မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

အာမဂေဒုန်အမည်ရှိသောအရပ်တွင် ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်း’ ကားအဘယ်နည်း။ အဘယ်ရလဒ်ထွက်ပေါ်လာမည်နည်း။—⁠ဗျာ. ၁၆:၁၄၊ ၁၅

ရိုးရိုးလေးဖော်ပြရသော် အာမဂေဒုန်စစ်ပွဲဟူသည်မှာ ယေဟောဝါ၏ခန့်အပ်ခံဘုရင် ယေရှုခရစ်က ဘုရားသခင့်ရန်သူများကို ဖျက်ဆီးတော်မူမည့် အနာဂတ်ကမ္ဘာချီစစ်ပွဲပင်ဖြစ်သည်။ ထိုရန်သူများမှာ “နတ်ဆိုး၏ဝိညာဉ်” ကြောင့် စုရုံးလာကြသည့် ‘လောကတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့’ ဖြစ်ကြပြီး သူတို့သည် ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသောအရပ်၌’ စုဝေးကြ၏ဟု သမ္မာကျမ်းစာတွင် ရှင်းပြထားသည်။—⁠ဗျာ. ၁၆:၁၄၊ ၁၅

စစ်ဆင်နွှဲကြမည့်အဖွဲ့များ စုဝေးရာအရပ်သည် ပကတိနေရာဒေသမဟုတ်ပါ။ အချို့ဘာသာပြန်ကျမ်းများတွင် “ဟာမေဂေဒုန်” ဟုပြန်ဆိုထားသော အာမဂေဒုန်၏အမည်မှာ “မေဂိဒ္ဒေါတောင်” ဟုအဓိပ္ပာယ်ရှိသည်။ (ဗျာ. ၁၆:၁၆သမ္မာ) ထိုအမည်ဖြင့်ခေါ်သော တောင်တစ်လုံးမျှ မရှိခဲ့ဖူးချေ။ ထို့ပြင် ‘လောကရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများတို့သည်’ စာသားအတိုင်း အရပ်ဒေသတစ်ခုတည်း၌ မစုရုံးနိုင်ကြချေ။ (ဗျာ. ၁၉:၁၉) သို့အစား “အရပ်” ဟုဆိုရာ၌ ကမ္ဘာ့နိုင်ငံရေးအုပ်စိုးရှင်များနှင့် ၎င်းတို့ကိုထောက်ခံအားပေးနေကြသူများကို ယေဟောဝါနှင့် “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ယေရှုခရစ်၏ စစ်အာဏာအောက်ရှိ “ကောင်းကင်ဗိုလ်ခြေတို့” နှင့် ဆန့်ကျင်ဘက်အနေအထားသို့ ရပ်တည်စေသည့် အခြေအနေတစ်ရပ်ကိုရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။—⁠ဗျာ. ၁၉:၁၄၊ ၁၆

“အာမဂေဒုန်” ဟူသောအသုံးအနှုန်းကို ရှေးဣသရေလလူတို့၏မြို့ဖြစ်သော မေဂိဒ္ဒေါမြို့နှင့် ဆက်စပ်ဖော်ပြထားသည်မှာ ထူးခြားလှသည်။ ကရမေလတောင်တန်းအရှေ့ဘက်တွင် မဟာဗျူဟာမြောက်စွာတည်ရှိသော ဤမေဂိဒ္ဒေါမြို့သည် ထိုခေတ်က အဓိကကုန်သွယ်ရေးလမ်းကြောင်းနှင့် စစ်ရေးလမ်းကြောင်းများကို ကြီးစိုးခြယ်လှယ်ခဲ့သည်။ ယင်းဒေသသည် အပြီးသတ်စစ်ပွဲများဆင်နွှဲရာစစ်တလင်းလည်း ဖြစ်သည်။ ဥပမာ၊ ဣသရေလတရားသူကြီး ဗာရက်သည် ဗိုလ်ချုပ်သိသရဦးစီးသည့် အားကြီးသောခါနာန်လူမျိုးအား စစ်ရှုံးနိမ့်စေခဲ့သောအရပ်မှာ “မေဂိဒ္ဒေါအိုင်” ရှိရာအရပ်ဖြစ်သည်။ (တရားသူကြီး ၄:၁၂-၂၄; ၅:၁၉၊ ၂၀) ထိုအနီးအနားတွင်ပင် တရားသူကြီး ဂိဒေါင်သည် မိဒျန်လူမျိုးများကို အပြတ်အသတ်အောင်နိုင်ခဲ့သည်။ (တရားသူကြီး ၇:၁-၂၂) သမ္မာကျမ်းစာက မေဂိဒ္ဒေါမြို့ကို ရောက်လာမည့်စစ်ပွဲနှင့် ဆက်စပ်ဖော်ပြခြင်းက ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ရန်သူစစ်တပ်အားလုံးအပေါ် အပြတ်အသတ်အောင်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား စိတ်ချစေသည်။

အဘယ်ရလဒ်ထွက်ပေါ်လာမည်နည်း။ အာမဂေဒုန်စစ်ပွဲက ကမ္ဘာပေါ်ရှိ ဖောက်ပြန်ယိုယွင်းမှုနှင့် ဆိုးသွမ်းမှု ရှိသမျှကို သုတ်သင်ရှင်းလင်းပါလိမ့်မည်။ ယင်းက လူ့သမိုင်းတစ်လျှောက် နှစ်သက်ဖွယ်အကောင်းဆုံးခေတ်ကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ (ဗျာ. ၂၁:၁-၄) ဘုရားသခင့်နိုင်ငံတော်၏ မေတ္တာပါကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဤကမ္ဘာမြေသည် ဖြောင့်မတ်သူများ ထာဝစဉ်အသက်ရှင်နေထိုင်သွားမည့် ပရဒိသုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။—⁠ဆာလံ ၃၇:၂၉