မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တုနှိုင်းမရသော နေအဖွဲ့အစည်းဖြစ်ပေါ်လာပုံ

တုနှိုင်းမရသော နေအဖွဲ့အစည်းဖြစ်ပေါ်လာပုံ

တုနှိုင်းမရသော နေအဖွဲ့အစည်းဖြစ်ပေါ်လာပုံ

စကြဝဠာရှိ နေအဖွဲ့အစည်းကို တုနှိုင်းမရအောင် ထူးခြားစေသောအရာများစွာရှိသည်။ နေအဖွဲ့အစည်းသည် နဂါးငွေ့တန်းဂလက်ဆီ၏ ခရုပတ်လက်တံနှစ်ခုကြား ကြယ်အနည်းငယ်သာရှိသောအပိုင်းတွင် တည်ရှိသည်။ ညတွင်မြင်နိုင်သော ကြယ်အားလုံးနီးပါးသည် ကျွန်ုပ်တို့နှင့်ဝေးလွန်းလှရာ အကြီးဆုံးအဝေးကြည့်မှန်ပြောင်းဖြင့်ကြည့်လျှင်ပင် အလင်းအစက်အပြောက်များအဖြစ်သာ မြင်ရသည်။ နေအဖွဲ့အစည်းသည် ထိုသို့သောနေရာမျိုးတွင် တည်ရှိသင့်သလော။

နေအဖွဲ့အစည်းသည် နဂါးငွေ့တန်း၏ဗဟိုနှင့် ပို၍နီးကပ်စွာတည်ရှိခဲ့သော် ပြွတ်ခဲနေသောကြယ်များကြောင့် အန္တရာယ်များဖြစ်ပေါ်လာပေမည်။ ဥပမာ၊ ကမ္ဘာပတ်လမ်း ဖရိုဖရဲဖြစ်သွားနိုင်ကာ လူသားများအပေါ် ဆိုးကျိုးသက်ရောက်ပေမည်။ နေအဖွဲ့အစည်းသည် ဂလက်ဆီအတွင်း ရှိသင့်သည့်နေရာတွင် တည်ရှိသောကြောင့် ထိုဆိုးကျိုးကို ရှောင်ရှားနိုင်သည်။ ထို့ပြင် ဓာတ်ငွေ့တိမ်တိုက်များကို ဖြတ်သန်းရ၍ အပူလွန်ကဲခြင်း၊ ကြယ်များပေါက်ကွဲလွင့်စင်ခြင်းနှင့် သေစေနိုင်သောရောင်ခြည်များစသော အန္တရာယ်များကိုလည်း ရှောင်ရှားနိုင်သည်။

နေသည် ကျွန်ုပ်တို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော အကောင်းဆုံးကြယ်တစ်လုံးဖြစ်၏။ ယင်းသည် နှုန်းမှန်မှန်လောင်ကျွမ်းသည်၊ တာရှည်ခံပြီး မကြီးလွန်း၊ မပူလွန်းပေ။ ဂလက်ဆီရှိ ကြယ်အများစုသည် နေထက်များစွာငယ်ပြီး ကမ္ဘာကဲ့သို့သောဂြိုဟ်ပေါ်တွင် သက်ရှိများရှင်သန်နိုင်သည့် အလင်းရောင်နှင့် အပူချိန်အလုံအလောက် မပေးနိုင်ပေ။ ထို့ပြင် ကြယ်အများစုသည် ဒြပ်ဆွဲအားကြောင့် အခြားကြယ်တစ်လုံး သို့မဟုတ် ကြယ်များနှင့် စုစည်းတည်ရှိနေပြီး အပြန်အလှန်လှည့်ပတ်နေကြသည်။ နေမူကား သီးခြားတည်ရှိသည်။ အကယ်၍ နေအဖွဲ့အစည်းသည် နေနှစ်စင်း သို့မဟုတ် ထို့ထက်များသောနေများ၏ ဒြပ်ဆွဲအားဒဏ်ခံနေရလျှင် ဤမျှတည်မြဲနိုင်မည်မဟုတ်ပေ။

