မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂

ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၂

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—⁠အပိုင်း ၂

ဟေရှာယသည် ပရောဖက်တစ်ဦးအဖြစ် သူ၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့သည်။ ဣသရေလဆယ်နွယ်နိုင်ငံနှင့်ပတ်သက်သော သူ၏ကြွေးကြော်ချက်များသည် အမှန်ပင်ပြည့်စုံခဲ့လေသည်။ ယခု ယေရုရှလင်မြို့၏ အနာဂတ်နှင့်ပတ်သက်၍ သူထပ်ဆင့်ကြွေးကြော်သည်။

ယေရုရှလင်မြို့ ဖျက်ဆီးခံရမည်ဖြစ်ပြီး မြို့သားများ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်။ သို့သော် ထာဝစဉ်ဖျက်ဆီးခံရမည်မဟုတ်ပေ။ အချိန်တန်လျှင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်လိမ့်မည်။ ယင်းသည် ဟေရှာယ ၃၆:၁–၆၆:၂၄ တွင်ပါသော သတင်းစကားဖြစ်သည်။ * ဤအပိုင်းတွင်ပါဝင်သော ပရောဖက်ပြုချက်များစွာသည် ကျွန်ုပ်တို့ခေတ်တွင် အကြီးစားပြည့်စုံနေပြီး အနာဂတ်တွင်လည်း ပြည့်စုံမည်ဖြစ်သောကြောင့် ယင်းတို့ကို သုံးသပ်ခြင်းမှ အကျိုးကျေးဇူးခံစားနိုင်ပါသည်။ ထို့ပြင် ဤအပိုင်းတွင် မေရှိယနှင့်ပတ်သက်သော စိတ်လှုပ်ရှားဖွယ်ပရောဖက်ပြုချက်များလည်း ပါဝင်သည်။

‘သိမ်းသွားရာကာလ ရောက်လိမ့်မည်’

(ဟေရှာယ ၃၆:၁–၃၉:၈)

ဟေဇကိမင်းနန်းစံ ၁၄ နှစ်မြောက် (ဘီစီ ၇၃၂) တွင် ယုဒပြည်ကို အာရှုရိတို့ ကျူးကျော်တိုက်ခိုက်ကြသည်။ သို့သော် ယေရုရှလင်ကို ကာကွယ်ပေးမည်ဟု ယေဟောဝါ ကတိပြုတော်မူ၏။ ယေဟောဝါ၏ကောင်းကင်တမန် တစ်ပါးတည်းက အာရှုရိစစ်သား ၁၈၅,၀၀၀ ကို သတ်ပစ်လိုက်သောအခါ အာရှုရိတို့၏တိုက်ခိုက်မှု အဆုံးသတ်သွားလေသည်။

ဟေဇကိမင်း နာမကျန်းဖြစ်သည့်အခါ ယေဟောဝါသည် သူ့ဆုတောင်းသံကို နားညောင်းတော်မူ၍ ကုသပေးခဲ့ပြီး ၁၅ နှစ် ဆက်အသက်ရှင်စေခဲ့သည်။ ဗာဗုလုန်ရှင်ဘုရင်သည် ဟေဇကိထံ တမန်များစေလွှတ်သောအခါ သူသည် ပညာမဲ့စွာ ရှိသမျှဘဏ္ဍာအားလုံးကို ပြသခဲ့သည်။ ဟေရှာယသည် ဟေဇကိထံ ယေဟောဝါ၏သတင်းစကားကို ဤသို့ကြွေးကြော်ခဲ့၏– “နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း ဗာဗုလုန်မြို့သို့ယူသွားရသောကာလသည် ရောက်လိမ့်မည်။” (ဟေရှာယ ၃၉:၅၊ ၆) နှစ်ပေါင်းတစ်ရာကျော်ကြာပြီးနောက် ထိုပရောဖက်ပြုချက် ပြည့်စုံခဲ့လေသည်။

