မှန်ရာကိုပြောဆိုခြင်း အခြားသူတို့ထံမှသာ မျှော်လင့်ရမည်လော
မှန်ရာကိုပြောဆိုခြင်း အခြားသူတို့ထံမှသာ မျှော်လင့်ရမည်လော
“ကျွန်မ လိမ်ပြောတာကိုမုန်းတယ်။ အလိမ်ခံရတာကိုလည်း လုံးဝမကြိုက်ဘူး” ဟူ၍ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက် ပြောခဲ့သည်။ ကျွန်ုပ်တို့အများစုသည် ထိုသို့ပင် ခံစားကြရ၏။ စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ ကျွန်ုပ်တို့ထံသို့ ရောက်လာသောသတင်းအချက်အလက်သည် မှန်ကန်သည်ဟု မျှော်လင့်တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် သတင်းအချက်အလက်ကို အခြားသူတို့ထံသို့ အမှန်အတိုင်းပြန်ပြောပြကြသလော။
ဂျာမနီနိုင်ငံတွင် စစ်တမ်းတစ်ခုကောက်ယူခဲ့ရာ မေးမြန်းခံရသူအများစုက မိမိကိုယ်ကိုနှင့် အခြားသူတို့ကို ထိခိုက်နစ်နာမှုမရှိစေရန်၊ တစ်ဦးနှင့်တစ်ဦးအဆင်ပြေနိုင်ရန် လိုအပ်မည်ဆိုပါက သေးငယ်သောကိစ္စများတွင် လိမ်လည်ပြောဆိုခြင်းသည် ခွင့်ပြုသင့်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြသည်။ ထို့ပြင် သတင်းစာဆရာတစ်ဦး ဤသို့ရေးသားခဲ့သည်– “အမှန်တရားပြောဆိုရန်နှင့် တစ်ချိန်လုံးအမှန်ကိုချည်းပြောဆိုခြင်းသည် အကောင်းဆုံးဖြစ်သော်လည်း ပျင်းရိဖွယ်ကောင်းလှ၏။”
မှန်ရာကိုပြောဆိုရမည်ဟု အခြားသူတို့ထံမှ ကျွန်ုပ်တို့မျှော်လင့်သော်လည်း ကျွန်ုပ်တို့ကိုယ်တိုင်မူ တစ်ခါတစ်ရံ အမှန်အတိုင်းမပြောလျှင်လည်း ရပါသည်ဟူ၍ အကြောင်းပြရန် ဖြစ်နိုင်မည်လော။ ကျွန်ုပ်တို့သည် မှန်ရာကိုပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ယင်းသည် အရေးကြီးသလော။ မမှန်မကန်ပြောဆိုခြင်း၏အကျိုးဆက်များကား အဘယ်နည်း။
မမှန်မကန်ပြောဆိုခြင်းကဖြစ်စေသော ထိခိုက်မှု
မမှန်မကန်ပြောဆိုခြင်းကဖြစ်စေသောထိခိုက်မှုကို စဉ်းစားကြည့်ပါ။ မဟုတ်မမှန်ပြောဆိုခြင်းက အိမ်ထောင်ဖက်များနှင့် မိသားစုဝင်များအကြား ယုံကြည်စိတ်ချမှုကင်းမဲ့စေသည်။ ခြေမြစ်ခိုင်လုံမှုမရှိသော အတင်းအဖျင်းပြောဆိုခြင်းက လူတစ်ဦး၏ဂုဏ်သက္ခာကို ထိပါးစေနိုင်၏။ အလုပ်သမားများ၏လိမ်လည်ခြင်းက လုပ်ငန်းကုန်ကျငွေကိုမြင့်တက်စေပြီး ယင်းကြောင့် ထုတ်ကုန်ပစ္စည်းကို ပို၍ဈေးကြီးစေသည်။ အခွန်ငွေကိုမမှန်မကန်ဖော်ပြခြင်းက လူထုဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် အစိုးရလိုအပ်သည့်အခွန်ငွေကို ခိုးယူခြင်းဖြစ်သည်။ သုတေသီများ၏ မမှန်သည့်သတင်းအချက်အလက်များက သူတို့ကတိပြုထားသောအလုပ်များကို ပျက်စီးစေပြီး သူတို့ကိုငွေကြေးထောက်ပံ့ပေးသော လေးစားခံရသည့်အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကိုပါ ထိပါးစေနိုင်သည်။ မရိုးသားသောဖြတ်လမ်းနည်းဖြင့် ချမ်းသာရန်အစီအစဉ်များက ရင်းနှီးမြှုပ်နှံသူတို့၏ တစ်သက်တာရှာဖွေစုဆောင်းငွေများကို ဆုံးရှုံးသွားစေနိုင် သို့မဟုတ် ထိုထက်ဆိုးရွားသောအကျိုးဆက်များကိုပင် ဖြစ်စေနိုင်သည်။ ယေဟောဝါဘုရားသခင် စက်ဆုပ်ရွံရှာသောအရာများထဲတွင် “မုသာ၌ကျင်လည်သော လျှာတစ်ပါး” နှင့် “မုသာစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး” တို့ပါဝင်ကြောင်း သမ္မာကျမ်းစာဖော်ပြထားသည်မှာ အံ့ဩစရာမဟုတ်ပေ!—သု. ၆:၁၆-၁၉။
ပျံ့နှံ့နေသော လိမ်လည်စကားများက လူတစ်ဦးစီကိုရော အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်သည်။ ဤအချက် မှန်ကန်သည်ကို သဘောမတူသူ မရှိသလောက်ပင်။ သို့ဆိုလျှင် လူတို့သည် အဘယ်ကြောင့် မမှန်ရာကို တမင်တကာပြောဆိုကြသနည်း။ မမှန်ကန်သည့်အရာတိုင်းသည် မုသာဖြစ်သလော။ ဤမေးခွန်းနှင့် အခြားမေးခွန်းများ၏အဖြေများကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ပါလိမ့်မည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
မဟုတ်မမှန်ပြောဆိုခြင်းက အိမ်ထောင်ဖက်စပ်ကြားယုံကြည်စိတ်ချမှုကင်းမဲ့စေသည်