မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် တန်ဖိုးထားလေးမြတ်တတ်သော ဘုရားသခင် ဖြစ်တော်မူ၏

ယေဟောဝါသည် တန်ဖိုးထားလေးမြတ်တတ်သော ဘုရားသခင် ဖြစ်တော်မူ၏

ယေဟောဝါသည် တန်ဖိုးထားလေးမြတ်တတ်သော ဘုရားသခင် ဖြစ်တော်မူ၏

‘နာမတော်ကိုထောက်၍ ပြသောမေတ္တာကို ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် မတရားသောအမှုကို ပြုတော်မူသည်မဟုတ်။’—⁠ဟေဗြဲ ၆:၁၀

၁။ ယေဟောဝါသည် မောဘအမျိုးသမီးရုသကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

ယေဟောဝါသည်  ကိုယ်တော်၏အလိုတော်ဆောင်ရန် စိတ်ရင်းမှန်ဖြင့်ရှာဖွေသူတို့၏ ကြိုးစားအားထုတ်မှုများကို အလွန်တန်ဖိုးထားလေးမြတ်တော်မူပြီး သူတို့ကို ကြွယ်ဝစွာဆုချတော်မူသည်။ (ဟေဗြဲ ၁၁:၆) တည်ကြည်သူဗောဇသည် ဘုရားသခင်၏ ကိုယ်ရည်ကိုယ်သွေးများမှ နှစ်လို့ဖွယ်ကောင်းသော ယင်းအရည်အသွေးကို သိရှိထားသောကြောင့် မုဆိုးမဖြစ်သူယောက္ခမအား မေတ္တာဖြင့်ပြုစုနေသော မောဘအမျိုးသမီး ရုသကို ဤသို့ပြောခဲ့၏– ‘သင့်အမှု၏အကျိုးကို ထာဝရဘုရားသခင် ပေးတော်မူပါစေသော်၊ . . . ဣသရေလအမျိုး၏ ဘုရားသခင်သည် စုံလင်သောဆုကိုချတော်မူပါစေသော်။’ (ရုသ ၂:၁၂) ရုသကို ဘုရားသခင် ကောင်းချီးပေးခဲ့ပါသလော။ အမှန်ပင်ပေးခဲ့၏။ သူ၏အကြောင်းကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်စေခဲ့သည်။ ထို့ပြင် သူသည် ဗောဇနှင့်လက်ထပ်ခဲ့ပြီး ဘုရင်ဒါဝိဒ်နှင့် ယေရှုခရစ်တို့၏ ဘေးမတစ်ဦးဖြစ်လာခဲ့သည်။ (ရုသ ၄:၁၃၊ ၁၇; မဿဲ ၁:၅၊ ၆၊ ၁၆) ဤပုံနမူနာက ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို တန်ဖိုးထားလေးမြတ်ကြောင်းဖော်ပြသည့် ကျမ်းစာမှတ်တမ်းများမှ တစ်ခုသာဖြစ်သည်။

၂၊ ၃။ (က) အဘယ်အရာက ယေဟောဝါ၏တန်ဖိုးထားလေးမြတ်မှုဖော်ပြချက်များကို မှတ်သားဖွယ်ဖြစ်စေသနည်း။ (ခ) ယေဟောဝါသည် တန်ဖိုးထားလေးမြတ်မှုအစစ်အမှန်ကို အဘယ်ကြောင့် တင်ပြနိုင်တော်မူသနည်း။ ဥပမာပြပါ။

ယေဟောဝါသည် မိမိဘက်မှ တန်ဖိုးထားလေးမြတ်မှုတင်ပြရန်ပျက်ကွက်မည်ဆိုလျှင်  ယင်းကို မတရားသောအမှုပြုခြင်းအဖြစ် သတ်မှတ်တော်မူမည်ဖြစ်သည်။ ဟေဗြဲ ၆:၁၀ တွင် ဤသို့ဆိုထား၏–  ‘သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊  ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း  ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် မတရားသောအမှုကို ပြုတော်မူသည်မဟုတ်။’ လူတို့သည် အပြစ်ပြုကာ ဘုရားသခင်၏ရှေ့တော်၌ အသရေပျက်ကြသည့်တိုင် ကိုယ်တော့်ထံအပ်နှံသူတို့ကို ကိုယ်တော် တန်ဖိုးထားလေးမြတ်ကြောင်းတင်ပြထားခြင်းက အလွန်မှတ်သားဖွယ်ပင်။—⁠ရောမ ၃:၂၃

