မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗီဆဲလ်ကန်စ္စဖော့ “ခရစ်ယာန်သာသနာပြုပြင်ပြောင်းလဲရေးမတိုင်မီကပြုပြင်ပြောင်းလဲရေးသမားတစ်ဦး”

ဗီဆဲလ်ကန်စ္စဖော့ “ခရစ်ယာန်သာသနာပြုပြင်ပြောင်းလဲရေးမတိုင်မီကပြုပြင်ပြောင်းလဲရေးသမားတစ်ဦး”

ဗီဆဲလ်ကန်စ္စဖော့ “ခရစ်ယာန်သာသနာပြုပြင်ပြောင်းလဲရေးမတိုင်မီကပြုပြင်ပြောင်းလဲရေးသမားတစ်ဦး”

လူသာ၊ တင်ဒေးနှင့် ကယ်လ်ဗင် ဟူသောအမည်များကို ၁၅၁၇ ခုနှစ်တွင် စတင်ခဲ့သည့် ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးကို လေ့လာသူအားလုံး အကျွမ်းတဝင်ရှိကြသည်။ သို့သော် ဗီဆဲလ် ကန်စ္စဖော့ ဟူသောအမည်ကိုမူ လူအနည်းငယ်သာသိကြသည်။ သူ့ကို “ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲရေးမတိုင်မီက ပြုပြင်ပြောင်းလဲရေးသမားတစ်ဦး” ဟု ခေါ်ခဲ့ကြသည်။ ဤပုဂ္ဂိုလ်အကြောင်း သင် ပိုမိုသိလိုပါသလော။

ဗီဆဲလ် သည် ၁၄၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ ဂရိုနင်ဂန်မြို့၌ မွေးဖွားခဲ့သည်။ ၁၅ ရာစုတွင် လူနည်းစုသာ ကျောင်းတက်ခွင့်ရခဲ့ကြသော်လည်း ဗီဆဲလ်မှာ ကျောင်းတက်ခွင့်ရသူတို့ထဲမှ တစ်ဦးဖြစ်သည်။ သူသည် ပညာရေးတွင် ထူးချွန်သူဖြစ်သော်လည်း မိဘများအလွန်ခက်ခဲသောကြောင့် ကိုးနှစ်အရွယ်တွင် ကျောင်းထွက်လိုက်ရသည်။ သူ့အတွက် ဝမ်းသာစရာမှာ ချမ်းသာသောမုဆိုးမတစ်ယောက်သည် ဗီဆဲလ်၏ဉာဏ်ထက်မြက်မှုကို ကြားသိသောအခါ သူ့ကိုထောက်ပံ့သူဖြစ်လာပြီး သူ့ကျောင်းစရိတ်အတွက် အကုန်အကျခံပေးခဲ့သည်။ သို့ဖြင့် သူသည် မိမိပညာရေးကိုဆက်ကြိုးစားကာ နောက်ဆုံးတွင် မဟာဝိဇ္ဇာဘွဲ့ရခဲ့သည်။ နောက်ပိုင်းတွင် ဘာသာရေးပါရဂူဘွဲ့ပါ ရရှိခဲ့သည်ဟု သိရသည်။

