မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏တန်ဖိုးထားလေးမြတ်တတ်သည့်စိတ်ကို ဘယ်တော့မျှ မပျောက်သွားစေနှင့်

သင်၏တန်ဖိုးထားလေးမြတ်တတ်သည့်စိတ်ကို ဘယ်တော့မျှ မပျောက်သွားစေနှင့်

သင်၏တန်ဖိုးထားလေးမြတ်တတ်သည့်စိတ်ကို ဘယ်တော့မျှ မပျောက်သွားစေနှင့်

“အိုဘုရားသခင် အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြ [“အဖိုးထိုက်၊” ကဘ] ပါ၏။အလွန်များပြားကြပါ၏။”—⁠ဆာလံ ၁၃၉:၁၇

၁၊ ၂။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အဘယ်ကြောင့် တန်ဖိုးထားလေးမြတ်သင့်သနည်း။ ဆာလံဆရာသည် သူ၏တန်ဖိုးထားလေးမြတ်မှုကို မည်သို့ဖော်ပြခဲ့သနည်း။

စိတ်လှုပ်ရှားဖွယ်ကောင်းသော ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်သည်။ ယေရုရှလင်မြို့ရှိ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်ကို ပြန်လည်ပြုပြင်မှုများပြုလုပ်နေစဉ် ယဇ်ပုရောဟိတ်မင်းကြီး ဟိလခိသည် ‘မောရှေရေးထားသော ထာဝရဘုရားသခင်၏ပညတ္တိကျမ်းစာစောင်’ ကိုတွေ့ရှိခဲ့သည်။ ယင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်က ရေးသားပြီးစီးခဲ့သည့် မူရင်းကျမ်းစာစောင်ဖြစ်ဖွယ်ရှိသည်။ ဘုရားသခင်ကိုကြောက်ရွံ့သော ဘုရင်ယောရှိရှေ့တော်မှောက်သို့ ထိုကျမ်းစာစောင်ရောက်ရှိလာသည့်အခါ သူ၏စိတ်ခံစားချက်ကို သင်မြင်ယောင်ကြည့်နိုင်ပါသလော။ မှန်ပါသည်၊ ဘုရင်သည် ယင်းကျမ်းစာစောင်ကို အလွန်မြတ်နိုးသောကြောင့် စာရေးတော်ရှာဖန်ကို အသံကျယ်ကျယ်ဖြင့် ချက်ချင်းဖတ်စေခဲ့သည်။—⁠၂ ရာဇဝင်ချုပ် ၃၄:၁၄-၁၈

ယနေ့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တစ်အုပ်လုံးအနေနှင့်ဖြစ်စေ၊ တစ်ပိုင်းအနေနှင့်ဖြစ်စေ သန်းထောင်နှင့်ချီသောသူတို့ ဖတ်ရှုနိုင်ကြသည်။ ယင်းက ကျမ်းစာ၏တန်ဖိုးကို လျော့သွားစေသလော။ မလျော့စေပါ။ အမှန်မှာ ကျမ်းစာတွင် အတိုင်းအဆမဲ့တန်ခိုးရှင်၏ အကြံအစည်တော်များပါရှိပြီး ကျွန်ုပ်တို့အကျိုးအတွက် မှတ်တမ်းတင်ထားသည်။ (၂ တိမောသေ ၃:၁၆) ဆာလံဆရာဒါဝိဒ်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်သည့် မိမိ၏ခံစားချက်ကို ဤသို့ရေးသားခဲ့၏– “အိုဘုရားသခင် အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြ [“အဖိုးထိုက်၊” ကဘ] ပါ၏။ အလွန်များပြားကြပါ၏။”—⁠ဆာလံ ၁၃၉:၁၇

၃။ ဒါဝိဒ်သည် ဝိညာဉ်ရေးတွင် စိတ်အားကြီးသူတစ်ဦးဖြစ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။