နေအဖွဲ့အစည်းကို တုနှိုင်းမရအောင် ထူးခြားစေသောအရာ နောက်တစ်ခုမှာ အပြင်ဂြိုဟ်ကြီးများ၏ တည်နေရာဖြစ်သည်။ စက်ဝိုင်းပုံပတ်လမ်းများရှိပြီး ယင်းတို့၏ဆွဲငင်အားသည် ကမ္ဘာဂြိုဟ်နှင့်တူသော အတွင်းဂြိုဟ်များကို အန္တရာယ်မပြုပေ။ * ယင်းအစား အပြင်ဂြိုဟ်ကြီးများသည် အန္တရာယ်ရှိသော အရာဝတ္တုများကို ဆွဲယူခြင်း၊ ဖယ်ရှားခြင်းဖြင့် ကာကွယ်ပေးသည်။ “ဂြိုဟ်မွှားများနှင့် ကြယ်တံခွန်များသည် ကမ္ဘာဂြိုဟ်ကို ထိမှန်သော်လည်း ကမ္ဘာဂြိုဟ်အနီးရှိ ဂျူပီတာကဲ့သို့သော ဓာတ်ငွေ့ဂြိုဟ်ကြီးများကြောင့် အပြင်းအထန်မထိခိုက်” ဟု သိပ္ပံပညာရှင် ပီတာဒီဝေါ့ဒ်နှင့် ဒေါ်နယ်ဘရောင်လီတို့က ရှားရှားပါးပါးကမ္ဘာမြေ—⁠စကြဝဠာတွင် ရှုပ်ထွေးလှသောသက်ရှိများ အဘယ်ကြောင့်နည်းပါးရ စာအုပ်တွင် ဖော်ပြသည်။ ဂြိုဟ်ကြီးများရှိသော အခြားနေအဖွဲ့အစည်းများကိုလည်း ရှာဖွေတွေ့ရှိထားသည်။ သို့သော် ထိုဂြိုဟ်ကြီးအများစု၏ပတ်လမ်းများသည် ကမ္ဘာကဲ့သို့သော ဂြိုဟ်ငယ်များကို အန္တရာယ်ဖြစ်စေနိုင်သည်။

လ၏လုပ်ဆောင်မှု

ရှေးအချိန်ကတည်းက လသည် လူတို့ကို အံ့သြမိန်းမောစေခဲ့ပြီ။ ကဗျာများ၊ တေးသီချင်းများ သီကုံးရေးဖွဲ့ရန် လှုံ့ဆော်ပေးခဲ့ပြီ။ ဥပမာ၊ ရှေးဟေဗြဲကဗျာဆရာတစ်ဦးက လသည် ‘မိုးကောင်းကင်၌သစ္စာစောင့်သော သက်သေကဲ့သို့ အစဉ်မြဲမြံ’ သည်ဟု ရေးဖွဲ့ခဲ့၏။—⁠ဆာလံ ၈၉:၃၇

ကမ္ဘာပေါ်ရှိသက်ရှိများကို အကျိုးပြုသော လ၏လုပ်ဆောင်မှုတစ်ခုမှာ ယင်း၏ဆွဲအားက ဒီရေအတက်အကျကိုဖြစ်ပေါ်စေသည်။ ဒီရေအတက်အကျသည် သမုဒ္ဒရာရေစီးကြောင်းများကို ဖြစ်စေပြီး ယင်းတို့ကတစ်ဖန် ရာသီဥတုများကို ဖြစ်ပေါ်စေသည်။

လ၏ဆွဲအားကြောင့် ကမ္ဘာသည် မိမိပတ်လမ်းပေါ်တွင် နေကိုလှည့်ပတ်စဉ် ဝင်ရိုးပေါ်တွင် တည်မြဲနေနိုင်သည်။ ယင်းက လ၏အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ သဘာဝတရား သိပ္ပံဂျာနယ်အရ လမရှိလျှင် ကမ္ဘာ့ဝင်ရိုးသည် နှစ်များတစ်လျှောက် “၀ [ဒီဂရီ] မှ ၈၅ [ဒီဂရီ] နီးပါး” တိမ်းစောင်းသွားမည်။ ကမ္ဘာ့ဝင်ရိုးသာ မတိမ်းစောင်းပါက မည်သို့ဖြစ်မည်ကို တွေးကြည့်ပါ။ နှစ်သက်ဖွယ် ရာသီဥတုအပြောင်းအလဲများ ရှိတော့မည်မဟုတ်သည့်အပြင် မိုးခေါင်မှုဒဏ်ကိုလည်း ခံစားရပေမည်။ ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှုက အပူလွန်ကဲမှုကို တားဆီးပေးသောကြောင့် သက်ရှိများကို ရှင်သန်စေသည်။ “ရာသီဥတုများ ပုံမှန်ပြောင်းလဲနေခြင်းမှာ အံ့ဖွယ်လမင်းကြီး တည်ရှိနေသောကြောင့်သာ ဖြစ်ပေသည်” ဟု နက္ခတ္တဗေဒပညာရှင် ဇက်လာစကာက ကောက်ချက်ချသည်။ လသည် အခြားဂြိုဟ်ကြီးများရှိ လများထက် ကြီးသောကြောင့် ယင်းတို့ကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