ကျွန်ုပ်တို့၏မစုံလင်မှုကြောင့် ဘုရားသခင်အားအပ်နှံဝတ်ပြုသည့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုတို့သည် အရေးပါအရာရောက်မည်မဟုတ်၊ ဘုရားသခင်၏ကောင်းချီးနှင့်လည်း မထိုက်တန်ဟု ခံစားရပေမည်။ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်သဘောထားနှင့် အခြေအနေများကို အပြည့်အဝနားလည်တော်မူပြီး ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ဖြင့် အမှုဆောင်သည်ကို ကိုယ်တော် အမှန်တန်ဖိုးထားတော်မူသည်။ (မဿဲ ၂၂:၃၇) ဥပမာပြရသော်– မိခင်တစ်ဦးသည် သူ၏စားပွဲပေါ်တွင် သူ့အားလက်ဆောင်အဖြစ်ပေးထားသည့် တန်ဖိုးသိပ်မကြီးလှသောလည်ဆွဲတစ်ခုကို တွေ့လေသည်။ ယင်းလက်ဆောင်သည် အဖိုးမတန်ဟုသဘောထားကာ ဘေးတွင်ဖယ်ထားလိုက်နိုင်သည်။ သို့သော် လက်ဆောင်နှင့်ပါလာသောကတ်က ယင်းလက်ဆောင်သည် သူ၏သမီးငယ်လေး စုထားသည့်ငွေအားလုံးဖြင့် ဝယ်ပေးသောလက်ဆောင်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယခု မိခင်ဖြစ်သူသည် လက်ဆောင်ကို နောက်အမြင်တစ်မျိုးဖြင့် ရှုမြင်တော့သည်။ မျက်ရည်များပင် ကျလာပေမည်၊ သူ၏သမီးငယ်ကိုဖက်ကာ အလွန်ကျေးဇူးတင်လေးမြတ်ကြောင်း ပြောပေမည်။

၄၊ ၅။ ယေရှုသည် တန်ဖိုးထားလေးမြတ်မှုတင်ပြရာတွင် ယေဟောဝါကို မည်သို့တုပတော်မူခဲ့သနည်း။

ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်သဘောထားနှင့် အကန့်အသတ်ဖြစ်မှုကို အပြည့်အဝသိရှိတော်မူသောကြောင့် ကျွန်ုပ်တို့၏အစွမ်းရှိသမျှလုပ်ဆောင်မှုသည် သေးငယ်သည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ ကိုယ်တော်တန်ဖိုးထားလေးမြတ်တော်မူ၏။ ဤကိစ္စတွင် ယေရှုသည် ခမည်းတော်ကို အပြည့်အဝတုပခဲ့သည်။ သမ္မာကျမ်းစာပါ မုဆိုးမ၏ ကြေးနီဒ င်္ဂါးနှစ်ပြားမှတ်တမ်းကို ပြန်သတိပြုကြည့်ပါ။ “[ယေရှု] သည် မျှော်ကြည့်၍ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့သွင်းချသည်ကို မြင်တော်မူ၏။ ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်း ကြေးနီဒ င်္ဂါးနှစ်ပြားသွင်းချသည်ကိုမြင်တော်မူလျှင် ‘ငါအမှန်ဆိုသည်ကား ထိုဆင်းရဲသောမုဆိုးမသည် အခြားသောသူအပေါင်းထက် သာ၍သွင်းချပြီ။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ’ ဟုမိန့်တော်မူ၏။”—⁠လုကာ ၂၁:၁-၄

ထိုမိန်းမသည် မုဆိုးမဖြစ်သည်၊ ဆင်းရဲသည်စသည့် သူ၏အခြေအနေကို ယေရှုသိတော်မူသောကြောင့် သူသွင်းချသော ငွေ၏တန်ဖိုးအမှန်ကို နားလည်သဘောပေါက်ကာ တန်ဖိုးထားလေးမြတ်သည့်စိတ် ဖြစ်ပေါ်ခဲ့သည်။ ယေဟောဝါလည်း ထိုသို့ပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ (ယောဟန် ၁၄:၉) ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့သည် တန်ဖိုးထားလေးမြတ်တတ်သော ဘုရားသခင်နှင့် ကိုယ်တော့်သားတော်၏မျက်နှာသာကို ရှာတွေ့နိုင်ကြောင်းသိရခြင်းသည် အားပေးမှုဖြစ်သည်မဟုတ်လော။

ဘုရားသခင်ကိုကြောက်ရွံ့သောအဲသယောပိအမျိုးသားတစ်ဦးကို ယေဟောဝါဆုချ

၆၊ ၇။ ယေဟောဝါသည် ဧဗဒမေလက်ကို တန်ဖိုးထားလေးမြတ်ကြောင်း အဘယ်ကြောင့်နှင့် မည်သို့ဖော်ပြခဲ့သနည်း။

