မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သည့်ဝတ်ပြုရေးပင် ဖြစ်ပါစေအရေးကြီးပါသလော

မည်သည့်ဝတ်ပြုရေးပင် ဖြစ်ပါစေအရေးကြီးပါသလော

မည်သည့်ဝတ်ပြုရေးပင် ဖြစ်ပါစေအရေးကြီးပါသလော

ကျွ န်ုပ်တို့အများစုသည် ဈေးဝယ်သွားသောအခါ ရွေးချယ်ရန်ပစ္စည်းအများအပြားရှိသည်ကို နှစ်သက်ကြသည်။ ဈေးတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ခင်းကျင်းထားသောအခါ ကျွန်ုပ်တို့အကြိုက်ဆုံးနှင့် မိသားစုအတွက်အကောင်းဆုံးဖြစ်သည့်အရာကို ရွေးချယ်နိုင်သည်။ အထည်ဆိုင်တစ်ဆိုင်တွင် ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးကို ဝယ်ယူနိုင်သည့်ဈေးနှုန်းဖြင့် ရောင်းချနေသည်ဆိုလျှင် ကျွန်ုပ်တို့နှင့်အသင့်တော်ဆုံးကို ရွေးချယ်နိုင်သည်။ ဘဝတွင် ကျွန်ုပ်တို့၏ရွေးချယ်မှုတချို့သည် မိမိတို့နှစ်သက်ရာကို ဖော်ပြနေခြင်းသာဖြစ်သည်။ သို့သော် ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာ သို့မဟုတ် ပညာရှိမိတ်ဆွေများစသည့် အခြားသောရွေးချယ်ရာများက ကျွန်ုပ်တို့၏ကောင်းကျိုးကို ဖြစ်စေသည်။ ထို့ကြောင့် ဝတ်ပြုရေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ရွေးချယ်မှုကော မည်သို့နည်း။ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်သောနည်းလမ်းသည် မိမိစိတ်ကြိုက်ဖြစ်ကြောင်း ဖော်ပြရုံသာဖြစ်သင့်သလော။ သို့တည်းမဟုတ် ယင်းသည် ကျွန်ုပ်တို့ကောင်းကျိုးကို ဆိုးဆိုးရွားရွားထိခိုက်စေသလော။

ရွေးချယ်နိုင်သည့် ဝတ်ပြုရေးအမြောက်အမြားရှိသည်။ ယခုအခါ နိုင်ငံများစွာသည် ဝတ်ပြုရေးလွတ်လပ်မှုကို ခွင့်ပြုထားသည့်အပြင် လူတို့သည် မိဘများ၏ဘာသာရေးကို ပို၍ လွတ်လွတ်လပ်လပ်စွန့်လွှတ်လာကြသည်။ အမေရိကန်နိုင်ငံသားများထဲမှ ၈၀ ရာခိုင်နှုန်းက “ကယ်တင်ခြင်းရနိုင်သောယုံကြည်ခြင်း တစ်ခုထက်မက ရှိသည်ဟု ယုံကြည်” ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ဆန္ဒမဲကောက်ခံမှုတစ်ခုက ဖော်ပြသည်။ ထိုဆန္ဒမဲကောက်ခံမှုအရ “မေးမြန်းခံရသူ ငါးဦးထဲမှ တစ်ဦးက အရွယ်ရောက်သောအခါ သူ,ဘာသာပြောင်းခဲ့သည်ဟု ဆို၏။” ဘရာဇီးတွင် ပြုလုပ်သောလေ့လာမှုတစ်ရပ်က ဘရာဇီးနိုင်ငံသားအားလုံးထဲမှ ၂၅ ရာခိုင်နှုန်းနီးပါးသည် မိမိတို့၏ဘာသာကို ပြောင်းခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

ယခင်အချိန်များတွင် လူတို့သည် ဝတ်ပြုရေးတစ်ခုနှင့်တစ်ခု မတူညီစေသောအယူဝါဒများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ငြင်းခုံခဲ့ကြပေမည်။ ယခုအခါ အများကြိုက်သည့်သဘောထားမှာ ‘သင် မည်သည့်ဝတ်ပြုရေးကို ရွေးချယ်ပါစေ အရေးမကြီး’ ဟူ၍ဖြစ်သည်။ သို့သော် တကယ်ပင် အရေးမကြီးသလော။ သင်ရွေးချယ်သောဝတ်ပြုရေးသည် သင့်ကို အကျိုးသက်ရောက်နိုင်သလော။