ယေဟောဝါ၊ ကိုယ်တော်၏နှုတ်မြွက်တော်၊ စစ်မှန်သောဝတ်ပြုကိုးကွယ်မှုနှင့်ဆိုင်သော ကိုယ်တော်၏အစီအစဉ်များအပေါ် ဒါဝိဒ်၏တန်ဖိုးထားလေးမြတ်မှုသည် တစ်ခါမျှ လျော့မသွားခဲ့ပါ။ နှစ်သက်ဖွယ်ကောင်းသော ဆာလံကျမ်းမြောက်မြားစွာတွင် မိမိခံစားချက်များကို ဒါဝိဒ်စပ်ဆိုထားသည်။ ဥပမာ၊ ဆာလံ ၂၇:၄ တွင် သူဤသို့ရေးထား၏– ‘ထာဝရဘုရားသခင်၏ တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်၍ ဝတ်ပြုရာအိမ်တော်၌မွေ့လျော်ခြင်းအလို့ငှာ ထာဝရဘုရားသခင်၏အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရားသခင်၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို [“တန်ဖိုးထားလေးမြတ်စိတ်ဖြင့်၊” ကဘ] ရှာရဦးမည်။’ မူရင်းဟေဗြဲကျမ်းတွင် “တန်ဖိုးထားလေးမြတ်စိတ်ဖြင့်ရှာ” ဟူသည့်အသုံးအနှုန်းသည် အချိန်ယူကာ အလေးအနက်စဉ်းစားသည်၊ စေ့စေ့စပ်စပ်စိစစ်သည်၊ နှစ်သက်၊ မြတ်နိုး၊ အံ့သြစိတ်တို့ဖြင့် လေ့လာကြည့်သည်ဟု အဓိပ္ပာယ်ရသည်။ ဒါဝိဒ်သည် ဝိညာဉ်ရေးတွင် စိတ်အားကြီးသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သူသည် ယေဟောဝါ၏ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို အမှန်တန်ဖိုးထားလေးမြတ်ခဲ့ပြီး ဘုရားသခင်ဖော်ပြသော ဝိညာဉ်ရေးအမှန်တရားနှင့်ပတ်သက်၍ သေးငယ်သည့်အပိုင်းအစတစ်ခုမကျန်ကို နှစ်သက်သဘောကျခဲ့သည်။ သူ၏ တန်ဖိုးထားလေးမြတ်တတ်သော ပုံနမူနာကို တုပထိုက်သည်။—⁠ဆာလံ ၁၉:၇-၁၁

သမ္မာကျမ်းစာအမှန်တရားသိခွင့်ရခြင်းကိုတန်ဖိုးထားလေးမြတ်ပါ

၄။ အဘယ်အရာက ယေရှုကို “ဝမ်းမြောက်တော်မူခြင်းစိတ်ရှိ” စေခဲ့သနည်း။

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အတွင်းကျကျသိရှိရန်မှာ ဉာဏ်ကြီးရှင်ဖြစ်ခြင်း သို့မဟုတ် မာန်မာနတက်စေနိုင်သည့် လောကပညာရှိခြင်းတို့အပေါ် မမူတည်ပါ။ ယေဟောဝါ၏ မဟာကရုဏာအပေါ်သာ မူတည်ပါသည်။ ဘုရားသခင်ကိုမှီခိုရန်လိုကြောင်း သိမှတ်သူတို့ဖြစ်သည့် နှိမ့်ချသူ၊ စိတ်နှလုံးရိုးဖြောင့်သူတို့ ယင်းကရုဏာကို ခံစားကြရသည်။ (မဿဲ ၅:၃; ၁ ယောဟန် ၅:၂၀) မစုံလင်သောလူသားအချို့၏နာမည်များသည် ကောင်းကင်၌စာရင်းဝင်သည်ကို ယေရှုစဉ်းစားမိသောအခါ ကိုယ်တော်သည် “ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့် ‘ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏’” ဟုမိန့်တော်မူခဲ့သည်။—⁠လုကာ ၁၀:၁၇-၂၁

၅။ ယေရှု၏တပည့်များသည် မိမိတို့သိရှိနားလည်ခွင့်ရသော ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သည့် အမှန်တရားများကို အဘယ်ကြောင့် ပေါ့ပေါ့တန်တန်သဘောမထားခဲ့ကြသနည်း။

လှိုက်လှိုက်လှဲလှဲဆုတောင်းမြွက်ဆိုပြီးနောက်  တပည့်များဘက်သို့လှည့်ကာ ဤသို့မိန့်တော်မူ၏– “ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာအလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှာအလိုရှိသော်လည်း မကြားရကြ။” မှန်ပါသည်၊ ယေရှု၏တည်ကြည်သောနောက်လိုက်များသည် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော အဖိုးထိုက်သည့်အမှန်တရားများ နားလည်သိရှိခွင့်ရသည်ကို ပေါ့ပေါ့တန်တန်သဘောမထားရန် ကိုယ်တော် အားပေးခဲ့သည်။ ယင်းအမှန်တရားတို့ကို အစောပိုင်းခေတ်က ဘုရားသခင့်ကျေးကျွန်တို့ နားလည်သိရှိခွင့်မရခဲ့ကြပါ။ ထို့ပြင် ယေရှုခေတ်အချိန်က “ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့” လည်းသိရှိခွင့်မရခဲ့ကြပါ။—⁠လုကာ ၁၀:၂၃၊ ၂၄

၆၊ ၇။ (က) ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားကို တန်ဖိုးထားလေးမြတ်ရန် အဘယ်အကြောင်းရင်းများရှိသနည်း။(ခ) ယနေ့အချိန်တွင် စစ်မှန်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေးအကြား အဘယ်ခြားနားမှုကို တွေ့မြင်ရသနည်း။