လ၏နောက်ထပ်လုပ်ဆောင်မှုတစ်ခုမှာ ကမ္ဘာဦးကျမ်းရေးသားသူ ဖော်ပြသည့်အတိုင်း ညအချိန်တွင် အလင်းရောင်ပေးခြင်းဖြစ်သည်။—⁠ကမ္ဘာဦး ၁:၁၆

မတော်တဆလော၊ တမင်ရည်ရွယ်ထားခြင်းလော

ကမ္ဘာပေါ်တွင် သက်ရှိများအား ရှင်သန်စေနိုင်ရုံမျှမက ပျော်မွေ့စေသည့် အချက်များစွာကို မည်သို့ရှင်းပြမည်နည်း။ ရှင်းပြချက်နှစ်ချက်သာ ရှိပါသည်။ ပထမ၊ ယင်းတို့အားလုံးသည် မတော်မဆတိုက်ဆိုင်မှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ဒုတိယ၊ ယင်းတို့ကို အသိဉာဏ်ရှိရှိ တမင်ရည်ရွယ်ဖန်တီးထားခြင်းကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့၏စကြဝဠာကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင် ဖန်ဆင်းခဲ့သည်ဟု သမ္မာကျမ်းစာက လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ဖော်ပြသည်။ အကယ်၍ ယင်းသာမှန်ကန်ပါက နေအဖွဲ့အစည်းတည်ရှိမှုသည် မတော်တဆတိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ တမင်ရည်ရွယ်ဖန်တီးခြင်းကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သည် ကမ္ဘာပေါ်တွင် သက်ရှိများရှင်သန်နိုင်ရန် ပြုလုပ်ခဲ့သည့် လုပ်ဆောင်မှုအဆင့်ဆင့်ကို မှတ်တမ်းတင်စေခဲ့၏။ ယင်းမှတ်တမ်းသည် နှစ်ပေါင်း ၃၅၀၀ ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ယင်းတွင်ဖော်ပြထားသော စကြဝဠာနှင့်ဆိုင်သည့်ဖြစ်ရပ်များသည် သိပ္ပံပညာရှင်များယုံကြည်ထားရာနှင့် တစ်ထပ်တည်းတူညီသည်။ ယင်းမှတ်တမ်းကို ကမ္ဘာဦးကျမ်းစောင်တွင် တွေ့ရသည်။ အဘယ်အရာဖော်ပြထားကြောင်း သုံးသပ်ကြည့်ပါ။

ကမ္ဘာဦးကျမ်းမှ ဖန်ဆင်းခြင်းမှတ်တမ်း

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁:⁠၁) ကျမ်းစာ၏ ဤနိဒါန်းစကားက စကြဝဠာရှိ ဂလက်ဆီဘီလီယံပေါင်းများစွာမှ ကြယ်များ၊ ကမ္ဘာဂြိုဟ်ပါဝင်သော နေအဖွဲ့အစည်း ဖန်ဆင်းခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သမ္မာကျမ်းစာအရ မြေကြီးသည် တစ်ချိန်က “အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။” တိုက်ကြီးကျွန်းကြီးများ၊ စိုက်ပျိုးဖြစ်ထွန်းနိုင်သောမြေများ မရှိ။ သို့သော် အသက်ရှင်သန်စေနိုင်သည့် ဂြိုဟ်တစ်လုံးတွင် အဓိကလိုအပ်ရာအဖြစ် သိပ္ပံပညာရှင်များ ဖော်ပြသော ရေအကြောင်း ဤသို့ဆက်အလေးပေးဖော်ပြသည်– ဘုရားသခင်၏ဝိညာဉ်တော်သည် “ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏။”—⁠ကမ္ဘာဦး ၁:၂

