မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇနီးသည်တို့—သင်တို့၏လင်ယောက်ျားကို အလွန်ရိုသေကြလော့

ဇနီးသည်တို့—သင်တို့၏လင်ယောက်ျားကို အလွန်ရိုသေကြလော့

ဇနီးသည်တို့—⁠သင်တို့၏လင်ယောက်ျားကို အလွန်ရိုသေကြလော့

“အချင်းမိန်းမတို့ . . . ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။”—⁠ဧဖက် ၅:⁠၂၂

၁။ လင်ယောက်ျားကို ရိုသေလေးစားရန် အဘယ်ကြောင့် လွယ်ကူလေ့မရှိသနည်း။

နိုင်ငံများစွာတွင် မောင်နှံတစ်စုံ လက်ထပ်ထိမ်းမြားသောအခါ သတို့သမီးသည် လင်ယောက်ျားကို နက်ရှိုင်းစွာလေးစားပါမည်ဟု ကတိသစ္စာပြုရ၏။ သို့သော် ထိုကတိသစ္စာအတိုင်းနေထိုင်ရန် လွယ်,မလွယ်ဆိုသည်မှာ ဇနီးဖြစ်သူကို လင်ယောက်ျား၏ဆက်ဆံပုံအပေါ်တွင် မူတည်သည်။ သို့တိုင် အိမ်ထောင်မင်္ဂလာ၏မူလအစမှာ အလွန်ကောင်းခဲ့သည်။ ဘုရားသခင်သည် အာဒံ၏နံရိုးဖြင့် မိန်းမကိုဖန်ဆင်းခဲ့သည်။ ထို့ကြောင့် အာဒံက “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏” ဟုဆိုခဲ့သည်။—⁠ကမ္ဘာဦး ၂:၁၉-၂၃

၂။ လွန်ခဲ့သောနှစ်များအတွင်း အိမ်ထောင်ရေးအပေါ် မိန်းမများ၏သဘောထား မည်သို့ပြောင်းလဲသွားသနည်း။

ထိုသို့အစကောင်းခဲ့သော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ မိန်းမများသည် ယောက်ျားတို့ဩဇာအောက်မှ ရုန်းထွက်ရန် ကြိုးစားသည့်အနေဖြင့် အမျိုးသမီးလွတ်လပ်ရေးလှုပ်ရှားမှုတစ်ရပ် စတင်ခဲ့သည်။ ထိုအချိန်က မိသားစုကိုစွန့်ပစ်သော လင်ယောက်ျားများနှင့် ဇနီးများ၏အချိုးမှာ ၃၀၀ အချိုး ၁ သာရှိသော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် ၁၀၀ အချိုး ၁ အထိ မြင့်တက်သွားသည်။ ယနေ့ဆိုလျှင် မိန်းမများသည် ယောက်ျားများနှင့်တန်းတူ ဆဲဆိုသည်၊ အရက်၊ ဆေးလိပ်သောက်ပြီး အကျင့်ပျက်ပြားကြသည်။ ယင်းကြောင့် မိန်းမများ ပျော်ရွှင်နေကြသလော။ မပျော်ရွှင်ကြပါ။ နိုင်ငံအချို့တွင် အိမ်ထောင်ထက်ဝက်ကျော်သည် ကွာရှင်းပြတ်စဲခြင်းဖြင့် ဇာတ်သိမ်းကြသည်။ အိမ်ထောင်ရေးသာယာစေရန် အမျိုးသမီးအချို့၏ကြိုးစားမှုသည် အခြေအနေပိုကောင်းစေသလော၊ ပိုဆိုးစေသလော။—⁠၂ တိမောသေ ၃:၁-၅