ကျွန်ုပ်တို့ခေတ်တွင် ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားများကို တန်ဖိုးထားလေးမြတ်ရန် အကြောင်းရင်းပို၍ပင်ရှိသည်။ ယေဟောဝါသည် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အားဖြင့် ကိုယ်တော့်နှုတ်မြွက်တော်ကို အတွင်းကျကျထိုးထွင်းသိမြင်စေခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၂၄:၄၅; ဒံယေလ ၁၂:၁၀) နောက်ဆုံးသောကာလနှင့်ပတ်သက်၍ ပရောဖက်ဒံယေလ ဤသို့ရေးခဲ့၏– “အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။” (ဒံယေလ ၁၂:၄) ယနေ့အချိန်တွင် ဘုရားသခင်နှင့်ဆိုင်သောအသိပညာ “တိုးပွား” နေပြီး ယေဟောဝါ၏ကျေးကျွန်များ ဝိညာဉ်အစာအလျှံပယ်ရရှိနေသည်ကို သင်သဘောမတူပေလော။

ဘုရားသခင့်လူမျိုး၏ဝိညာဉ်ရေးကြွယ်ဝမှုနှင့် မှားယွင်းသောဝတ်ပြုရေး၏ရှုပ်ထွေးမှုတို့ကို ကွဲကွဲပြားပြားတွေ့မြင်ရသည်။ ရလဒ်အနေနှင့် များစွာသောသူတို့သည် မှားယွင်းသောဝတ်ပြုရေးကို စိတ်ပျက်၊ စိတ်ကုန်ကာ စစ်မှန်သောဝတ်ပြုရေးသို့ လှည့်လာကြသည်။ ထိုသူတို့သည် “[မှားယွင်းသောဝတ်ပြုရေး] ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်” လိုသော သိုးကဲ့သို့သောသူတို့ဖြစ်ကြသည်။ ယေဟောဝါနှင့် ကိုယ်တော်၏ကျေးကျွန်တို့သည် ထိုသို့သောသူအားလုံးကို စစ်မှန်သောခရစ်ယာန်အသင်းတော်အတွင်း ဖိတ်ခေါ်ကြသည်။—⁠ဗျာ. ၁၈:၂-၄; ၂၂:၁၇

တန်ဖိုးထားလေးမြတ်တတ်သူများ ဘုရားသခင်ထံတော်သို့ စုံရုံးကြ

၈၊ ၉။ ဟဂ္ဂဲ ၂:၇ ပါစကားများသည် ယနေ့ မည်သို့ပြည့်စုံလျက်ရှိသနည်း။

ယေဟောဝါသည် ကိုယ်တော်၏ဝိညာဉ်ရေး ဝတ်ပြုရာအိမ်တော်နှင့်ပတ်သက်၍ ဤသို့တင်ကြိုမိန့်တော်မူခဲ့၏– “လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည်။” (ဟဂ္ဂဲ ၂:၇) နှစ်သက်ဖွယ်ကောင်းသော ဤပရောဖက်ပြုချက်သည် ဘုရားသခင့်လူမျိုးအကြွင်းအကျန် ယေရုရှလင်မြို့၌ ဝတ်ပြုရာအိမ်တော်ကို ပြန်လည်တည်ဆောက်သည့် ဟဂ္ဂဲခေတ်အချိန်တွင် တစ်ကြိမ်ပြည့်စုံခဲ့သည်။ ယနေ့အချိန်တွင် ဟဂ္ဂဲ၏စကားများသည် ယေဟောဝါ၏ မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်နှင့်စပ်လျဉ်း၍ နောက်တစ်ကြိမ် ပြည့်စုံနေသည်။

ဘုရားသခင်ကို ‘ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း’ ကိုးကွယ်ရန် သန်းနှင့်ချီသောသူတို့ စုရုံးခဲ့ပြီးဖြစ်သည့်ပြင် ‘လူမျိုးအပေါင်းမှ နှစ်သက်ဖွယ်သောအရာများ’ ဖြစ်သည့် သိန်းနှင့်ချီသောသူတို့သည် နှစ်စဉ်မပြတ်ဝင်လာဆဲဖြစ်သည်။ (ယောဟန် ၄:၂၃၊ ၂၄) ဥပမာ၊ ၂၀၀၆ လုပ်ငန်းတော်နှစ်၏ ကမ္ဘာချီမှတ်တမ်းအရ ၂၄၈,၃၂၇ ယောက်သောသူတို့သည် မိမိတို့၏အပ်နှံမှုအထိမ်းအမှတ်အနေနှင့် နှစ်ခြင်းခံခဲ့ကြကြောင်း ဖော်ပြသည်။ ယင်းက တစ်ရက်လျှင် ပျမ်းမျှ လူသစ်အယောက် ၆၈၀ ဖြစ်သည်။ အမှန်တရားကိုချစ်မြတ်နိုးပြီး ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ယေဟောဝါအမှုတော်ဆောင်လိုသော သူတို့၏စိတ်ဆန္ဒက သူတို့ကို ဘုရားသခင်အမှန်ပင်သွေးဆောင်ခဲ့ကြောင်း ထင်ရှားသည်။—⁠ယောဟန် ၆:၄၄၊ ၆၅