ဗီဆဲလ်သည် အသိပညာကို အလွန်လိုချင်တောင့်တသူဖြစ်သည်။ သို့သော် သူ့ခေတ်တွင် စာကြည့်တိုက်များများစားစားမရှိခဲ့ချေ။ သူ့ခေတ်အချိန်တွင် ခဲစာလုံးအရှင်ဖြင့် ပုံနှိပ်လုပ်ငန်းကို တီထွင်ခဲ့ပြီးဖြစ်သော်လည်း စာအုပ်အများစုမှာ လက်ရေးစာအုပ်များသာဖြစ်ကြပြီး တန်ဖိုးကြီးမားလှ၏။ ရှားပါးသောလက်ရေးစာမူများနှင့် ပျောက်နေသောစာအုပ်များကို စာကြည့်တိုက်တစ်ခုမှတစ်ခုသို့၊ ခရစ်ယာန်ဘုန်းကြီးကျောင်း တစ်ကျောင်းမှတစ်ကျောင်းသို့ လိုက်လံရှာဖွေကြသည့် ပညာရှင်အုပ်စုတစ်စုတွင် ဗီဆဲလ်သည် အဖွဲ့ဝင်ဖြစ်သည်။ သူတို့သည် မိမိတို့ရှာဖွေတွေ့ရှိချက်များကို တစ်ဦးနှင့်တစ်ဦး ပညာဝေမျှခဲ့ကြသည်။ ဗီဆဲလ်သည် အသိပညာအများအပြားကို စုစည်းနိုင်ပြီး ဂန္ထဝင်စာပေများမှ ကိုးကားချက်များနှင့် ကောက်နုတ်ချက်များကို ကိုယ်ပိုင်မှတ်စုစာအုပ်တွင် ရေးမှတ်ထားခဲ့သည်။ အခြားသော ခရစ်ယာန်ဘာသာရေးပညာရှင်များ မည်သည့်အခါမျှ မကြားဖူးသည့်အရာ အမြောက်အမြားကို ဗီဆဲလ်သိနိုင်သောကြောင့် သူတို့ မကြာခဏ မယုံသင်္ကာဖြစ်လေ့ရှိသည်။ Magister Contradictionis သို့မဟုတ် ရှေ့နောက်မညီသူကြီးဟု ဗီဆဲလ် အခေါ်ခံရသည်အထိ ဖြစ်ခဲ့သည်။

“ခရစ်တော်ဆီ ကျွန်တော့်ကိုဘာဖြစ်လို့မညွှန်ပြတာလဲ”

ပြုပြင်ပြောင်းလဲရေးမတိုင်မီ နှစ် ၅၀ ခန့်တွင် ဗီဆဲလ်သည် နာမည်ကျော် De Imitatione Christi (ခရစ်တော်ကိုတုပခြင်း) စာအုပ်ကို ရေးသားသူအဖြစ် အများလက်ခံသည့် သောမတ်စ် အာ ကင်မ်ပီစ် (၁၃၇၉-၁၄၇၁ ခန့်) နှင့် တွေ့ဆုံခဲ့သည်။ သောမတ်စ် အာ ကင်မ်ပီစ်သည် ဘာသာတရားကိုင်းရှိုင်းသောအသက်တာဖြင့် အသက်ရှင်ရန် လိုအပ်သည်ဟု အထူးအလေးပေးကာ လုပ်ဆောင်ကြသည့် သာမန်ဘဝဖြင့်နေထိုင်သည့် ညီအစ်ကိုများအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ သောမတ်စ် အာ ကင်မ်ပီစ်က ဗီဆဲလ်ကို မာရိထံ ဆုတောင်းရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်း ဗီဆဲလ်၏အတ္ထုပ္ပတ္တိရေးသူတစ်ဦးက ဖော်ပြသည်။ ဗီဆဲလ် ငြင်းဆိုခဲ့ပြီး ဤသို့ပြောသည်– “ဝန်လေးပင်ပန်းတဲ့သူအားလုံးကို မိမိဆီလာဖို့ ကြင်နာစွာဖိတ်ခေါ်တဲ့ ခရစ်တော်ဆီ ဘာဖြစ်လို့ ကျွန်တော့်ကို မညွှန်ပြတာလဲ။”

