အဘယ်ကြောင့် မှန်ရာကိုပြောရသနည်း
အဘယ်ကြောင့် မှန်ရာကိုပြောရသနည်း
ဆယ့်ရှစ်နှစ်အရွယ် မန်ဖရက်သည် ရုံးသင်တန်းသားတစ်ဦးဖြစ်သည်။ * သူအလုပ်လုပ်သည့်ကုမ္ပဏီသည် သူနှင့်အခြားသင်တန်းသားအချို့အတွက် တစ်ပတ်တွင် နှစ်ရက် လုပ်ငန်းနှင့်ဆိုင်သောသင်တန်းကျောင်းတက်ရန် စီစဉ်ပေးခဲ့သည်။ တစ်နေ့တွင် သင်တန်းကျောင်းသည် ခါတိုင်းကျောင်းဆင်းချိန်ထက်စော၍ ပြီးသွားသည်။ ကုမ္ပဏီစည်းကမ်းအရ သင်တန်းသားများသည် တစ်နေ့တာ၏ကျန်အချိန်ပိုင်းတွင် မိမိတို့အလုပ်လုပ်သည့်နေရာသို့ ပြန်သွားရမည်ဖြစ်သည်။ သို့သော် မန်ဖရက်မှလွဲ၍ ကျန်သင်တန်းသားအားလုံးသည် အလုပ်သို့ပြန်မည့်အစား လျှောက်လည်ကြသည်။ သင်တန်းသားများကို တာဝန်ယူကြည့်ရှုသော ကုမ္ပဏီအမှုဆောင်သည် အလုပ်လုပ်သည့်နေရာသို့ အမှတ်တမဲ့ဝင်လာခဲ့သည်။ မန်ဖရက်ကို တွေ့သောအခါ “ဒီနေ့ ဘာဖြစ်လို့ သင်တန်းမတက်တာလဲ။ တခြားသင်တန်းသားတွေရော ဘယ်မှာလဲ” ဟု မေးသည်။ မန်ဖရက် မည်သို့ပြန်ပြောသင့်သနည်း။
မန်ဖရက်ဖြေရခက်နေပြီ။ အမှန်အတိုင်းပြောသင့်သလော သို့မဟုတ် သူ့သင်တန်းဖော်များကို ကာကွယ်ပေးသည့်အနေဖြင့် အမှန်အတိုင်းမပြောဘဲ နေသင့်သလော။ အမှန်အတိုင်းဖွင့်ပြောမည်ဆိုပါက အခြားသူများအတွက် ပြဿနာဖြစ်နိုင်ပြီး သူလည်း အမုန်းခံရမည်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် လိမ်လည်ပြောဆို၍ ရမည်လော။ သင်ဆိုလျှင် မည်သို့ပြုလုပ်မည်နည်း။ မန်ဖရက် မည်သို့ပြန်ပြောသည်ကို နောက်ပိုင်းတွင် သိရမည်ဖြစ်သည်၊ သို့သော် ယခု ဦးစွာ ကျွန်ုပ်တို့သည် မှန်ရာကိုပြောသင့်၊ မပြောသင့်နှင့်ပတ်သက်၍ ဆုံးဖြတ်ရာတွင် မည်သည့်အရာပါဝင်သည်ကို သုံးသပ်ကြည့်ကြစို့။
မှန်ကန်ရာနှင့် မမှန်ကန်ရာ—မူလယှဉ်ပြိုင်မှု
လူ့သမိုင်းအစတွင် အရာအားလုံးသည် အမှန်တရားပေါ်တွင် အခြေပြုထားသည်။ ဖြစ်ရပ်မှန်များမှ တိမ်းစောင်းသွားခြင်း၊ အမှန်တရားကို မှားယွင်းစွာသရုပ်ဖော်ခြင်း ဟူ၍မရှိခဲ့။ ဖန်ဆင်းရှင် ယေဟောဝါသည် ‘အမှန်တရား၏ ဘုရားသခင်’ ဖြစ်သည်။ ကိုယ်တော်၏နှုတ်မြွက်စကားတော်သည် အမှန်တရားဖြစ်၏။ ကိုယ်တော်သည် မုသာမသုံးနိုင်သောအရှင်ဖြစ်သည့်အပြင် မုသာနှင့် မုသာပြောသူများကို ပြစ်တင်ရှုတ်ချထားတော်မူသည်။—ဆာလံ ၃၁:၅၊ ကဘ; ယောဟန် ၁၇:၁၇; တိတု ၁:၁။