ကျမ်းစာမေးခွန်းများအဖြေ–

၃၈:၈—⁠အဘယ်အရာပေါ်မှ အရိပ်သည် နောက်ပြန်ဆုတ်ခြင်းဖြစ်သနည်း။ ဘီစီ ရှစ်ရာစု၌ အီဂျစ်နှင့်ဗာဗုလုန်တို့တွင် နေနာရီများအသုံးပြုကြသောကြောင့် ယင်းသည် ဟေဇကိ၏ခမည်းတော် အာခတ်မင်းတွင်ရှိသည့် နေနာရီကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ သို့မဟုတ် “နေနာရီ” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် စာသားအရ “လှေကားထစ်များ” ဟုအဓိပ္ပာယ်ရသောကြောင့် နန်းတော်အတွင်းရှိ လှေကားတစ်ခုကို ရည်ညွှန်းခြင်းလည်းဖြစ်နိုင်သည်။ လှေကားအနီးရှိ တိုင်မကြီးမှတစ်ဆင့် လှေကားထစ်များပေါ်သို့ အရိပ်ကျခြင်းဖြစ်နိုင်ပြီး ယင်းကိုကြည့်ကာ အချိန်တိုင်းတာနိုင်သည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၃၆:၂၊ ၃၊ ၂၂ရှေဗနသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရသော်လည်း သူ့နေရာကို အစားဝင်သူ၏ စာရေးအဖြစ် ဘုရင့်အမှုတော်ကို ဆက်ထမ်းဆောင်ခွင့်ရခဲ့သည်။ (ဟေရှာယ ၂၂:၁၅၊ ၁၉) ကျွန်ုပ်တို့သည် အကြောင်းအချို့ကြောင့် ယေဟောဝါအဖွဲ့အစည်းတွင် တာဝန်ရှိအနေအထားမှ ဖယ်ရှားခံရပါက ကိုယ်တော်ခွင့်ပြုသည့် အဘယ်အခြေအနေတွင်မဆို ဘုရားသခင့်အမှုတော်ကို ဆက်ထမ်းဆောင်သင့်သည်မဟုတ်လော။

၃၇:၁၊ ၁၄၊ ၁၅; ၃၈:၁-၃စိတ်သောကရောက်ချိန်တွင် ယေဟောဝါထံဆုတောင်းပြီး ကိုယ်တော်ကို အကြွင်းမဲ့ယုံကြည်ကိုးစားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။

၃၇:၁၅-၂၀; ၃၈:၂၊ ၃ယေရုရှလင်မြို့သည် အာရှုရိတို့၏ ခြိမ်းခြောက်မှုခံရစဉ် ဟေဇကိ အဓိကစိုးရိမ်ရာမှာ မြို့တော်ပျက်စီးခြင်းကြောင့် ယေဟောဝါ၏နာမတော် ရှုတ်ချခံရမည်ကိုဖြစ်သည်။ မိမိ၌ သေနာစွဲနေကြောင်း သိသည့်အခါတွင်လည်း မိမိကိုယ်ကျိုးထက်ပို၍ စိုးရိမ်ခဲ့၏။ ဒါဝိဒ်မင်းမျိုးအတွက် နန်းမွေခံမရှိဘဲ သေဆုံးသွားမည်ကို သူအလွန်စိုးရိမ်ခဲ့သည်။ ထို့ပြင် အာရှုရိတို့ကို မည်သူဦးဆောင်တိုက်ခိုက်မည်နှင့်ပတ်သက်၍လည်း စိုးရိမ်ခဲ့သည်။ ဟေဇကိနည်းတူ ကျွန်ုပ်တို့လည်း ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရေးနှင့် ကိုယ်တော်၏ရည်ရွယ်ချက်ပြည့်စုံရေးသည် မိမိတို့ကယ်တင်ခြင်းထက် ပိုအရေးကြီးကြောင်း သိရှိကြသည်။

၃၈:၉-၂၀ဘဝတွင် ယေဟောဝါကို ချီးမွမ်းနိုင်ခြင်းထက် ပိုအရေးကြီးသောအရာမရှိကြောင်း ဟေဇကိ၏သီချင်းက သွန်သင်ပေးပါသည်။

‘ယေရုရှလင်မြို့တည်ဆောက်မည်’

(ဟေရှာယ ၄၀:၁–၅၉:၂၁)