ခရစ်ယာန်ဘုန်းကြီးခန့်အပ်ခြင်း အစီအစဉ်ကို ဗီဆဲလ်ဆန့်ကျင်ခဲ့သည်ဟု ပြောကြသည်။ ခရစ်ယာန်ဘုန်းကြီးအဖြစ်လက်ခံကြောင်း ခွဲခြားသိစေသည့် ဆံပင်ဦးရစ်သာချန်ပြီးရိတ်ခြင်းကိုပြုရန် အဘယ်ကြောင့် ငြင်းဆိုခဲ့သနည်းဟု အမေးခံရသောအခါ သူက မိမိ၏စဉ်းစားနိုင်စွမ်းကို မစွန့်လွှတ်ရသရွေ့ ကြိုးပေးအသတ်ခံရမည်ကို မကြောက်ရွံ့ကြောင်း ပြန်ပြောခဲ့သည်။ ခန့်အပ်ခံခရစ်ယာန်ဘုန်းကြီးများသည် တရားစွဲခြင်းမခံရနိုင် ဟူသောအချက်ကို သူရည်ညွှန်းနေဟန်ရှိပြီး ခရစ်ယာန်ဘုန်းကြီးအဖြစ်လက်ခံခြင်းက ဘုန်းကြီးအတော်များများကို ကြိုးပေးသတ်ခြင်းမှ တကယ်လည်း လွတ်မြောက်ခဲ့ပုံရသည်! ဗီဆဲလ်သည် အများသူငါလက်ခံသည့် ခရစ်ယာန်ဘာသာရေးအကျင့်တချို့ကိုလည်း လက်မခံခဲ့ချေ။ ဥပမာ၊ သူ့ခေတ်က ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် Dialogus Miraculorum တွင် ဖော်ပြထားသော အံ့ဖွယ်အဖြစ်အပျက်များကို ယုံကြည်ရန် သူငြင်းဆိုသည့်အတွက် ပြစ်တင်ဝေဖန်ခံခဲ့သည်။ သူဤသို့တုံ့ပြန်သည်– “သမ္မာကျမ်းစာဖတ်တာ ပိုကောင်းလိမ့်မယ်။”

“ကျွန်ုပ်တို့မေးသလောက်သာ ကျွန်ုပ်တို့သိရသည်”

ဗီဆဲလ်သည် ဟေဗြဲနှင့် ဂရိစာပေကို လေ့လာပြီး အစောပိုင်းချာ့ခ်ျဘုန်းကြီးများ၏စာပေများမှ အသိပညာအများအပြား လေ့လာဆည်းပူးခဲ့သည်။ သူသည် အီရက်စ်မပ်စ်နှင့် ရီအိုခ်ျလင်တို့ *မတိုင်မီတွင် အသက်ရှင်ခဲ့သောကြောင့် မူရင်းကျမ်းစာဘာသာစကားများကို သူနှစ်သက်သည်မှာ အထူးမှတ်သားဖွယ်ပင်။ ပြုပြင်ပြောင်းလဲရေးမတိုင်မီတွင် ဂရိနှင့်ဆိုင်သောအသိပညာသည် ရှားပါး၏။ ဂျာမနီနိုင်ငံတွင် ပညာရှင်အနည်းငယ်သာ ဂရိဘာသာစကားကို တတ်ကျွမ်းသည့်ပြင် ဤဘာသာစကားကို လေ့လာသင်ယူရန် အထောက်အကူပြုစာပေများလည်း မရှိခဲ့ချေ။ ကောန်စတန်တီနိုပဲလ် ကျရှုံးသည့် ၁၄၅၃ ခုနှစ်နောက်ပိုင်းတွင် ဗီဆဲလ်သည် အနောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဂရိဘုန်းကြီးများနှင့် အဆက်အသွယ်လုပ်ခဲ့ပုံရသည်။ သို့ဖြင့် သူသည် ဂရိအခြေခံစာကို သူတို့ထံမှ သင်ယူခဲ့သည်။ ထိုအချိန်တွင် ဟေဗြဲဘာသာစကားကို ဂျူးလူမျိုးများသာ ပြောဆိုကြသောကြောင့် ဗီဆဲလ်သည် ဘာသာပြောင်းဂျူးများထံမှ အခြေခံဟေဗြဲဘာသာစကားကို သင်ယူခဲ့သည်ဟု ဆိုကြသည်။