၃။ အိမ်ထောင်ရေးကိုထိခိုက်နေသော အရင်းခံပြဿနာကား အဘယ်နည်း။

အရင်းခံပြဿနာကား အဘယ်နည်း။ ဧဒင်ဥယျာဉ်တွင် ဧဝသည် “စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော” ပုန်ကန်သူကောင်းကင်တမန်တစ်ပါး၏ လှည့်ဖြားမှုခံရချိန်မှ ပြဿနာစတင်ခဲ့သည်ဟု ဆိုနိုင်သည်။ (ဗျာ. ၁၂:၉; ၁ တိမောသေ ၂:၁၃၊ ၁၄) စာတန်သည် ဘုရားသခင်၏မိန့်ဆိုချက်များကို ပျက်ပြားစေခဲ့သည်။ ဥပမာ၊ အိမ်ထောင်ရေးကို ချုပ်ချယ်လွန်းပြီး ကြမ်းတမ်းခက်ထန်ပုံပေါက်စေရန် စာတန်ပြုလုပ်ခဲ့၏။ သူအုပ်စိုးနေသောလောကရှိ သတင်းမီဒီယာများမှတစ်ဆင့် ဝါဒဖြန့်မှုက ဘုရားသခင့်မိန့်ဆိုချက်များကို တစ်ဖက်စောင်းနင်းဖြစ်ကာ ခေတ်နောက်ကျပုံပေါက်စေသည်။ (၂ ကောရိန္သု ၄:၃၊ ၄) သို့သော် အိမ်ထောင်တွင် မိန်းမတစ်ဦး၏အခန်းကဏ္ဍအကြောင်း ဘုရားသခင်မိန့်ဆိုရာကို စိတ်ရင်းမှန်ဖြင့် ဆန်းစစ်ကြည့်မည်ဆိုလျှင် ယင်းသည် မည်မျှပညာရှိရာရောက်ပြီး လက်တွေ့ကျကြောင်း သိရှိလာပေမည်။

အိမ်ထောင်ပြုမည့်သူများ သတိချပ်စရာ

၄၊ ၅။ (က) အိမ်ထောင်ပြုရန်ရည်ရွယ်နေသည့် အမျိုးသမီးများ အဘယ်ကြောင့်သတိထားဖို့လိုသနည်း။ (ခ) အမျိုးသမီးတစ်ဦး အိမ်ထောင်မပြုမီ အဘယ်အရာလုပ်ဆောင်သင့်သနည်း။

စာတန်အုပ်စိုးနေသော လောကတွင် အောင်မြင်ပျော်ရွှင်သော အိမ်ထောင်ပင်လျှင် “ညှဉ်းဆဲခြင်း” ခံရမည်ဟု သမ္မာကျမ်းစာသတိပေးထား၏။ ထို့ကြောင့် အိမ်ထောင်မင်္ဂလာကို ဘုရားသခင်အစပြုခဲ့သော်လည်း အိမ်ထောင်ပြုမည့်သူများကို သမ္မာကျမ်းစာက သတိပေးထားခြင်းဖြစ်သည်။ လင်ယောက်ျား ဆုံးပါးသွား၍ နောက်အိမ်ထောင်ပြုခွင့်ရှိသည့် မိန်းမတစ်ဦးနှင့်ပတ်သက်ပြီး ကျမ်းရေးသူတစ်ဦး ဤသို့ရေးခဲ့၏– “အခွင့်ရှိသော်လည်း အခြားသောသူ၏မယားမဖြစ်ဘဲနေလျှင် သာ၍မင်္ဂလာရှိသည်။” ယေရှုကလည်း တစ်ကိုယ်ရေဘဝ “ခံယူနိုင်သော” သူများကို ချီးမွမ်းခဲ့သည်။ သို့သော် အိမ်ထောင်ပြုမည်ဆိုလျှင် “သခင်ဘုရား၌သာ” ထိမ်းမြားသင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားသူကိုသာ ရွေးချယ်သင့်သည်။—⁠၁ ကောရိန္သု ၇:၂၈၊ ၃၆-၄၀; မဿဲ ၁၉:၁၀-၁၂

မိန်းမတစ်ဦးသည် မိမိလက်ထပ်မည့်သူကို အထူးဂရုစိုက်ရွေးချယ်သင့်သည့် အကြောင်းရင်းမှာ “လင်ရှိသောမိန်းမသည် . . . ပညတ်တရားအားဖြင့် လင်၌ချည်နှောင်လျက်ရှိ၏” ဟုကျမ်းစာသတိပေးထားသောကြောင့်ဖြစ်၏။ လင်ယောက်ျားသေဆုံးမှသာ သို့မဟုတ် ယောက်ျားဖောက်ပြန်သောကြောင့်  ကွာရှင်းလိုက်မှသာ သူ၏ “တရားနှင့်လွတ်” သည်။ (ရောမ ၇:၂၊ ၃) မြင်မြင်ချင်းအချစ်ဟူသည် ရင်ဖိုကြည်နူးစေသော်လည်း ပျော်ရွှင်သောအိမ်ထောင်အတွက် အုတ်မြစ်ကောင်းမဟုတ်ချေ။  ထို့ကြောင့် တစ်ကိုယ်ရေအမျိုးသမီးတစ်ဦးအနေနှင့် ‘ဒီယောက်ျားရဲ့ပညတ်တရားကို နာခံရမယ်ဆိုတဲ့ အစီအစဉ်ကို ငါလက်ခံဖို့ လိုလိုလားလားရှိရဲ့လား’ ဟုကိုယ့်ကိုယ်ကို မေးဖို့လိုသည်။ ယင်းကို အိမ်ထောင်ပြုပြီးမှမဟုတ်ဘဲ အိမ်ထောင်မပြုမီကပင် အချိန်ယူသုံးသပ်သင့်သည်။