ရေများ အရည်ဖြစ်နေစေရန် ဂြိုဟ်တစ်လုံးသည် နေမှ အနေတော်အကွာအဝေးတွင် ရှိရမည်။ “မားစ်ဂြိုဟ်မှာအေးလွန်းပြီး ဗီးနပ်စ်ဂြိုဟ်မှာ ပူလွန်းသည်။ ကမ္ဘာဂြိုဟ်မူ အနေတော်ပင်ဖြစ်သည်” ဟုဂြိုဟ်များကိုလေ့လာသူ သိပ္ပံပညာရှင် အင်ဒရူးအင်ဂါဆူးကဆိုသည်။ အလားတူ၊ သီးနှံများဖြစ်ထွန်းရန် အလင်းရောင်အလုံအလောက်ရှိရမည်။ ဖန်ဆင်းရာကာလအစောပိုင်းတွင် ဘုရားသခင်သည် ကလေးငယ်တစ်ဦးကို “ထုပ်ရစ်” ထားသကဲ့သို့ သမုဒ္ဒရာကိုလွှမ်းခြုံထားသော ရေခိုးရေငွေ့တိမ်ထုကြီးကို ထွင်းဖောက်၍ အလင်းဖြစ်ပေါ်စေသည်ဟု သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြသည်။—⁠ယောဘ ၃၈:၄၊ ၉; ကမ္ဘာဦး ၁:၃-၅

ဖန်ဆင်းရှင်သည် “မိုးမျက်နှာကြက်” ကိုဖန်ဆင်းသည်ဟု ကမ္ဘာဦးကျမ်းက ဆက်ဆိုသည်။ (ကမ္ဘာဦး ၁:၆-၈) ထိုမိုးမျက်နှာကြက်သည် ဓာတ်ငွေ့များဖြင့်ပြည့်နေသော ကမ္ဘာ့လေထုဖြစ်သည်။

ဘုရားသခင်သည် အဆင်းသဏ္ဌာန်မဲ့သော ကမ္ဘာ့မျက်နှာပြင်ကို ကုန်းမြေဖြစ်စေသည်ဟု ကျမ်းစာကဆက်ဆိုသည်။ (ကမ္ဘာဦး ၁:၉၊ ၁၀) ကိုယ်တော်သည် ကမ္ဘာ့အပေါ်ယံလွှာကို တွန့်ခေါက်ရွေ့လျားစေရာ ချိုင့်ဝှမ်းများနှင့် တိုက်ကြီးကျွန်းကြီးများ ဖြစ်ပေါ်လာသည်။—⁠ဆာလံ ၁၀၄:၆-၈

ရှေးနှစ်ပေါင်းများစွာကတည်းက ဘုရားသခင်သည် သမုဒ္ဒရာတွင် အဏုကြည့်ကိရိယာဖြင့်သာမြင်နိုင်သော အယ်လ်ဂျီရေမှော်ပင်များကို ဖန်ဆင်းခဲ့သည်။ မိမိဘာသာမျိုးပွားနိုင်ပြီး ဆဲလ်တစ်ခုတည်းရှိသော ယင်းသက်ရှိများသည် နေမှစွမ်းအင်ကို အသုံးပြုကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အစာအဖြစ်စုပ်ယူပြီး အောက်ဆီဂျင်ကို လေထုထဲသို့ ထုတ်လွှတ်ပေးသည်။ ထိုအံ့ဖွယ်ဖြစ်စဉ်သည် ကုန်းမြေကိုဖုံးလွှမ်းသော သစ်ပင်မြက်ပင်များဖန်ဆင်းသည့် တတိယဖန်ဆင်းရာကာလအတွင်း ဖြစ်ပျက်ခဲ့၏။ ထို့ကြောင့် ကမ္ဘာ့လေထုအတွင်းရှိ အောက်ဆီဂျင်ပမာဏတိုးများလာပြီး လူနှင့်တိရစ္ဆာန်တို့ အသက်ရှင်သန်နိုင်သည်။—⁠ကမ္ဘာဦး ၁:၁၁၊ ၁၂