၁၀၊ ၁၁။ လူတို့ သမ္မာကျမ်းစာအမှန်တရား တန်ဖိုးထားလေးမြတ်လာပုံကိုဖော်ပြသည့် တွေ့ကြုံမှုတစ်ခု ပြောပြပါ။

၁၀ စိတ်နှလုံးရိုးဖြောင့်သူများစွာတို့သည် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိ” လာခဲ့ကြသောကြောင့် အမှန်တရားဘက်သို့ ဆွဲဆောင်ခံခဲ့ရခြင်းဖြစ်သည်။ (မာလခိ ၃:၁၈) ဝိန်းနှင့် ဗာဂျီးနီးယား ဇနီးမောင်နှံ၏တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ သူတို့သည် ပရိုတက်စတင့်ချာ့ခ်ျတွင်တက်နေကြသော်လည်း မေးခွန်းများစွာကို အဖြေမရခဲ့ကြပါ။ သူတို့သည် စစ်ကိုမုန်းတီးကြပြီး တရားဟောဆရာများက စစ်သားများနှင့် စစ်လက်နက်များကို ကောင်းချီးပေးကြသည်ကို တွေ့မြင်ရသည့်အခါ နားမလည်နိုင်ဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသည်။ ဗာဂျီးနီးယားသည် နှစ်အတော်ကြာ စန်းဒေးစကူးတွင် ဆရာမတစ်ဦးဖြစ်ခဲ့သည့်တိုင် ထိုမောင်နှံ အသက်အရွယ်အိုမင်းလာသည့်အခါ ချာ့ခ်ျရှိအခြားသူတို့၏ လျစ်လျူရှုမှုကို ခံခဲ့ကြရသည်။ သူတို့ ဤသို့ပြောပြ၏– “ကျွန်တော်တို့ဆီ ဘယ်သူမှ လာမလည်ကြဘူး၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုလည်း စိတ်မဝင်စားကြဘူး။ ချာ့ခ်ျစိတ်ဝင်စားတဲ့ တစ်ခုတည်းသောအရာကတော့ ကျွန်တော်တို့ရဲ့ငွေပဲ။ ကျွန်တော်တို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။” သူတို့၏ချာ့ခ်ျသည် လိင်တူမေထုန်ကို လက်ခံခွင့်ပြုလာသည့်အခါ ပို၍ပင်စိတ်ပျက်လာခဲ့ကြသည်။

၁၁ ထိုအချိန်အတွင်း ဝိန်းနှင့်ဗာဂျီးနီးယားတို့၏ မြေးမလေးနှင့် နောက်ပိုင်း သူတို့၏သမီးဖြစ်သူတို့သည် ယေဟောဝါသက်သေများဖြစ်လာကြသည်။ ယင်းကြောင့် အစပိုင်းတွင် ဝိန်းနှင့်ဗာဂျီးနီးယားတို့ ဝမ်းနည်းခဲ့ကြသော်လည်း နောက်ပိုင်း သူတို့စိတ်ပြောင်းလဲလာကာ ကျမ်းစာသင်အံမှုကို လက်ခံခဲ့ကြသည်။ ဝိန်းဤသို့ပြောပြ၏– “သုံးလအတွင်း သမ္မာကျမ်းစာအကြောင်း ကျွန်တော်တို့သိရှိလာတဲ့အရာဟာ လွန်ခဲ့တဲ့အနှစ် ၇၀ ကျော်ကြာတဲ့အချိန်အတွင်း ကျွန်တော်တို့သိရှိခဲ့တာထက် ပိုများတယ်။ ဘုရားသခင်ရဲ့နာမတော် ယေဟောဝါဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တစ်ခါမှမကြားခဲ့ဖူးဘူး၊ ဘုရားသခင့်နိုင်ငံတော်၊ မြေကြီးပရဒိသုအကြောင်းလည်း မသိခဲ့ကြဘူး။” မကြာမီတွင် ဤရိုးဖြောင့်သောဇနီးမောင်နှံသည် ခရစ်ယာန်အစည်းအဝေးများကို စတင်တက်ရောက်ကြပြီး အမှုဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့ကြသည်။ “လူတိုင်းကို အမှန်တရားအကြောင်း ပြောပြချင်တယ်” ဟုဗာဂျီးနီးယားပြောသည်။ နှစ်ယောက်စလုံး အသက် ၈၀ ကျော်နေပြီဖြစ်ကာ ၂၀၀၅ ခုနှစ်တွင် နှစ်ခြင်းခံခဲ့ကြသည်။ “စစ်မှန်တဲ့ခရစ်ယာန်အဖွဲ့ကို တွေ့ပြီ” ဟုသူတို့ပြောကြ၏။

“ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငှာပြင်ဆင်” ပေးမှုများအတွက် တန်ဖိုးထားလေးမြတ်ပါ

၁၂။ ယေဟောဝါသည် မိမိကျေးကျွန်များအတွက် အဘယ်အရာကို အမြဲပြင်ဆင်ပေးသနည်း။ အကျိုးရရှိရန် ကျွန်ုပ်တို့အဘယ်အရာလုပ်ဆောင်ရမည်နည်း။

