မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ပျော်ရွှင်ပါ

ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ပျော်ရွှင်ပါ

ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ပျော်ရွှင်ပါ

မမှည့်သေးသော အသီးကို သင်စားဖူးသလော။ အရသာကိုစိတ်ပျက်သွားမိမှာ သေချာသည်။ အသီးမှည့်ရန် အချိန်လိုအပ်ပြီး ထိုသို့ရင့်မှည့်လာသည်အထိ စောင့်ခြင်းက အမှန်ပင် စောင့်ရကျိုးနပ်၏။ စောင့်မျှော်ခြင်းမှ အကျိုးကျေးဇူးခံစားရသည့် အခြားအခြေအနေများလည်းရှိသည်။ ‘ထာဝရဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်ကို တိတ်ဆိတ်စွာနေလျက် စောင့်မျှော်ခြင်းသည်ကောင်း၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ (မြည်တမ်းစကား ၃:၂၆သမ္မာ; တိတု ၂:၁၃) ခရစ်ယာန်များသည် အဘယ်နည်းများဖြင့် ယေဟောဝါကို စောင့်မျှော်ရကြမည်နည်း။ ကိုယ်တော်ကို စောင့်မျှော်ရာမှ မည်သို့အကျိုးရရှိနိုင်သနည်း။

ဘုရားသခင်ကို စောင့်မျှော်ခြင်း—⁠ယင်းတွင် အဘယ်အရာပါဝင်သနည်း

ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် “ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တလျက်” နေကြသည်။ ကိုယ်တော် ‘လူဆိုးတို့ကိုဖျက်ဆီး’ ပြီးနောက်တွင် ရရှိမည့်သက်သာမှုကို ကျွန်ုပ်တို့စောင့်မျှော်နေကြသည်။ (၂ ပေတရု ၃:၇၊ ၁၂) ဆိုးသွမ်းမှုရှိသမျှကို အဆုံးသတ်ရန် ယေဟောဝါကိုယ်တော်တိုင် ဆန္ဒပြင်းပြသည်၊ သို့သော် မိမိနာမတော်ဂုဏ်တင်စေမည့်နည်းဖြင့် ခရစ်ယာန်များ၏ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးရန် စောင့်ဆိုင်းတော်မူသည်။ သမ္မာကျမ်းစာ ဤသို့ဆိုသည်– “ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍ တန်ခိုးတော်ကိုထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက် ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်း . . . နှင့် သည်းခံတော်မူသည်မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။ ချီးမြှောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာအိုးများတည်းဟူသော . . . ဘုန်းအာနုဘော်တော်ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာပြုတော်မူသည်မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။” (ရောမ ၉:၂၂-၂၄) နောဧအချိန်ကကဲ့သို့ပင် ယနေ့အချိန်တွင် ယေဟောဝါသည် မိမိလူတို့ကို ကယ်တင်ရန် အကောင်းဆုံးအချိန်ကို သိတော်မူ၏။ (၁ ပေတရု ၃:၂၀) ထို့ကြောင့် ဘုရားသခင်ကို စောင့်မျှော်ခြင်းတွင် ကိုယ်တော်အရေးယူလုပ်ဆောင်မည့်အချိန်ကို စောင့်မျှော်ခြင်းပါဝင်သည်။

ယေဟောဝါ၏နေ့ကို စောင့်မျှော်နေစဉ် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ရှိ ကျဆင်းနေသောကိုယ်ကျင့်တရားစံနှုန်းများကို မြင်ရသောကြောင့် တစ်ခါတစ်ရံ စိတ်ဓာတ်ကျပေမည်။ ထိုသို့စိတ်ဓာတ်ကျနေချိန်တွင် ဘုရားသခင့်ပရောဖက်မိက္ခာ၏ ဤစကားများကို ဆင်ခြင်သုံးသပ်ခြင်းက အားရှိစေသည်– ‘ကောင်းသောပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။ . . . ငါမူကား ထာဝရဘုရားသခင်ကိုမျှော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ငါခိုလှုံ [“စောင့်မျှော်တတ်သော သဘောထားရှိ၊” ကဘ] မည်။’ (မိက္ခာ ၇:၂၊) ကျွန်ုပ်တို့မွေးမြူသင့်သော “စောင့်မျှော်တတ်သောသဘောထား” ကား အဘယ်နည်း။ စောင့်မျှော်ရခြင်းသည် စိတ်ပျက်စရာဖြစ်လေ့ရှိသောကြောင့် ဘုရားသခင်ကို စောင့်မျှော်နေစဉ် မည်သို့ရွှင်လန်းနိုင်သနည်း။

