မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တပည့်ဖြစ်စေခြင်းလုပ်ငန်းကို နှစ်သက်ရသည့်အကြောင်းရင်း

တပည့်ဖြစ်စေခြင်းလုပ်ငန်းကို နှစ်သက်ရသည့်အကြောင်းရင်း

ဘဝအတ္ထုပ္ပတ္တိ

တပည့်ဖြစ်စေခြင်းလုပ်ငန်းကို နှစ်သက်ရသည့်အကြောင်းရင်း

ပယ်မီလာ မိုဇလီ ပြောပြသည်

အင်္ဂလန်နိုင်ငံတစ်ဝန်းလုံး အပြင်းအထန်စစ်ဖြစ်နေချိန် ၁၉၄၁ ခုနှစ်မှာ အမေက ကျွန်မကို လစ်စတာမြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီးကို ခေါ်သွားခဲ့တယ်။ ကလေးတွေနဲ့ပတ်သက်တဲ့ ဂျိုးဇက်ရပ်သဖော့ဒ်ရဲ့ အထူးဟောပြောချက်ကို ကျွန်မတို့ကြားခဲ့တယ်။ အဲ့ဒီစည်းဝေးကြီးမှာ အမေနဲ့ကျွန်မနှစ်ခြင်းခံတဲ့အခါ ကျွန်မတို့ကို ဝိညာဉ်ရေးတိုးတက်လာဖို့ ကူညီပေးခဲ့သူတွေ အတော်လေးပျော်ရွှင်နေကြတာကို ကျွန်မသတိပြုမိတယ်။ ယေရှုခရစ်ရဲ့တပည့်ဖြစ်လာအောင်လုပ်ပေးရာကနေ ဘယ်လောက်ရွှင်လန်းမှုခံစားရတယ်ဆိုတာကိုအဲ့ဒီတုန်းက ကျွန်မသဘောမပေါက်မိခဲ့ဘူး။

တပည့်ဖြစ်လာဖို့ ကျွန်မတို့တိုးတက်နေတာ အဲ့ဒီမတိုင်ခင်နှစ်ကတည်းကပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ခဲ့တဲ့ ၁၉၃၉ စက်တင်ဘာလရဲ့ကြောက်စရာကောင်းတဲ့နေ့ကို ကျွန်မသတိရနေဆဲပါပဲ။ “ကမ္ဘာကြီးဟာ ဘာကြောင့်မငြိမ်းချမ်းနိုင်ရတာလဲ” ဆိုပြီး မေးခွန်းထုတ်ရင်း အမေ့မျက်နှာမှာ မျက်ရည်တွေစီးကျနေတာကို ကျွန်မမြင်ခဲ့ရတယ်။ ပထမကမ္ဘာစစ်တုန်းက ကျွန်မရဲ့မိဘတွေ စစ်မှုထမ်းခဲ့ကြတဲ့အတွက် စစ်ရဲ့ကြောက်စရာအတွေ့အကြုံကို ခံစားခဲ့ရတယ်။ ဘရစ္စတိုလ်မြို့မှာရှိတဲ့ အင်္ဂလီကန်တရားဟောဆရာကို အမေက မေးခွန်းမေးတဲ့အခါ သူက “စစ်ဆိုတာအမြဲရှိတယ်၊ နောင်လည်းရှိနေဦးမှာ” လို့ပြောခဲ့တယ်။