ယေရုရှလင်မြို့ပျက်စီးပြီး ဗာဗုလုန်တွင် သုံ့ပန်းဘဝရောက်မည်ဟု ဟေရှာယကြိုဟောပြီးနောက် ပြန်လည်တည်ထောင်ခြင်းနှင့်ပတ်သက်၍ ဆက်ပရောဖက်ပြုလေသည်။ (ဟေရှာယ ၄၀:၁၊ ၂) ‘ယေရုရှလင်မြို့တည်ဆောက်မည်’ ဟု ဟေရှာယ ၄၄:၂၈ တွင်ဖော်ပြသည်။ ဗာဗုလုန်လူမျိုး၏ နတ်ဘုရားများသည် ဝန်စည်စလယ်ကဲ့သို့ သယ်ဆောင်သွားခြင်းခံရမည်။ (ဟေရှာယ ၄၆:၁) ဗာဗုလုန်သည် ဖျက်ဆီးခံရမည်။ ရာစုနှစ်ခုကြာပြီးနောက် ယင်းတို့အားလုံး ပြည့်စုံခဲ့လေသည်။

ယေဟောဝါသည် မိမိကျေးကျွန်တို့အား “တစ်ပါးအမျိုးသားတို့လင်းစရာ” ဖြစ်စေမည်။ (ဟေရှာယ ၄၉:၆) ဗာဗုလုန်၏အုပ်ချုပ်သူလူတန်းစားဖြစ်သော “မိုးကောင်းကင်” သည် “မီးခိုးကဲ့သို့ကွယ်ပျောက်” လိမ့်မည်။ မြို့သူမြို့သားများသည် “ခြင်ကောင်ကဲ့သို့သေကြလိမ့်မည်။” သို့သော် ‘ချုပ်ထားလျက်ရှိသော ဇိအုန်သတို့သမီးသည် မိမိလည်ကြိုးကိုချွတ်’ လိမ့်မည်။ (ဟေရှာယ ၅၁:၆; ၅၂:၂) ယေဟောဝါသည် မိမိစကားနားထောင်သူများကို ဤသို့မိန့်ဆို၏– “ငါသည်လည်း သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍ ဒါဝိဒ်၌မြဲမြံသောကျေးဇူးတော်ကို သင်တို့အားပေးမည်။” (ဟေရှာယ ၅၅:၃) ယေဟောဝါ၏ ဖြောင့်မှန်သောတောင်းဆိုချက်များနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့် ကိုယ်တော်၌ “ပျော်မွေ့” လာမည်။ (ဟေရှာယ ၅၈:၁၄) သို့သော် လူတို့၏အပြစ်များက သူတို့ကို “ဘုရားသခင်နှင့်ကွာစေ” ခဲ့သည်။—⁠ဟေရှာယ ၅၉:⁠၂

ကျမ်းစာမေးခွန်းများအဖြေ–

၄၀:၂၇၊ ၂၈—⁠‘ငါတို့သွားသောလမ်းကို ထာဝရဘုရားသခင်သိတော်မမူ၊ ငါတို့အမှုကို ဘုရားသခင်မှတ်တော်မမူ’ ဟု ဣသရေလလူတို့ အဘယ်ကြောင့်ဆိုသနည်း။ ဗာဗုလုန်တွင်ရှိသောဂျူးအချို့က မိမိတို့ခံစားရသော မတရားမှုများကို ယေဟောဝါမသိ၊ မတွေ့ မြင်ဟု ယူမှတ်ခဲ့ကြပုံရသည်။ သို့သော် မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိသော ဖန်ဆင်းရှင်အတွက် ဗာဗုလုန်သည် လက်လှမ်းမမှီနိုင်ရာမဟုတ်ကြောင်း သူတို့သတိပေးခံရသည်။

၄၃:၁၈-၂၁—⁠“ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်” ဟု သုံ့ပန်းဘဝမှပြန်လာသူများကို အဘယ်ကြောင့်ဆိုသနည်း။ ယင်းက အတိတ်တွင် ယေဟောဝါပြုလုပ်ခဲ့သော ကယ်တင်ခြင်းလုပ်ရပ်များကို မေ့လျော့သင့်သည်ဟူသော သဘောဖြင့်ပြောနေခြင်းမဟုတ်ပေ။ ယင်းအစား ကန္တာရလမ်းဖြစ်ပုံရသည့် ယေရုရှလင်သို့အပြန်ခရီးတစ်လျှောက် ဘေးလွတ်လုံခြုံစေခြင်းကဲ့သို့သော “အမှုသစ်” များကို သူတို့ ကြုံတွေ့ခဲ့ရသဖြင့် ယေဟောဝါကိုချီးမွမ်းရန် ကိုယ်တော်လိုလားတော်မူသည်။ “ကြီးစွာသောဆင်းရဲ” မှလွတ်မြောက်လာသည့် ‘လူအုပ်ကြီး’ သည်လည်း ယေဟောဝါကိုချီးမွမ်းရန် အကြောင်းကောင်းသစ်များ ရှိလိမ့်မည်။—⁠ဗျာ. ၇:၉၊ ၁၄