၁၂ ယေဟောဝါသည် မိမိ၏ကျေးကျွန်များ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အစဉ်အမြဲ ထောက်မတော်မူသည်။ ဥပမာ၊ နောဧသည် ပထမဦးဆုံးစီမံကိန်းဖြစ်သည့် သင်္ဘောဆောက်ခြင်းအလုပ် မည်သို့လုပ်ဆောင်ရမည်ကို ရှင်းလင်း၊ တိကျပြတ်သားသော ညွှန်ကြားချက်များ ရရှိခဲ့သည်။ ထိုအတိုင်းဖြစ်ခဲ့သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ “မှာထားတော်မူသည်အတိုင်းလည်း နောဧပြု” လုပ်ခဲ့သောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၆:၁၄-၂၂) ယနေ့လည်း ယေဟောဝါသည် ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရန် မိမိ၏ကျေးကျွန်များကို အပြည့်အစုံပြင်ဆင်ပေးတော်မူသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းမှာ တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောရန်နှင့် ထိုက်တန်သူတို့ ယေရှုခရစ်၏တပည့်များဖြစ်လာဖို့ အကူအညီပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် နောဧကဲ့သို့ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့၏အောင်မြင်မှုသည် နာခံမှုအပေါ်တွင် မူတည်သည်။ ကိုယ်တော်၏နှုတ်မြွက်တော်နှင့် ကိုယ်တော့်အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးသော ညွှန်ကြားချက်များကို နာခံမှုရှိရှိ လိုက်လျှောက်ရမည်။—⁠မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀

၁၃။ အဘယ်နည်းလမ်းများအားဖြင့် ယေဟောဝါ ကျွန်ုပ်တို့ကို လေ့ကျင့်ပေးသနည်း။

၁၃ အမှုဆောင်လုပ်ငန်းပြီးမြောက်အောင်မြင်ရန် ကျွန်ုပ်တို့၏အဓိကလက်နက်ဖြစ်သော ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ‘မှန်ကန်စွာကိုင်တွယ်’ တတ်ရန် သင်ယူရမည်။ အကြောင်းမှာ ယင်းက ‘ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း သွန်သင်ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်’ သောကြောင့်ဖြစ်သည်။ (၂ တိမောသေ ၂:၁၅; ၃:၁၆၊ ၁၇) ပထမရာစုတွင်ကဲ့သို့ ယေဟောဝါသည် ခရစ်ယာန်အသင်းတော်အားဖြင့် တန်ဖိုးဖြတ်မရသောလေ့ကျင့်ပေးမှုများ ပေးတော်မူသည်။ ကျွန်ုပ်တို့အမှုဆောင်လုပ်ငန်းတွင် အထောက်အကူရရှိရန် ယနေ့ ကမ္ဘာတစ်ဝန်းရှိအသင်းတော်ပေါင်း ၉၉,၇၇၀ တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ လုပ်ငန်းတော်အစည်းအဝေးတို့ကို ပတ်စဉ်ကျင်းပပေးသည်။ မှန်မှန်တက်ရောက်ခြင်း၊ သင်ယူသိရှိလာရာများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ယင်းအရေးပါသောအစည်းအဝေးများကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြပါသလော။—⁠ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၄။ ယေဟောဝါ၏ကျေးကျွန်တို့သည် ဘုရားသခင့်အမှုတော်ဆောင်ခွင့်ရခြင်းကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့တင်ပြကြသနည်း။ (စာမျက်နှာ ၂၇-၃၀ ရှိဇယားများမှ မှတ်ချက်များပါဝင်စေပါ။)

၁၄ ကမ္ဘာတစ်ဝန်းသန်းနှင့်ချီသော ဘုရားသခင်၏လူတို့သည် အမှုဆောင်လုပ်ငန်းတွင် ကိုယ်တိုင်ကြိုးစားပါဝင်ခြင်းဖြင့် သူတို့ရရှိသောလေ့ကျင့်ပေးမှုကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြနေကြပါသည်။ ဥပမာ၊ ၂၀၀၆ လုပ်ငန်းတော်နှစ်အတွင်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၆,၇၄၁,၄၄၄ ဦးသည် အိမ်တွင်းကျမ်းစာသင်အံမှု ၆,၂၈၆,၆၁၈ ခုကျင်းပခြင်းအပါအဝင် လုပ်ငန်းတော်၏အသွင်အပြင်အားလုံးအတွက် စုစုပေါင်း ၁,၃၃၃,၉၆၆,၁၉၉ နာရီ အသုံးပြုခဲ့ကြသည်။ ယင်းတို့မှာ ကမ္ဘာချီလုပ်ငန်းတော်မှတ်တမ်းတွင်ပါသော အားရှိဖွယ်အသေးစိတ်အချက်အလက်များထဲမှ တချို့သာဖြစ်သည်။ ပထမရာစုမှ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် သူတို့ခေတ်အချိန်က ဟောပြောခြင်းလုပ်ငန်းတိုးချဲ့မှုအကြောင်း မှတ်တမ်းများမှ များစွာအားရှိခဲ့မည်ဖြစ်သကဲ့သို့ပင် ကျေးဇူးပြု၍ ကမ္ဘာချီမှတ်တမ်းကို အသေအချာဆန်းစစ်ကာ ယင်းမှခွန်အားရယူပါ။—⁠တမန်တော် ၁:၁၅; ၂:၅-၁၁၊ ၄၁၊ ၄၇; ၄:၄; ၆:၇