မကြာခင်မှာပဲ အသက်ကြီးတဲ့အမျိုးသမီးတစ်ဦး ကျွန်မတို့အိမ်ကို လာလည်တယ်။ သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်။ အမေက သူ့ကို “ကမ္ဘာကြီးဟာ ဘာကြောင့်မငြိမ်းချမ်းနိုင်ရတာလဲ” ဆိုတဲ့ အဲဒီမေးခွန်းကိုပဲမေးခဲ့တယ်။ အဲဒီသက်သေခံက စစ်ဟာ ကြမ်းတမ်းရမ်းကားတဲ့ ဒီစနစ်ရဲ့နိဂုံးပိုင်းမှာ ကျွန်မတို့အသက်ရှင်နေရတယ် ဆိုတဲ့နိမိတ်ဖြစ်တယ် ဆိုပြီးရှင်းပြခဲ့တယ်။ (မဿဲ ၂၄:၃-၁၄) မကြာခင်မှာပဲ သူ့သမီးနဲ့ ကျွန်မတို့ကျမ်းစာသင်ခဲ့တယ်။ ကျွန်မတို့နှစ်ခြင်းခံတာကို ဝမ်းပန်းတသာကြည့်ရှုနေသူတွေထဲမှာ သူတို့နှစ်ယောက်လည်းပါကြတယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းက လူတွေကို ဘာကြောင့်ပျော်ရွှင်စေတာလဲ။ ဘာကြောင့်လဲဆိုတာကို နောက်မှ ကျွန်မသိရှိလာခဲ့တယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ၆၅ နှစ်ကျော်ပါဝင်ခဲ့ရာကနေ ကျွန်မသင်ယူရရှိခဲ့ရာအချို့ကို ပြောပြပါရစေ။

သွန်သင်ပေးခြင်းမှရသောရွှင်လန်းမှု တွေ့ရှိလာ

ကျွန်မ ၁၁ နှစ်အရွယ်မှာပဲ ဘရစ္စတိုလ်မြို့မှာ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းမှာ စပြီးပါဝင်ခဲ့တယ်။ ညီအစ်ကိုတစ်ဦးက ကျွန်မကို ဓာတ်ပြားစက်တစ်ခုနဲ့ သက်သေခံကတ်ပြားတစ်ခုပေးပြီး “အခု၊ လမ်းရဲ့အဲ့ဒီဘက်ခြမ်းမှာရှိတဲ့အိမ်တွေအားလုံးကို သွားဟော” လို့ ပြောလိုက်တယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ့်ဘာသာကိုယ်တစ်ယောက်ထဲ စဟောတော့တာပဲ။ ကျွန်မ တအားကြောက်တယ်။ ကျမ်းစာဟောပြောချက်ဓာတ်ပြားကိုဖွင့်ပြပြီးတဲ့နောက် အိမ်ရှင်ကို သက်သေခံကတ်ပြားကိုပြတယ်၊ အဲ့ဒီမှာ လူတွေကို ကျမ်းစာ,စာပေတွေ လက်ခံဖို့ကမ်းလှမ်းထားတယ်။

၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ တစ်အိမ်ပြီးတစ်အိမ်ဟောပြောတဲ့အခါ ကျမ်းစာကနေကျမ်းချက်တွေဖတ်ပြဖို့ ပိုပြီးအလေးအနက်ထားလာတယ်။ အစမှာတော့ ကျွန်မရဲ့ရှက်တတ်တဲ့အကျင့်က တစိမ်းတွေနဲ့စကားစမြည်ပြောရတာ၊ ကျမ်းချက်တွေရှင်းပြရတာဟာ အတော်လေးခက်စေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိလာတယ်။ အဲ့ဒီအချိန်ကစပြီး အမှုဆောင်လုပ်ငန်းမှာ ကျွန်မတကယ်ရွှင်လန်းလာခဲ့တယ်။ လူတချို့က ကျွန်မတို့ကို စာအုပ်ရောင်းသူတွေလို့မြင်ကြပေမဲ့ ကျမ်းစာဖတ်ပြီးရှင်းပြတဲ့အခါ ဘုရားသခင့်နှုတ်မြွက်တော်ကို သွန်သင်ပေးသူတွေအဖြစ် အသိအမှတ်ပြုလာကြတယ်။ ဒါကို ကျွန်မသိပ်နှစ်သက်တဲ့အတွက် ပိုပြီးလုပ်ဆောင်ချင်လာတယ်။ ဒါကြောင့် ၁၉၅၅၊ စက်တင်ဘာလမှာ ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်ဘုရားသခင်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။