စောင့်မျှော်နေစဉ် ပျော်ရွှင်ပါ

ကျွန်ုပ်တို့သည် ယေဟောဝါထံမှ စိတ်သဘောထားမှန်ကို သင်ယူနိုင်သည်။ ကိုယ်တော်သည် “ပျော်ရွှင်သောဘုရားသခင်” အဖြစ်မှ ဘယ်တော့မျှရပ်ဆိုင်းမသွားချေ။ (၁ တိမောသေ ၁:၁၁ကဘ) စောင့်ဆိုင်းနေစဉ်ပင် ကိုယ်တော်ပျော်ရွှင်ရသည့်အကြောင်းမှာ ကိုယ်တော်ကိုချစ်သောလူတို့ကို စုံလင်ခြင်းအဖြစ်သို့ မြှင့်တင်ရန်ဟူသော မိမိရည်ရွယ်ချက်ပြည့်စုံလာရန် ဆက်၍လုပ်ဆောင်လျက်ရှိသောကြောင့် ဖြစ်သည်။ ယင်းသည် လူကို ဖန်ဆင်းခဲ့ချိန်က သူတို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်ပင် ဖြစ်သည်။ (ရောမ ၅:၁၂; ၆:၂၃) ကိုယ်တော်၏လုပ်ဆောင်မှုမှ သန်းနှင့်ချီသောသူများ စစ်မှန်သောဝတ်ပြုရေးသို့ ဆွဲဆောင်ခံရခြင်းဖြစ်သည့် နှစ်သက်ဖွယ်ကောင်းသည့် ရလဒ်များကို ကိုယ်တော်တွေ့မြင်သည်။ ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏။” (ယောဟန် ၅:၁၇) အခြားသူများအတွက် လုပ်ဆောင်ပေးခြင်းသည် ပျော်ရွှင်မှုရစေသည့် အခြေခံအကြောင်းရင်းဖြစ်သည်။ (တမန်တော် ၂၀:၃၅) အလားတူပင် စစ်မှန်သောခရစ်ယာန်များသည် အဘယ်အရာမျှမလုပ်ဘဲ စောင့်ရုံစောင့်နေသည်မဟုတ်။ ယင်းအစား သူတို့သည် လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်းကို အခြားသူများ သင်ယူရန် ကူညီပေးနေကြသည်။

တည်ကြည်သောသူတို့သည် ဘုရားသခင်အရေးယူလုပ်ဆောင်မည့်အချိန်ကို စောင့်မျှော်နေကြစဉ် ကိုယ်တော်ကို ချီးမွမ်းရာ၌ ကျေနပ်မှုအမြဲခံစားကြရသည်။ ပုံသက်သေအဖြစ် ဆာလံဆရာဒါဝိဒ်ကို သုံးသပ်ကြည့်ပါ။ ဒါဝိဒ်သည် ဘုရင်၏ နှိပ်စက်ညှန်းပန်းမှုခံရပြီး ရင်းနှီးသောမိတ်ဆွေတစ်ဦးနှင့် မိမိသားက မိမိအပေါ်သစ္စာဖောက်ခဲ့ကြသည်။ ထိုအခြေအနေများတွင် ဒါဝိဒ်သည် ယေဟောဝါသတ်မှတ်ထားချိန်တွင် ရရှိမည့်သက်သာမှုကို စောင့်မျှော်စဉ် ပျော်ရွှင်နိုင်ခဲ့သလော။ ဒါဝိဒ်ရေးသားကြောင်း ထင်ရှားသည့် ဆာလံ ၇၁ က ဤသို့ဆိုထားသည်– “အကျွန်ုပ်မူကား အစဉ်မျှော်လင့်၍ ကိုယ်တော်ကိုချီးမွမ်းသမျှထက် သာ၍ချီးမွမ်းပါမည်။ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ်ညွှန်ကြားပါမည်။” (ဆာလံ ၇၁:၁၄၊ ၁၅) စိတ်ညစ်ညစ်ဖြင့် စောင့်မျှော်နေမည့်အစား ဒါဝိဒ်သည် ယေဟောဝါကို ချီးမွမ်းခြင်းနှင့် စစ်မှန်သောဝတ်ပြုရေးတွင်ရှိသော အခြားသူများကို အားပေးတည်ဆောက်ခြင်းတို့တွင် အလုပ်များနေသောကြောင့် ရွှင်လန်းနိုင်ခဲ့သည်။—⁠ဆာလံ ၇၁:၂၃