စိုက်ပျိုးဖြစ်ထွန်းနိုင်သောမြေဖြစ်စေရန် ဖန်ဆင်းရှင်သည် မြေကြီးထဲတွင် အဏုဇီဝရုပ် (အဏုကြည့်ကိရိယာဖြင့်သာ မြင်နိုင်သောသက်ရှိ) များစွာကို ဖန်ဆင်းခဲ့သည်။ (ယေရမိ ၅၁:၁၅) ထိုသေးငယ်လှသောသက်ရှိများသည် ဆွေးမြည့်ပုပ်ပျက်သောအရာများကို ချေဖျက်ပေးပြီး အပင်များကိုရှင်သန်စေသော ဒြပ်စင်များအဖြစ် ပြောင်းလဲပေးသည်။ မြေကြီးထဲမှ ဗက်တီးရီးယားအချို့သည် လေထဲမှနိုက်ထရိုဂျင်ဒြပ်စင်ကို စုပ်ယူပြီး အပင်များရှင်သန်ကြီးထွားနိုင်စေရန် ပြုလုပ်ပေးသည်။ အံ့ဩစရာမှာ လက်တစ်ဆုပ်စာမြေဆီတွင် အဏုဇီဝရုပ် ခြောက်ဘီလီယံမျှ ပါဝင်ခြင်းဖြစ်၏။

ကမ္ဘာဦး ၁:၁၄-၁၉ တွင် စတုတ္ထဖန်ဆင်းရာကာလ၌ နေ၊ လ၊ ကြယ်များ ဖန်ဆင်းခြင်းအကြောင်း ဖော်ပြထားသည်။ ယင်းဖော်ပြချက်သည် အထက်ပါရှင်းပြချက်များနှင့် မကိုက်ညီပုံပေါက်ပေမည်။ သို့သော် ကမ္ဘာဦးကျမ်းရေးသူ မောရှေသည် ဖန်ဆင်းခြင်းလုပ်ငန်းများကို ကမ္ဘာပေါ်မှရှုစားသူတစ်ဦး၏ ရှုထောင့်မှ ရေးသားခဲ့ခြင်းဖြစ်ကြောင်း သတိရပါ။ စတုတ္ထဖန်ဆင်းရာကာလတွင် ကမ္ဘာ့လေထု ပိုကြည်လင်လာသဖြင့် နေ၊ လ၊ ကြယ်များကို မြင်နိုင်ခဲ့ခြင်းဖြစ်ပေမည်။

ပင်လယ်သတ္တဝါများကို ပဉ္စမဖန်ဆင်းရာကာလတွင် ဖန်ဆင်းခဲ့ပြီး ကုန်းတိရစ္ဆာန်များနှင့် လူကို ဆဋ္ဌမဖန်ဆင်းရာကာလတွင် ဖန်ဆင်းခဲ့ကြောင်း ကမ္ဘာဦးကျမ်းမှတ်တမ်းက ဖော်ပြ၏။—⁠ကမ္ဘာဦး ၁:၂၀-၃၁

လူတို့ပျော်မွေ့စရာဖို့ ကမ္ဘာကိုဖန်ဆင်းထား

ကမ္ဘာဦးကျမ်းမှတ်တမ်း ဖော်ပြချက်အရ သက်ရှိများပျော်မွေ့စရာဖို့ ကမ္ဘာကိုဖန်ဆင်းထားခြင်း မဟုတ်ပေလော။ နေသာသောနေ့တွင် နိုးထပြီး သန့်ရှင်းလတ်ဆတ်သောလေကို ရှူရှိုက်ရသောအခါ အသက်ရှင်နေရခြင်းသည် ကျေနပ်ဖွယ်ဖြစ်သည်ဟု ခံစားခဲ့ဖူးသလော။ ပန်းခြံထဲတွင် လမ်းလျှောက်ရင်း ပန်းမန်များ၏ အလှနှင့်ရနံ့ကို ခံစားခဲ့ဖူးပေမည်။ သစ်သီးခြံတစ်ခြံအတွင်း လမ်းလျှောက်ရင်း အရသာရှိသောသစ်သီးများကို ဆွတ်ခူးခဲ့ဖူးပေမည်။ ယင်းတို့အားလုံးကို (၁) ရေအလျှံပယ်၊ (၂) နေမှအပူနှင့် အလင်းရောင်အလုံအလောက်၊ (၃) ဓာတ်ငွေ့များ အချိုးကျကျပေါင်းစပ်ထားသော လေထု၊ (၄) မြေဆီမြေနှစ်တို့သာမရှိပါက ခံစားနိုင်မည်မဟုတ်ပေ။