မဆုတ်မနစ်လုပ်ဆောင်ခြင်းက အကျိုးရရှိစေ

ဦးဆုံးရရှိတဲ့သင်ခန်းစာတစ်ခုကတော့ ကြင်ကြင်နာနာ မဆုတ်မနစ်လုပ်ဆောင်ရင် အကျိုးရရှိနိုင်တယ်ဆိုတာပါပဲ။ တစ်ခါက ဗိုင်းလက် မိုရစ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဆီမှာ ကင်းမျှော်စင် မဂ္ဂဇင်းတစ်စောင် ကျွန်မထားခဲ့တယ်။ သူ့ဆီပြန်သွားတဲ့အခါ တံခါးကို ကျယ်ကျယ်ဖွင့်ထားတယ်၊ ကျမ်းစာနဲ့ ကျွန်မ ရှင်းပြတာကို လက်ပိုက်ပြီး ကောင်းကောင်းနားထောင်ခဲ့တယ်။ သူ့ဆီပြန်သွားတိုင်း တကယ့်ကိုစိတ်ဝင်စားပုံပေါက်တယ်။ ဒါပေမဲ့ ကျမ်းစာသင်ဖို့ကမ်းလှမ်းတဲ့အခါ “မလိုပါဘူး၊ ကလေးတွေကြီးလာမှ ကျွန်မလေ့လာမယ်လို့” သူပြန်ပြောခဲ့တယ်။ ကျွန်မ အတော့်ကိုစိတ်ဓာတ်ကျခဲ့တယ်။ “လိုက်ရှာရသောအချိန်နှင့် ပျောက်သွားသည်ဟု မှတ်ရသောအချိန်လည်းရှိ၏” လို့ သမ္မာကျမ်းစာကဆိုတယ်။ (ဒေ. ၃:⁠၆သမ္မာ) လက်မလျော့ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

တစ်လကြာတော့ ကျွန်မပြန်သွားပြီး ဗိုင်းလက်နဲ့ကျမ်းစာထပ်ဆွေးနွေးခဲ့တယ်။ မကြာခင် သူ့အိမ်တံခါးဝမှာ အပတ်စဉ်ကျမ်းစာလေ့လာမှုပြုခဲ့ကြတယ်။ နောက်ဆုံးတော့ “အိမ်ထဲဝင်ပြီး ပြောကြရင်မကောင်းဘူးလား” လို့ သူကပြောလာတယ်။ ဗိုင်းလက်ဟာ တကယ်ကောင်းတဲ့ယုံကြည်သူချင်းနဲ့ မိတ်ဆွေရင်းချာတစ်ဦးဖြစ်လာခဲ့တယ်။ ဗိုင်းလက်ဟာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့တယ်။

တစ်နေ့မှာ ဗိုင်းလက်ခင်ပွန်းက သူ့ကိုအသိမပေးဘဲ အိမ်ကိုရောင်းလိုက်ပြီး သူ့ကိုလည်းထားရစ်ခဲ့တာ သိလိုက်ရတော့ အထိတ်တလန့်ဖြစ်သွားတယ်။ ဝမ်းသာစရာက သက်သေခံမိတ်ဆွေတစ်ဦးရဲ့အကူအညီနဲ့ အဲ့ဒီညနေမှာပဲ တခြားအိမ်ရရှိခဲ့တယ်။ ယေဟောဝါကို ကျေးဇူးတင်လွန်းလို့ ရှေ့ဆောင်တစ်ဦးအနေနဲ့ သူ့ရဲ့ကျန်အသက်တာကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။ ယေဟောဝါရဲ့တန်ခိုး သူ့အပေါ်လွှမ်းမိုးနေတဲ့အတွက် စစ်မှန်တဲ့ဝတ်ပြုရေးမှာ ဇွဲရှိရှိနဲ့လုပ်ဆောင်တာကို ကျွန်မမြင်တွေ့ရတဲ့အခါ တပည့်ဖြစ်စေတဲ့လုပ်ငန်းက ဒီလိုပျော်ရွှင်စေတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ မှန်ပါတယ်၊ ဒါဟာ ကျွန်မရဲ့ဘဝအသက်တာလုပ်ငန်း ဖြစ်လာပါတယ်။

