မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်သောဝတ်ပြုရေးကို ခွဲခြားသိမြင်နိုင်ပုံ

မှန်သောဝတ်ပြုရေးကို ခွဲခြားသိမြင်နိုင်ပုံ

မှန်သောဝတ်ပြုရေးကို ခွဲခြားသိမြင်နိုင်ပုံ

ဝတ်ပြုကိုးကွယ်မှု အများစုက မိမိတို့သွန်သင်ရာသည် ဘုရားသခင်ထံမှလာသည်ဟု အခိုင်အမာဆိုကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှု၏တမန်တော်ယောဟန်ရေးခဲ့သော ဤစကားများကို ဂရုပြုရန်လိုသည်– “ချစ်သူတို့၊ တရားစကားတိုင်းကို မယုံကြနှင့်။ ဘုရားသခင်၏တရားစကား ဟုတ်မဟုတ် သိမြင်ခြင်းငှာ စစ်ဆေးကြလော့။ အကြောင်းမှာ ပရောဖက်အတုအယောင် များစွာတို့သည် လောကတွင် ပေါ်လာကြပြီ။” (၁ ယောဟန် ၄:၁ကဘ) တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှလာသည်၊ မလာသည်ကိုသိနိုင်ရန် ကျွန်ုပ်တို့ မည်သို့စစ်ဆေးနိုင်သနည်း။

ဘုရားသခင်ထံမှလာသော အရာမှန်သမျှသည် ကိုယ်တော်၏ ပင်ကိုအရည်အသွေး၊ အထူးသဖြင့် ကိုယ်တော်၏အဓိကအရည်အသွေးဖြစ်သောမေတ္တာတော် ပေါ်လွင်သည်။ ဥပမာ၊ ဟင်းခတ်ပင်များ၊ ပန်းများ သို့မဟုတ် လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော ပေါင်မုန့်ရနံ့တို့ကို ရရှိခံစားနိုင်သော ကျွန်ုပ်တို့၏အနံ့ခံအာရုံသည် ဘုရားသခင်၏ မေတ္တာတော်ဖော်ပြချက်တစ်ရပ်ဖြစ်သည်။ နေဝင်ဆည်းဆာ၊ လိပ်ပြာ သို့မဟုတ် ကလေးငယ်တစ်ဦး၏အပြုံးတို့ကို တွေ့မြင်နိုင်သည့်စွမ်းရည်မှာ ကျွန်ုပ်တို့အတွက် ဘုရားသခင့်မေတ္တာတော် ပေါ်လွင်သည်။ သာယာငြိမ့်ညောင်းသောတေးသံ၊ ကျေးငှက်တွန်ကျူးသံ သို့မဟုတ် ချစ်မြတ်နိုးရသူ၏အသံကို ကြားနိုင်သည့်စွမ်းရည်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ကျွန်ုပ်တို့၏လူ့သဘောသဘာဝပင်လျှင် မစုံလင်သည့်တိုင် ဘုရားသခင့်မေတ္တာကို ထင်ဟပ်ပေါ်လွင်စေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ယေရှု၏ ဤမိန့်တော်မူချက်၏အမှန်တရားကို တွေ့ကြုံကြရလေ့ရှိသည်– “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်။” (တမန်တော် ၂၀:၃၅) “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ” ကျွန်ုပ်တို့ကို ဖန်ဆင်းထားသောကြောင့် ကျွန်ုပ်တို့သည် မေတ္တာတင်ပြရသည်ကို ပျော်မွေ့ကြသည်။ (ကမ္ဘာဦး ၁:၂၇) ယေဟောဝါတွင် အခြားအရည်အသွေးများစွာရှိသော်လည်း မေတ္တာသည် ကိုယ်တော်၏ပင်ကိုအရည်အသွေးများထဲတွင် အထူးခြားဆုံးဖြစ်သည်။

ဘုရားသခင်ထံမှလာသောကျမ်းဂန်များသည် ကိုယ်တော်၏မေတ္တာတော်ကို ပေါ်လွင်စေသင့်သည်။ ကမ္ဘာ့ဝတ်ပြုရေးတို့တွင် ရှေးကျမ်းဂန်များစွာရှိကြသည်။ ထိုကျမ်းဂန်များသည် ဘုရားသခင့်မေတ္တာတော် ပေါ်လွင်စေခြင်းနှင့်ပတ်သက်၍ အခြေအနေမည်သို့ရှိသနည်း။

