မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ကြောက်ရွံ့သော အသက်တာတွင် ပျော်မွေ့လော့

ယေဟောဝါကို ကြောက်ရွံ့သော အသက်တာတွင် ပျော်မွေ့လော့

ယေဟောဝါကို ကြောက်ရွံ့သော အသက်တာတွင် ပျော်မွေ့လော့

‘ထာဝရဘုရားသခင်၏သန့်ရှင်းသူတို့ ယေဟောဝါကို ကြောက်ရွံ့ကြလော့။ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။’—⁠ဆာလံ ၃၄:၉

၁၊ ၂။ (က) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်ဘောင်၏ ရှုမြင်ပုံနှစ်ရပ်ကား အဘယ်နည်း။ (ခ) ယခု အဘယ်မေးခွန်းများကို ဆန်းစစ်သွားကြမည်နည်း။

ခရစ်ယာန်ဘောင်မှ တရားဟောဆရာများက ဘုရားသခင်သည် အပြစ်သားများကို မီးငရဲတွင် ထာဝစဉ်အပြစ်ဒဏ်ပေးသည်ဟူသော ကျမ်းစာနှင့်မညီသည့် သွန်သင်ချက်များကိုအခြေခံကာ ဘုရားသခင်ကို ကြောက်ရွံ့ရန်သင်ပေးလေ့ရှိသည်။  ထိုအယူဝါဒမှာ  ယေဟောဝါသည် မေတ္တာရှိပြီး တရားမျှတသောအရှင်ဖြစ်သည်ဟူသည့် ဘုရားသခင်နှင့်ပတ်သက်သော သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆန့်ကျင်သည်။ (ကမ္ဘာဦး ၃:၁၉; တရားဟောရာ ၃၂:၄; ရောမ ၆:၂၃; ၁ ယောဟန် ၄:၈) ခရစ်ယာန်ဘောင်မှ အခြားသောတရားဟောဆရာများကမူ ယင်းနှင့်ဆန့်ကျင်ပြန်သည်။ သူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအကြောင်း တစ်ခါမျှ မပြောကြပါ။ ယင်းအစား၊ လူတို့သည် မည်သို့သောအသက်တာမျိုးဖြင့်ပင်နေထိုင်ပါစေ ဘုရားသခင်ခွင့်ပြုလက်ခံသည်ဟု သူတို့သွန်သင်ကြသည်။ ယင်းသည်လည်း သမ္မာကျမ်းစာသွန်သင်ချက် မဟုတ်ပါ။—⁠ဂလာတိ ၅:၁၉-၂၁

အမှန်မှာ၊ သမ္မာကျမ်းစာက ဘုရားသခင်ကိုကြောက်ရွံ့ရန် အားပေးထားသည်။ (ဗျာ. ၁၄:၇) ယင်းအမှန်တရားက မေးခွန်းများ ပေါ်ထွက်စေသည်။ မေတ္တာရှင်ဘုရားသခင်သည် ကိုယ်တော်ကိုကြောက်ရွံ့ရန် အဘယ်ကြောင့် အလိုရှိတော်မူသနည်း။ မည်ကဲ့သို့သောကြောက်ရွံ့မှုမျိုးကို ဘုရားသခင်တောင်းဆိုတော်မူသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။ ဆာလံ ၃၄ ကိုဆက်၍သုံးသပ်သွားကြစဉ် ယင်းမေးခွန်းများကို ဆန်းစစ်သွားကြမည်။

ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့ရ

၃။ (က) ဘုရားသခင်ကို ကြောက်ရွံ့ပါဟူသည့်အမိန့်ကို ကျွန်ုပ်တို့မည်သို့ ရှုမြင်ကြသနည်း။ (ခ) ယေဟောဝါကိုကြောက်ရွံ့သူတို့သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