ပညာရှိသောဈေးဝယ်သူတစ်ဦးသည် ကုန်ပစ္စည်း၏ပင်ရင်းကို မေးမြန်းတတ်သကဲ့သို့ သင်သည် ပညာရှိစွာ ဤသို့မေးပေမည်– ‘ဤကွဲပြားသောဝတ်ပြုရေးများသည် မည်သို့စတင်လာခဲ့သနည်း၊ အဘယ်ကြောင့်နည်း။’ သမ္မာကျမ်းစာက အဖြေပေးထားသည်။

ဝတ်ပြုရေးများ မည်သို့စတင်လာခဲ့သနည်း

ကမ္ဘာပေါ် ယေရှုမလာမီ နှစ်ပေါင်းတစ်ထောင်နီးပါးအချိန်တွင် ရှေးဣသရေလနိုင်ငံ၌ ဘုရင်ယေရောဗောင်သည် ဝတ်ပြုရေးအသစ်တစ်ခုကို စတင်ခဲ့သည်။ ယေရောဗောင်သည် လွတ်လပ်သောမြောက်ပိုင်းဣသရေလနိုင်ငံ၏ ပထမဆုံးဘုရင်ဖြစ်ခဲ့သည်။ သူသည် မိမိရည်ရွယ်ချက်များ ပြီးမြောက်အောင်ဆောင်ရွက်ရန် လူတို့ကို စုစည်းခြင်းနှင့်ပတ်သက်၍ အခက်တွေ့နေသည်။ ဘုရင်သည် “သူတစ်ပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကိုလုပ်ပြီးလျှင် သင်တို့သည် ယေရုရှလင်မြို့သို့သွားရသောအမှုခက်လှ၏။ အိုဣသရေလအမျိုး သင်တို့ . . . ဘုရား[သခင်]တို့ကိုကြည့်ရှုကြလော့” ဟုဆိုခဲ့၏။ (၃ ဓမ္မရာဇဝင်  ၁၂:၂၈) လူတို့ ဝတ်ပြုရန်သွားလေ့ရှိသည့်နေရာဖြစ်သော ယေရုရှလင်မြို့သို့ တည်ကြည်စွာသွားနေခြင်းမှ လမ်းလွှဲရန် ဘာသာတရားကို အသုံးပြုဖို့ ဘုရင်လိုလားသည်မှာ ရှင်းနေပါသည်။ ယေရောဗောင်အစပြုခဲ့သော ဝတ်ပြုရေးသည် ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး နောက်ဆုံးတွင် ထိုအယူဖောက်ပြန်သောဣသရေလနိုင်ငံအပေါ် ဘုရားသခင် တရားစီရင်လိုက်သောအခါ သန်းပေါင်းများစွာ သေကျေ သို့မဟုတ် ပြည်နှင်ဒဏ်ခံရခဲ့ကြသည်။ ယေရောဗောင်စတင်ခဲ့သော ဝတ်ပြုရေးသည် အုပ်ချုပ်ရေးအကျိုးရရန် ကြံစည်ထားရာဖြစ်ခဲ့သည်။ ယနေ့ထိ ဆက်တည်ရှိနေသည့် အချို့သောနိုင်ငံ၏ဝတ်ပြုရေးများသည် အခွင့်အာဏာရှိနေစေရန် ကြိုးစားသည့်အနေဖြင့် ထိုသို့ပင် စတင်ခဲ့ခြင်းဖြစ်သည်။

ဝတ်ပြုရေးအသစ်ကို လူတို့စတင်ဖွဲ့စည်းရသည့် နောက်ထပ်အကြောင်းရင်းကို တမန်တော်ပေါလု ဤသို့ဖော်ပြခဲ့သည်– ‘ငါမရှိသည်နောက်၊ ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်းပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။’ (တမန်တော် ၂၀:၂၉၊ ၃၀) မာနကြီးသောခေါင်းဆောင်များသည် မိမိတို့ကို လူများအာရုံစိုက်လာရန် ဝတ်ပြုရေးလှုပ်ရှားမှုများ အစပြုလုပ်လေ့ရှိသည်။ ခရစ်ယာန်ဖြစ်သည်ဟု မှားယွင်းစွာကြေညာသော ချာ့ခ်ျများသည် ဂိုဏ်းဂဏများစွာအဖြစ် ကွဲခဲ့ကြသည်။