အမှန်တွင် ဝတ်ပြုရေးနှင့်ဆိုင်သည့် ရှေးဟောင်းစာအုပ်အများစုသည် ဘုရားသခင် ကျွန်ုပ်တို့ကိုချစ်မြတ်နိုးပုံ သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့မည်သို့ချစ်မြတ်နိုးနိုင်ပုံတို့ကို မရှင်းပြသလောက်ဖြစ်သည်။ သို့ဖြစ်၍ သန်းနှင့်ချီသောသူတို့က “ဖန်ဆင်းခြင်းမှာတော့ ဘုရားသခင့်မေတ္တာတော် အထောက်အထားကိုတွေ့မြင်ရပြီး တစ်ဖက်မှာတော့ ခက်ခဲဆင်းရဲမှုနဲ့ ဆိုးသွမ်းမှု မပြတ်ဆက်ရှိနေတာ ဘာကြောင့်လဲ” ဟုမေးကြသည့်အခါ အဖြေမရကြခြင်းဖြစ်သည်။ သို့သော် သမ္မာကျမ်းစာသည် ဘုရားသခင်၏မေတ္တာတော်အကြောင်း အပြည့်အဝရှင်းပြသော ဝတ်ပြုရေးနှင့်ဆိုင်သည့် တစ်ခုတည်းသော ရှေးကျမ်းဂန်ဖြစ်သည်။ ကျွန်ုပ်တို့သည် မေတ္တာကိုမည်သို့ကျင့်သုံးနိုင်ပုံကိုလည်း ယင်းက သွန်သင်ပေးသည်။

မေတ္တာအကြောင်းဖော်ပြသည့်စာအုပ်

ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သော သမ္မာကျမ်းစာတွင် ယေဟောဝါကို ‘မေတ္တာရှင်’ အဖြစ် ဖော်ပြထားသည်။ (၂ ကောရိန္သု ၁၃:၁၁ကဘ) ယေဟောဝါသည် ကနဦးလူသားတို့ကို ဖျားနာမှုနှင့် သေခြင်းကင်းသောအသက်တာပေးရန် မေတ္တာတော်က လှုံ့ဆော်ပေးခဲ့ပုံကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ သို့သော် ဘုရားသခင်၏အခွင့်အာဏာကို ပုန်ကန်မှုကြောင့် လူသားတို့သည် ခက်ခဲဆင်းရဲမှုကို စတင်ကြုံတွေ့ခဲ့ရသည်။ (တရားဟောရာ ၃၂:၄၊ ၅; ရောမ ၅:၁၂) ဆုံးရှုံးခဲ့ရာကို ပြန်လည်ရရှိစေရန် ယေဟောဝါအရေးယူဆောင်ရွက်တော်မူခဲ့သည်။ ဘုရားသခင့်နှုတ်မြွက်တော်တွင် ဤသို့ဆို၏– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။’ (ယောဟန် ၃:၁၆) ဘုရားသခင်သည် နာခံမှုရှိသောလူသားတို့ ငြိမ်းချမ်းသာယာမှုပြန်ခံစားရစေရန် ယေရှုအုပ်ချုပ်မှုအောက်ရှိ ပြည့်ဝစုံလင်သောအစိုးရကို စီစဉ်ပေးထားကြောင်း သန့်ရှင်းသောကျမ်းစာက ဖော်ပြထားသည့်အတွက် ဘုရားသခင့်မေတ္တာတော် ပို၍ပင်ထင်ရှားပေါ်လွင်သည်။—⁠ဒံယေလ ၇:၁၃၊ ၁၄; ၂ ပေတရု ၃:၁၃