၁၉၅၇ ခုနှစ်မှာ မေရီ ရိုဘင်ဆင်နဲ့ကျွန်မဟာ စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂိုမှာရှိတဲ့ စက်မှုလုပ်ငန်းထွန်းကားတဲ့ ရာသမ်ဂလန်နယ်မြေမှာ ရှေ့ဆောင်လုပ်ဖို့ ခန့်အပ်ခံရတယ်။ ကျွန်မတို့ဟာ မြူ၊ လေ၊ မိုးနဲ့ နှင်းတွေကြားမှာ ဟောပြောခဲ့ရပေမဲ့ အကျိုးနပ်ခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်မ ဂျေစီနဲ့တွေ့ဆုံခဲ့တယ်။ ကျွန်မ သူနဲ့ကျမ်းစာလေ့လာရတာ ပျော်တယ်။ အစပိုင်းမှာတော့ သူ့ခင်ပွန်း ဝေါ်လီဟာ ကွန်မြူနစ်တစ်ဦးဖြစ်ပြီး ကျွန်မကိုရှောင်ခဲ့တယ်။ သူကျမ်းစာလေ့လာ,လာတဲ့အခါ ဘုရားသခင့်နိုင်ငံတော်သာ လူတွေကို အကောင်းဆုံးအခြေအနေရောက်အောင် လုပ်ပေးမယ်ဆိုတာကို သိရလို့ ဘဝင်ခိုက်ခဲ့တယ်။ အချိန်တန်တော့ သူတို့နှစ်ဦးစလုံး တပည့်ဖြစ်စေသူတွေ ဖြစ်လာခဲ့ကြတယ်။

ဦးဆုံးတုန့်ပြန်မှုကထင်ယောင်ထင်မှားဖြစ်စေနိုင်

နောက်ပိုင်းမှာ စကော့တလန်၊ ပေးဇလီမြို့မှာအမှုဆောင်ဖို့ တာဝန်သစ်ရရှိပြန်တယ်။ တစ်နေ့ကျတော့ အဲ့ဒီမှာဟောပြောနေတုန်း အမျိုးသမီးတစ်ဦးက ကျွန်မရှေ့မှာတင် တံခါးကို ခပ်ကြမ်းကြမ်းပိတ်လိုက်တယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ကျွန်မကိုသူပြန်လာရှာပြီး တောင်းပန်ခဲ့တယ်။ နောက်အပတ်ပြန်သွားတဲ့အခါ သူဒီလိုပြောတယ်– “ဘုရားသခင့်ရှေ့ တံခါးပိတ်မိတယ်လို့ ကျွန်မခံစားမိတယ်။ ဒါကြောင့် ချက်ချင်းပဲ ရှင့်ကို ပြန်လာရှာတာ။” အမျိုးသမီးရဲ့နာမည်က ပါလ်လို့ခေါ်တယ်။ သူဟာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အဆင်မပြေဖြစ်နေလို့ မိတ်ဆွေစစ်ရဖို့ ဘုရားသခင်ဆီဆုတောင်းခဲ့တဲ့အကြောင်း ကျွန်မကိုပြောပြတယ်။ “အဲ့ဒီနောက် ရှင် ကျွန်မရဲ့တံခါးဝကို ရောက်လာခဲ့တယ်” လို့သူပြောပြတယ်။ “ရှင်ဟာ အဲ့ဒီမိတ်ဆွေစစ် ဖြစ်မှာပဲလို့ အခု ကျွန်မသဘောပေါက်မိတယ်။”

