားသော မေးခွန်းများပါရှိပြီး အဆုံးပိုင်းတွင် “သမ္မာကျမ်းစာသွန်သင်ရာ” ခေါင်းစဉ်ရှိ လေးထောင့်ကွက်တစ်ခုပါရှိသည်။ နိဒါန်းမေးခွန်းများ၏အဖြေကို လေးထောင့်ကွက်တွင် တွေ့နိုင်သည်။ ထိုစာအုပ်မှ အလွန်ကောင်းမွန်သောရုပ်ပုံများ၊ ပုံစာများ၊ ပုံဥပမာများက သင်သားအား အယူအဆသစ်များကို နားလည်သဘောပေါက်စေသည်။ စာအုပ်၏အဓိကအကြောင်းအရာသည် အလွန်ပင်ရိုးရှင်းသော်လည်း သင်သားအနေနှင့် ထပ်ဆင့်သိရှိနိုင်ရန် အရေးကြီးသောအကြောင်းအရာ ၁၄ ခုကို နောက်ဆက်တွဲဖြင့် အသေးစိတ်ဖော်ပြထားသည်။

၂၃။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ကျမ်းစာသင်အံရာတွင် အဘယ်အကြံပြုချက်များရှိသနည်း။

၂၃ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သည် ပညာရေးနှင့် ဘာသာရေးနောက်ခံအသီးသီးမှ လူတို့ကိုသွန်သင်ရာတွင် အကူအညီဖြစ်စေရန် ရည်ရွယ်သည်။ သင်သားသည် ကျမ်းစာအသိပညာ လုံးဝမရှိသေးလျှင် အခန်းတစ်ခန်းပြီးရန် တစ်ကြိမ်ထက်မက လေ့လာဖို့ လိုပေမည်။ အကြောင်းအရာကို အလျင်စလိုမလေ့လာဘဲ သင်သား၏နှလုံးကိုထိမိဖို့ ကြိုးစားပါ။ ထိုစာအုပ်မှဥပမာများကို သူသဘောမပေါက်ပါက ထပ်မံရှင်းပြပါ၊ သို့မဟုတ် အခြားဆင်တူသောဥပမာကို သုံးပါ။ ကောင်းစွာပြင်ဆင်ပါ။ ထိုစာအုပ်ကို အတတ်နိုင်ဆုံး ထိရောက်စွာအသုံးပြုပါ။ ‘အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်’ ရန် ဘုရားသခင်ထံဆုတောင်းပါ။—⁠၂ တိမောသေ ၂:၁၅

အဖိုးထိုက်လှသော အခွင့်ထူးကို ကျေးဇူးတင်လေးမြတ်ပါ

၂၄၊ ၂၅။ ယေဟောဝါသည် မိမိလူမျိုးကို အဘယ်အဖိုးထိုက်အခွင့်ထူးများ ပေးထားသနည်း။

၂၄ ယေဟောဝါသည် မိမိလူမျိုးတော်ကို အဖိုးထိုက်အခွင့်ထူးများ ပေးထားသည်။ ကိုယ်တော်နှင့်ပတ်သက်သော အမှန်တရားကိုလေ့လာနိုင်ရန် စီစဉ်ပေးသည်။ ထိုအခွင့်ထူးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ အမှန်မှာ ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက်များကို မာနထောင်လွှားသူတို့အား မဖော်ပြဘဲ နှိမ့်ချသူတို့အား ဖော်ပြတော်မူသည်။ ယင်းနှင့်စပ်လျဉ်း၍ ယေရှုဤသို့ဆိုသည်– “ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။” (မဿဲ ၁၁:၂၅) စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါကိုဝတ်ပြုကိုးကွယ်ခွင့်ရသော နှိမ့်ချသူများတွင် ကျွန်ုပ်တို့ပါဝင်ခွင့်ရခြင်းသည် အလွန်ဂုဏ်ယူစရာပင်။

၂၅ အခြားသူတို့အား ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားအကြောင်း ပြောပြရသည့် အခွင့်ထူးကို ကျွန်ုပ်တို့အား ကိုယ်တော် အပ်နှင်းထားသည်။ ကိုယ်တော်အကြောင်း မဟုတ်မမှန်သွန်သင်နေသူများကြောင့် ဘုရားသခင်ကို လူတို့အထင်လွဲနေကြကြောင်း အမှတ်ရပါ။ ယေဟောဝါသည် ဂရုမစိုက်သောဘုရား၊ အကြင်နာကင်းသောဘုရားဖြစ်သည်ဟု လူတို့တလွဲယူဆကြ၏။ ထိုအထင်လွဲမှားမှုများကို သင် တလိုတလားဖြင့် အားတက်သရော ပြုပြင်တည့်မတ်ပေးလိုသလော။ နေရာအနှံ့ရှိ စိတ်ရိုးဖြောင့်သူများကို ဘုရားသခင်အကြောင်းအမှန်တရား သိရှိလာစေရန် ကူညီပေးလိုသလော။ အရေးကြီးသောအကြောင်းအရာများနှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို အခြားသူတို့အား ထက်သန်စွာဟောပြောသွန်သင်ခြင်းဖြင့် ဘုရားသခင်ကို သင်နာခံနေကြောင်း တင်ပြရာရောက်သည်။ အမှန်တရားကိုရှာဖွေသူများသည် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကို သိရှိဖို့လိုပါသည်။

သင့်အဖြေကား မည်သို့နည်း

• ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်ကြောင်း မည်သို့သိရှိရသနည်း။

• ကျွန်ုပ်တို့အဘယ်ကြောင့် ဤကမ္ဘာတွင်ရောက်ရှိနေရသနည်း။

• ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း။

• သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၏ အဘယ်အသွင်အပြင်များက သင့်အတွက် အထူးအသုံးဝင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံများ]

ဆင်းရဲခက်ခဲမှုများအဆုံးတိုင်မည်ဟု သမ္မာကျမ်းစာသွန်သင်

[Credit Lines]

Top right, girl: © Bruno Morandi/​age fotostock; left, woman: AP Photo/​Gemunu Amarasinghe; bottom right, refugees: © Sven Torfinn/​Panos Pictures

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဖြောင့်မတ်သူများသည် ပရဒိသုတွင် ထာဝစဉ်နေထိုင်ရမည်