ယေဟောဝါသည် ကိုယ်တော်၏အလိုတော်ဆောင်သူတို့အား တန်ဖိုးထားလေးမြတ်ကြောင်းတင်ပြသည်ကို သမ္မာကျမ်းစာတွင် အကြိမ်ကြိမ်ဖော်ပြထားသည်။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ အဲသယောပိအမျိုးသား [ကုရှအမျိုးသား] ဧဗဒမေလက်နှင့် ကိုယ်တော်၏ဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ သူသည် ယေရမိနှင့်တစ်ခေတ်တည်းသားဖြစ်ပြီး တည်ကြည်မှုမရှိသောယုဒဘုရင်ဇေဒကိ၏ ကျေးကျွန်တစ်ဦးဖြစ်သည်။ ယုဒမင်းညီမင်းသားတို့သည် ပရောဖက်ယေရမိကို ပုန်ကန်ရန်လှုံ့ဆော်သူအဖြစ် မဟုတ်မမှန်စွပ်စွဲပြီး ယေရမိအား အစားအစာမပေးဘဲသေဆုံးသွားစေရန် မြေတွင်းထဲပစ်ချကြသည်ကို ဧဗဒမေလက် သိရှိသွားသည်။ (ယေရမိ ၃၈:၁-၇) ယေရမိဟောသည့်သတင်းစကားကြောင့် အလွန်မုန်းတီးခံရခြင်းဖြစ်သည်ကို သိရှိထားရာ ဧဗဒမေလက်သည် မိမိအသက်အန္တရာယ်ရှိသည့်ကြားမှ ဘုရင်ထံဝင်ကာ တောင်းပန်ခဲ့သည်။ ထိုအဲသယောပိအမျိုးသားသည် ရဲရင့်စွာဤသို့လျှောက်တင်၏– “အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက်ယေရမိကိုပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့် ထိုတွင်း၌ ငတ်မွတ်၍သေပါလိမ့်မည်။” ဘုရင့်အမိန့်တော်အရ ဧဗဒမေလက်သည် လူအယောက် ၃၀ ကိုခေါ်ကာ ဘုရားသခင်၏ပရောဖက်ကို ကယ်တင်ခဲ့သည်။—⁠ယေရမိ ၃၈:၈-၁၃

ဧဗဒမေလက်သည် ယုံကြည်ခြင်းနှင့်အညီ ပြုမူလုပ်ဆောင်သည်ကို ယေဟောဝါ တွေ့မြင်တော်မူခဲ့သည်၊ ၎င်းယုံကြည်ခြင်းသည် သူ့၌ရှိနေနိုင်သည့် မည်သည့်ကြောက်ရွံ့မှုကိုမဆို အောင်မြင်ကျော်လွှားစေရန် ထောက်ကူခဲ့သည်။ သို့ဖြင့် ယေဟောဝါသည် မိမိ၏တန်ဖိုးထားလေးမြတ်မှုကို တင်ပြတော်မူခဲ့ပြီး ယေရမိမှတစ်ဆင့် ဧဗဒမေလက်ကို ဤသို့မိန့်တော်မူခဲ့၏– “ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှာ ငါ့စကားကိုငါတည်စေမည်။ . . . ထိုကာလ၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။ ငါသည် သင့်ကိုစင်စစ် ကယ်နုတ်မည်။ . . . လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကိုရလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်း။” (ယေရမိ ၃၉:၁၆-၁၈) အမှန်ပင်၊ ဆိုးသွမ်းသောယုဒမင်းညီမင်းသားများလက်မှနှင့် နောက်ပိုင်း ယေရုရှလင်မြို့ကိုဖျက်ဆီးကြသော ဗာဗုလုန်တို့၏လက်မှ ယေဟောဝါသည် ယေရမိအပြင် ဧဗဒမေလက်ကိုပါ ကယ်နုတ်တော်မူခဲ့သည်။ ‘[ယေဟောဝါသည်] ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏’ ဟု ဆာလံ ၉၇:၁၀ တွင်ဆိုထား၏။

“မထင်ရှားအရာကိုမြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့”

၈၊ ၉။ ယေရှု တင်ပြခဲ့သည့်အတိုင်း ယေဟောဝါသည် မည်ကဲ့သို့သော ဆုတောင်းချက်များကို တန်ဖိုးထားလေးမြတ်တော်မူသနည်း။

ဘုရားသခင်အားဆည်းကပ်ဝတ်ပြုသည့် ကျွန်ုပ်တို့ဖော်ပြချက်များကို ယေဟောဝါ တန်ဖိုးထားလေးမြတ်ကြောင်း နောက်ထပ်သက်သေသာဓကကို ဆုတောင်းခြင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာဖော်ပြချက်တွင်တွေ့မြင်နိုင်သည်။ ‘သဘောဖြောင့်သောသူ ဆုတောင်းသည်ကို [ဘုရားသခင်] နှစ်သက်တော်မူ၏’ ဟု ပညာရှိတစ်ဦး ရေးမှတ်ခဲ့သည်။ (သု. ၁၅:၈) ယေရှုခေတ်အချိန်က ဂျူးဘာသာရေးခေါင်းဆောင်များသည် ဘုရားသခင်ကိုကြည်ညိုသည့် အရင်းခံစိတ်ဖြင့်မဟုတ်ဘဲ လူတို့၏အထင်ကြီးမှုကိုခံလိုသောကြောင့် လူပုံအလယ်တွင် ဆုတောင်းခဲ့ကြသည်။ “ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ သို့သော် မိမိနောက်လိုက်များအား ဤသို့ညွှန်ကြားခဲ့၏– “သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်မရှားအရပ်၌ရှိတော်မူသော သင်၏အဘကို ဆုတောင်းကြလော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။”—⁠မဿဲ ၆:၅၊ ၆