ဗီဆဲလ်သည် သမ္မာကျမ်းစာကို အလွန်ချစ်မြတ်နိုးသည်။ ယင်းကို ဘုရားသခင့်မှုတ်သွင်းခံစာအုပ်အဖြစ် ရှုမြင်ပြီး ကျမ်းစာစောင်အားလုံး တစ်စောင်နှင့်တစ်စောင် လုံးဝအတွင်းသဘောချင်းညီညွတ်သည်ဟု ယုံကြည်ခဲ့သည်။ ဗီဆဲလ်အတွက်ဆိုလျှင် ကျမ်းချက်များ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ရှေ့နောက်စကားများနှင့် ညီညွတ်ရမည်ဖြစ်ပြီး ကိုယ်လိုရာအဓိပ္ပာယ်ဆွဲခြင်းကို မပြုရ။ ကိုယ်လိုရာအဓိပ္ပာယ်ဆွဲခြင်းဖြစ်သည့် အဘယ်ရှင်းပြချက်မဆို အယူမှားခြင်းအဖြစ် သတ်မှတ်ခံသင့်သည်။ သူ၏အကြိုက်ဆုံးကျမ်းချက်တစ်ချက်မှာ “ရှာကြလော့။ ရှာလျှင်တွေ့မည်” ဟုဖော်ပြထားသော မဿဲ ၇:၇ ဖြစ်သည်။ ထိုကျမ်းချက်ပါစကားကို အခြေပြု၍ “ကျွန်ုပ်တို့မေးသလောက်သာ ကျွန်ုပ်တို့သိရသည်” ဟုဆင်ခြင်သောကြောင့် မေးခွန်းများမေးခြင်းသည် အကျိုးရှိ၏ဟူ၍ ဗီဆဲလ် အခိုင်အမာယုံကြည်ခဲ့သည်။

ထူးခြားသည့်တောင်းဆိုချက်တစ်ခု

၁၄၇၃ ခုနှစ်တွင် ဗီဆဲလ်သည် ရောမသို့ အလည်အပတ်သွားခဲ့သည်။ ထိုတွင် စတုတ္ထမြောက် ပုပ်ရဟန်းမင်းဇစ်တပ်စ်နှင့် စကားပြောခွင့်ရခဲ့သည်၊ ထိုပုပ်ရဟန်းမင်းသည် ဆိုးဆိုးရွားရွား အကျင့်ပျက်သော ပုပ်ရဟန်းမင်းခြောက်ယောက်ထဲမှ ဦးဆုံးသူဖြစ်ပြီး သူတို့၏အကျင့်ပျက်မှုကြောင့် နောက်ဆုံးတွင် ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးကို ဖြစ်စေခဲ့သည်။ စတုတ္ထမြောက် ဇစ်တပ်စ်သည် “အရှက်မရှိ၊ မကွယ်မဝှက်၊ မရပ်မနားဘဲ မိမိကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးလိုက်စားသည့်” ခေတ်တစ်ခေတ်ကို အစပျိုးခဲ့ကြောင်း သမိုင်းပညာရှင် ဘာဘရာ ဒဗလျူ. တပ်ခ်မင် ထောက်ပြသည်။ သူ၏ပေါ်ပေါ်ထင်ထင် ဆွေမျိုးမျက်နှာလိုက်မှုကြောင့် ချာ့ခ်ျအသင်းသားများနှင့် ပြည်သူလူထု အံ့သြထိတ်လန့်ခဲ့ကြသည်။ ဇစ်တပ်စ်က ပုပ်ရဟန်းမင်း၏ရုံးခန်းကို မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်စေလို၍ ဖြစ်ပေမည်ဟု သမိုင်းပညာရှင်တစ်ဦး ရေးသားဖော်ပြသည်။ ထိုအလွဲသုံးစားပြုခြင်းကို ပြစ်တင်ပြောဆိုရဲသူ မရှိသလောက်ပင်။