သို့ဖြစ်လျှင် မမှန်ကန်ရာသည် မည်သို့စတင်ခဲ့သနည်း။ ယေရှုခရစ်က မိမိကိုသတ်ရန်ရှာကြံသော ဆန့်ကျင်သူဘာသာရေးသမားများအား ‘သင်တို့သည် သင်တို့၏အဘတည်းဟူသော နတ်ဆိုးစာတန်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ စာတန်သည် ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌အမှန်တရားမရှိသောကြောင့် အမှန်တရား၌မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏’ ဟု ပြောသောအခါ ခိုင်လုံသောအဖြေကို ပေးခဲ့သည်။ (ယောဟန် ၈:၄၄) ဘုရားသခင်ကို မနာခံရန် ကနဦးလူသားမောင်နှံကို စာတန် လှည့်ဖြားပြီး အပြစ်နှင့်သေခြင်းထဲသို့ ကျရောက်သွားခဲ့သည့် ဧဒင်ဥယျာဉ်က အဖြစ်အပျက်ကို ယေရှု ကိုးကားပြောဆိုနေခြင်းဖြစ်သည်။—ကမ္ဘာဦး ၃:၁-၅; ရောမ ၅:၁၂။
စာတန်သည် လိမ်လည်မှုနှင့် မမှန်ကန်ရာကို စတင်ဖြစ်ပွားစေသော “မုသာ၏အဘ” ဖြစ်ကြောင်း ယေရှု၏စကားများက ရှင်းလင်းစွာဖော်ပြသည်။ အမှန်တွင် စာတန်သည် မမှန်ကန်ရာကို အဓိကထောက်ခံအားပေးနေသူ ဆက်ဖြစ်နေပြီး “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား” သူဖြစ်သည်။ သူသည် ယနေ့ နေရာအနှံ့ရှိ လိမ်လည်လှည့်ဖြားမှုကြောင့် လူသားတို့ခံစားရသောထိခိုက်မှုအတွက် များစွာတာဝန်ရှိသည်။—ဗျာ. ၁၂:၉။
စာတန်အစပြုသည့် မမှန်ကန်ရာနှင့် မှန်ကန်ရာကြားရှိ မူလယှဉ်ပြိုင်မှုသည် ယနေ့အချိန်ထိ ထိန်းမရသောယှဉ်ပြိုင်မှုဖြစ်နေဆဲဖြစ်သည်။ ယင်းသည် လူ့အဖွဲ့အစည်းအားလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်းကို ထိခိုက်လျက်ရှိနေသည်။ လူတစ်ဦး၏အသက်ရှင်နေထိုင်ပုံက သူသည် အမှန် သို့မဟုတ် အမှားဘက်တွင် ရပ်တည်နေကြောင်း တင်ပြသည်။ ဘုရားသခင်ဘက်တွင်ရှိနေသူတို့သည် မိမိတို့၏အသက်တာလမ်းစဉ်ကို ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာအမှန်တရားပေါ်တွင် အခြေပြုထားကြသည်။ ‘လောကသားအပေါင်းတို့သည် စာတန်လက်၌ရှိကြ’ သောကြောင့် အမှန်တရားနည်းလမ်းအတိုင်း မလိုက်လျှောက်သူမည်သူမဆိုသည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စာတန့်လက်ထဲ ကျရောက်သွားကြသည်။—၁ ယောဟန် ၅:၁၉; မဿဲ ၇:၁၃၊ ၁၄။
အဘယ်ကြောင့် လိမ်လည်လိုကြသနည်း
‘လောကသားအပေါင်းသည်’ စာတန်၏လက်ထဲတွင်ရှိသည်ဟူသော အဖြစ်မှန်က များစွာသောလူတို့ အဘယ်ကြောင့် လိမ်လည်ကြသည်ကို နားလည်စေသည်။ သို့သော် ကျွန်ုပ်တို့ဤသို့မေးပေမည်– ‘“မုသာ၏အဘ” စာတန်သည် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့သနည်း။’ ယေဟောဝါသည် ကနဦးလူသားမောင်နှံအပါအဝင် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောကြောင့် ကိုယ်တော်သည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုရထိုက်သူဖြစ်ကြောင်း စာတန်သိထား၏။ သို့သော် စာတန်သည် မိမိမရထိုက်သော မြင့်မြတ်၊ ထူးကဲသော ယင်းရာထူးကို ရလိုခဲ့သည်။ လောဘစိတ်နှင့် တစ်ကိုယ်ကောင်းဆန်သည့်ရည်မှန်းချက်ကြောင့် သူသည် ယေဟောဝါ၏ရာထူးကို လုယူရန် ကြံစည်ခဲ့သည်။ ယင်းအကြံအထမြောက်စေရန် စာတန်သည် မုသာနှင့် လိမ်လည်လှည့်ဖြားမှုကို အသုံးပြုလေတော့သည်။—၁ တိမောသေ ၃:၆။