ယေရှုသည် လူပုံအလယ်ဆုတောင်းခြင်းကို အပြစ်မတင်ခဲ့ပါ၊ ကိုယ်တော်ကိုယ်တိုင်ပင် တချို့သောအခြေအနေတွင် လူအများရှေ့၌ ဆုတောင်းခဲ့သည်။ (လုကာ ၉:၁၆) ကျွန်ုပ်တို့သည် တခြားသူတို့၏ အထင်ကြီးခံလိုစိတ်ဖြင့်မဟုတ်ဘဲ စိတ်နှလုံးအရင်းခံဖြင့် ဆုတောင်းသည့်အခါ ယေဟောဝါ အလွန်တန်ဖိုးထားလေးမြတ်တော်မူ၏။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုတောင်းချက်များသည် ဘုရားသခင်အားကျွန်ုပ်တို့ချစ်မြတ်နိုးမှု၊ ယုံကြည်ကိုးစားမှု အတိမ်အနက်ကို ဖော်ပြသည့်အရာဖြစ်သည်။ သို့ဖြစ်၍ ယေရှုသည် ဆုတောင်းရန် ဆိတ်ကွယ်ရာအရပ်များကို မကြာခဏရှာခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ။ တစ်ခါက ကိုယ်တော်သည် “နံနက်အချိန်၊ မိုးမလင်းမီ” ယင်းသို့ပြုတော်မူခဲ့သည်။ နောက်တစ်ကြိမ်တွင်မူ ‘ဆုတောင်းအံ့သောငှာ တောင်ပေါ်၌ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွ’ တော်မူခဲ့သည်။ တမန်တော် ၁၂ ပါးကိုမရွေးမီညတွင် တစ်ဦးတည်း တစ်ညလုံးဆုတောင်းတော်မူခဲ့သည်။—⁠မာကု ၁:၃၅; မဿဲ ၁၄:၂၃; လုကာ ၆:၁၂၊ ၁၃

၁၀။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် စိတ်ရင်းမှန်၊ စိတ်ခံစားချက်အတိမ်အနက်ကို ဖော်ပြလျှင် အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။

၁၀ ယေဟောဝါသည် ကိုယ်တော့်သားတော်၏ လှိုက်လှိုက်လှဲလှဲဆုတောင်းချက်ကို ဂရုတစိုက်နားထောင်မည်ကို မြင်ယောင်ကြည့်ပါ။ တစ်ခါတစ်ရံ ယေရှုသည် “ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်း . . . သဖြင့် ကြောက်ရွံ့ရာအမှု၌ ချမ်းသာရ” သို့မဟုတ် နားညောင်းခံခဲ့ရသည်။ (ဟေဗြဲ ၅:၇; လုကာ ၂၂:၄၁-၄၄) ထိုသို့ပင် ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ကျွန်ုပ်တို့၏စိတ်ရင်းမှန်၊ စိတ်ခံစားချက်အတိမ်အနက်ကို ဖော်ပြသည့်အခါ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ဂရုတစိုက်နှင့် တန်ဖိုးထားလေးမြတ်စွာ နားညောင်းတော်မူမည်ကို ယုံကြည်စိတ်ချနိုင်သည်။ မှန်ပါသည်၊ ‘ယေဟောဝါသည် ဆုတောင်းသောသူအပေါင်း၊ တည်ကြည်မှုနှင့်တကွ ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။’—⁠ဆာလံ ၁၄၅:၁၈

၁၁။ ကျွန်ုပ်တို့ ဆိတ်ကွယ်ရာတွင်ပြုလုပ်ရာများနှင့်ပတ်သက်၍ ယေဟောဝါ မည်သို့ခံစားရသနည်း။

၁၁ ကျွန်ုပ်တို့သည် မထင်မရှားဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းသည်ကို ယေဟောဝါတန်ဖိုးထားလေးမြတ်လျှင် မထင်မရှားဆိတ်ကွယ်ရာအရပ်၌ ကိုယ်တော့်အားနာခံသည့်အခါ ကိုယ်တော်ပို၍ပင် တန်ဖိုးထားလေးမြတ်ပေမည်။ မှန်ပါသည်၊ ယေဟောဝါသည် ဆိတ်ကွယ်ရာအရပ်၌ ကျွန်ုပ်တို့ပြုလုပ်သည့်အရာကို သိတော်မူသည်။ (၁ ပေတရု ၃:၁၂) ကျွန်ုပ်တို့တစ်ဦးတည်းရှိချိန်တွင် ယေဟောဝါအပေါ်တည်ကြည်ကာ နာခံခြင်းဖြင့် ကျွန်ုပ်တို့၌ “စုံလင်သောနှလုံး” ရှိကြောင်း တင်ပြရာရောက်ပြီး ယင်းစုံလင်သောနှလုံးသည် ကျွန်ုပ်တို့၏ စိတ်သဘောထားကိုစင်ကြယ်စေ၊ မှန်ရာကိုစွဲကပ်စေသည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ထိုအမူအကျင့်တို့သည် ယေဟောဝါ၏စိတ်နှလုံးကို အလွန်ရွှင်လန်းစေသည်။—⁠သု. ၂၇:၁၁; ၁ ယောဟန် ၃:၂၂