ပါလ်ရဲ့မိတ်ဆွေဖြစ်ဖို့ကတော့ မလွယ်ဘူး။ သူဟာ မတ်စောက်တဲ့တောင်ထိပ်ပေါ်မှာနေတယ်၊ အဲ့ဒီကို ကျွန်မ လမ်းလျှောက်ပြီးတက်သွားရတယ်။ ပထမဆုံးအကြိမ်စည်းဝေးတက်ဖို့ သူ့ကို သွားခေါ်တဲ့အခါ မိုးထဲလေထဲမှာ ကျွန်မ လဲကျလုမတတ်ပါပဲ။ ထီးတောင်စုတ်ပြတ်သွားတဲ့အတွက် လွင့်ပစ်လိုက်ရတယ်။ ကျွန်မရှေ့မှာ တံခါးကိုဆောင့်ပိတ်ပြီးနောက် ခြောက်လအကြာမှာပဲ ပါလ်ဟာ ရေမှာနှစ်ခြင်းခံပြီး ဘုရားသခင်ဆီ အပ်နှံကြောင်းပြခဲ့တယ်။

သိပ်မကြာပါဘူး၊ သူ့ခင်ပွန်းလည်း ကျမ်းစာလေ့လာဖို့ဆုံးဖြတ်ပြီး အချိန်တိုအတွင်းမှာပဲ သူဟာ တစ်အိမ်ပြီးတစ်အိမ်အမှုဆောင်ဖို့ ကျွန်မနဲ့အတူ လိုက်ခဲ့တယ်။ ခါတိုင်းလိုပဲ မိုးရွာနေတယ်။ သူက “မစိုးရိမ်နဲ့၊ ဘောလုံးပွဲကြည့်ဖို့ နာရီနဲ့ချီပြီး ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ရပ်ရတယ်၊ ဒါကြောင့် ယေဟောဝါအတွက် ကျွန်တော် မိုးရေထဲမှာ ရပ်နိုင်ပါတယ်” လို့ပြောခဲ့တယ်။ စကော့တလန်လူမျိုးတွေရဲ့စိတ်ဓာတ်ကို ကျွန်မအမြဲချီးကျူးမိတယ်။

နှစ်တွေအတော်ကြာပြီးနောက် နောက်ကြောင်းကိုကျွန်မ ပြန်သုံးသပ်တဲ့အခါ ကျွန်မနဲ့ကျမ်းစာလေ့လာခဲ့သူအများစုဟာ ယုံကြည်ခြင်းမှာ ခိုင်မြဲနေတာကိုတွေ့ရတော့ ဒါဟာ ကျွန်မအတွက်ဆုလာဘ်ပါပဲ! ဒါတွေဟာ တပည့်ဖြစ်စေတဲ့လုပ်ငန်းရဲ့ ပျော်ရွှင်မှုတွေဖြစ်ပါတယ်။ (၁ သက်သာလောနိတ် ၂:၁၇-၂၀) စကော့တလန်မှာ ရှစ်နှစ်ကျော် ရှေ့ဆောင်လုပ်ပြီးတဲ့နောက် ၁၉၆၆ ခုနှစ်မှာ ခရစ်ယာန်သာသနာပြုအဖြစ် လေ့ကျင့်ခံရဖို့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။