၁၅။ ယေဟောဝါ၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်နေမှုနှင့်ပတ်သက်၍ အဘယ်ကြောင့် စိတ်ဓာတ်မကျသင့်သနည်း။

၁၅ နှစ်စဉ် ဘုရားသခင်ထံတော်သို့တက်သွားသော ဟစ်ကြွေးချီးမွမ်းခြင်းများက ယေဟောဝါ၏ကျေးကျွန်တို့သည် ယေဟောဝါကိုသိရှိခွင့်၊ ကိုယ်တော်၏သက်သေဖြစ်ခွင့်တို့ကို အလွန်တန်ဖိုးထားလေးမြတ်ကြောင်းဖော်ပြသည်။ (ဟေရှာယ ၄၃:၁၀) အသက်ကြီးသော၊ ဖျားနာနေသော၊ မသန်မစွမ်းဖြစ်နေသော ညီအစ်ကို၊ ညီအစ်မတချို့၏ ချီးမွမ်းခြင်းယဇ်ကို မုဆိုးမ၏ကြေးနီဒ င်္ဂါးနှင့် နှိုင်းယှဉ်နိုင်ပါသည်။ သို့သော် မိမိတို့၏စိတ်နှလုံးအကြွင်းမဲ့၊ တတ်နိုင်သရွေ့လုပ်ဆောင်နေသူအားလုံးကို ယေဟောဝါနှင့် ကိုယ်တော့်သားတော်သည် အမှန်တန်ဖိုးထားလေးမြတ်ကြောင်း မမေ့သင့်ပါ။—⁠လုကာ ၂၁:၁-၄; ဂလာတိ ၆:၄

၁၆။ ဘုရားသခင်သည် မကြာသေးမီအချိန်ကာလများအတွင်း အဘယ်သွန်သင်ခြင်းကိရိယာများကို ပြင်ဆင်ပေးခဲ့သနည်း။

၁၆ ယေဟောဝါသည် ကိုယ်တော်၏အဖွဲ့အစည်းအားဖြင့် အမှုဆောင်လုပ်ငန်းအတွက် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးသည့်အပြင် အလွန်ကောင်းမွန်သော သွန်သင်ခြင်းကိရိယာများကိုလည်း ပြင်ဆင်ပေးသည်။ ၎င်းတို့မှာ မကြာသေးမီဆယ်စုနှစ်များအတွင်း ထုတ်ဝေခဲ့သော ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား၊ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်၊ ထာဝရအသက်ကိုရစေသော အသိပညာစာအုပ်များအပါအဝင် မကြာသေးမီက ထုတ်ဝေခဲ့သော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်တို့ဖြစ်သည်။ ဤပြင်ဆင်ပေးချက်များကို အမှန်တန်ဖိုးထားလေးမြတ်သူတို့သည် အမှုဆောင်လုပ်ငန်းတွင် ယင်းတို့ကို ကောင်းစွာအသုံးပြုကြသည်။

သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ကောင်းစွာအသုံးပြုပါ

၁၇၊ ၁၈။ (က) သင်၏အမှုဆောင်လုပ်ငန်းတွင် အလေးပေးဖော်ပြရန် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ထဲမှ မည်သည့်အပိုင်းကို သင်နှစ်သက်သနည်း။ (ခ) သမ္မာကျမ်းစာသွန်သင်ရာစာအုပ်နှင့်ပတ်သက်၍ တိုက်နယ်ကြီးကြပ်မှူးတစ်ဦး အဘယ်အရာတွေ့ရှိခဲ့သနည်း။

၁၇ အခန်း ၁၉ ခန်းအပြင် အသေးစိတ်ဖော်ပြထားသည့် နောက်ဆက်တွဲပါဝင်ကာ ရိုးရှင်းသည့်အသုံးအနှုန်းဖြင့်ဖြစ်သော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်သည် အမှုဆောင်လုပ်ငန်းအတွက် အလွန်အဆင်ပြေသည်။ ဥပမာ၊ အခန်း ၁၂ တွင် “ဘုရားသခင်နှစ်သက်တော်မူသည့် နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ခြင်း” အကြောင်း သုံးသပ်ထားသည်။ ဤတွင် များစွာသောသူတို့ ယခင်က တစ်ခါမျှမသုံးသပ်၊ မစဉ်းစားဖူးသောအရာဖြစ်သည့် ဘုရားသခင်၏ မိတ်ဆွေဖြစ်လာနိုင်ပုံကို သင်သားအား ရှင်းပြထားသည်။ (ယာကုပ် ၂:၂၃) ကျမ်းစာသင်အံမှုအထောက်အကူပြု ဤကိရိယာနှင့်ပတ်သက်၍ မည်သို့တုံ့ပြန်ကြသနည်း။