၄၉:၆—⁠မေရှိယ၏ မြေကြီးအမှုဆောင်ခြင်းသည် ဣသရေလလူမျိုးအတွက်သာ ဖြစ်သော်လည်း ကိုယ်တော်သည် “တစ်ပါးအမျိုးသားတို့လင်းစရာ” မည်သို့ဖြစ်သနည်း။ ယေရှုသေပြီးနောက် ဖြစ်ပျက်ခဲ့ရာများကြောင့် ဖြစ်သည်။ သမ္မာကျမ်းစာက ဟေရှာယ ၄၉:၆ သည် ကိုယ်တော့်တပည့်များနှင့်သက်ဆိုင်ကြောင်း ဖော်ပြသည်။ (တမန်တော် ၁၃:၄၆၊ ၄၇) ယနေ့ လူအုပ်ကြီး၏ထောက်မမှုဖြင့် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “တစ်ပါးအမျိုးသားတို့လင်းစရာ” အဖြစ်အမှုဆောင်နေပြီး ‘လောကနိုင်ငံအရပ်ရပ်ရှိ’ လူတို့ကို အလင်းထွန်းလင်းနေကြပါသည်။—⁠မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀

၅၃:၁၀—⁠ယေဟောဝါသည် မည်သည့်နည်းဖြင့် မိမိသားတော်ကို နှိပ်စက်ခြင်းငှာ အလိုရှိသနည်း။ သနားကြင်နာမှုရှိပြီး စာနာတတ်သော ယေဟောဝါဘုရားသခင်အတွက် ချစ်သားတော် ဝေဒနာခံစားရသည်ကို တွေ့ မြင်ခြင်းက နာကျင်ဖွယ်ဖြစ်မည်မှာ အမှန်ပင်။ သို့တိုင် ယေရှု၏ လိုလိုလားလားနာခံမှုနှင့် ကိုယ်တော်၏ဝေဒနာခံခြင်း၊ သေခြင်းက ပြီးမြောက်စေသည့်အရာအားလုံးကို ယေဟောဝါ အလွန်နှစ်သက်တော်မူသည်။—⁠သု. ၂၇:၁၁; ဟေရှာယ ၆၃:⁠၉

၅၃:၁၁—⁠“အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေ” ရန် မေရှိယအသုံးပြုသည့် အသိပညာကား အဘယ်နည်း။ ယင်းသည် မြေကြီးပေါ်ကြွလာခြင်း၊ လူသားတစ်ဦးဖြစ်ခြင်းနှင့် သေသည့်တိုင် မတရားနှိပ်စက်ခံရခြင်းဖြင့် ယေရှုရရှိခဲ့သော အသိပညာဖြစ်သည်။ (ဟေဗြဲ ၄:၁၅) သို့ဖြင့် ကိုယ်တော်သည် ရွေးဖိုးပူဇော်သကာ ပေးနိုင်ခဲ့သည်။ ယင်းက ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် လူအုပ်ကြီးကို ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထားရရှိစေရန် ကူညီပေးသည်။—⁠ရောမ ၅:၁၉; ယာကုပ် ၂:၂၃၊ ၂၅