တိုင်းတစ်ပါးလယ်ကွင်းတွင်

ဘိုလီးဗီးယားနိုင်ငံ၊ အပူပိုင်းဒေသဖြစ်တဲ့ စဲန်တာ ခရုဇ်မြို့မှာ တာဝန်ခန့်အပ်ခံခဲ့ရတယ်၊ အဲ့ဒီမြို့မှာ ကြေညာသူ ၅၀ လောက်ရှိတဲ့အသင်းတော်တစ်ခုရှိတယ်။ ဒီမြို့က ကျွန်မကို ဟောလီဝုဒ်ရုပ်ရှင်တွေထဲက အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းပြည်နယ်တွေကို သတိရစေခဲ့တယ်။ နောက်ကြောင်းပြန်ကြည့်လိုက်တဲ့အခါ ကျွန်မဟာ သာမန်သာသနာပြုတစ်ဦးလောက်သာ ဖြစ်ခဲ့တယ်လို့ထင်ရပါတယ်။ မိကျောင်းတိုက်ခိုက်တာ၊ ရမ်းကားတဲ့လူအုပ်ဝန်းရံခံရတာ၊ ကန္တာရမှာလမ်းပျောက်နေတာ ဒါမှမဟုတ် ပင်လယ်ထဲမှာသင်္ဘောပျက်တာမျိုး ကျွန်မတစ်ခါမှမကြုံခဲ့ရဘူး။ ဒါပေမဲ့ ကျွန်မအတွက် တပည့်ဖြစ်စေတဲ့လုပ်ငန်းဟာ ပိုပြီးစိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။

စဲန်တာ ခရုဇ်မြို့မှာ ကျွန်မကျမ်းစာသင်ပေးရတဲ့အမျိုးသမီးတွေထဲက ဦးဆုံးအမျိုးသမီးတစ်ဦးက အဲန်တိုနီးယားဖြစ်တယ်။ စပိန်ဘာသာစကားနဲ့သင်ပေးရတာဟာ ကျွန်မအတွက် ကြိုးစားအားထုတ်ရတဲ့အရာတစ်ခုပါပဲ။ တစ်ကြိမ်မှာ အဲန်တိုနီးယားသားလေးက “အမေ ကျွန်တော်တို့ရယ်ရအောင် အဒေါ်က တမင်အမှားလုပ်ပြောနေတာလား” လို့ပြောခဲ့တယ်။ နောက်ပိုင်း အဲန်တိုနီးယားနဲ့သူ့သမီး ရိုလဲန်ဒါတို့ဟာ တပည့်တွေဖြစ်လာကြတယ်။ ဒီတိုလို့ ချစ်စနိုးခေါ်ကြတဲ့ ဥပဒေကျောင်းသားဖြစ်တဲ့ ရိုလဲန်ဒါရဲ့သူငယ်ချင်းလည်း ကျမ်းစာလေ့လာပြီး ကျွန်မတို့ရဲ့စည်းဝေးတွေကို တက်လာတယ်။ သူနဲ့အတူလုပ်ဆောင်ရာကနေ ကျမ်းစာအမှန်တရားသင်ပေးရတာနဲ့ပတ်သက်ပြီး တချို့အရာတွေကို ကျွန်မသိရှိခဲ့ရတယ်။ တစ်ခါတလေ လူတွေဟာ ညင်ညင်သာသာတွန်းပေးဖို့ လိုတယ်ဆိုတဲ့အချက်ပါပဲ။

ကျမ်းစာလေ့လာဖို့ ဒီတို စပျက်ကွက်လာတဲ့အခါ ကျွန်မဒီလိုပြောခဲ့တယ်– “ဒီတို၊ ယေဟောဝါက ကိုယ်တော့်နိုင်ငံတော်ကိုထောက်ခံဖို့ မင်းကို အတင်းမတိုက်တွန်းဘူး။ မင်းရွေးချယ်ရမှာ။” ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ချင်ပါတယ်လို့ သူပြန်ဖြေတဲ့အခါ ကျွန်မက “မင်းဆီမှာ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ရဲ့ဓာတ်ပုံတွေရှိပြီး အဲ့ဒီဓာတ်ပုံတွေကို တွေ့တဲ့သူတစ်ယောက်က မင်းဟာ ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံနေသူလို့ ကောက်ချက်ချပါ့မလား။” ဒါဟာ သူလိုအပ်နေတဲ့ ညင်ညင်သာသာတွန်းပေးခြင်းဖြစ်တယ်။