၆။ ယနေ့ မိန်းမအများစုသည် အဘယ်ဆုံးဖြတ်ချက် ချနိုင်ကြသနည်း။ ယင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

ယနေ့ နိုင်ငံများစွာတွင် မိန်းမတစ်ဦးသည် အိမ်ထောင်ပြုရန်ကမ်းလှမ်းချက်ကို လက်ခံနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။ သို့တိုင် အိမ်ထောင်ရေးမှ ရရှိနိုင်ဖွယ်ရှိသော ရင်းနှီးမှုနှင့်မေတ္တာကို လိုချင်စိတ်ပြင်းပြနိုင်သောကြောင့် အိမ်ထောင်ဖက်ကို ပညာရှိရှိရွေးချယ်ရန် အလွန်ခက်ခဲနိုင်သည်။ စာရေးဆရာတစ်ဦး ဤသို့ဖော်ပြ၏– “အိမ်ထောင်ပြုရန်ဖြစ်စေ၊ တောင်တက်ရန်ဖြစ်စေ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန်ဆန္ဒပြင်းပြလေ အခြေအနေမှန်ကို မဆန်းစစ်ဘဲ ကျွန်ုပ်တို့အကြိုက်တွေ့သည့်အချက်များကိုသာ အာရုံစိုက်လေဖြစ်သည်။” တောင်တက်သမားတစ်ဦးသည် မဆင်မခြင်ဆုံးဖြတ်ချက်ချခြင်းဖြင့် အသက်ဆုံးရှုံးနိုင်သည့်နည်းတူ အိမ်ထောင်ဖက်ကို ပညာမဲ့စွာရွေးချယ်ခြင်းက အန္တရာယ်ရှိနိုင်သည်။

၇။ အိမ်ထောင်ဖက် ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်ပညာရှိအကြံဉာဏ်ရှိသနည်း။

မိမိအား လက်ထပ်ခွင့်တောင်းသော ယောက်ျားတစ်ဦး၏ပညတ်တရားအောက်ရှိခြင်းတွင် အဘယ်အရာပါဝင်ကြောင်း မိန်းမတစ်ဦး အလေးအနက်သုံးသပ်သင့်သည်။ လွန်ခဲ့သောနှစ်များက အိန္ဒိယနိုင်ငံမှ မိန်းမငယ်တစ်ဦး ဤသို့အသိအမှတ်ပြုခဲ့၏– “မိဘတွေက ကျွန်မတို့ထက် ပိုအသက်ကြီးပြီး ပညာရှိတယ်။ ကျွန်မတို့လို အလွယ်တကူ လှည့်စားခံရမှာမဟုတ်ဘူး။ . . . ကျွန်မတို့ကျတော့ လွယ်လွယ်နဲ့ မှားနိုင်တယ်။” မိဘများနှင့်အခြားသူတို့၏ အကူအညီသည် အရေးကြီး၏။ လူငယ်များအနေနှင့် မိမိတို့ကြင်ဖော်လောင်း၏မိဘများကို သိရှိအောင်ကြိုးစားရန်၊ မိဘများနှင့်မိသားစုဝင်များအပေါ် သူ၏ပြုမူဆက်ဆံပုံကို သေချာအကဲခတ်ရန် အကြီးအကဲတစ်ဦး အကြံပြုသည်။

ယေရှု လက်အောက်ခံခဲ့ပုံ

၈၊ ၉။ (က) ဘုရားသခင်အား လက်အောက်ခံခြင်းကို ယေရှု မည်သို့ရှုမြင်ခဲ့သနည်း။ (ခ) လက်အောက်ခံခြင်းကြောင့် အဘယ်အကျိုးကျေးဇူးများ ခံစားရမည်နည်း။