၁၂၊ ၁၃။ ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်သို့ကာကွယ်စောင့်ရှောက်နိုင်သနည်း။ ကျွန်ုပ်တို့သည် တည်ကြည်သောတပည့်ဖြစ်သူ နာသနေလနှင့် မည်သို့ဆင်တူနိုင်သနည်း။

၁၂ သို့ဖြစ်၍ တည်ကြည်သောခရစ်ယာန်တို့သည် ညစ်ညမ်းရုပ်ပုံများ၊ အကြမ်းဖက်မှုများကို ကြည့်ရှုခြင်းစသည့် စိတ်နှလုံးကိုညစ်ညမ်းစေသော လျှို့ဝှက်အပြစ်ပြုခြင်းကို တွန်းလှန်ကြသည်။ အပြစ်တချို့ကို လူတို့မမြင်စေရန် ဝှက်ထားနိုင်သော်လည်း “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ . . . ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃; လုကာ ၈:၁၇) ကျွန်ုပ်တို့သည် ယေဟောဝါမနှစ်သက်သောအရာတို့ကို ရှောင်ကြဉ်ရန်ကြိုးစားခြင်းဖြင့် ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းသိမ်းထားကြပြီး ဘုရားသခင်၏ နှစ်သက်လက်ခံမှုရရှိသည်ဟူသည့်အသိဖြင့် ရွှင်လန်းကြသည်။ မှန်ပါသည်၊ ‘ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ မှန်သောစကားကို စိတ်နှလုံးပါလျက်ပြောသော’ သူတို့အား ယေဟောဝါ အမှန်တန်ဖိုးထားလေးမြတ်သည်ကို သံသယရှိစရာမလိုပါ။—⁠ဆာလံ ၁၅:၁၊ ၂

၁၃ သို့သော် ဆိုးသွမ်းမှုပြည့်နှက်နေသော ဤလောကတွင် ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်သို့ကာကွယ်စောင့်ရှောက်နိုင်သနည်း။ (သု. ၄:၂၃; ဧဖက် ၂:၂) ဝိညာဉ်ရေးပြင်ဆင်ပေးချက်အားလုံးမှ အကျိုးအပြည့်အဝယူခြင်းအပြင် မသင့်လျော်သောဆန္ဒများ သန္ဓေတည်ပြီး အပြစ်ပြုမိခြင်းမျိုးမဖြစ်စေရန် အလျင်အမြန်လုပ်ဆောင်ခြင်းဖြင့် မကောင်းမှုကိုငြင်းပယ်ပြီး ကောင်းမှုကိုပြုရန် အစွမ်းကုန်ကြိုးစားအားထုတ်ရမည်။ (ယာကုပ် ၁:၁၄၊ ၁၅) ယေရှုက နာသနေလနှင့်ပတ်သက်၍ “လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော . . . လူစစ်ကိုကြည့်လော့” ဟု မိန့်တော်မူခဲ့သကဲ့သို့ သင်နှင့်ပတ်သက်၍ ထိုသို့မိန့်တော်မူလျှင် မည်မျှဝမ်းသာစရာကောင်းမည်ကို စဉ်းစားကြည့်ပါ။ (ယောဟန် ၁:၄၇) ဗာသောလမဲဟူ၍လည်းခေါ်သော နာသနေလသည် နောက်ပိုင်းတွင် ယေရှု၏တမန်တော် ၁၂ ပါးအဝင် ဖြစ်ခွင့်ရခဲ့သည်။—⁠မာကု ၃:၁၆-၁၉

‘ကြင်နာမှု၊ တည်ကြည်မှုနှင့်ပြည့်စုံသောယဇ်ပုရောဟိတ်မင်းကြီး’

၁၄။ မာရိ၏အပြုအမူကို အခြားသူတို့တုံ့ပြန်ပုံနှင့် ယေရှု၏တုံ့ပြန်ပုံမှာ မည်သို့နည်း။