နှစ်ပတ်ကြာပြီးနောက်  တော်လှန်ပုန်ကန်မှုဖြစ်လာပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ရဲတွေကြား ပစ်ခတ်မှုတွေဖြစ်လာတယ်။ ဒီတိုက သူ့သူငယ်ချင်းကို “ဒီကနေ ထွက်သွားရအောင်” လို့ပြောခဲ့တယ်။ “မသွားဘူး၊ ဒီနေ့ဟာ ငါတို့စောင့်ခဲ့ရတဲ့နေ့ကြီးပဲ” လို့  သူ့သူငယ်ချင်းကပြန်ဖြေပြီး သေနတ်ကိုဆွဲယူလိုက်တယ်၊ ပြီးတော့ တက္ကသိုလ်အဆောက်အအုံရဲ့ ခေါင်မိုးပေါ် ပြေးတက်သွားတယ်။ သူဟာ အဲ့ဒီနေ့မှာ သေသွားတဲ့ ဒီတိုရဲ့သူငယ်ချင်းရှစ်ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ စစ်မှန်တဲ့ခရစ်ယာန်တစ်ဦးဖြစ်လာဖို့ ဒီတိုသာမဆုံးဖြတ်ခဲ့ရင် သူသေသွားနိုင်တယ်၊ ဒါပေမဲ့ အသက်ရှင်နေတဲ့သူ့ကို တွေ့ရတော့ ကျွန်မ ဘယ်လောက်တောင် ပျော်သလဲဆိုတာ တွေးကြည့်နိုင်ကြပါတယ်။

ယေဟောဝါ၏တန်ခိုးတော်လုပ်ဆောင်နေပုံကိုတွေ့မြင်ရခြင်း

တစ်နေ့တော့ ကျွန်မတို့ဝင်ပြီးသားလို့ထင်တဲ့ အိမ်ကိုကျော်သွားချိန်မှာ အဲ့ဒီအိမ်ထဲက အမျိုးသမီးတစ်ဦး ကျွန်မကို လှမ်းခေါ်လိုက်တယ်။ သူ့နာမည်က အီနာစီယားလို့ခေါ်တယ်။ သူဟာ ယေဟောဝါသက်သေတွေအကြောင်း သိထားသူဖြစ်တယ်၊ ဒါပေမဲ့ ကိုယ်လုံးကိုယ်ထည်ကြီးတဲ့ ရဲအရာရှိဖြစ်သူခင်ပွန်း အဒါလ်ဘာတိုရဲ့ အကြီးအကျယ်ဆန့်ကျင်မှုကြောင့် ဝိညာဉ်ရေးမှာတိုးတက်ဖို့ အတားအဆီးဖြစ်ခဲ့တယ်။ ကျမ်းစာအခြေခံသွန်သင်ချက်အတော်များများနဲ့ပတ်သက်ပြီး သူရှုပ်ထွေးနေခဲ့တယ်၊ ဒါကြောင့် သူနဲ့စပြီးကျမ်းစာသင်အံမှုလုပ်ခဲ့တယ်။ အဒါလ်ဘာတိုက ဒီကျမ်းစာလေ့လာတာကို ရပ်တန့်သွားအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူနဲ့အတူ အခြားအကြောင်းအရာတွေကို အချိန်အတော်ကြာကြာ ကျွန်မပြောဆိုနိုင်ခဲ့တယ်။ ဒါက ကျွန်မတို့မိတ်ဆွေဖြစ်လာဖို့ ပထမခြေလှမ်းဖြစ်ခဲ့တယ်။

အီနာစီယားဟာ ချစ်စရာကောင်းတဲ့အသင်းသားတစ်ဦးဖြစ်လာပြီး နှစ်သိမ့်မှုလိုအပ်နေတဲ့သူတွေရဲ့ ဝိညာဉ်ရေးနဲ့ ကာယရေးအကျိုးကို သူဂရုစိုက်ပေးနေတာ တွေ့မြင်ရတဲ့ ကျွန်မရဲ့ရွှင်လန်းမှုကို စဉ်းစားကြည့်ပါ။ အတန်ကြာတော့ သူ့ခင်ပွန်းနဲ့ သူတို့ရဲ့ကလေးသုံးယောက်လည်း သက်သေခံတွေဖြစ်လာကြတယ်။ အဒါလ်ဘာတိုဟာ သတင်းကောင်းရဲ့အဓိပ္ပာယ်ကို နားလည်သဘောပေါက်လာတဲ့အခါ ရဲဌာနကိုသွားပြီး စိတ်အားထက်သန်စွာဟောခဲ့တဲ့အတွက် ရဲတွေဆီက ကင်းမျှော်စင်နဲ့ နိုးလော့ နှစ်စဉ်ကြေး ၂၂၀ ရရှိခဲ့တယ်။