၁၈ ဩစတြေးလျနိုင်ငံမှ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သည် “အိမ်ရှင်များအား အပြန်အလှန်စကားပြောလာစေရန် အလွယ်တကူဆွဲဆောင်နိုင်စွမ်း” ရှိသည်ဟု ရေးပို့သည်။ ယင်းစာအုပ်သည် အသုံးပြုရန်အလွန်လွယ်ကူသောကြောင့် ၎င်းသည် “ဘုရားသခင့်နိုင်ငံတော်ကြေညာသူများစွာအား ယုံကြည်စိတ်ချမှုရှိရန် အားသစ်လောင်းစေပြီး အမှုဆောင်လုပ်ငန်းတွင် ရွှင်လန်းစေသည်။ အချို့သူတို့သည် ယင်းစာအုပ်ကို ရွှေတုံးဟုခေါ်ကြသည်မှာ အံ့ဩစရာမဟုတ်ပါ” ဟုထပ်ဆင့်ဖော်ပြ၏။

၁၉-၂၁။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၏တန်ဖိုးကို ပေါ်လွင်စေသည့် တွေ့ကြုံမှုအချို့ကို ပြောပြပါ။

၁၉ ဂူယာနာနိုင်ငံမှ အမျိုးသမီးတစ်ဦးက သူ၏တံခါးဝသို့ရောက်လာသော ရှေ့ဆောင်ညီအစ်ကိုအား “ဘုရားသခင် စေလွှတ်လိုက်တာဖြစ်ရမယ်” ဟုပြောခဲ့သည်။ အမျိုးသမီးနှင့်ပေါင်းသင်းနေထိုင်သူ အမျိုးသားသည် မကြာသေးမီက သူနှင့် သူ၏ကလေးငယ်နှစ်ယောက်ကိုထားကာ ထွက်သွားသည်။ ရှေ့ဆောင်က သမ္မာကျမ်းစာသွန်သင်ရာစာအုပ် အခန်း ၁ ကိုဖွင့်ပြီး “ကျွန်ုပ်တို့ရင်ဆိုင်နေရသော မတရားမှုများနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ခံစားရသနည်း” ခေါင်းစဉ်ငယ်အောက်ရှိ အပိုဒ် ၁၁ ကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြသည်။ ရှေ့ဆောင်ဖြစ်သူ ဤသို့ပြောပြ၏– “အဲ့ဒီမှာပါတဲ့ အချက်တွေက သူ့ကိုထိမိသွားတယ်။ သူထပြီး ဆိုင်အနောက်ဘက်မှာ အားရပါးရသွားငိုတော့တယ်။” ထိုအမျိုးသမီးသည် ဒေသခံညီအစ်မတစ်ဦးနှင့် ပုံမှန်ကျမ်းစာသင်အံမှုကျင်းပရန် ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဆက်၍တိုးတက်နေပါသည်။

၂၀ စပိန်နိုင်ငံတွင်နေထိုင်သူ ဟိုစေးသည် ယာဉ်မတော်တဆဖြစ်မှုတစ်ခုကြောင့် သူ၏ဇနီးကို ဆုံးရှုံးခဲ့ရသည်။ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် စိတ်ဖြေခဲ့သည့်အပြင် စိတ်ပညာရှင်များထံမှလည်း အကူအညီယူခဲ့သည်။ သို့သော် ဟိုစေးကို စိတ်အနှောင့်အယှက်အဖြစ်ဆုံးဖြစ်သော “ကျွန်တော့်ဇနီးသေဆုံးသွားအောင် ဘုရားသခင် ဘာကြောင့်ခွင့်ပြုခဲ့တာလဲ” ဟူသည့်မေးခွန်းကို စိတ်ပညာရှင်တို့ အဖြေမပေးနိုင်ကြပေ။ တစ်နေ့တွင် ဟိုစေးသည် သူနှင့်အတူကုမ္ပဏီတစ်ခုတည်းတွင်အလုပ်လုပ်သူ ဖရန့်စစ်နှင့် တွေ့ဆုံခဲ့သည်။ ဖရန့်စစ်သည် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် အခန်း ၁၁၊ “ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း” ခေါင်းစဉ်ရှိအကြောင်းအရာကို ဆွေးနွေးရန်အကြံပြုသည်။ ကျမ်းစာရှင်းပြချက်များ၊ ဆရာနှင့်တပည့်ပုံဥပမာက ဟိုစေးကို အလွန်စွဲမှတ်စေခဲ့သည်။ သူသည် စိတ်ထက်သန်စွာ သင်အံမှုစတင်ခဲ့ပြီး တိုက်နယ်စည်းဝေးပွဲတစ်ခုကို တက်ရောက်ပြီးဖြစ်ကာ ယခု ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများကို တက်ရောက်နေသည်။