ယေဟောဝါကိုစောင့်မျှော်ခြင်းသည် နောက်ကျနေသောဘတ်စကားကို စိတ်တိုတိုဖြင့် စောင့်မျှော်နေရခြင်းမျိုးနှင့် မတူချေ။ မိဘများသည် မိမိတို့၏ကလေး မိမိတို့ဂုဏ်ယူနိုင်သည့် လူကြီးအဖြစ်ကြီးပြင်းလာသည်ကို ရွှင်လန်းစွာစောင့်မျှော်ခြင်းနှင့် ပို၍တူသည်။ မိမိတို့ဆန္ဒရှိသည့်အတိုင်း ဖြစ်မြောက်ရန်ရည်ရွယ်ချက်ဖြင့် လေ့ကျင့်မှု၊ ညွှန်ကြားမှုနှင့် ဆုံးမမှု စသည့်လုပ်ဆောင်မှုများနှင့် နှစ်များကုန်လွန်စေခဲ့သည်။ အလားတူပင် ယေဟောဝါကိုစောင့်မျှော်နေကြသောကျွန်ုပ်တို့သည် ဘုရားသခင်ထံ ချဉ်းကပ်ရန် အခြားသူများကို ကူညီပေးရာ၌ ပျော်ရွှင်မှုခံစားကြသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင့်မျက်နှာသာတော်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရလိုကြသည်။

မျှော်လင့်ခြင်းကို မစွန့်လွှတ်နှင့်

ယေဟောဝါကိုစောင့်မျှော်ခြင်းတွင် မျှော်လင့်ခြင်းကိုမစွန့်လွှတ်ဘဲ ကိုယ်တော့်ကို ချစ်မြဲချစ်ပြီး အမှုတော်ဆောင်ခြင်းကို ဆိုလိုသည်။ ယင်းသည် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ ယနေ့ ဘုရားသခင့်ကျေးကျွန်များစွာသည် ဘုရားသခင့်ကတိတော်များကို ယုံကြည်သည့်အသက်တာဖြင့်နေထိုင်သူ မည်သူမဆိုကို ပြောင်လှောင်သော လူ့ဘောင်အဖွဲ့အစည်းတွင် နေထိုင်ကြသည်။ သို့သော် ဗာဗုလုန်တွင် နှစ်ပေါင်း ၇၀ ပြည်နှင်ဒဏ်ခံရချိန်အတွင်း မိမိတို့၏မျှော်လင့်ခြင်းကို ရှင်သန်စေကြသည့် တည်ကြည်သောဣသရေလလူတို့၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ထိုသို့ဖြစ်စေရန် သူတို့ကို အဘယ်အရာက ကူညီပေးခဲ့သနည်း။ ဆာလံကျမ်းများကို ဖတ်ရှုခြင်းက သူတို့ကို ခွန်အားရှိစေခဲ့သည်မှာ သေချာသည်။ ထိုအချိန်တွင် ရေးသားခဲ့ခြင်းဖြစ်နိုင်သည့် ခွန်အားရှိစေသော ဆာလံကျမ်းတစ်ကျမ်းက ဤသို့ဆိုထားသည်– ‘ထာဝရဘုရားသခင်ကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်မြွက်စကားတော်ကို ငါမျှော်လင့်၏။ နံနက်ကိုမျှော်လင့်သောသူတို့ထက်မက ငါ့ဝိညာဉ်သည် ဘုရားသခင်ကိုမျှော်လင့်လျက်နေ၏။ ဣသရေလအမျိုးသည် ထာဝရဘုရားသခင်ကိုမျှော်လင့်ပါစေ။’—⁠ဆာလံ ၁၃၀:၅-၇