မားစ်ဂြိုဟ်၊ ဗီးနပ်စ်ဂြိုဟ်နှင့် အခြားဂြိုဟ်များတွင်မရှိသော ထိုအရာအားလုံးသည် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ ကမ္ဘာပေါ်တွင် သက်ရှိများ ရှင်သန်ပျော်မွေ့နိုင်ရန် ယင်းတို့ကို အသေးစိတ်ချိန်ညှိထားခြင်းဖြစ်သည်။ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏ လှပသာယာသော ကမ္ဘာဂြိုဟ်ကို ထာဝစဉ်တည်တံ့စေရန် ပုံစံပြုထားကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 နေအဖွဲ့အစည်း၏ အတွင်းဂြိုဟ်လေးလုံးဖြစ်သော မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာနှင့် မားစ်ဂြိုဟ်တို့တွင် ကျောက်သားမျက်နှာပြင်များရှိသောကြောင့် ကမ္ဘာဂြိုဟ်နှင့်တူသောဂြိုဟ်များဟုခေါ်သည်။ အပြင်ဂြိုဟ်ကြီးများဖြစ်သော ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ နက်ပကျွန်းဂြိုဟ်တို့တွင် ဓာတ်ငွေ့များသာ အဓိကပါဝင်သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

“ဘူမိဗေဒပညာရှင်တစ်ဦးအနေနှင့် ကမ္ဘာမြေကြီး၏အစ၊ ကမ္ဘာ့သက်ရှိ ဖြစ်ပေါ်လာပုံတို့နှင့်ပတ်သက်၍ ခေတ်သစ်အမြင်ကို ကမ္ဘာဦးကျမ်းရေးစဉ်က ရှိခဲ့သည့်လူမျိုးစုကဲ့သို့သော သာမန်တောသူတောင်သားများအား အကျဉ်းချုပ်ရှင်းပြရမည်ဆိုလျှင် ကမ္ဘာဦးကျမ်း အခန်းကြီး ၁ တွင် ဖော်ပြထားသည့်အတိုင်း ရှင်းပြရုံမှလွဲ၍ ပိုရှင်းပြနိုင်မည်မဟုတ်ပေ။”—⁠ဘူမိဗေဒပညာရှင် ဝေါလေ့စ်ပရတ်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

စကြဝဠာကို လေ့လာနိုင်ရန် အကောင်းဆုံးနေရာ

နေသည် ကျွန်ုပ်တို့ဂလက်ဆီ၏ တစ်နေရာရာတွင်သာ တည်ရှိပါက ကျွန်ုပ်တို့သည် ကြယ်များကို ကောင်းစွာမြင်နိုင်မည်မဟုတ်ပေ။ “နေအဖွဲ့အစည်းသည် ဖုန်ထူပြီး အလင်းသိပ်သည်းသောနေရာနှင့် အလှမ်းဝေးသောကြောင့် ကြယ်များနှင့် စကြဝဠာကြီးကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်” ဟု ပြိုင်စံရှားဂြိုဟ်စာအုပ်ကဆိုသည်။

ထို့ပြင် လ၏အရွယ်အစားနှင့် ကမ္ဘာမှအကွာအဝေးတို့ကြောင့် နေကြတ်ခြင်း ဖြစ်ပေါ်စေသည်။ ထိုဖြစ်တောင့်ဖြစ်ခဲ အံ့ဖွယ်အချိန်များတွင် နက္ခတ္တဗေဒပညာရှင်များသည် နေကို လေ့လာနိုင်ကြသည်။ ထိုသို့သောလေ့လာမှုများက ကြယ်များ၏လင်းလက်ပုံနှင့်ပတ်သက်၍ ယခင်ကမသိရှိခဲ့ရာများကို သိရှိလာစေသည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လ၏အရွယ်အစားက ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှုကို တည်မြဲစေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

ကမ္ဘာပေါ်တွင် သက်ရှိများကို အဘယ်အရာက ရှင်သန်စေသနည်း။ ရေအလျှံပယ်ရှိခြင်း၊ အပူနှင့်အလင်းရောင် အလုံအလောက်ရရှိခြင်း၊ လေထုနှင့် မြေဆီမြေနှစ်ကောင်းခြင်းတို့ကြောင့်ဖြစ်သည်

[Credit Lines]

Globe: Based on NASA Photo; wheat: Pictorial Archive (Near Eastern History) Est.