ယေဟောဝါကြီးပွားစေ

စဲန်တာ ခရုဇ်မြို့မှာ ခြောက်နှစ်အမှုဆောင်ပြီးတဲ့နောက် ဘိုလီးဗီးယားမြို့တော် လာပါစ်မြို့မှာ တာဝန်ခန့်အပ်ခံရတယ်၊ အဲ့ဒီမှာ နောက်ထပ် ၂၅ နှစ်အမှုဆောင်ခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်များအစောပိုင်းမှာ လာပါစ်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲမှာ အမှုထမ်း ၁၂ ယောက်သာရှိခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကျယ်ပြန့်လာတာနဲ့အမျှ ကြီးမားတဲ့အဆောက်အဦအသစ်တွေ လိုအပ်လာတယ်၊ အလျင်အမြန်တိုးတက်လာတဲ့ စဲန်တာ ခရုဇ်မြို့မှာ ဌာနခွဲအဆောက်အအုံသစ်တစ်ခု ဆောက်ခဲ့တယ်။ ၁၉၉၈ ခုနှစ်မှာ ဌာနခွဲကို အဲ့ဒီမှာပြန်ပြီးအခြေစိုက်ခဲ့တယ်၊ ဌာနခွဲအအမှုထမ်းဝင်တစ်ဦးဖြစ်ဖို့ ကျွန်မကိုလည်း ဖိတ်ခေါ်ခဲ့တယ်၊ အခုအမှုထမ်းဝင် ၅၀ ကျော်ရှိတယ်။

၁၉၆၆ ခုနှစ်တုန်းက စဲန်တာ ခရုဇ်မြို့မှာ အသင်းတော်တစ်ခုတည်းရှိရာကနေ အသင်းတော် ၅၀ ကျော်ဖြစ်လာခဲ့တယ်။ ဘိုလီးဗီးယားမှာ  သက်သေခံ ၆၄၀ ရှိရာကနေ အခု ၁၈,၀၀၀ လောက်ရှိနေပြီ။

ဝမ်းသာစရာကတော့ ဘိုလီးဗီးယားမှာ ကျွန်မရဲ့တာဝန်ဟာ ဖြစ်ထွန်းအောင်မြင်နေတုန်းပဲ။ ဒါပေမဲ့ နေရာတိုင်းမှာရှိတဲ့ တည်ကြည်ကြတဲ့ခရစ်ယာန်အဖော်အဖက်တွေရဲ့ အားပေးမှုကို အမြဲခံစားနေပါတယ်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအပေါ် ယေဟောဝါရဲ့ကောင်းချီးသက်ရောက်နေရတာကို တွေ့မြင်တဲ့အခါ ကျွန်မတို့အားလုံး ရွှင်လန်းကြတယ်။ တပည့်ဖြစ်စေတဲ့လုပ်ငန်းမှာပါဝင်နေရတာဟာ တကယ့်ကိုနှစ်သက်စရာဖြစ်ပါတယ်။—⁠မဿဲ ၂၈:၁၉၊ ၂၀

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

စကော့တလန်တွင် ရှေ့ဆောင်ခြင်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘိုလီးဗီးယားရှိဌာနခွဲရုံးတွင် အမှုဆောင်ခြင်း;(ကြားညှပ်) ၄၂ ကြိမ်မြောက်ဂိလဒ်ကျောင်းဆင်းပွဲ၌