ယနေ့အချိန်တွင်ကော အသို့နည်း။ လောဘစိတ်နှင့် တစ်ကိုယ်ကောင်းဆန်သည့်ရည်မှန်းချက်များသည် လူအများကို လိမ်လည်စေသည့် အဓိကလှုံ့ဆော်ရာများဖြစ်နေဆဲ ဖြစ်သည်ကို သင်သဘောမတူပေလော။ လိုဘမပြည့်နိုင်သော စီးပွားရေးစနစ်၊ ယိုယွင်းသောသားရဲအုပ်စု၊ မှားယွင်းသောဝတ်ပြုရေးတို့တွင် လှည့်စားခြင်း၊ မဟုတ်မမှန်ခြင်း၊ ကလိမ်ဉာဏ်ဆင်ခြင်းနှင့် လိမ်လည်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်နည်း။ လူတို့သည် မိမိတို့မရထိုက်သော ထွန်းပေါက်အောင်မြင်ခြင်း သို့မဟုတ် ကြွယ်ဝချမ်းသာခြင်း၊ ဩဇာအာဏာ သို့မဟုတ် ရာထူးတို့ကို လောဘကြီးစွာ၊ ရည်မှန်းချက်ကြီးကြီးဖြင့် ရလိုကြသောကြောင့် ထိုသို့ဖြစ်လေ့ရှိသည်မဟုတ်ပေလော။ ပညာရှိအုပ်စိုးရှင်ဖြစ်သော ရှေးဣသရေလဘုရင် ရှောလမုန်က ဤသို့သတိပေးထားသည်– “ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား အပြစ်နှင့်မလွတ်ရ။” (သု. ၂၈:၂၀) ထို့ပြင် တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” (၁ တိမောသေ ၆:၁၀) အာဏာ သို့မဟုတ် ရာထူးရလိုသည့် ပြင်းထန်သောဆန္ဒနှင့်ပတ်သက်၍လည်း ထိုသို့ပင်ပြောနိုင်သည်။
လိမ်လည်ရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ကြောက်ရွံ့ခြင်း—ဖြစ်လာမည့်အကျိုးဆက်များ သို့မဟုတ် အမှန်အတိုင်းပြောပါက အခြားသူတို့ မည်သို့ထင်သွားမည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သည်။ လူတို့သည် အခြားသူတို့၏နှစ်သက်မှု သို့မဟုတ် လက်ခံမှုရလိုသည့်ဆန္ဒရှိသည်မှာ သဘာဝပင်။ သို့သော် ဤဆန္ဒက လူတို့အား သေးငယ်သောကိစ္စတွင်ပင် အမှန်အတိုင်းမဟုတ်ဘဲ အားနည်းချက်များကို ဖုံးကွယ်ထားရန်၊ မနှစ်မြို့ဖွယ်အသေးစိတ်အချက်အလက်များကို မဖော်ပြရန် သို့မဟုတ် ကောင်းသောအချက်ကိုသာ ဖော်ပြရန် တွန်းပို့ပေးနိုင်သည်။ သင့်လျော်စွာပင် ရှောလမုန်ဤသို့ရေးသားခဲ့သည်– ‘လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားသခင်ကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။’—သု. ၂၉:၂၅။
အမှန်တရား၏ဘုရားသခင်အပေါ် တည်ကြည်ခြင်း
ကုမ္ပဏီအမှုဆောင်က မန်ဖရက်အား ဖြစ်ပုံကိုရှင်းပြခိုင်းသောအခါ သူမည်သို့ပြောခဲ့သနည်း။ မန်ဖရက်သည် အမှန်အတိုင်းဖွင့်ပြောခဲ့သည်။ သူက “ကျွန်တော်တို့ကို ဆရာက စောစောပြန်ခွင့်ပြုလိုက်တယ်။ ဒါကြောင့် ကျွန်တော် အလုပ်ကို ပြန်လာခဲ့တယ်။ တခြားသူတွေအတွက်တော့ ကျွန်တော်မပြောနိုင်ဘူး။ သူတို့ကို ဆရာကိုယ်တိုင် မေးကြည့်ပါ။”