သို့သော် ဗီဆဲလ် ကန်စ္စဖော့မှာမူ ထိုသို့မဟုတ်။ တစ်နေ့ ဇစ်တပ်စ်က သူ့ကို ဤသို့ပြောသည်– “ငါ့သား၊ သင်လိုချင်တာကိုတောင်းပါ၊ ကျွန်ုပ်တို့ပေးမည်။” ဗီဆဲလ် ချက်ချင်းဤသို့ပြန်ပြောသည်– “သန့်ရှင်းသော ဖာသာ၊ . . . ကိုယ်တော်ဟာ မြေကြီးပေါ်မှာ အမြင့်ဆုံးသော[ခရစ်ယာန်]ဘုန်းကြီးနဲ့ သိုးထိန်းနေရာကို ရယူထားတဲ့အတွက် ကျွန်တော်တောင်းဆိုတာက . . . အကြီးမြတ်ဆုံးသိုးထိန်းရှင် . . . လာတဲ့အခါ ‘ကောင်းလေစွ၊ တည်ကြည်သောငယ်သားကောင်း၊ သင့်အရှင်၏ ဝမ်းမြောက်ခြင်းထဲသို့ ဝင်စားလော့’ လို့ အပြောခံရအောင် ကိုယ်တော်ရဲ့မြင့်မြတ်တဲ့တာဝန်ကို ထမ်းဆောင်ပါ။” ဇစ်တပ်စ်က ယင်းမှာ မိမိ၏တာဝန်ဖြစ်ကြောင်းနှင့် ဗီဆဲလ်သည် ကိုယ့်အတွက် တစ်စုံတစ်ခုတောင်းသင့်ကြောင်း ပြန်ပြောဆိုခဲ့သည်။ ဗီဆဲလ် ဤသို့ဖြေကြားသည်– “ဒီလိုဆိုရင် ကျွန်တော့်ကို ဗာတီကန်စာကြည့်တိုက်က ဂရိနှင့်ဟေဗြဲကျမ်းစာအုပ်ကိုပေးဖို့ တောင်းပါတယ်။” ပုပ်ရဟန်းမင်းက သူ၏တောင်းဆိုချက်အတိုင်း ပေးခဲ့သော်လည်း ဗီဆဲလ်သည် မိုက်မဲစွာပြုကြောင်းနှင့် ဂိုဏ်းအုပ်ခန့်ရန် တောင်းဆိုသင့်ကြောင်း ဆိုခဲ့သည်!

“လိမ်လည်မှုနှင့် မှားယွင်းမှု”

ယခုနာမည်ကျော်စစ်တန်ဘုရားကျောင်းအဆောက်အအုံအတွက် အလှူငွေအလွန်လိုအပ်သောကြောင့် ဇစ်တပ်စ်သည် လူသေများအတွက် အပြစ်ဖြေခြင်းအရောင်းအဝယ်ကို အစပျိုးခဲ့သည်။ ဤအပြစ်ဖြေခြင်းသည် အလွန်ရေပန်းစားလာသည်။ Vicars of Christ—⁠The Dark Side of the Papacy စာအုပ်က ဤသို့ဖော်ပြသည်– “မုဆိုးမများနှင့် မုဆိုးဖိုများ၊ သားသမီးဆုံးပါး၍ ပူဆွေးကြေကွဲကျန်ရစ်သောမိဘများသည် သူတို့ချစ်မြတ်နိုးရသူများ ငရဲကလေးမှလွတ်မြောက်ရန် ကြိုးစားသည့်အနေဖြင့် သူတို့၏ပိုက်ဆံရှိသမျှကို အသုံးပြုခဲ့ကြသည်။” မိမိတို့ချစ်ရသူတို့ ကောင်းကင်သွားရန် ပုပ်ရဟန်းမင်း တကယ်ပြုလုပ်ပေးနိုင်သည်ဟု အပြည့်အဝယုံကြည်ကြသော သာမန်ပြည်သူတို့သည် အပြစ်ဖြေခြင်းကို နှစ်သက်လက်ခံခဲ့ကြသည်။

ဗီဆဲလ်မှာမူ ပုပ်ရဟန်းမင်းအပါအဝင် ကက်သလစ်ချာ့ခ်ျသည် အပြစ်လွှတ်ပိုင်ခွင့်မရှိကြောင်း အခိုင်အမာယုံကြည်ခဲ့သည်။ ဗီဆဲလ်က အပြစ်ဖြေခြင်းအရောင်းအဝယ်ကို “လိမ်လည်မှုနှင့် မှားယွင်းမှု” ဟု ပွင့်ပွင့်လင်းလင်းခေါ်ဆိုခဲ့သည်။ အပြစ်ခွင့်လွှတ်ခံရရန် ဘုန်းကြီးများထံ အပြစ်ဝန်ခံဖို့ လိုအပ်သည်ဟုလည်း မယုံကြည်ခဲ့ချေ။