လက်အောက်ခံရန် ခက်ခဲနိုင်သော်လည်း မိန်းမများသည် ယေရှုနည်းတူ ယင်းကိုဂုဏ်ယူဖွယ်အဖြစ် ရှုမြင်နိုင်သည်။ ဘုရားသခင်အား ယေရှုလက်အောက်ခံခြင်းကြောင့် ဆင်းရဲဝေဒနာခံစားရပြီး နှက်တိုင်၌ကွပ်မျက်ခံရသော်လည်း ထိုသို့လက်အောက်ခံရသည်ကို ကိုယ်တော်ပျော်ရွှင်ခဲ့သည်။ (လုကာ ၂၂:၄၁-၄၄; ဟေဗြဲ ၅:၇၊ ၈; ၁၂:၃) ‘မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်’ ဟုကျမ်းစာဖော်ပြထားသဖြင့် မိန်းမများသည် ယေရှုကို ပုံသက်သေယူနိုင်သည်။ (၁ ကောရိန္သု ၁၁:၃) သို့သော် မိန်းမများသည် အိမ်ထောင်ကျသည့်အခါမှသာ ယောက်ျားများ၏ဦးစီးမှုကို လက်အောက်ခံရမည်မဟုတ်ပါ။

အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ မိန်းမများသည် အသင်းတော်ကိုကြီးကြပ်နေသော အရည်အချင်းရှိယောက်ျားများ၏ဦးစီးမှုကို လက်အောက်ခံသင့်သည်ဟု ကျမ်းစာက ဖော်ပြထားသည်။ (၁ တိမောသေ ၂:၁၂၊ ၁၃; ဟေဗြဲ ၁၃:၁၇) ထိုလမ်းညွှန်ချက်ကို မိန်းမများလိုက်နာသည့်အခါ ဘုရားသခင့်အဖွဲ့အစည်း၏ အစီအစဉ်တွင်ပါဝင်သော ကောင်းကင်တမန်များအတွက် ပုံသက်သေချမှတ်ပေးနေကြသည်။ (၁ ကောရိန္သု ၁၁:၈-၁၀) ထို့ပြင် အသက်ကြီးသော အိမ်ထောင်ရှင်မများသည် ပုံသက်သေကောင်းပြခြင်း၊ အကြံဉာဏ်ကောင်းပေးခြင်းဖြင့် အသက်ပျိုသောမိန်းမတို့အား “ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံသောသူ” ဖြစ်စေခြင်းငှာ သွန်သင်ပေးသည်။—⁠တိတု ၂:၃-၅

၁၀။ လက်အောက်ခံခြင်းနှင့်စပ်လျဉ်း၍ ယေရှု အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။

၁၀ လက်အောက်ခံခြင်း၏တန်ဖိုးကို ယေရှုသိနားလည်ခဲ့သည်။ တစ်ကြိမ်က ယေရှုသည် မိမိတို့အဖို့ အာဏာပိုင်များထံအခွန်ဆောင်ရန် တမန်တော်ပေတရုကိုပြောပြီး ထိုငွေရရှိနိုင်ရန်ပင် ပြုလုပ်ပေးသည်။ နောက်ပိုင်း ပေတရုဤသို့ရေးခဲ့၏– “သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက် . . . လူတို့တွင်စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။” (၁ ပေတရု ၂:၁၃၊ ၁၄; မဿဲ ၁၇:၂၄-၂၇) လက်အောက်ခံခြင်းနှင့်ပတ်သက်၍ ယေရှု၏ထူးခြားသောပုံသက်သေအကြောင်း ကျမ်းစာဤသို့ဆို၏– “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက် . . . အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။”—⁠ဖိလိပ္ပိ ၂:၅-၈

၁၁။ မယုံကြည်သူလင်ယောက်ျားများကိုပင် လက်အောက်ခံရန် ဇနီးများကို ပေတရု အဘယ်ကြောင့်အားပေးခဲ့သနည်း။

၁၁ ကြမ်းတမ်းခက်ထန်ပြီး တရားမမျှတသော လောကအာဏာပိုင်များကိုပင် နာခံရန် ခရစ်ယာန်များကိုအားပေးသည့်အခါ ပေတရု ဤသို့ဖော်ပြ၏– “အကြောင်းမူကား၊ ထိုသို့အလို့ငှာ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) ယေရှုသည် မည်မျှတိုင် ဆင်းရဲဝေဒနာခံစားခဲ့ရကြောင်း၊ မည်သို့ခံနိုင်ရည်ရှိရှိလက်အောက်ခံခဲ့ကြောင်း ဖော်ပြပြီးနောက် မယုံကြည်သူ လင်ယောက်ျားရှိသော ဇနီးများကို ပေတရု ဤသို့တိုက်တွန်း၏– ‘အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ တရားတော်ကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင် ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။’—⁠၁ ပေတရု ၃:၁၊ ၂