ဖန်ဆင်းရှင်၊ စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်သော ယေဟောဝါသည် ကြောက်ရွံ့ရိုသေမှုကို ရထိုက်သည်။ (၁ ပေတရု ၂:၁၇) သို့သော် ယင်းကြောက်ရွံ့ခြင်းသည် ရက်စက်ကြမ်းကြုတ်သော ဘုရားသခင်တစ်ပါးကို အလွန့်အလွန်ထိတ်လန့်ကြောက်ရွံ့သည့် ကြောက်ရွံ့ခြင်းမျိုးမဟုတ်ပါ။ ယေဟောဝါကိုယ်တော်တိုင်၏အဖြစ်တော်ကြောင့် နက်ရှိုင်းစွာရိုသေလေးမြတ်ကြောက်ရွံ့ခြင်းဖြစ်သည်။ ကိုယ်တော်မနှစ်သက်မည်ကို စိုးရွံ့ခြင်းလည်းဖြစ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် စိတ်ဓာတ်မြင့်မြတ်ကာ စိတ်တက်ကြွမှုရှိသည်၊ စိတ်မချမ်းမသာဖြစ်ကာ ကြောက်လန့်နေခြင်းမျိုးမဟုတ်ပါ။ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါသည် ဖန်ဆင်းခံလူသားများအား ပျော်ရွှင်သည့်အသက်တာ ရရှိစေလိုသည်။ (၁ တိမောသေ ၁:၁၁ကဘ) ထိုသို့ရရှိရန်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏တောင်းဆိုချက်များနှင့်အညီ အသက်ရှင်နေထိုင်ရမည်။ ယင်းသည် အများစုအတွက် ဘဝပုံစံပြောင်းလဲရမည်ကို ဆိုလိုသည်။ လိုအပ်သည့်ပြောင်းလဲမှုပြုလုပ်သူအားလုံးသည် ဆာလံဆရာဒါဝိဒ်၏ ဤစကားများမှန်ကန်ကြောင်း တွေ့ကြုံခံစားကြရ၏– ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရားသခင်၏သန့်ရှင်းသူတို့ ယေဟောဝါကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။’ (ဆာလံ ၃၄:၈၊ ၉) ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းကြောင့် ယေဟောဝါကိုကြောက်ရွံ့သူအားလုံးသည် တည်မြဲသည့်အကျိုးကျေးဇူးများရှိမည်။

၄။ ဒါဝိဒ်နှင့် ယေရှုနှစ်ဦးစလုံးသည် အဘယ်အာမခံချက် ပေးခဲ့သနည်း။

ဒါဝိဒ်သည် မိမိ၏ခေတ်အခြေအနေနှင့်အညီ မိမိ၏လူတို့ကို “သန့်ရှင်းသူတို့” ဟုခေါ်ခြင်းဖြင့် သူတို့ကိုဂုဏ်တင်ခဲ့သည်ကို သတိပြုပါ။ သူတို့သည် ဘုရားသခင်၏ သန့်ရှင်းသောလူမျိုးအဝင်ဖြစ်ကြသည်။ သူတို့သည် ဒါဝိဒ်နောက်လိုက်ကြသောကြောင့် သူတို့၏အသက်တာသည် အန္တရာယ်ရှိအနေအထားတွင် ရှိခဲ့ကြသည်။ သူတို့သည် ဘုရင်ရှောလုရန်မှ ထွက်ပြေးနေရသော်လည်း ယေဟောဝါသည် သူတို့၏အခြေခံလိုအပ်ရာများကို မပြတ်ထောက်မတော်မူမည်ဖြစ်ကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချခဲ့သည်။ ဒါဝိဒ်ဤသို့ရေးခဲ့၏– ‘ခြင်္သေ့တို့သည်ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း ယေဟောဝါကိုရှာသောသူတို့၌ ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရာ။’ (ဆာလံ ၃၄:၁၀) ယေရှုလည်း မိမိနောက်လိုက်များအား အလားတူအာမခံချက် ပေးခဲ့သည်။—⁠မဿဲ ၆:၃၃

၅။ (က) ယေရှုနောက်လိုက်သူအများသည် အဘယ်နောက်ခံမှဖြစ်သနည်း။ (ခ) ကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ အဘယ်သွန်သင်ချက်ကို ယေရှုပေးခဲ့သနည်း။