ဤဆာလံကျမ်းကို ဖတ်ရှုပြီး ယင်းအကြောင်းကို ပြောဆိုခြင်းဖြင့် မိမိတို့၏မျှော်လင့်ခြင်းကို ရှင်သန်စေခဲ့ကြသောဂျူးများသည် နောက်ဆုံးတွင် ကျူးကျော်သူတို့လက်ထဲ ဗာဗုလုန်ကျရှုံးသောအခါ အကျိုးရှိခဲ့သည်။ ထောင်နှင့်ချီသောတည်ကြည်သည့်ဂျူးများသည် ယေရုရှလင်မြို့သို့ အလျင်အမြန်ခရီးနှင်ခဲ့ကြသည်။ ထိုအချိန်နှင့်ပတ်သက်၍ ဤသို့ရေးထားသည်– ‘ဖမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရားသခင်ပြန်လာစေတော်မူသောအခါ . . . ငါတို့နှုတ်သည် ရယ်ခြင်းနှင့် . . . ပြည့်ဝ၏။’ (ဆာလံ ၁၂၆:၁၊ ၂) ထိုဂျူးတို့သည် လက်မလျှော့ဘဲ မိမိတို့၏ယုံကြည်ခြင်းကို ဆက်၍အားရှိစေခဲ့ကြသည်။ သူတို့သည် ယေဟောဝါကိုချီးမွမ်းသီချင်းဆိုရာ၌ ဘယ်သောအခါမျှ လက်မလျှော့ခဲ့ကြ။

ထိုနည်းထပ်တူပင်၊ “ဤစနစ်ဆုံးခန်း” အတွင်း ဘုရားသခင်ကို စောင့်မျှော်နေကြသည့် စစ်မှန်သောခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်းကို ဆက်၍ရှင်သန်နေစေရန် မပြတ်ကြိုးစားအားထုတ်ကြသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာ၊ အချင်းချင်းအားပေး၊ ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းဖြင့် ကိုယ်တော်ကို ဆက်ချီးမွမ်းနေကြသည်။—⁠မဿဲ ၂၄:၃၊ ၁၄ကဘ။

ဆုံးမမှုမှ အကျိုးခံစားရန် စောင့်မျှော်ခြင်း

ဘုရားသခင့်ပရောဖက်ယေရမိ ဤသို့ရေးခဲ့သည်– ‘ထာဝရဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်ကို တိတ်ဆိတ်စွာနေလျက် စောင့်မျှော်ခြင်းသည်ကောင်း၏။’ (မြည်တမ်းစကား ၃:၂၆သမ္မာ) ဘုရားသခင့်လူမျိုးအနေနှင့် ယေရုရှလင်မြို့ကိုဖျက်ဆီးရန် ယေဟောဝါခွင့်ပြုသောအခါ မိမိတို့ကို ယေဟောဝါဆုံးမသည့်နည်းနှင့်ပတ်သက်၍ မညည်းညူပါက ကောင်းလိမ့်မည်ဟု ယေရမိဆိုလိုနေခြင်းဖြစ်သည်။ ယင်းအစား သူတို့သည် မိမိတို့၏မနာခံမှုနှင့် စိတ်သဘောထားကိုပြုပြင်ရန် လိုအပ်ကြောင်း စေ့စေ့စဉ်းစားဆင်ခြင်ခြင်းဖြင့် ထိုအတွေ့အကြုံမှ အကျိုးရယူသင့်သည်။—⁠မြည်တမ်းစကား ၃:၄၀၊ ၄၂

ယေဟောဝါထံမှလာသောဆုံးမမှုက ကျွန်ုပ်တို့အားအကျိုးပြုပုံကို အသီး တဖြည်းဖြည်းရင့်မှည့်လာပုံနှင့် နှိုင်းယှဉ်နိုင်သည်။ ဘုရားသခင့်ထံမှလာသော ဆုံးမမှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ဤသို့ဆိုသည်– “ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” (ဟေဗြဲ ၁၂:၁၁) အသီးရင့်မှည့်လာရန် အချိန်လိုအပ်သည့်နည်းတူ ဘုရားသခင်ပေးသည့် လေ့ကျင့်မှုကို တုံ့ပြန်သည့်အနေနှင့် ကျွန်ုပ်တို့၏သဘောထားများ ပြုပြင်ပြောင်းလဲရန် အချိန်လိုပေသည်။ ဥပမာ၊ ကျွန်ုပ်တို့၏အကျင့်ပျက်မှုကြောင့် အသင်းတော်ရှိအခွင့်အရေးတချို့ ဆုံးရှုံးမည်ဆိုလျှင် ဘုရားသခင်ကို လိုလိုလားလားစောင့်မျှော်လိုစိတ်က စိတ်ပျက်အားမလျော့ရန်နှင့် လက်လျှော့အရှုံးမပေးရန် ကာကွယ်ပေးလိမ့်မည်။ ထိုသို့သောအခြေအနေများတွင် မှုတ်သွင်းခံဒါဝိဒ်၏စကားများက ခွန်အားရှိစေသည်– “[ဘုရားသခင်၏] အမျက်တော်သည် ခဏသာထွက်၏။ ကျေးဇူးတော်မူကား တစ်သက်ပတ်လုံးတည်၏။ ညဦးယံ၌ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား ရွှင်လန်းစွာသီချင်းဆိုရ၏။” (ဆာလံ ၃၀:၅) ကျွန်ုပ်တို့သည် စောင့်မျှော်တတ်သောသဘောထားကို မွေးမြူပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အဖွဲ့အစည်းမှ ရရှိသည့်အကြံပေးချက်ကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် “ရွှင်လန်းစွာသီချင်းဆိုရ” သောအချိန် ရောက်လာလိမ့်မည်။