မန်ဖရက်သည် ပါးနပ်စွာလှည့်စားဖြေဆိုခြင်းဖြင့် မိမိကို အခြားသင်တန်းသားများနှစ်သက်ရန် ပြုလုပ်နိုင်သည်။ သို့သော် အမှန်တရား
ဘက်တည်ကြည်စွာရပ်တည်ရန် သူ့တွင် အကြောင်းပြချက်ကောင်းများရှိသည်။ မန်ဖရက်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည်။ သူ၏ရိုးသားမှုက သူ၏ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းနိုင်ခဲ့သည်။ ယင်းက သူ့အလုပ်ရှင်၏ယုံကြည်စိတ်ချမှုကိုလည်း ရရှိစေ၏။ သူ့အားလေ့ကျင့်ပေးရာတွင် သင်တန်းသားများ သာမန်ဆိုလျှင် လုပ်ခွင့်မရသော လက်ဝတ်ရတနာဌာနတွင် မန်ဖရက်အား တာဝန်ခန့်အပ်ခဲ့သည်။ နောက်ပိုင်း ၁၅ နှစ်အကြာတွင် မန်ဖရက်သည် ကုမ္ပဏီတွင် တာဝန်ရှိအနေအထားသို့ ရာထူးတိုးမြှင့်ခံရသောအခါ ထိုကုမ္ပဏီအမှုဆောင်က သူ့အားဖုန်းဆက်ကာ ဝမ်းသာဂုဏ်ယူကြောင်းနှင့် အမှန်တရားဘက်ရပ်တည်ခဲ့သည့် ယင်းအဖြစ်အပျက်ကို ပြန်ပြောခဲ့သည်။ယေဟောဝါသည် အမှန်တရား၏ဘုရားသခင်ဖြစ်သောကြောင့် ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရလိုသူမည်သူမဆိုသည် “မုသာစကားကိုပယ်ရှား၍ မှန်သောစကားကိုသာ . . . ပြောကြ” ရမည်ဖြစ်သည်။ ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် အမှန်တရားကို ချစ်သင့်၏။ ပညာရှင်တစ်ဦး ဤသို့ရေးသားခဲ့သည်– ‘တည်ကြည်သောသက်သေသည် မုသာမသုံးတတ်။’ သို့ဆိုလျှင် မုသာဟူသည် အဘယ်နည်း။—ဧဖက် ၄:၂၅; သု. ၁၄:၅။
မုသာဟူသည် အဘယ်နည်း
မုသာမှန်သမျှသည် မမှန်သောဖော်ပြချက်ဖြစ်၏။ သို့သော် မမှန်သောဖော်ပြချက်တိုင်းကို မုသာဟု မဆိုနိုင်ပါ။ အဘယ်ကြောင့် ထိုသို့မဆိုနိုင်သနည်း။ အဘိဓာန်တစ်အုပ်က မုသာကို “လှည့်ဖြားရန်ရည်ရွယ်ချက်ဖြင့် စကားပြောသူက မိမိသိထား သို့မဟုတ် ယုံကြည်ထားသောတစ်စုံတစ်ရာကို မဟုတ်မမှန်ဖြစ်အောင် အခိုင်အမာပြောဆိုခြင်းဖြစ်သည်” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မှန်ပါသည်၊ မုသာပြောခြင်းတွင် တစ်ဦးတစ်ယောက်ကို လှည့်ဖြားရန် ရည်ရွယ်ချက်ပါသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်ကို အချက်အလက်မှန်မပေးခြင်းကဲ့သို့သော မရည်ရွယ်ဘဲမမှန်မကန်ပြောဆိုခြင်းသည် မုသာပြောခြင်းနှင့်မတူပေ။