၁၂။ ယေရှု၏လက်အောက်ခံခြင်းပုံသက်သေကို တွေ့မြင်ခြင်းကြောင့် အဘယ်အကျိုးရလဒ်များရရှိခဲ့သနည်း။

၁၂ ကဲ့ရဲ့စော်ကားခံရချိန်တွင်  လက်အောက်ခံခြင်းကို အားနည်းချက်အဖြစ် ရှုမြင်ကြပေမည်။ သို့သော် ယေရှု ထိုသို့မရှုမြင်ခဲ့ပေ။ ကိုယ်တော်သည် “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု” ဟု ပေတရုရေးခဲ့၏။ (၁ ပေတရု ၂:၂၃) ယေရှု ဝေဒနာခံစားနေရသည်ကို မြင်တွေ့ခဲ့သူအချို့ တပည့်များဖြစ်လာပြီး ထိုသူတို့တွင် နှက်တိုင်ပေါ်မှဓားပြနှင့် ရောမတပ်မှူးတစ်ဦး ပါဝင်သည်။ (မဿဲ ၂၇:၃၈-၄၄၊ ၅၄; မာကု ၁၅:၃၉; လုကာ ၂၃:၃၉-၄၃) အလားတူ၊ ရိုင်းစိုင်းကြမ်းတမ်းသော မယုံကြည်သူလင်ယောက်ျားများပင် မိမိတို့ဇနီး၏လက်အောက်ခံမှုကို သတိပြုမိပြီးနောက် ခရစ်ယာန်များဖြစ်လာကြမည်ဟု ပေတရုဖော်ပြခြင်းဖြစ်၏။ ယနေ့ ထိုသို့ဖြစ်နေကြောင်း အထင်အရှားတွေ့မြင်နေရသည်။

ခင်ပွန်းများကို ဇနီးသည်တို့ သွေးဆောင်နိုင်ပုံ

၁၃၊ ၁၄။ မယုံကြည်သူခင်ပွန်းများကို လက်အောက်ခံခြင်းဖြင့် မည်သည့်အကျိုးကျေးဇူး ရရှိသနည်း။

၁၃ ယုံကြည်သူဖြစ်လာသော ဇနီးများသည် ခရစ်တော်ကိုတုပခြင်းဖြင့် ခင်ပွန်းများကို မိမိတို့ဘက်ပါလာအောင် သွေးဆောင်နိုင်ခဲ့ကြသည်။ မကြာသေးမီက ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးတစ်ခုတွင် လင်ယောက်ျားတစ်ဦးက သူ၏ဇနီးအကြောင်း ဤသို့ပြောသည်– “ကျွန်တော် သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့တယ်။ ဒါပေမဲ့ သူ ကျွန်တော့်ကို တစ်ခါမှ မလေးမစားမလုပ်ခဲ့ဘူး။ သူ့ရဲ့ယုံကြည်ချက်တွေကို အတင်းမသွတ်သွင်းဘူး။ ကျွန်တော့်ကို ဂရုစိုက်ကြင်နာတယ်။ သူစည်းဝေးပွဲသွားတက်တဲ့အခါ ကျွန်တော့်အတွက် အစားအသောက်တွေပြင်ဆင်ပေးပြီး အိမ်အလုပ်တွေ အပြီးလုပ်ထားတတ်တယ်။ သူ့ရဲ့စိတ်ထားကြောင့် ကျွန်တော်လည်း ကျမ်းစာကို စိတ်ဝင်စားလာတယ်။ ဒါကြောင့် အခု ကျွန်တော် ဒီမှာရောက်နေတာပေါ့။” မှန်ပါသည်၊ ဇနီးဖြစ်သူသည် စကားတစ်ခွန်းမျှမပြောဘဲ အကျင့်အကြံအားဖြင့် သူ့ကိုသွေးဆောင်နိုင်ခဲ့သည်။