ရင့်ကျက်ခြင်းသို့ တိုးတက်လာရန် အချိန်လို

သင်သည် ငယ်ရွယ်သူ သို့မဟုတ် မကြာမီကမှနှစ်ခြင်းခံသူဖြစ်မည်ဆိုလျှင် ခရစ်ယာန်အသင်းတော်ရှိ အခွင့်အရေးအချို့ရရန် စိတ်ထက်သန်ပေမည်။ သို့သော် ထိုအခွင့်အရေးများ ထမ်းဆောင်နိုင်ရန် ဝိညာဉ်ရေးရင့်ကျက်ခြင်းသို့ တိုးတက်ဖို့ အချိန်လိုသည်။ ထို့ကြောင့် ဝိညာဉ်ရေးလူတစ်ဦးအဖြစ် ကြီးပြင်းလာရန် သင်၏အစောပိုင်းနှစ်များမှ အကျိုးရယူပါ။ ဥပမာ၊ ပျိုရွယ်ချိန်သည် ကျမ်းစာတစ်အုပ်လုံး အပြီးဖတ်ရန်၊ ခရစ်ယာန်အရည်အသွေးများ မွေးမြူရန်နှင့် တပည့်ဖြစ်စေခြင်းအတတ်ပညာကို သင်ယူရန် ကောင်းသောအချိန်ဖြစ်သည်။ (ဒေ. ၁၂:၁) စောင့်မျှော်တတ်သောသဘောထားကို နှိမ့်ချစွာတင်ပြမည်ဆိုလျှင် ထပ်ဆင့်အခွင့်အရေးများရဖို့ ယေဟောဝါသတ်မှတ်ထားသည့်အချိန် ရောက်လာလိမ့်မည်။

တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် စိတ်ရှည်ဖို့လိုအပ်သော လုပ်ငန်းဖြစ်သည်။ လယ်သမားသည် မျိုးစေ့ကို ဘုရားသခင်ကြီးထွားစေသည့်အချိန်အထိ အဆက်မပြတ်ရေလောင်းရမည်ဖြစ်သကဲ့သို့ တပည့်ဖြစ်စေခြင်းလုပ်ငန်းသည်လည်း ထိုနည်းအတိုင်းပင်။ (၁ ကောရိန္သု ၃:၇; ယာကုပ် ၅:၇) အခြားသူများ၏နှလုံးတွင် ယုံကြည်ခြင်းရှိရန်နှင့် ယေဟောဝါအပေါ် ကျေးဇူးတင်လေးမြတ်စိတ်ရှိလာရန်မှာ လနှင့်ချီ သို့မဟုတ် နှစ်နှင့်ချီကြာသည်အထိ စိတ်ရှည်ရှည်နှင့် ကျမ်းစာသင်ပေးဖို့ လိုအပ်သည်။ ကျမ်းစာသင်သားသည် သူသင်ယူခဲ့ရာနှင့်ပတ်သက်၍ အစပိုင်းတွင် မတုံ့ပြန်သည့်တိုင် စွဲစွဲမြဲမြဲနှင့်ဆက်လုပ်ဆောင်ခြင်းသည် ယေဟောဝါကို စောင့်မျှော်ခြင်းတွင် ပါဝင်သည်။ အနည်းဆုံး လေးမြတ်တန်ဖိုးထားသည့်စိတ်တစ်စုံတစ်ရာ တင်ပြကြသည်ဆိုလျှင် ယင်းသည် ယေဟောဝါ၏ဝိညာဉ်တော်ကို သူတို့တုံ့ပြန်သည့်လက္ခဏာဖြစ်ပေမည်။ စိတ်ရှည်စွာလုပ်ဆောင်ခြင်းဖြင့် သင်သားသည် ခရစ်တော်၏တပည့်တစ်ဦးအဖြစ်သို့ ယေဟောဝါကြီးပွားစေသည်ကို မြင်ရ၍ သင်ရွှင်လန်းမိပေမည်။—⁠မဿဲ ၂၈:၂၀

