အာမုတ် သဖန်းသီး ဆွတ်သောသူသို့မဟုတ် ဖောက်သောသူလော
အာမုတ် သဖန်းသီး ဆွတ်သောသူသို့မဟုတ် ဖောက်သောသူလော
လွန်ခဲ့သော ဘီစီ ကိုးရာစုတွင် နွားရုပ်ကိုးကွယ်သောယဇ်ပုရောဟိတ်တစ်ဦးဖြစ်သူ ဆိုးသွမ်းသည့်အာမဇိက ပရောဖက်အာမုတ်အား ဣသရေလနိုင်ငံတွင် ပရောဖက်မပြုရန် အမိန့်ပေးခဲ့သည်။ အာမုတ်သည် လက်မခံဘဲ ဤသို့ပြောခဲ့သည်– “ငါသည် . . . သိုးထိန်းဖြစ်၍ သဖန်း [သဖန်းပိုးစာ] သီးများကို ဖောက်သောသူတစ်ဦးဖြစ်၏။ ယေဟောဝါသည် ငါ့ကို သိုးကျောင်းနေရာမှခေါ်ယူပြီး ‘ငါ့လူမျိုးဣသရေလလူတို့ထံသို့ သွား၍ ပရောဖက်ပြုလော့’ ဟု စေခိုင်းတော်မူ၏။” (အာမုတ် ၇:၁၄၊ ၁၅၊ ကဘ) မှန်ပါသည်၊ ယေဟောဝါသည် အာမုတ်ကို ပရောဖက်တစ်ဦးအဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်သည်၊ မိမိသဘောဖြင့် ပရောဖက်ပြုနေခြင်းမဟုတ်။ သို့သော် အာမုတ်က သူသည် သဖန်းပိုးစာသီးများကို “ဖောက်သောသူ” ဖြစ်သည်ဟုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။
ထိုသို့ပြန်ဆိုထားသော ဟေဗြဲအသုံးအနှုန်းသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် ဤတစ်ကြိမ်၌သာ ပါရှိသည်။ အခြားဘာသာပြန်ကျမ်းများတွင် သဖန်းပိုးစာသီး “ဖောက်သောသူ” ဟု ပြန်ဆိုမည့်အစား “ဆွတ်သောသူ၊” “ပြုစုနေသူ၊” “စောင့်သောသူ” သို့မဟုတ် “ခြံစောင့်” ဟူသော အသုံးအနှုန်းများဖြင့် ပြန်ဆိုထားသည်။ သို့သော် Economic Botany ဂျာနယ်က ဤအသုံးအနှုန်းကို “ဖောက်သောသူ” ဟူ၍ ပြန်ဆိုလျှင် ပို၍သင့်လျော်လိမ့်မည်။ အကြောင်းမှာ ဤစကားလုံးက သဖန်းပိုးစာသီးပြုစုသူ၏ အထူးလုပ်ဆောင်ချက်ကို ဖော်ညွှန်းသောကြောင့်ဖြစ်သည်ဟု ဆိုသည်။
သဖန်းပိုးစာသီးများကို အနည်းငယ်အက်ကွဲစေခြင်းဖြစ်သော ဤဖောက်ရသောအလုပ်သည် အစောပိုင်းခေတ်မှစ၍ အီဂျစ်နှင့် စိုက်ပရပ်စ်တွင် အများသူငါသိသောအလုပ်ဖြစ်သည်။ သဖန်းသီးဖောက်သောအလုပ်ကို မျက်မှောက်ခေတ်အစ္စရေးနိုင်ငံတွင် မလုပ်ကြတော့ချေ။ အကြောင်းမှာ ထိုနိုင်ငံတွင် အခြားသဖန်းပင်မျိုးကွဲအမျိုးမျိုး စိုက်ပျိုးကြသောကြောင့် ဖြစ်သည်။ သို့သော် ထိုအချိန်က ဣသရေလနိုင်ငံတွင် စိုက်ပျိုးသောသဖန်းပိုးစာပင်များသည် အီဂျစ်မှလာသော အမျိုးအစားမျိုးစုံဖြစ်သောကြောင့် အာမုတ်အချိန်တွင် သဖန်းသီးဖောက်သောအလုပ်ကို ဣသရေလလူတို့ လုပ်ခဲ့ကြခြင်းဖြစ်သည်။
သဖန်းသီးကိုဖောက်ခြင်းဖြင့် သဖန်းသီးများသည် ရေကိုစုပ်ယူသောကြောင့် အရည်ရွှမ်းလာပုံရသည်။ ထိုသို့အသီးဖောက်ခြင်းက အသီးမှည့်မြန်စေသည့် အက်သလင်းဓာတ်ကို ပိုထုတ်စေသောကြောင့် အသီးများသည် အရွယ်အစားပိုကြီးပြီး ပို၍ချိုမြိန်၏။ ထို့ပြင် အသီးများအမှည့်မြန်သောကြောင့် ကပ်ပါးကောင်ဖြစ်သည့်နကျယ်ကောင်များ၏ ဖျက်ဆီးခြင်းဒဏ် မခံရတော့ပေ။
သိုးကျောင်းသားနှင့် သဖန်းသီးဖောက်သောသူတစ်ဦးအဖြစ် နိမ့်ကျသည့်နောက်ခံမှလာသော်လည်း အာမုတ်သည် မိမိရန်သူများ၏ ခြိမ်းခြောက်မှုကိုမခံခဲ့ချေ။ ယင်းအစား သူသည် ဣသရေလနိုင်ငံအပေါ်ကျရောက်မည့် ယေဟောဝါ၏တရားစီရင်ခြင်းသတင်းကို ရဲရင့်စွာကြွေးကြော်ခဲ့သည်။ လူတို့မကြိုက်သောသတင်းစကားကို ထပ်တူကြွေးကြော်ကြသည့် ယနေ့ ဘုရားသခင့်ကျေးကျွန်များအတွက် အလွန်ကောင်းသော ပုံသက်သေပါတကား!—မဿဲ ၅:၁၁၊ ၁၂; ၁၀:၂၂။