၁၄ ပေတရုအလေးပေးဖော်ပြသကဲ့သို့ ဇနီးတစ်ဦး၏အပြောထက် အလုပ်ကသာ ကောင်းကျိုးများဖြစ်စေသည်။ ကျမ်းစာအမှန်တရားကိုလေ့လာပြီး  ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ရန် ဆုံးဖြတ်ထားသော ဇနီးတစ်ဦး၏အဖြစ်က ယင်းကိုဖော်ပြသည်။ သူ၏ခင်ပွန်းက သူ့ကို “အက်ဂ်နာ့စ်၊ ဒီတံခါးကနေ အပြင်ထွက်သွားပြီးရင် လုံးဝပြန်ဝင်မလာနဲ့” ဟုအော်ငေါက်သည်။ သူသည် ထိုတံခါးမှမထွက်ဘဲ နောက်တံခါးတစ်ခုမှ ထွက်သွားသည်။ နောက်တစ်ကြိမ် အစည်းအဝေးသွားတက်ချိန်တွင်မူ “မင်းပြန်လာတဲ့အခါ ငါ့ကိုတွေ့မယ်လို့ မထင်နဲ့” ဟုခြိမ်းခြောက်ပြန်သည်။ ပြောသည့်အတိုင်းပင် သုံးရက်တိုင် အိမ်ပြန်မလာခဲ့ပေ။ ခင်ပွန်းပြန်လာသောအခါ သူက “ရှင် ဘာစားချင်လဲ” ဟုကြင်နာစွာမေးလေသည်။ အက်ဂ်နာ့စ်သည် ယေဟောဝါထံ ဆည်းကပ်ဝတ်ပြုမှုကို လုံးဝအလျှော့မပေးခဲ့ပေ။ နောက်ဆုံးတွင် သူ့ခင်ပွန်း ကျမ်းစာလေ့လာပြီး ဘုရားသခင်ထံဆက်ကပ်အပ်နှံကာ ယခု အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းဆောင်နေသည်။

၁၅။ ခရစ်ယာန်ဇနီးများအတွက် အဘယ် “တန်ဆာဆင်ခြင်း” ကို အကြံပြုထားသနည်း။

၁၅ အထက်ပါဇနီးများသည် တမန်တော်ပေတရု၏အကြံပေးချက်အတိုင်း “တန်ဆာဆင်” ခဲ့ကြသည်။ သို့သော် ‘ဆံပင်ကျစ်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်း’ တို့ကို အလွန်အကျွံအလေးမပေးဘဲ “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူ” ကို တန်ဆာဆင်ခဲ့ကြခြင်းဖြစ်သည်။ ဇနီး၏အသံနေအသံထားနှင့် အပြုအမူသည် စောဒကတက်ခြင်း၊ မရမနေတောင်းဆိုခြင်းဖြစ်မည့်အစား နှစ်လို့ဖွယ်ဖြစ်ခြင်းအားဖြင့် ထိုနူးညံ့ငြိမ်သက်သောသဘော ပေါ်လွင်သည်။ ဤသို့ဖြင့် ခရစ်ယာန်ဇနီးတစ်ဦးသည် လင်ယောက်ျားကို နက်ရှိုင်းစွာရိုသေလေးစားကြောင်း တင်ပြသည်။—⁠၁ ပေတရု ၃:၃၊ ၄

သင်ယူနိုင်သည့် ပုံသက်သေများ

၁၆။ စာရာသည် အဘယ်နည်းများဖြင့် ခရစ်ယာန်ဇနီးများအတွက် ပုံသက်သေဖြစ်သနည်း။

၁၆ ရှေးအခါက “ဘုရားသခင်ကိုကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် . . . ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြ” ခြင်းဖြင့် “ကိုယ်ကိုတန်ဆာဆင်” ကြသည်ဟု ပေတရုရေးခဲ့သည်။ (၁ ပေတရု ၃:၅၊ ၆) ယေဟောဝါ၏သွန်သင်ချက်ကို လိုက်နာခြင်းဖြင့် ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေသည့်အခါ မိသားစုပျော်ရွှင်မှုနှင့် ထာဝရအသက်ဆုကို ရရှိမည်ဖြစ်ကြောင်း သူတို့သိနားလည်ကြသည်။  အာဗြဟံ၏ဇနီးချော  စာရာသည် “အာဗြဟံကို ‘သခင်’ ဟုခေါ်ဝေါ်၍ သူ၏စကားကိုနားထောင်” ခဲ့သည်ဟု ပေတရုဖော်ပြသည်။ ဘုရားသခင်သည် အာဗြဟံကို တိုင်းတစ်ပါးသို့စေလွှတ်ချိန်တွင် ဘုရားသခင်ကိုကြောက်ရွံ့သောခင်ပွန်းကို စာရာထောက်ကူပေးခဲ့သည်။ စည်းစိမ်ရှိဘဝပုံစံကို စွန့်လွှတ်ရုံမက အသက်အန္တရာယ်ကိုပင် ရင်ဆိုင်ခဲ့ရသည်။ (ကမ္ဘာဦး ၁၂:၁၊ ၁၀-၁၃) စာရာ၏ ရဲစွမ်းသတ္တိရှိသောပုံသက်သေကို ချီးမွမ်းလျက် ပေတရုဤသို့ဆိုသည်– “သင်တို့သည် ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။”—⁠၁ ပေတရု ၃:၆