၁၄ “မျက်မြင်မရသော ဘုရားသခင်” ယေဟောဝါ၏ “ပုံသဏ္ဌာန်တော်” ဖြစ်သူယေရှုသည် စင်ကြယ်သောနှလုံးဖြင့် ဘုရားသခင်အမှုတော်ဆောင်နေကြသူတို့ကို တန်ဖိုးထားလေးမြတ်ကြောင်းတင်ပြရာတွင် ခမည်းတော်ကို စုံလင်စွာအမြဲတုပတော်မူသည်။ (ကောလောသဲ ၁:၁၅) ဥပမာ၊ ယေရှုမသေဆုံးမီ ငါးရက်အလိုတွင် ကိုယ်တော်နှင့် ကိုယ်တော်၏တပည့်တချို့သည် ဗေသနိရွာရှိ ရှိမုန်၏အိမ်တွင် ဧည့်သည်များအဖြစ် ရောက်ရှိနေကြသည်။ ထိုညနေတွင် လာဇရု၏အစ်မ၊ မာသ၏ညီမဖြစ်သူ မာရိသည် “အဖိုးများစွာထိုက်သော (တစ်နှစ်လုပ်ခနှင့်ညီသော) နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍” ယေရှု၏ဦးခေါင်းနှင့် ခြေတို့ပေါ်သို့ သွန်းလောင်းခဲ့သည်။ (ယောဟန် ၁၂:၃) “အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း” ဟုအချို့သူတို့က ဆိုကြသည်။ သို့သော် ယေရှုသည် မာရိ၏လုပ်ရပ်ကို အမြင်တစ်မျိုးဖြင့် ရှုမြင်ခဲ့သည်။ မကြာမီရောက်ရှိတော့မည့် မိမိ၏သေခြင်းနှင့် သင်္ဂြိုဟ်ခြင်းကိုထောက်ရှု၍ ကိုယ်တော်သည် ယင်းလုပ်ရပ်ကို အလွန်ရက်ရော၍အရေးကြီးလှသည့် အပြုအမူအဖြစ် ရှုမြင်ခဲ့သည်။ ထို့ကြောင့် ယေရှုသည် မာရိကို အပြစ်တင်မည့်အစား သူ့ကိုဂုဏ်တင်ခဲ့သည်။ “ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကိုအောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့” ဟု မိန့်တော်မူခဲ့၏။—⁠မဿဲ ၂၆:၆-၁၃

၁၅၊ ၁၆။ ယေရှုသည် လူသားတစ်ဦးအနေနှင့် အသက်ရှင်နေထိုင်ပြီး ဘုရားသခင့်အမှုတော်ဆောင်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ မည်သို့အကျိုးခံစားရသနည်း။

၁၅ ထိုသို့တန်ဖိုးထားလေးမြတ်တတ်သူယေရှုသည် ကျွန်ုပ်တို့၏ခေါင်းဆောင်ဖြစ်ခြင်းမှာ ကျွန်ုပ်တို့အတွက် အလွန်အခွင့်ထူးပင်! လူသားတစ်ဦးအဖြစ် ယေရှု၏အသက်တာသည် နောင်တွင် ကိုယ်တော်အဖို့ ယေဟောဝါသိုမှီးထားသောလုပ်ငန်းအတွက် အသင့်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်—⁠ပထမတွင် ဝိညာဉ်တော်ဖွားအသင်းတော်အတွက်နှင့် နောက်ပိုင်းတွင် တစ်ကမ္ဘာလုံးအတွက် ယဇ်ပုရောဟိတ်မင်းကြီးနှင့် ဘုရင်အဖြစ်အမှုဆောင်ရန်ဖြစ်သည်။—⁠ကောလောသဲ ၁:၁၃; ဟေဗြဲ ၇:၂၆; ဗျာ. ၁၁:၁၅

၁၆ မြေကြီးပေါ်သို့မကြွလာမီကတည်းက ယေရှုသည် လူသားတို့ကို အလွန်စိတ်ဝင်စားတော်မူပြီး အထူးမြတ်နိုးချစ်ခင်တော်မူသည်။ (သု. ၈:၃၁) ကိုယ်တော်သည် လူသားတစ်ဦးအဖြစ် အသက်ရှင်နေထိုင်ခြင်းဖြင့် ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ကျွန်ုပ်တို့ကြုံတွေ့ရသော စမ်းသပ်မှုတို့ကို ပို၍အပြည့်အဝနားလည်သဘောပေါက်လာခဲ့သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘ခရစ်တော်သည် . . . ကြင်နာမှုနှင့်လည်းကောင်း၊ တည်ကြည်မှုနှင့်လည်းကောင်းပြည့်စုံသော ယဇ်ပုရောဟိတ်မင်းကြီးဖြစ်အံ့သောငှာ မိမိ “ညီအစ်ကိုတို့” နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။ ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဆင်းရဲခြင်း၌ကျင်လည်သောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကိုမစခြင်းငှာ တတ်နိုင်တော်မူ၏။’ ယေရှုသည် ‘ကျွန်ုပ်တို့ခံရသော ဆင်းရဲဝေဒနာများ သို့မဟုတ် အားနည်းချက်များကို စာနာထောက်ထား’ နိုင်တော်မူသည်၊ အကြောင်းမှာ ကိုယ်တော်သည် ‘ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ အပြစ်နှင့် ကင်းလွတ်တော်မူ၏။’—⁠ဟေဗြဲ ၂:၁၇၊ ၁၈; ၄:၁၅၊ ၁၆

၁၇၊ ၁၈။ (က) အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခုထံရေးသောစာများတွင် ယေရှု၏တန်ဖိုးထားလေးမြတ်မှုအတိမ်အနက်နှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ (ခ) ထိုဝိညာဉ်တော်ဖွားခရစ်ယာန်များသည် အဘယ်အရာအတွက် အသင့်ပြင်ဆင်ပေးခြင်း ခံခဲ့ကြရသနည်း။