ဗီဆဲလ်က ပုပ်ရဟန်းမင်း၏ မမှားယွင်းနိုင်မှုနှင့်ပတ်သက်၍လည်း စောဒကတက်ခဲ့သည်၊ သူက ပုပ်ရဟန်းမင်းများသည် အမှားများပြုခဲ့ကြသောကြောင့် သူတို့ကို လူတို့အစဉ်ယုံကြည်ရမည်ဟုဆိုလျှင် ယုံကြည်ခြင်းအုတ်မြစ်များသည် ချည့်နဲ့သွားနိုင်သည်ဟု ဆိုသည်။ သူဤသို့ရေးသည်– “ဂိုဏ်းချုပ်များက ဘုရားသခင့်ပညတ်များနှင့် သူတို့ကိုယ်တိုင်ပြဋ္ဌာန်းသည့်ပညတ်များကို ဘေးဖယ်ထားကြမည်ဆိုလျှင် . . . သူတို့ပြုလုပ်၊ ပညတ်ရာသည် အကျိုးရှိမည်မဟုတ်။”

ပြုပြင်ပြောင်းလဲရေးအတွက် ဗီဆဲလ်လမ်းပြင်ဆင်

ဗီဆဲလ်သည် ၁၄၈၉ ခုနှစ်တွင် သေဆုံးခဲ့သည်။ သူသည် ချာ့ခ်ျရှိ အချို့သောအမှားများကို ဆန့်ကျင်သော်လည်း ကက်သလစ်အသင်းသားတစ်ဦးအဖြစ် ဆက်ရပ်တည်ခဲ့သည်။ သို့တိုင် သူသည် အယူမှားသူတစ်ဦးအဖြစ် ချာ့ခ်ျ၏ပြစ်တင်ခြင်းကို တစ်ခါမျှမခံခဲ့ရချေ။ သို့သော် သူသေဆုံးပြီးနောက်တွင် သူရေးသောစာအုပ်များသည် ချာ့ခ်ျသွန်သင်ချက်နှင့်ဆန့်ကျင်သည်ဟု တစ်ယူသန်ကက်သလစ်ဘုန်းကြီးများ ယူဆသောကြောင့် ယင်းတို့ကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ကြသည်။ လူသာအချိန်တွင် ဗီဆဲလ်၏အမည်သည် မေ့ပျောက်ခံရလုနီးပါးဖြစ်သည့်အပြင် သူရေးသည့်စာအုပ်တစ်ခုမျှ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းမရှိ။ လက်ရေးစာမူအနည်းငယ်မှာမူ ဆက်၍တည်ရှိခဲ့သည်။ နောက်ဆုံးသော် ဗီဆဲလ်ရေးသည့်စာအုပ်များထဲမှ ဦးဆုံးတည်းဖြတ်သောစာအုပ်ကို ၁၅၂၀ နှင့် ၁၅၂၂ ခုနှစ်စပ်ကြားကာလတွင် ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် ဗီဆဲလ်၏စာပေများကို လူသာကိုယ်တိုင်ထောက်ခံကြောင်း သူကိုယ်တိုင်ရေးသည့်စာတစ်စောင် ပါဝင်သည်။

ဗီဆဲလ်သည် လူသာကဲ့သို့ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးမဟုတ်သော်လည်း သူသည် ပြုပြင်ပြောင်းလဲရေးကိုဖြစ်စေသော အမှားအချို့ကို ပွင့်ပွင့်လင်းလင်းပြစ်တင်ခဲ့သည်။ အမှန်တွင် မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်းက သူ့ကို “ပြုပြင်ပြောင်းလဲရေးအတွက် လမ်းပြင်ဆင်ရာတွင် ကူညီပေးကြသော ဂျာမန်လူတို့ထဲမှ အရေးအပါဆုံးသူ” အဖြစ် ဖော်ပြခဲ့သည်။