စောင့်မျှော်ခြင်းဖြင့် မေတ္တာကိုတင်ပြခြင်း

စောင့်မျှော်ခြင်းသည် မေတ္တာနှင့် ယုံကြည်စိတ်ချမှုကို ဖော်ပြခြင်းဖြစ်နိုင်သည်ကို သာဓကအနေနှင့် တောင်အမေရိက၊ အင်ဒီးစ်တောင်တန်းရှိ လွင်တီးပြင်ဒေသတွင်နေထိုင်သော သက်ကြီးသက်သေခံညီအစ်မ၏ အခြေအနေကို သုံးသပ်ကြည့်ပါ။ သူနှင့် နောက်သက်သေခံညီအစ်မတစ်ဦးတို့သာ သူတို့ရွာတွင် ယေဟောဝါသက်သေများဖြစ်သည်။ ယုံကြည်သူခရစ်ယာန်ချင်းများ၏ လည်ပတ်မှုကို သူတို့မည်မျှမျှော်လင့်ကြမည်ကို မြင်ယောင်ကြည့်နိုင်သလော။ တစ်ချိန်တွင် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် သူတို့ထံ ပထမဦးဆုံးအကြိမ်လည်ပတ်ရန် သွားခဲ့စဉ်က လမ်းပျောက်သွားသည်။ သူစထွက်သည့်နေရာသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသောကြောင့် နာရီပေါင်းများစွာ ကြန့်ကြာခဲ့သည်။ နောက်ဆုံး ရွာကိုအဝေးမှမြင်ရချိန်တွင် ညသန်းခေါင်ကျော်နေပြီဖြစ်သည်။ ထိုဒေသတွင် လျှပ်စစ်မီးမရှိသောကြောင့် အလင်းရောင်တစ်ခုမြင်တွေ့ရ၍ သူအံ့သြခဲ့သည်။ နောက်ဆုံးတွင် ရွာအဝင်သို့ရောက်လာပြီး အလင်းရောင်သည် သက်ကြီးညီအစ်မ မြှောက်ကိုင်ထားသော ဆီမီးအိမ်မှဖြစ်ကြောင်း တွေ့လိုက်ရသောအခါ မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း! ထိုညီအစ်မက သူလာမည်ကို စိတ်ချသောကြောင့် စောင့်ကြိုနေခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ထိုသို့သောစိတ်ရှည်ခြင်းမျိုးဖြင့် ယေဟောဝါကို စောင့်မျှော်ရသည့်အတွက် ပျော်ရွှင်ကြသည်။ ကိုယ်တော်သည် မိမိကတိတော်များကို စောင့်ထိန်းမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချကြသည်။ ထို့ပြင် နယ်လှည့်ကြီးကြပ်မှူးကဲ့သို့ ကျွန်ုပ်တို့သည် မေတ္တာစိတ်ဖြင့် ကျွန်ုပ်တို့ကိုစောင့်ကြိုနေသူများကို လေးမြတ်တန်ဖိုးထားကြသည်။ ထို့ကြောင့် ဘုရားသခင်သည် မိမိကိုစောင့်မျှော်နေသူတို့အား လေးမြတ်တန်ဖိုးထားတော်မူသည်မှာ အံ့ဩစရာမဟုတ်ပေ။ သမ္မာကျမ်းစာ ဤသို့ပြောသည်– ‘ကရုဏာတော်ကိုမျှော်လင့်သောသူတို့ကို ထာဝရဘုရားသခင်နှစ်သက်တော်မူ၏။’—⁠ဆာလံ ၁၄၇:၁၁

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘုရားသခင်ကို ချီးမွမ်းခြင်းတွင် အလုပ်များနေသူတို့သည် ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ရွှင်လန်းမှုတွေ့ရှိကြ