ထို့ပြင် သတင်းအချက်အလက်သိချင်သူသည် သတင်းအစုံအလင်သိသင့်သူဖြစ်သည်၊ မဖြစ်သည်ကိုလည်း ထည့်စဉ်းစားရန် လို၏။ ဥပမာ၊ မန်ဖရက်သည် သူအမေးခံရသည့်ထိုမေးခွန်းကိုပင် အခြားကုမ္ပဏီမှအမှုဆောင်က မေးသည် ဆိုပါစို့။ မန်ဖရက်သည် ထိုမေးမြန်းသူအား ဖြစ်ကြောင်းကုန်စင်ပြောပြရန် တာဝန်ရှိသလော။ တာဝန်မရှိ။ ထိုကုမ္ပဏီအမှုဆောင်သည် ထိုသတင်းအချက်အလက်ကို သိခွင့်ရှိသူမဟုတ်သောကြောင့် မန်ဖရက်တွင် သတင်းအချက်အလက်ကို ပြောပြရန် တာဝန်မရှိပါ။ ဤအခြေအနေမျိုး၌ပင် မုသာပြောမည်ဆိုပါကလည်း မှားပေလိမ့်မည်။
ယင်းအခြေအနေမျိုးနှင့်ပတ်သက်၍ ယေရှုခရစ် အဘယ်ပုံသက်သေထားတော်မူခဲ့သနည်း။ တစ်ချိန်တွင် မိမိခရီးစဉ်ကို စိတ်ဝင်စားကြသော မယုံကြည်သူအချို့နှင့် ယေရှုစကားပြောဆိုခဲ့သည်။ သူတို့က ကိုယ်တော်အား “ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ” ဟု အကြံပေးခဲ့ကြသည်။ ယေရှု၏တုံ့ပြန်ပုံကား အဘယ်နည်း။ “ထိုပွဲ [ယေရုရှလင်သို့] သို့သင်တို့သွားကြလော့။ ငါမသွားသေး။ ငါ့အချိန်မပြည့်စုံသေး။” ထို့နောက် မကြာမီတွင် ယေရှုသည် ပွဲတော်ကျင်းပရာ ယေရုရှလင်မြို့သို့ သွားခဲ့သည်။ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသို့ဖြေကြားတော်မူသနည်း။ သူတို့သည် ယေရှုအဘယ်နေရာတွင်ရှိမည်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်အတိအကျကို သိသင့်သူများမဟုတ်ပါ။ ထို့ကြောင့် ယေရှုသည် မမှန်မကန်ပြောခြင်းမဟုတ်သော်လည်း မိမိ သို့မဟုတ် မိမိနောက်လိုက်များကို အန္တရာယ်မပြုနိုင်ရန် သူတို့အား အပြည့်အစုံမဖြေကြားခြင်းဖြစ်သည်။ ယင်းသည် မုသာပြောခြင်းမဟုတ်။ အကြောင်းမှာ ခရစ်တော်နှင့်ပတ်သက်၍ တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်– ‘ထိုသခင်သည် မကောင်းမှုကိုမပြု။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။’—ယောဟန် ၇:၁-၁၃; ၁ ပေတရု ၂:၂၂။
ပေတရုကိုယ်တိုင်ကော အသို့နည်း။ ယေရှုအဖမ်းခံရသည့်ညတွင် မဿဲ ၂၆:၆၉-၇၅; တမန်တော် ၄:၁၈-၂၀; ၅:၂၇-၃၂; ယာကုပ် ၃:၂။
ပေတရုသည် ယေရှုကို ငြင်းပယ်ပြီး သုံးကြိမ်တိုင်တိုင် မုသာပြောခဲ့သည်မဟုတ်လော။ မှန်ပါသည်၊ ပေတရုသည် လူကိုကြောက်ရွံ့ပြီး မုသာပြောမိခဲ့သည်။ သို့သော် သူသည် ချက်ချင်းပင် “ပြင်းစွာငိုကြွေး” ကာ နောင်တရသောကြောင့် သူ၏အပြစ် ခွင့်လွှတ်ခံခဲ့ရသည်။ ထို့ပြင် သူသည် မိမိအမှားမှ သင်ခန်းစာယူခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် လူအများရှေ့မှောက်တွင် ယေရှုအကြောင်းဟောပြောခဲ့ပြီး ယေရုရှလင်မြို့ရှိ ဂျူးအာဏာပိုင်များ၏ခြိမ်းခြောက်မှုခံရသော်လည်း မကြောက်မရွံ့ဘဲ ဆက်၍ဟောပြောခဲ့သည်။ ပေတရုခေတ္တသတိလစ်သွားပြီး အလျင်အမြန်ပြန်ကောင်းလာခြင်းက ခေတ္တအားနည်းချိန်တွင် အလွယ်တကူဖိစီးမှုခံရနိုင်ပြီး စကားအားဖြင့်သော်လည်းကောင်း၊ အပြုအမူအားဖြင့်သော်လည်းကောင်း ခြေချော်မိတတ်သော ကျွန်ုပ်တို့အားလုံးအတွက် အားပေးမှုအမှန်ဖြစ်သင့်သည်။—အမှန်တရားသည် အစဉ်တည်ရှိလိမ့်မည်