သမ္မာကျမ်းစာက လူ့တာဝန်နှင့်ပတ်သက်၍ ဤစကားများဖြင့် အကျဉ်းချုပ်ဖော်ပြ၏– ‘“သင်၏ဘုရားသခင် ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့” ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်း . . . ၏ အချုပ်အခြာပင်ဖြစ်သတည်း။’ (မဿဲ ၂၂:၃၇-၄၀) သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းတော်မူခြင်းခံရကြောင်း အခိုင်အမာဆိုသည်။ ယင်းသည် ကိုယ်တော်၏ ပင်ကိုအရည်အသွေးကို ရှင်းရှင်းလင်းလင်းပေါ်လွင်စေသောကြောင့် ‘မေတ္တာရှင်ဘုရားသခင်’ ထံမှလာသည်ကို ယုံကြည်စိတ်ချနိုင်သည်။—⁠၂ တိမောသေ ၃:၁၆

ဤစံနှုန်းတစ်ခုကိုသုံးခြင်းဖြင့် မည်သည့်ရှေးကျမ်းဂန်သည် အမှန်တကယ်ဘုရားသခင်ထံမှဖြစ်ကြောင်း ခွဲခြားသိမြင်နိုင်သည်။ မေတ္တာသည် မှန်သောဝတ်ပြုကိုးကွယ်သူများကိုလည်း ခွဲခြားသိမြင်စေသည်၊ အကြောင်းမှာ သူတို့သည် မေတ္တာတင်ပြရာတွင် ဘုရားသခင်ကို တုပကြသောကြောင့်ဖြစ်သည်။

ဘုရားသခင်ကိုချစ်သောလူတို့ကို ခွဲခြားသိမြင်နိုင်ပုံ

အထူးသဖြင့် ‘ဤနောက်ဆုံးအချိန်’ ဟုသမ္မာကျမ်းစာတွင်ခေါ်ဆိုထားသော ကျွန်ုပ်တို့အသက်ရှင်နေရသည့် ယနေ့အချိန်တွင် ဘုရားသခင်အား အမှန်ချစ်မြတ်နိုးသူတို့ကို အထင်အရှားတွေ့မြင်ရသည်။ လူတို့တွင် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ” များ တိုးများနေသည်။—⁠၂ တိမောသေ ၃:၁-၄

ဘုရားသခင်အားချစ်မြတ်နိုးသူတို့ကို မည်သို့ခွဲခြားသိမြင်နိုင်သနည်း။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။” (၁ ယောဟန် ၅:၃) ဘုရားသခင်အားချစ်မြတ်နိုးခြင်းက သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားစံနှုန်းများကို လေးမြတ်စေရန် လှုံ့ဆော်ပေးသည်။ ဥပမာ၊ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် လိင်၊ အိမ်ထောင်ရေးတို့နှင့်ပတ်သက်သော ပညတ်များပါရှိသည်။ လိင်ဆက်ဆံခြင်းကို အိမ်ထောင်သည်များအတွက်သာ ခွင့်ပြုထားပြီး အိမ်ထောင်မင်္ဂလာသည် ထာဝစဉ်တည်မြဲရမည်ဖြစ်သည်။ (မဿဲ ၁၉:၉; ဟေဗြဲ ၁၃:၄) သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားပညတ်များကို ယေဟောဝါသက်သေတို့ စိတ်ထက်သန်စွာလေ့လာကြသည့် အစည်းအဝေးတစ်ခုသို့ ကျမ်းစာကျောင်းတက်နေသူ စပိန်နိုင်ငံမှအမျိုးသမီးတစ်ဦး တက်ရောက်ပြီးနောက် ဤသို့မှတ်ချက်ချ၏– “အစည်းအဝေးက တည်ဆောက်မှုဖြစ်စေတယ်၊ ကျမ်းစာဟောပြောချက်တွေကြောင့်ပဲမဟုတ်ဘူး၊ သူတို့အချင်းချင်းကြားမှာရှိတဲ့ စည်းလုံးမှု၊ သူတို့ရဲ့မြင့်မားတဲ့ကိုယ်ကျင့်တရားနဲ့ သူတို့ရဲ့ကောင်းတဲ့အမူအကျင့်တွေကြောင့်လည်းပါတယ်။”