၂၁ ပိုလန်နိုင်ငံမှ စီးပွားရေးသမားဖြစ်သူ အသက် ၄၀ အရွယ်ရိုမန်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အမြဲပင်လေးမြတ်ခဲ့သည်။ သို့သော် သူသည် အလုပ်ကိုအလွန်စွဲလမ်းခြင်းကြောင့် ကျမ်းစာသင်အံမှုတွင် အနည်းငယ်လောက်သာ တိုးတက်ခဲ့သည်။ သို့သော် စည်းဝေးကြီးတစ်ခုကို တက်ရောက်ခဲ့ပြီး သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို လက်ခံရရှိခဲ့ပြီးနောက် သိသိသာသာတိုးတက်လာသည်ကို တွေ့ရသည်။ သူဤသို့ပြော၏– “ဒီစာအုပ်ကြောင့် သမ္မာကျမ်းစာ အခြေခံသွန်သင်ချက်အားလုံးဟာ ရုပ်ဆက်ပန်းချီကားတစ်ခုလို အပြည့်အစုံပုံပေါ်လာသလိုပဲ။” ယခု ရိုမန်သည် ကျမ်းစာကိုပုံမှန်လေ့လာနေပြီး ကောင်းစွာတိုးတက်လျက်ရှိသည်။

တန်ဖိုးထားလေးမြတ်သည့်စိတ် ဆက်လက်ရှင်သန်နေစေပါ

၂၂၊ ၂၃။ ကျွန်ုပ်တို့ရှေ့တွင်ချထားသော မျှော်လင့်ချက်ကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့ဆက်၍ တင်ပြနိုင်သနည်း။

၂၂ စိတ်လှုပ်ရှားဖွယ်ကောင်းသော “ကယ်နုတ်ချိန်နီးပြီ!” ခရိုင်စည်းဝေးကြီးများတွင် ရှင်းပြခဲ့သည့်အတိုင်း စစ်မှန်သည့်ခရစ်ယာန်များသည် ဘုရားသခင်ကတိပြုထားသော၊ ယေရှုခရစ်သွန်းလောင်းသောအသွေးတော်အားဖြင့်သာ ရရှိနိုင်သော “ထာဝရရွေးနုတ်ခြင်း” ကို မျှော်လင့်တောင့်တကြသည်။ ဤတန်ဖိုးဖြတ်မရသောမျှော်လင့်ချက်ကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြရာတွင် “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍ . . . အသက်ရှင်တော်မူသောဘုရားသခင်ကို” ဆက်၍ “ဝတ်ပြု” သွားခြင်းထက် ပို၍ကောင်းသောနည်းလမ်း မရှိပါ။—⁠ဟေဗြဲ ၉:၁၂၊ ၁၄

၂၃ မှန်ပါသည်၊ ကိုယ်ကျိုးကိုသာအဓိကထားရန် တစ်ချိန်လုံးဖိအားတိုးများနေလျက်နှင့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ခြောက်သန်းကျော်သည် ဘုရားသခင့်အမှုတော်ဆောင်ခြင်းတွင် တည်ကြည်မှုရှိရှိ ခံရပ်နေကြသည်မှာ အမှန်အံ့သြစရာပင်။ ယင်းက ယေဟောဝါ၏ကျေးကျွန်များသည် “သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်” ကိုသိရှိကြပြီး ဘုရားသခင့်အမှုဆောင်ခြင်း၏ဂုဏ်ရှိမှုကို အလွန်တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြရာလည်းရောက်သည်။ ထိုသို့သောတန်ဖိုးထားလေးမြတ်မှု ဘယ်တော့မျှမပျောက်သွားပါစေနှင့်။—⁠၁ ကောရိန္သု ၁၅:၅၈; ဆာလံ ၁၁၀:၃

သင်မည်သို့ဖြေဆိုမည်နည်း

• ဆာလံဆရာသည် ဘုရားသခင်နှင့် ကိုယ်တော်၏ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို တန်ဖိုးထားလေးမြတ်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား အဘယ်အရာသွန်သင်ပေးသနည်း။

ဟဂ္ဂဲ ၂:၇ ပါစကားများသည် ယနေ့မည်သို့ပြည့်စုံနေသနည်း။

• ယေဟောဝါသည် မိမိ၏ကျေးကျွန်များ ကိုယ်တော်၏အလိုတော်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မည်သို့ပြင်ဆင်ပေးသနည်း။

• ယေဟောဝါ၏ကောင်းမြတ်မှုကို တန်ဖိုးထားလေးမြတ်ကြောင်း သင်မည်သို့တင်ပြနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇-၃၀ ပါ ရုပ်ပုံ]

ကမ္ဘာချီယေဟောဝါသက်သေများ၏ ၂၀၀၆ ခုနှစ်လုပ်ငန်းတော်မှတ်တမ်းများ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အပြည့်အစုံပြင်ဆင်ပေးတော်မူ၏