၅၆:၆—⁠“တစ်ပါးအမျိုးသား” တို့ကား မည်သူများနည်း။ သူတို့သည် မည်သည့်နည်းဖြင့် ယေဟောဝါ၏ “ပဋိညာဉ်ကိုစွဲလမ်း” ကြသနည်း။ “တစ်ပါးအမျိုးသား” တို့မှာ ယေရှု၏ “အခြားသိုး” များဖြစ်သည်။ (ယောဟန် ၁၀:၁၆) သူတို့သည် ပဋိညာဉ်သစ်နှင့်ဆက်စပ်သည့် ပညတ်များကို နာခံခြင်း၊ ပဋိညာဉ်သစ်ဖြင့် ပြုလုပ်သောအစီအစဉ်များကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့်တန်းတူ ဝိညာဉ်အစာ စားသုံးခြင်း၊ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် သူတို့ကို ထောက်မပေးခြင်းဖြင့် ပဋိညာဉ်သစ်ကို စွဲလမ်းကြသည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၄၀:၁၀-၁၄၊ ၂၆၊ ၂၈ယေဟောဝါသည် ခွန်အားကြီးပြီး နူးညံ့သိမ်မွေ့သည်။ တန်ခိုး၊ ပညာနှင့်ပြည့်စုံသည်။ ဉာဏ်တော်သည် ကျွန်ုပ်တို့ နားလည်နိုင်သည်ထက် များစွာသာလွန်တော်မူသည်။

၄၀:၁၇၊ ၂၃; ၄၁:၂၉; ၄၄:၉; ၅၉:⁠၄နိုင်ငံရေးမဟာမိတ်များနှင့် အရုပ်များသည် ‘အချည်းနှီး’ ဖြစ်သည်။ ယင်းတို့ကို ယုံကြည်ကိုးစားခြင်းသည် အကျိုးမရှိပေ။

၄၂:၁၈၊ ၁၉; ၄၃:⁠၈ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မမြင်ရန် မျက်စိပိတ်ထား၍ ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှတစ်ဆင့် ကိုယ်တော့်လမ်းညွှန်ချက်ကို မကြားရန် နားပိတ်ထားခြင်းသည် ဝိညာဉ်ရေးအရ မျက်စိကန်းပြီး နားပင်းစေသည်။—⁠မဿဲ ၂၄:၄၅

၄၃:၂၅ယေဟောဝါသည် မိမိအဖို့အလို့ငှာ အပြစ်များကို ဖယ်ရှားတော်မူသည်။ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရေးသည် ကျွန်ုပ်တို့ အပြစ်နှင့်သေခြင်း၏ ကျွန်ဘဝမှ လွတ်မြောက်ပြီး အသက်ရရှိရေးထက် ပိုအရေးကြီးသည်။

၄၄:⁠၈ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ခိုင်ခံ့မြဲမြံသော ယေဟောဝါ၏ထောက်မမှုကို ကျွန်ုပ်တို့ရရှိထားသည်။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်အဖြစ်တော်ကို သက်သေခံရာတွင် ကျွန်ုပ်တို့ လုံးဝမကြောက်ရွံ့သင့်ပေ။—⁠၂ ဓမ္မရာဇဝင် ၂၂:၃၁၊ ၃၂

၄၄:၁၈-၂၀အရုပ်ကိုးကွယ်ခြင်းသည် နှလုံးယိုယွင်းခြင်း၏ လက္ခဏာဖြစ်သည်။ ကျွန်ုပ်တို့၏နှလုံးတွင် ယေဟောဝါမှလွဲ၍ အဘယ်အရာမျှ နေရာမယူသင့်ပေ။

၄၆:၁၀၊ ၁၁“ကြံသည်အတိုင်းစီရင်” နိုင်စွမ်း၊ တစ်နည်းအားဖြင့် ရည်ရွယ်ချက်ကို ပြည့်စုံစေနိုင်စွမ်းသည် ယေဟောဝါ၏ ဘုရားသခင်အဖြစ်တော်ကို အကြွင်းမဲ့သက်သေထူသည်။

၄၈:၁၇၊ ၁၈; ၅၇:၁၉-၂၁ကယ်တင်ခြင်းအတွက် ယေဟောဝါကို ကိုးစားမည်၊ ကိုယ်တော့်ထံ ချဉ်းကပ်မည်၊ ကိုယ်တော့်မိန့်မှာချက်များကို ဂရုပြုလိုက်လျှောက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း တိုးပွားများပြားလိမ့်မည်။ ဘုရားသခင့်စကားတော်ကို ဂရုမပြုသူများမူ ‘မငြိမ်နိုင်ဘဲလှုပ်ရှားသော ပင်လယ်ရေနှင့်တူကြ၏။’ သူတို့ ၌ ငြိမ်သက်ခြင်းမရှိချေ။