နယပုံပြင် ၁၂:၁၉ [ကဘ] ကဤသို့ရှင်းပြသည်– ‘မှန်သောစကားကိုပြောသောနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာလျှာမူကား ခဏသာတည်၏။’ မှန်ပါသည်၊ မှန်ကန်စွာပြောဆိုသောစကားသည် တည်မြဲ၏။ လူတို့သည် မှန်သောစကားကိုပြောဆိုပြီး ယင်းနှင့်အညီပြုမူကြသောအခါ အချင်းချင်းဆက်ဆံရေးပိုတည်မြဲသည့်ပြင် ကျေနပ်ဖွယ်လည်းကောင်း၏။ အမှန်မှာ မှန်ရာကိုပြောဆိုခြင်းသည် လက်ငင်းအကျိုးကျေးဇူးများ ရရှိစေသည်။ ယင်းတွင် ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ရှိခြင်း၊ နာမည်ကောင်းရခြင်း၊ အိမ်ထောင်၊ မိသားစု၊ မိတ်ဆွေများနှင့် စီးပွားရေးလုပ်ငန်းတွင်ပင် ခိုင်မြဲသောဆက်ဆံရေးရှိခြင်းတို့ပါဝင်သည်။
အခြားတစ်ဖက်တွင်မူ လိမ်လည်ပြောဆိုခြင်းသည် နောက်ဆုံးတွင် ဖော်ထုတ်ခံရလေ့ရှိသည်။ မဟုတ်မမှန်ပြောဆိုသည့်စကားတစ်ခွန်းက ခဏတစ်ဖြုတ်လှည့်ဖြားနိုင်သည်၊ သို့သော် မမှန်မကန်ပြောဆိုခြင်းသည် ကြာရှည်မတည်ရှိနိုင်ပေ။ ထို့ပြင် အမှန်တရား၏ဘုရားသခင်ယေဟောဝါသည် မမှန်ကန်ရာနှင့် မုသာတိုးပွားစေသူများအပေါ် သည်းခံသည့်အချိန်ကို ကန့်သတ်ထားတော်မူသည်။ ယေဟောဝါသည် လောကတစ်ခုလုံးကို လှည့်ဖြားသူ မုသာ၏အဘဖြစ်သော စာတန်နှင့် သူ၏သြဇာကို ဖျက်သိမ်းလိမ့်မည်ဟု သမ္မာကျမ်းစာကတိပြုထားသည်။ ယေဟောဝါသည် မကြာမီတွင် မုသာမှန်သမျှနှင့် လိမ်လည်ပြောဆိုသူအားလုံးကို အဆုံးတိုင်စေတော့မည်။—ဗျာ. ၂၁:၈။
နောက်ဆုံးတွင် ‘မှန်သောစကားကိုပြောသောနှုတ်ခမ်း’ သည် အစဉ်အမြဲတည်သောအခါ မည်မျှစိတ်သက်သာမှုဖြစ်မည်တကား!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အမည်ရင်းမဟုတ်ပါ။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
လောဘစိတ်နှင့် တစ်ကိုယ်ကောင်းဆန်သည့်ရည်မှန်းချက်တို့သည် လူအများကိုလိမ်လည်စေရန်လှုံ့ဆော်ပေး
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
မုသာမှန်သမျှသည် မမှန်သောဖော်ပြချက်ဖြစ်၏။ သို့သော် မမှန်သောဖော်ပြချက်တိုင်းကို မုသာဟု မဆိုနိုင်ပါ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ခရစ်တော်ကို ပေတရုငြင်းပယ်သည့်အဖြစ်မှကျွန်ုပ်တို့အဘယ်သင်ခန်းစာရသနည်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မှန်သောစကားကိုပြောဆိုခြင်းက တည်မြဲပြီးကျေနပ်ဖွယ်ကောင်းသောဆက်ဆံရေးကို ဖြစ်စေသည်