ဘုရားသခင်ကို ချစ်မြတ်နိုးသည့်အပြင် ကိုယ်နှင့်စပ်ဆိုင်သူတို့အပေါ်တင်ပြသော သူတို့၏မေတ္တာကြောင့် စစ်မှန်သောခရစ်ယာန်များကို အလွယ်တကူခွဲခြားသိမြင်ကြသည်။ သူတို့၏အရေးအကြီးဆုံးသောအလုပ်မှာ လူသားတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း အခြားသူတို့ကို ပြောပြခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄) ကိုယ်နှင့်စပ်ဆိုင်သူတို့ကို ဘုရားသခင်နှင့်ပတ်သက်သော အသိပညာရရှိစေရန် အကူအညီပေးခြင်းထက် ပို၍တည်မြဲသောအကျိုးရရှိစေနိုင်သည့် တခြားအရာမရှိနိုင်ပါ။ (ယောဟန် ၁၇:၃) စစ်မှန်သောခရစ်ယာန်များသည် မိမိတို့၏မေတ္တာကို အခြားနည်းများဖြင့်လည်း တင်ပြကြသည်။ ခက်ခဲဆင်းရဲကြုံတွေ့နေရသူတို့ကို လက်တွေ့ကျသည့် ကူညီမှုများပေးကြသည်။ ဥပမာ၊ အီတလီနိုင်ငံတွင် မြေငလျင်ဘေးတစ်ခုကျရောက်သည့်အခါ ဒေသခံသတင်းစာတစ်စောင်က ယေဟောဝါသက်သေတို့သည် “လက်တွေ့ကျနည်းလမ်းဖြင့်လုပ်ဆောင်ကြကြောင်း၊ ဘာသာတရားခွဲခြားခြင်းမရှိဘဲ အခက်အခဲကြုံနေရသူတို့ကို လက်တွေ့ကျကျကူညီပေးကြကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူတို့ကိုချစ်သည့်အပြင် စစ်မှန်သည့်ခရစ်ယာန်များသည် အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်လည်း ချစ်ကြသည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။”—⁠ယောဟန် ၁၃:၃၄၊ ၃၅

စစ်မှန်သောခရစ်ယာန်များ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်သော မေတ္တာသည် သိသာထင်ရှားပါသလော။ အယ်မာအမည်ရှိ အိမ်အကူတစ်ဦး ယင်းသို့ ယူမှတ်ပါသည်။ ချမ်းသာသူ၊ ဆင်းရဲသူတို့ကိုခွဲခြားလေ့ရှိသော လူမျိုးစုမတူသည့် ဘိုလီးဗီးယားနိုင်ငံ၊ လာပါဇ်မြို့တွင် သူအလုပ်လုပ်သည်။ သူဤသို့ပြော၏– “ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးကို ပထမဦးဆုံးအကြိမ်သွားတဲ့အခါ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ လူကြီးလူကောင်းတစ်ယောက်ဟာ နယ်ခံတိုင်းရင်းသားအင်ဒီးယန်းအမျိုးသမီးတစ်ယောက်နဲ့ ထိုင်ပြီးစကားပြောနေတာကို တွေ့ခဲ့ရတယ်။ အဲ့ဒီလို ကျွန်မ တစ်ခါမှမတွေ့ဖူးဘူး။ အဲ့ဒီအချိန်မှာပဲ သူတို့တွေဟာ ဘုရားသခင်ရဲ့လူမျိုးဖြစ်ရမယ်ဆိုတာ သိလိုက်တယ်။” အလားတူပင် ဘရာဇီးအမျိုးသမီးငယ်တစ်ဦးဖြစ်သော မစ်ရီယန်ကဤသို့ဆိုခဲ့သည်– “မိသားစုထဲမှာတောင် ဘယ်လိုပျော်ရွှင်ရမယ်ဆိုတာကို ကျွန်မ,မသိခဲ့ဘူး။ လက်တွေ့တင်ပြတဲ့မေတ္တာကို ကျွန်မဦးဆုံးတွေ့မြင်ခဲ့တာ ယေဟောဝါသက်သေတွေအလယ်မှာပဲ။” အမေရိကန်နိုင်ငံရှိ ရုပ်မြင်သံကြားအသံလွှင့်ဌာနတစ်ခုမှ သတင်းဌာနမန်နေဂျာက ဤသို့ရေးခဲ့၏– “လူအများစုက ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းလမ်းစဉ်အတိုင်း အသက်ရှင်ကြရင် ဒီနိုင်ငံဟာ လက်ရှိပုံစံအတိုင်းဖြစ်နေမှာမဟုတ်ဘူး။ ကျွန်တော်ဟာ ဖန်ဆင်းရှင်ကိုချစ်ခြင်းနဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းတို့အပေါ်မှာ အခြေပြုထားတဲ့ ခင်ဗျားတို့ရဲ့အဖွဲ့အစည်းအကြောင်းကို သိထားတဲ့သတင်းထောက်တစ်ဦးပါ။”