၅၂:၅၊ ၆စစ်မှန်သောဘုရားသခင်သည် အစွမ်းမရှိဟု ဗာဗုလုန်တို့ မှားယွင်းစွာယူမှတ်ခဲ့ကြသည်။ ဣသရေလလူတို့ ကျွန်ဘဝရောက်ရခြင်းမှာ သူတို့ကို ယေဟောဝါမနှစ်သက်၍ဖြစ်ကြောင်း ဗာဗုလုန်တို့ အသိအမှတ်မပြုကြပေ။ အခြားသူများအပေါ် ဘေးဆိုးကျရောက်ချိန်တွင် အကြောင်းရင်းကို ကျွန်ုပ်တို့ လျင်မြန်စွာကောက်ချက်မချသင့်ပေ။

၅၂:၇-၉; ၅၅:၁၂၊ ၁၃ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပျော်ရွှင်နိုင်သည့် အကြောင်းရင်း အနည်းဆုံးသုံးခုရှိသည်။ ဝိညာဉ်ရေးဆာငတ်နေသည့် စိတ်နှိမ့်ချသူများအတွက် ကျွန်ုပ်တို့၏ခြေများသည် တင့်တယ်လှ၏။ ယေဟောဝါကို ကျွန်ုပ်တို့ ‘ကိုယ်တိုင်မြင်ရကြသည်၊’ တစ်နည်းအားဖြင့် ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကြသည်။ ထို့ပြင် ဝိညာဉ်ရေးတွင်လည်း ကြွယ်ဝနေကြသည်။

၅၂:၁၁၊ ၁၂ယေဟောဝါ၏ “အဆောက်အဦ” [“အသုံးအဆောင်တန်ဆာတော်၊” သမ္မာ] များကို သယ်ဆောင်ရာတွင်၊ တစ်နည်းအားဖြင့် ကိုယ်တော်၏အမှုတော်မြတ်ကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်မီရန် ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရား သန့်ရှင်းရမည်။

၅၈:၁-၁၄အရေခြုံဆည်းကပ်ဝတ်ပြုခြင်းနှင့် ဟန်ဆောင်ဖြောင့်မတ်ခြင်းသည် အချည်းနှီးဖြစ်၏။ စစ်မှန်သောဝတ်ပြုသူများသည် ဟန်ဆောင်မှုကင်းသော ဘုရားသခင်ရေးရာဆည်းကပ်ဝတ်ပြုမှုနှင့် ညီအစ်ကိုချင်းချစ်ကြောင်း ဖော်ပြသည့်လုပ်ရပ်များကို တင်ပြသင့်သည်။—⁠ယောဟန် ၁၃:၃၅; ၂ ပေတရု ၃:၁၁

၅၉:၁၅ခ-၁၉ယေဟောဝါသည် လူ့ရေးရာများကို အာရုံစိုက်တော်မူပြီး ကိုယ်တော် သတ်မှတ်ထားချိန်တွင် ကြားဝင်ဆောင်ရွက်တော်မူသည်။

“မင်းမြောက်သရဖူဖြစ်လိမ့်မည်”

(ဟေရှာယ ၆၀:၁–၆၆:၂၄)

ရှေးခေတ်နှင့် ကျွန်ုပ်တို့ခေတ်တွင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းကို ဟေရှာယ ၆၀:၁ တွင် ဤသို့ဖော်ပြ၏– ‘သင်ထလော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ထာဝရဘုရားသခင်၏ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။’ ဇိအုန်သည် “ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူဖြစ်လိမ့်မည်။”—⁠ဟေရှာယ ၆၂:⁠၃

ဟေရှာယသည် ဗာဗုလုန်သုံ့ပန်းဘဝတွင် နောင်တရမည့် အမျိုးသားချင်းများအတွက် ယေဟောဝါထံဆုတောင်းခဲ့သည်။ (ဟေရှာယ ၆၃:၁၅–၆၄:၁၂) ကျေးကျွန်စစ်များနှင့် အတုအယောင်များကို နှိုင်းယှဉ်ပြီးနောက် ယေဟောဝါသည် မိမိအားဝတ်ပြုသူများကို မည်သို့ကောင်းချီးပေးမည့်အကြောင်း ဟေရှာယကြွေးကြော်ခဲ့လေသည်။—⁠ဟေရှာယ ၆၅:၁–၆၆:၂၄