၁၇ ယေရှုသည် မိမိနောက်လိုက်များခံရသော စုံစမ်းနှောင့်ယှက်မှုများကို အလွန်ဂရုစိုက်ကြောင်း ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတွင် သိသာထင်ထားလာသည်။ အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခုထံ တမန်တော်ယောဟန်မှတစ်ဆင့် ရေးပို့သောစာများကို သုံးသပ်ကြည့်ပါ။ စမုရနမြို့ရှိအသင်းတော်ကို ယေရှုဤသို့မိန့်တော်မူခဲ့၏– ‘သင်၏ဆင်းရဲခြင်းနှင့် နွမ်းပါးခြင်းကို ငါသိ၏။’ အမှန်မှာ ယေရှုဤသို့မိန့်တော်မူခြင်းဖြစ်သည်– ‘သင်တို့၏ပြဿနာများကို ငါကောင်းကောင်းနားလည်သည်၊ သင်တို့အဘယ်အရာခံစားနေရသည်ကို ငါအမှန်တကယ်သိသည်။’ ယေရှုသည် ကိုယ်တော်တိုင် သေသည်အထိ ဆင်းရဲဝေဒနာများကို ရင်ဆိုင်ခဲ့ရသောကြောင့် ထောက်ထားစာနာမှုဖြင့် ဤသို့စိတ်ချစေခဲ့၏– ‘သေသည်တိုင်အောင် တည်ကြည်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကိုငါပေးမည်။’—⁠ဗျာ. ၂:၈-၁၀

၁၈ အသင်းတော်ခုနစ်ခုထံရေးသောစာများတွင် ယေရှုသည် ကိုယ်တော့်တပည့်များ၏ အခက်အခဲများကို အပြည့်အဝသတိပြုမိကြောင်းနှင့် သူတို့၏သမာဓိစောင့်သိသည့် အသက်တာကို အလွန်တန်ဖိုးထားကြောင်း ဖော်ပြချက်များစွာ ပါရှိသည်။ (ဗျာ. ၂:၁–၃:၂၂) ဤတွင် ယေရှုမိန့်တော်မူနေသူတို့မှာ ကိုယ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်ရန် မျှော်လင့်ချက်ရှိသော ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်သည်ကို သတိပြုပါ။ သခင်၏ခြေရာလိုက်လျှောက်သော ထိုသူတို့သည် သူတို့၏ကြီးမြတ်သောတာဝန်ကိုဆောင်ရွက်ရန် အသင့်ပြင်ဆင်ပေးမှု ခံနေရခြင်းဖြစ်သည်၊ သူတို့၏တာဝန်မှာ ခက်ခဲဆင်းရဲမှုကြောင့် အားနည်းနေသူတို့ကို ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏ အကျိုးကျေးဇူးခံစားရရန် အလွန်ထောက်ထားစာနာစွာ အကူအညီပေးရန်ဖြစ်သည်။—⁠ဗျာ. ၅:၉၊ ၁၀; ၂၂:၁-၅

၁၉၊ ၂၀။ “လူအုပ်ကြီး” အဖြစ်ဖွဲ့စည်းထားသူတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏သားတော်တို့အား တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့တင်ပြကြသနည်း။

၁၉ ယေရှုသည် ဝိညာဉ်တော်ဖွားများကို ချစ်မြတ်နိုးတော်မူသည့်အပြင် ကိုယ်တော့်အပေါ်တည်ကြည်ကြသူ “အခြားသိုး” ကိုလည်း ချစ်မြတ်နိုးတော်မူ၏။ အခြားသိုးတို့ထဲမှ သန်းနှင့်ချီသောသူတို့သည် ယခု “လူအမျိုးမျိုး၊ အနွယ်နွယ်၊ အစုစုမှ . . . လူအုပ်ကြီး” အဖြစ် ဖွဲ့စည်းထားပြီဖြစ်ပြီး ထိုသူတို့သည် ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်ကြမည်။ (ယောဟန် ၁၀:၁၆; ဗျာ. ၇:၉၊ ၁၄ကဘ) ထိုသူတို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်နှင့် ထာဝရအသက်မျှော်လင့်ချက်ကို တန်ဖိုးထားလေးမြတ်ကြသောကြောင့် ယေရှုဘက်သို့ စုဝေးလာကြသည်။ သူတို့၏တန်ဖိုးထားလေးမြတ်မှုကို မည်သို့တင်ပြကြသနည်း။ ‘ဘုရားသခင်ဝတ်ကို နေ့ညမပြတ်ပြု’ ကြခြင်းဖြင့်ဖြစ်သည်။—⁠ဗျာ. ၇:၁၅-၁၇