ဝတ်ပြုရေးများသည်မည်သူ့မျက်နှာသာကို ရလိုသနည်း

အသင်းသားများတောင်းဆိုရာကို ပြုလုပ်ပေးလိုခြင်းက အချို့သူတို့ကို ဘာသာတရားအသစ် စတင်ရန် လှုံ့ဆော်ပေမည်။ သာဓကအနေနှင့် အမေရိကန်ပြည်ထောင်စုရှိ မီဂါချာ့ခ်ျများ ဟုခေါ်သော ဝတ်ပြုရေးနှင့်ပတ်သက်၍ Economist မဂ္ဂဇင်းကဖော်ပြခဲ့သည်။ ထိုချာ့ခ်ျများသည် “မိမိတို့၏ဖောက်သည်၏ဆန္ဒကို ဦးစားပေးသည့် အောင်မြင်သောရောင်းဝယ်ရေးလုပ်ငန်းအားလုံးကဲ့သို့ပင် ထပ်တူမူပေါ်တွင် အခြေခံခဲ့” သောကြောင့် ကြီးပွားလာခြင်းဖြစ်သည်ဟု ဆောင်းပါးကဖော်ပြသည်။ အချို့သောချာ့ခ်ျများသည် “ဗီဒီယိုများ၊ ပြဇာတ်နှင့် ခေတ်ပေါ်တေးဂီတနှင့် မြူးကြွသောအစီအစဉ်များ” ကို တင်ဆက်ကြသည်။ ထိုချာ့ခ်ျများရှိ ဘာသာရေးခေါင်းဆောင်တချို့သည် မိမိတို့အသင်းသားများ “ကျန်းမာချမ်းသာပြီး သောကကင်းဝေး” စေရန် သွန်သင်ပေးသည်ဟု ဆိုကြသည်။ ထိုချာ့ခ်ျများသည် ဖျော်ဖြေရေး သို့မဟုတ် “မိမိတို့ပြဿနာ မိမိတို့ဘာသာဖြေရှင်းခြင်းဆိုင်ရာ” တို့တွင် ပါဝင်ကြသောကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရသော်လည်း သူတို့သည် “အသင်းသားများဆန္ဒရှိရာကို ပြုလုပ်ပေးလိုကြသည်” ဟု ထိုဆောင်းပါးက ဆက်ဖော်ပြသည်။ မှတ်တမ်းက ဤသို့နိဂုံးချုပ်သည်– “စီးပွားရေးနှင့် ဝတ်ပြုရေးပေါင်းစပ်ဖွဲ့စည်းကြသူတို့သည် အလွန်အောင်မြင်ကြသည်။”

အခြားဝတ်ပြုရေးများသည် စီးပွားရေးဆန်ဆန် ပေါ်ပေါ်ထင်ထင်ပြုလုပ်မည်မဟုတ်သော်လည်း “အသင်းသားများဆန္ဒရှိရာကို ပြုလုပ်ပေးလို” ကြသောချာ့ခ်ျများသည် ကျွန်ုပ်တို့အား တမန်တော်ပေါလုပေးသော သတိပေးချက်ကို သတိရစေသည်။ သူဤသို့ရေးခဲ့သည်– ‘နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသွန်သင်ချက်ကိုနားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်။ အမှန်တရားကိုနားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။’—⁠၂ တိမောသေ ၄:၃၊ ၄

ဝတ်ပြုရေးများစွာသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒရှိခြင်းထက် အခွင့်အာဏာ၊ ဂုဏ်သတင်းနှင့် လူအများ၏လက်ခံမှုတို့ကို ရလိုသည့်ဆန္ဒရှိရာမှ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ဝတ်ပြုရေးသည် ကလေးကိုမတော်မတရားပြုမှု၊ လိမ်လည်မှု၊ စစ်မှု သို့မဟုတ် အကြမ်းဖက်မှုကဲ့သို့သော ဆိုးသွမ်းမှုများတွင် ပါဝင်ခဲ့ကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ဝတ်ပြုရေးသည် ဟန်ဆောင်မှုတစ်ခုဖြစ်လေ့ရှိသည်။ လှည့်ဖြားမခံရအောင် သင်မည်သို့ရှောင်ရှားနိုင်မည်နည်း။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ဝတ်ပြုရေးများစွာသည်ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒရှိခြင်းထက် အခွင့်အာဏာ၊ဂုဏ်သတင်းနှင့် လူအများ၏လက်ခံမှုတို့ကို ရလိုသည့်ဆန္ဒရှိရာမှထွက်ပေါ်လာခြင်းဖြစ်