မှန်သောဝတ်ပြုကိုးကွယ်မှုကို ရှာလော့

မေတ္တာသည် မှန်သောဝတ်ပြုကိုးကွယ်မှုကို ခွဲခြားသိမြင်စေသည့် ကြန်အင်လက္ခဏာတစ်ခုဖြစ်သည်။ ယေရှုက မှန်သောဝတ်ပြုကိုးကွယ်မှုရှာခြင်းကို လမ်းမှန်ကိုရှာပြီး ယင်းလမ်းပေါ်လျှောက်ရန် ရွေးချယ်ခြင်းနှင့် နှိုင်းယှဉ်ပြခဲ့သည်။ ယင်းသည် ထာဝရအသက်ရစေသည့် တစ်ခုတည်းသောလမ်းဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏။” (မဿဲ ၇:၁၃၊ ၁၄) စစ်မှန်သောခရစ်ယာန်အုပ်စုတစ်ခုတည်းကသာ မှန်သောဝတ်ပြုရေး၏လမ်းပေါ်တွင် ဘုရားသခင်နှင့်အတူ စည်းလုံးစွာလျှောက်လှမ်းကြသည်။ ထို့ကြောင့် သင်သည် မည်သည့်ကိုးကွယ်မှုကို ရွေးချယ်ပါစေ ယင်းသည် အမှန်အရေးကြီးပါသည်။ သင်သည် ထိုလမ်းကိုရှာတွေ့ပြီး ထိုလမ်းပေါ်တွင်လျှောက်ရန်ရွေးချယ်ပါက ယင်းသည် မေတ္တာလမ်းစဉ်ဖြစ်သောကြောင့် သင်သည် အကောင်းဆုံးဘဝလမ်းစဉ်ကို ရှာတွေ့ခြင်းဖြစ်မည်။—⁠ဧဖက် ၄:၁-၄

သင်သည် မှန်သောဝတ်ပြုရေးလမ်းတွင်လျှောက်လှမ်းစဉ် သင်,ရရှိနိုင်သည့် ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါ။ ယင်းသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းနှင့်တူသည်။ သင်သည် ဘုရားသခင်ထံမှ ဉာဏ်ပညာနှင့် မေတ္တာကို သင်ယူရရှိနိုင်ပြီး ယင်းက အခြားသူတို့နှင့် ဆက်ဆံရေးကောင်းရရှိခံစားစေသည်။ သင်သည် ကိုယ်တော့်ထံမှ ဘဝရည်ရွယ်ချက်အကြောင်း သင်ယူနိုင်ပြီး ဘုရားသခင့်ကတိတော်များကို နားလည်သဘောပေါက်လာကာ အနာဂတ်မျှော်လင့်ချက်ရှိလာနိုင်သည်။ သင်သည် မှန်သောဝတ်ပြုရေးကို ရှာဖွေသည့်အတွက် ဘယ်တော့မျှနောင်တရမည်မဟုတ်ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဝတ်ပြုရေးနှင့်ဆိုင်သော ရှေးကျမ်းဂန်များထဲတွင်သမ္မာကျမ်းစာတစ်ခုတည်းကသာ ဘုရားသခင့်မေတ္တာတော်ကို ဖော်ပြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

စစ်မှန်သောခရစ်ယာန်များသည် မေတ္တာကိုကျင့်သုံးကြသောကြောင့် သူတို့ကို ခွဲခြားသိမြင်နိုင်ကြ