၁၇။ ခရစ်ယာန်ဇနီးများအတွက် ပုံသက်သေအဖြစ် အဘိဂဲလကိုလည်း ပေတရု အဘယ်ကြောင့်ရည်ညွှန်းခဲ့ဖွယ်ရှိသနည်း။

၁၇ ဘုရားသခင်ကိုကိုးစား၍ ရဲစွမ်းသတ္တိရှိသော နောက်အမျိုးသမီးတစ်ဦးမှာ အဘိဂဲလဖြစ်ပြီး သူ့ကိုလည်း ပေတရုရည်ညွှန်းနေခြင်း ဖြစ်နိုင်သည်။ သူသည် “ဉာဏ်ကောင်း” သူဖြစ်သော်လည်း သူ၏ယောက်ျားနာဗလမူကား “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။” နာဗလသည် ဒါဝိဒ်နှင့်သူ့လူများကို မထောက်ပံ့ပေးသောအခါ နာဗလနှင့်သူ့တစ်အိမ်သားလုံးကို သတ်ပစ်ရန် ဒါဝိဒ်စီစဉ်သည်။ သို့သော် အဘိဂဲလသည် သူ့အိမ်သားများကိုကယ်တင်ရန် လုပ်ဆောင်ခဲ့၏။ အစားအစာများကို မြည်းပေါ်တင်၍ ဒါဝိဒ်နှင့်သူ့လူများကိုတွေ့ရန် သွားလေသည်။ ဒါဝိဒ်ကိုမြင်လေသော် မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် သူ၏ခြေရင်း၌ဝပ်တွားလျက် စိတ်လိုက်မာန်ပါမပြုမူရန် တောင်းပန်သည်။ ထိုအခါ ဒါဝိဒ်စိတ်ထိမိသွားပြီး ဤသို့ဆို၏– ‘ယနေ့ ငါနှင့်တွေ့စေခြင်းငှာ သင့်ကိုစေလွှတ်တော်မူသော ဣသရေလအမျိုး၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။’—⁠၁ ဓမ္မရာဇဝင် ၂၅:၂-၃၃

၁၈။ အခြားယောက်ျားတစ်ဦး၏ ချစ်ခင်စွဲလမ်းမှုခံရသည့်အခါ မည်သူ့ပုံသက်သေကို ဇနီးသည်များ တွေးတောဆင်ခြင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

၁၈ ဇနီးသည်များ စံထားအပ်သူနောက်တစ်ဦးမှာ ရှုလမိတ်မိန်းမပျိုဖြစ်ပြီး ကြင်ဖော်လောင်းဖြစ်သူ နိမ့်ကျသောသိုးကျောင်းသားအပေါ် သစ္စာရှိခဲ့သူဖြစ်သည်။ ချမ်းသာကြွယ်ဝသော ဘုရင်တစ်ပါး၏ချစ်ခင်စွဲလမ်းမှု ခံရသော်လည်း သိုးကျောင်းသားကိုသာ နှစ်နှစ်ကာကာချစ်လေသည်။ သိုးကျောင်းသားလေးနှင့်ပတ်သက်၍ သူ၏ခံစားချက်ကို ဤသို့ဆိုသည်– “ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ်ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော်မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှတန်ခိုးကြီးပါ၏။ . . . ရေများတို့သည် မေတ္တာကိုမသတ်နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။” (ရှောလမုန်သီချင်း ၈:၆၊ ၇) လက်ထပ်ဖို့သဘောတူထားသူအားလုံးလည်း မိမိတို့၏ခင်ပွန်းလောင်းအပေါ် သစ္စာရှိပြီး နက်ရှိုင်းစွာရိုသေလေးစားရန် သန္နိဋ္ဌာန်ချနိုင်ကြပါစေ။

ဘုရားသခင်ထံမှ ထပ်ဆင့်သွန်သင်ချက်

၁၉၊ ၂၀။ (က) လင်ယောက်ျားကို အဘယ်ကြောင့် လက်အောက်ခံသင့်သနည်း။ (ခ) ဇနီးများအတွက် အဘယ်ပုံသက်သေကောင်းရှိသနည်း။