လူသာက ဗီဆဲလ်နှင့် မိမိအယူအဆ တူညီသည်ဟု ရှုမြင်ခဲ့သည်။ စာရေးဆရာ စီ. ဩဂစ်စတင် ဤသို့ရေးသည်– “လူသာက မိမိအသက်ရှင်သည့်ခေတ်ကာလအခြေအနေကို ဧလိယအသက်ရှင်ခဲ့သည့်ခေတ်အခြေအနေနှင့် နှိုင်းယှဉ်ထားသည်။ ဘုရားသခင်ဘက်မှတိုက်ခိုက်ရန် မိမိတစ်ဦးတည်းသာကျန်တော့သည်ဟု ပရောဖက်ခံစားခဲ့သကဲ့သို့ လူသာသည်လည်း ချာ့ခ်ျနှင့်ဆိုင်ပြိုင်တိုက်ခိုက်ရာတွင် မိမိတစ်ဦးတည်းသာရှိသည်ဟု ခံစားခဲ့သည်။ သို့သော် ဗီဆဲလ်၏စာပေများကို ဖတ်ရှုပြီးနောက်တွင် အရှင်သခင်က ‘ဣသရေလနိုင်ငံတွင် ကျန်ကြွင်းသူ’ တစ်ဦးကို ကယ်တင်ခဲ့သည်ဟု သဘောပေါက်သည်။” “‘ဗီဆဲလ်ရဲ့စာပေတွေကို အရင်က ကျွန်တော်ဖတ်ခဲ့မယ်ဆိုရင် လူသာက ဗီဆဲလ်ဆီကနေ အားလုံးသင်ယူခဲ့တယ်လို့ ရန်သူတွေ ယူဆကြမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စဉ်းစားပုံက ကျွန်တော့်ရဲ့စဉ်းစားပုံနဲ့ လုံးဝကိုက်ညီနေလို့ပဲ’ ဟူ၍ လူသာကြွေးကြော်သည်အထိ ဖြစ်ခဲ့သည်။” *

“ရှာလျှင်တွေ့မည်”

ခရစ်ယာန်သာသနာပြုပြင်ပြောင်းလဲရေးသည် ရုတ်တရက်ထဖြစ်လာသည့်အရာ မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးကိုဖြစ်စေသော အယူအဆများသည် အချိန်အတန်ကြာ တည်ရှိလာခဲ့သည်။ ပုပ်ရဟန်းမင်းများ၏ အကျင့်ယိုယွင်းမှုက နောက်ဆုံးတွင် ပြုပြင်ပြောင်းလဲလိုသည့်ဆန္ဒ ဖြစ်ပေါ်စေမည်ကို ဗီဆဲလ်သိမြင်ခဲ့သည်။ တစ်ချိန်တွင် ကျောင်းသားတစ်ဦးကို သူဤသို့ပြောခဲ့သည်– “စာကြိုးစားတဲ့လူလေး၊ အငြင်းပွားဖွယ်ရှိတဲ့ ဘာသာရေး . . . သွန်သင်ချက်တွေကို စစ်မှန်တဲ့ခရစ်ယာန်စာပေတတ်ကျွမ်းသူတွေ ငြင်းပယ်တဲ့နေ့ကို မင်းတွေ့မြင်ရလိမ့်မယ်။”

ဗီဆဲလ်သည် သူ့အချိန်က အချို့သောမှားယွင်းမှုများနှင့် အကျင့်ယိုယွင်းမှုများကို သိရှိသော်လည်း ကျမ်းစာအမှန်တရားအားလုံးကို မဖော်ထုတ်နိုင်ခဲ့ချေ။ သို့သော် သူ့အတွက်မူ သမ္မာကျမ်းစာသည် ဖတ်ရှုလေ့လာသင့်သောစာအုပ်ဖြစ်သည်။ A History of Christianity စာအုပ်အရ ဗီဆဲလ်သည် “ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏မှုတ်သွင်းခံ သမ္မာကျမ်းစာကို ယုံကြည်ခြင်းကိစ္စရပ်များနှင့်ပတ်သက်လာလျှင် အကြွင်းမဲ့အာဏာပိုင်အဖြစ် စွဲကိုင်ခဲ့သည်။” မျက်မှောက်ခေတ်တွင် စစ်မှန်သောခရစ်ယာန်များက သမ္မာကျမ်းစာသည် မှုတ်သွင်းခံဘုရားသခင့်နှုတ်မြွတ်စကားတော်ဖြစ်သည်ကို ယုံကြည်ကြသည်။ (၂ တိမောသေ ၃:၁၆) သို့သော် သမ္မာကျမ်းစာအမှန်တရားများကို နားလည် သို့မဟုတ် ရှာတွေ့ရန် မခက်ခဲပါ။ “ရှာကြလော့။ ရှာလျှင်တွေ့မည်” ဟူသော သမ္မာကျမ်းစာမူသည် အတိတ်ကထက်ပင် ယနေ့အချိန်တွင် မှန်ကန်နေဆဲဖြစ်သည်။—⁠မဿဲ ၇:၇; သု. ၂:၁-၆