၂၀ စာမျက်နှာ ၂၇ မှ ၃၀ တွင်ဖော်ပြထားသော ၂၀၀၆ လုပ်ငန်းတော်နှစ်၏ ကမ္ဘာချီလုပ်ငန်းမှတ်တမ်းက ထိုတည်ကြည်သူခရစ်ယာန်ဓမ္မအမှုဆောင်တို့သည် ယေဟောဝါ၏အမှုတော်ကို ‘နေ့ညမပြတ်’ အမှန်ဆောင်ရွက်နေကြကြောင်း အထင်အရှားပြသည်။ ထိုနှစ်အတွင်း ထိုသူတို့သည် ဝိညာဉ်တော်ဖွားများထဲမှ ကျန်ကြွင်းသူအနည်းငယ်တို့နှင့်အတူ စုစုပေါင်း ၁,၃၃၃,၉၆၆,၁၉၉ နာရီကို လူထုဓမ္မအမှုလုပ်ငန်းတွင် အသုံးပြုခဲ့ကြပြီး ယင်းသည် နှစ်ပေါင်း ၁၅၂,၂၈၃ နှစ်နှင့်ညီမျှသည်။

တန်ဖိုးထားလေးမြတ်တတ်သည့်စိတ်ကိုဆက်၍တင်ပြပါ

၂၁၊ ၂၂။ (က) တန်ဖိုးထားလေးမြတ်မှုတင်ပြခြင်းနှင့်ပတ်သက်၍ ယနေ့အချိန်တွင် ခရစ်ယာန်များသည် အဘယ်ကြောင့် အထူးသတိပြုရမည်နည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

၂၁ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်သည် မစုံလင်သောလူသားတို့နှင့် ဆက်ဆံရာတွင် အမှန်တကယ်ကြီးမား၊ နက်ရှိုင်းသော တန်ဖိုးထားလေးမြတ်မှုကို တင်ပြတော်မူသည်။ သို့သော် ဝမ်းနည်းစရာမှာ လူသားအများစုသည် ဘုရားသခင်ကို အလေးထားခြင်းမရှိဘဲ မိမိတို့ကိုယ်ကျိုးကိုသာ အလေးထားကြသည်။ “နောက်ဆုံးသောနေ့ရက်များ” အတွင်းအသက်ရှင်နေထိုင်သူတို့အကြောင်း ပေါလုဖော်ပြရာတွင် “လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . ကျေးဇူးမသိသောသူ [တန်ဖိုးထားလေးမြတ်စိတ်မရှိသူ] . . . ဖြစ်ကြလိမ့်မည်။” (၂ တိမောသေ ၃:၁-၅သမ္မာ) ထိုသူတို့သည် စစ်မှန်သောခရစ်ယာန်တို့နှင့် အလွန်ကွာခြားသည်၊ စစ်မှန်သောခရစ်ယာန်တို့သည် လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်း၊ တလိုတလားနာခံခြင်း၊ စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းဖြင့် မိမိတို့အတွက် ဘုရားသခင်ပြုလုပ်ပေးရာအားလုံးကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြကြသည်။—⁠ဆာလံ ၆၂:၈; မာကု ၁၂:၃၀; ၁ ယောဟန် ၅:၃

၂၂ ကျွန်ုပ်တို့အတွက် မေတ္တာဖြင့်ယေဟောဝါပေးသနားတော်မူသော  ဝိညာဉ်ရေးပြင်ဆင်ပေးချက်များစွာထဲမှ  တချို့ကို နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်။ ယင်း “ကောင်းမြတ်စုံလင်သော ဆုကျေးဇူး” တို့ကို ကျွန်ုပ်တို့သုံးသပ်ကြစဉ် ကျွန်ုပ်တို့၏ တန်ဖိုးထားလေးမြတ်မှု ပို၍နက်ရှိုင်းလာမည်။—⁠ယာကုပ် ၁:၁၇

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါသည် တန်ဖိုးထားလေးမြတ်တတ်သောဘုရားသခင်ဖြစ်ကြောင်း မည်သို့တင်ပြတော်မူသနည်း။

• တစ်ဦးတည်းရှိနေချိန်တွင် ယေဟောဝါ၏စိတ်နှလုံးကို မည်သို့ရွှင်လန်းစေနိုင်သနည်း။

• ယေရှုသည် တန်ဖိုးထားလေးမြတ်မှုကို အဘယ်နည်းများဖြင့် တင်ပြခဲ့သနည်း။

• ယေရှုသည် လူသားတစ်ဦးအနေနှင့် အသက်ရှင်နေထိုင်ခဲ့ခြင်းက ထောက်ထားစာနာတတ်သော၊ တန်ဖိုးထားလေးမြတ်တတ်သော အုပ်စိုးသူတစ်ဦးဖြစ်လာရန် မည်သို့ထောက်ကူခဲ့သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မိခင်တစ်ဦးသည် ကလေးငယ်၏ ရိုးရှင်းသည့်ဖော်ပြချက်ကို နှစ်သက်မြတ်နိုးသကဲ့သို့ ယေဟောဝါသည် ကျွန်ုပ်တို့၏အစွမ်းရှိသမျှလုပ်ဆောင်မှုကို တန်ဖိုးထားလေးမြတ်တော်မူ၏