၁၉ နောက်ဆုံးအနေနှင့် “အချင်းမိန်းမတို့၊ . . . ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟူသော အဓိကကျမ်းချက်၏စကားစပ်ကို သုံးသပ်ကြည့်ပါ။ (ဧဖက် ၅:၂၂) ထိုသို့လက်အောက်ခံရန် အဘယ်ကြောင့်လိုအပ်သနည်း။ “အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏” ဟုနောက်အခန်းငယ်က ဆိုသည်။ ထို့ကြောင့် “အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်” ဟုဇနီးသည်များကို တိုက်တွန်းရခြင်းဖြစ်၏။—⁠ဧဖက် ၅:၂၃၊ ၂၄၊ ၃၃

၂၀ ထိုပညတ်ကိုနာခံရန် ဇနီးများသည် ခရစ်တော်၏အသင်းတော်ဖြစ်သော ဝိညာဉ်တော်ဖွားနောက်လိုက်တို့၏ ပုံသက်သေကို လေ့လာကာ တုပဖို့လိုသည်။ ကျေးဇူးပြု၍ ၂ ကောရိန္သု ၁၁:၂၃-၂၈ ကိုဖတ်ပြီး ဦးခေါင်းဖြစ်သော ယေရှုခရစ်ကို သစ္စာရှိရာတွင် အသင်းတော်သားတစ်ဦးဖြစ်သူ တမန်တော်ပေါလု ခံရပ်ခဲ့သည့်အရာများကို လေ့လာကြည့်ပါ။ ပေါလုကဲ့သို့ပင် ဇနီးများနှင့်ကျန်အသင်းသားများသည် ယေရှုကို သစ္စာရှိရှိ ဆက်၍လက်အောက်ခံဖို့လိုသည်။ ဇနီးများသည် မိမိတို့ခင်ပွန်းကို လက်အောက်ခံခြင်းဖြင့် ယင်းကိုတင်ပြကြသည်။

၂၁။ လင်ယောက်ျားကို ဆက်၍လက်အောက်ခံရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။

၂၁ ယနေ့ ဇနီးများစွာသည် လက်အောက်ခံခြင်းကို မနှစ်မြို့ကြသော်လည်း ဉာဏ်ပညာရှိအမျိုးသမီးမူကား ယင်း၏အကျိုးကျေးဇူးများကို ထည့်တွက်စဉ်းစားပေလိမ့်မည်။ ဥပမာ၊ ဘုရားသခင့်ပညတ်နှင့်မူများကို မချိုးဖောက်သော ကိစ္စတိုင်းတွင် မယုံကြည်သူလင်ယောက်ျား၏ဦးဆောင်မှုကို လက်အောက်ခံခြင်းဖြင့် “ကိုယ်ခင်ပွန်းကိုကယ်တင်” နိုင်သည့် ထူးကဲလှသောဆုကျေးဇူး ရိတ်သိမ်းရပေမည်။ (၁ ကောရိန္သု ၇:၁၃၊ ၁၆) ထို့ပြင် မိမိလမ်းစဉ်ကို ယေဟောဝါဘုရားသခင် နှစ်သက်ကြောင်းနှင့် ချစ်သားတော်၏ပုံသက်သေကို တုပသည့်အတွက် ဆုကျေးဇူး ကြွယ်ဝစွာသွန်းလောင်းခံရမည်ဖြစ်ကြောင်း သိရှိခြင်းမှ ကျေနပ်ပျော်ရွှင်မှုခံစားနိုင်သည်။

သင်မှတ်မိသလော

• ဇနီးတစ်ဦးသည် လင်ယောက်ျားကိုရိုသေလေးစားရန် အဘယ်ကြောင့် အခက်တွေ့နိုင်သနည်း။

• အိမ်ထောင်ပြုရန်ကမ်းလှမ်းချက်ကို လက်ခံခြင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

• ယေရှုသည် ဇနီးများအတွက် အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။ ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်ခြင်းဖြင့် အဘယ်အကျိုးကျေးဇူးများ ခံစားရမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အိမ်ထောင်ပြုရန်ကမ်းလှမ်းချက်အား လက်ခံမည်၊ လက်မခံမည်ကို ဆုံးဖြတ်ခြင်းသည်အဘယ်ကြောင့် အလွန်အရေးကြီးသနည်း

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အဘိဂဲလကဲ့သို့သော ကျမ်းစာဇာတ်ကောင်များ၏ပုံသက်သေမှဇနီးသည်တို့ အဘယ်အရာသင်ယူနိုင်သနည်း