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 ဤသူတို့သည် မူရင်းကျမ်းစာဘာသာစကားများလေ့လာခြင်းကို တိုးတက်ကောင်းမွန်လာအောင် များစွာပြုလုပ်ခဲ့ကြသည်။ ၁၅၀၆ ခုနှစ်တွင် ရီအိုခ်ျလင်သည် ဟေဗြဲသဒ္ဒါစာအုပ်ကို ထုတ်ဝေခဲ့ပြီး ယင်းက ဟေဗြဲကျမ်းစာကို အတွင်းကျကျလေ့လာရန် ဖြစ်စေခဲ့သည်။ အီရက်စ်မပ်စ်သည် ခရစ်ယာန်ဂရိကျမ်းစာ၏ မူရင်းဂရိကျမ်းကို ၁၅၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

^ အပိုဒ်၊ 21 Wessel Gansfort (1419-1489) and Northern Humanismစာမျက်နှာ ၁၀၅။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဗီဆဲလ် နှင့် ဘုရားသခင့်နာမတော်

ဗီဆဲလ်၏စာပေများတွင် ဘုရားသခင့်နာမတော်ကို များသောအားဖြင့် “Johavah” ဟူ၍ ပြန်ဆိုခဲ့သည်။ သို့သော် ဗီဆဲလ်သည် “Jehovah” (ယေဟောဝါ) ဟူ၍ အနည်းဆုံးနှစ်ကြိမ် အသုံးပြုခဲ့သည်။ ဗီဆဲလ်၏အမြင်သဘောထားကို ဆွေးနွေးသုံးသပ်ရာတွင်၊ သောမတ်စ် အကွီနပ်စ်နှင့် အခြားသူတို့သည် ဟေဗြဲဘာသာစကားကို သိခဲ့ကြမည်ဆိုလျှင် “မောရှေကိုဖော်ပြခဲ့သော ဘုရားသခင့်နာမတော်မှာ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်၏’ မဟုတ်ဘဲ ‘ငါဖြစ်မည်အတိုင်း ငါဖြစ်မည်’ ဟူ၍ဖြစ်သည်ကို သူတို့တွေ့ရှိခဲ့ကြလိမ့်မည်” ဟု ဗီဆဲလ်ယူမှတ်ခဲ့ကြောင်း စာရေးဆရာ အိပ်ခ်ျ. အေ. အိုဘာမင်က ကောက်ချက်ချသည်။ * ကမ္ဘာသစ်ဘာသာပြန်ကျမ်းက “ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်” ဟူသောအဓိပ္ပာယ်ဖြင့် မှန်ကန်စွာ ပြန်ဆိုထားသည်။—⁠ထွက်မြောက်ရာ ၃:၁၃၊ ၁၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 30 Wessel Gansfort (1419-1489) and Northern Humanism, page 105.

[Credit Line]

Manuscript: Universiteitsbibliotheek, Utrecht

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

စတုတ္ထမြောက် ပုပ်ရဟန်းမင်းဇစ်တပ်စ် အတည်ပြုခဲ့သော အပြစ်ဖြေခြင်းအရောင်းအဝယ်ကို ဗီဆဲလ် သဘောမတူငြင်းဆိုခဲ့