ကျမ်းစာမေးခွန်းများအဖြေ–

၆၁:၈၊ ၉—⁠“ထာဝရပဋိညာဉ်” ကား အဘယ်နည်း၊ “အမျိုးအနွယ်” ကား မည်သူတို့နည်း။ ယင်းသည် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် ယေဟောဝါဖွဲ့ဆိုသော ပဋိညာဉ်သစ်ဖြစ်သည်။ “အမျိုးအနွယ်” မှာ ဝိညာဉ်တော်ဖွားတို့၏သတင်းစကားကို တုံ့ ပြန်သော သန်းနှင့်ချီသည့် “အခြားသိုး” ဖြစ်သည်။—⁠ယောဟန် ၁၀:၁၆

၆၃:၅—⁠ဘုရားသခင်၏ ဒေါသအမျက်သည် မည်သည့်နည်းဖြင့် ကိုယ်ကိုထောက်ပင့်သနည်း။ ဘုရားသခင့်ဒေါသအမျက်သည် ထိန်းချုပ်နိုင်သောအရာဖြစ်ပြီး ဖြောင့်မတ်သောဒေါသအမျက်ဖြစ်သည်။ ကိုယ်တော်၏ဒေါသအမျက်သည် ဖြောင့်မတ်စွာတရားစီရင်ရန် လှုံ့ဆော်ပေးသည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၆၄:⁠၆မစုံလင်သူလူသားများသည် မိမိတို့ကိုယ်ကို မကယ်တင်နိုင်ကြပေ။ သူတို့၏ဖြောင့်မတ်သောလုပ်ရပ်များသည် အပြစ်မဖြေပေးနိုင်ချေ။ ၎င်းလုပ်ရပ်များသည် ညစ်သောအဝတ်နှင့်သာတူသည်။—⁠ရောမ ၃:၂၃၊ ၂၄

၆၅:၁၃၊ ၁၄ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို ကောင်းချီးသွန်းလောင်းတော်မူပြီး သူတို့၏ ဝိညာဏလိုအပ်ရာများကို အလျှံပယ်ဖြည့်ဆည်းပေးတော်မူသည်။

၆၆:၃-၅ဟန်ဆောင်အရေခြုံခြင်းကို ယေဟောဝါ မုန်းတော်မူသည်။

‘ဝမ်းမြောက်ရွှင်လန်းကြလော့’

ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်များက ဗာဗုလုန်သုံ့ပန်းဘဝရောက်နေသော သစ္စာရှိဂျူးများအတွက် အလွန်ပင်နှစ်သိမ့်မှုဖြစ်စေသည်တကား! “ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏” ဟုယေဟောဝါမိန့်ဆိုသည်။—⁠ဟေရှာယ ၆၅:၁၈

မြေကြီးကို မှောင်မိုက်ဖုံးလွှမ်းနေပြီး လူများကို ထူထပ်သောမှောင်မိုက် ဖုံးလွှမ်းသောအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်။ (ဟေရှာယ ၆၀:၂) ယခုအချိန်သည် “ခဲယဉ်းသောကာလ” ဖြစ်၏။ (၂ တိမောသေ ၃:၁) ထို့ကြောင့် ဟေရှာယကျမ်းတွင် ဖော်ပြသော ကယ်တင်ခြင်းဆိုင်ရာ ယေဟောဝါ၏သတင်းစကားသည် ကျွန်ုပ်တို့ကို အလွန်ခွန်အားရှိစေပါသည်။—⁠ဟေဗြဲ ၄:၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဟေရှာယ ၁:၁–၃၅:၁၀ ပါအကြောင်းများကို ၂၀၀၆၊ ဒီဇင်ဘာ ၁ ရက် ကင်းမျှော်စင်၊ ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—⁠ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—⁠အပိုင်း ၁ တွင်ရှု။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အာရှုရိလက်မှ ကယ်တင်ပေးရန် ဟေဇကိဆုတောင်းရသည့်အဓိကအကြောင်းရင်းကို သင်သိသလော

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

‘ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား!’