ယေရှု၏စကားကိုနားထောင်သူအများမှာ အခွင့်မသာသောအောက်တန်းလွှာမှ ဂျူးများဖြစ်ကြသည်။ ထို့ကြောင့် ယေရှုသည် “သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” (မဿဲ ၉:၃၅-၃၆) ထိုနိမ့်ကျသူတို့သည် ယေရှုနောက်လိုက်ရန် ရဲစွမ်းသတ္တိရှိကြမည်လော။ ယေရှုနောက်လိုက်ရန် သူတို့သည် လူကိုမဟုတ်ဘဲ ယေဟောဝါကိုကြောက်ရွံ့ဖို့ လိုအပ်ခဲ့သည်။ ယေရှုဤသို့မိန့်တော်မူ၏– ‘ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန်အလျှင်းမပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။ အဘယ်သူကိုကြောက်ရမည်နည်းဟူမူကား ကိုယ်ခန္ဓာကိုသတ်ပြီးမှ ဂေဟင်္နာထဲသို့ချနိုင်သောသူကိုကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကိုကြောက်ကြလော့။ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။’—⁠လုကာ ၁၂:၄-၇

၆။ (က) ယေရှု၏အဘယ်စကားများက ခရစ်ယာန်များကို ခွန်အားဖြစ်စေသနည်း။ (ခ) ယေရှုသည် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်းတင်ပြရာတွင် အဘယ်ကြောင့် အကောင်းဆုံးပုံသက်သေဖြစ်သနည်း။

ယေဟောဝါအားကြောက်ရွံ့သူတို့ကို ရန်သူများက ဘုရားသခင်အားဝတ်ပြုကိုးကွယ်ခြင်းမှ ရပ်တန့်သွားစေရန် ဖိအားပေးသည့်အခါ သူတို့သည် ယေရှု၏ဤဆုံးမစကားကို သတိရကြမည်ဖြစ်သည်– “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည် ထိုသူကိုဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” (လုကာ ၁၂:၈၊ ၉) ထိုစကားများသည် အထူးသဖြင့် စစ်မှန်သောဝတ်ပြုရေးကို ပိတ်ပင်ထားသည့်နိုင်ငံများရှိ ခရစ်ယာန်များအတွက် ခွန်အားဖြစ်စေသည်။ ထိုသူတို့သည် ခရစ်ယာန်အစည်းအဝေးများတွင်နှင့် လူထုဓမ္မအမှုလုပ်ငန်းတွင် သတိပညာရှိစွာ ယေဟောဝါအား ဆက်၍ချီးမွမ်းနေကြသည်။ (တမန်တော် ၅:၂၉) ဘုရားသခင်အား “ကြောက်ရွံ့” ခြင်းတင်ပြရာတွင် ယေရှုသည် အကောင်းဆုံးပုံသက်သေကို ချမှတ်ခဲ့သည်။ (ဟေဗြဲ ၅:၇) ကိုယ်တော်နှင့်ပတ်သက်၍ ပရောဖက်ပြုချက်စကားတွင် ဤသို့ကြိုပြောခဲ့၏– ‘ယေဟောဝါ၏ဝိညာဉ်တော်တည်းဟူသော . . . ယေဟောဝါကို . . . ကြောက်ရွံ့သောသဘောကိုပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ယေဟောဝါကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်။’ (ဟေရှာယ ၁၁:၂၊ ၃) သို့ဖြစ်၍ ယေရှုသည် ဘုရားသခင်အားကြောက်ရွံ့ခြင်း၏ အကျိုးကျေးဇူးများကို သင်ပေးရန် အမှန်ပင်အရည်အချင်းပြည့်မီသည်။

၇။ (က) ခရစ်ယာန်များသည် ဒါဝိဒ်ဖိတ်ခေါ်ချက်နှင့်ဆင်တူသည့် ဖိတ်ခေါ်ချက်ကို မည်သို့တုံ့ပြန်ကြသနည်း။ (ခ) မိဘတို့သည် ဒါဝိဒ်၏ပုံသက်သေကောင်းကို မည်သို့လိုက်လျှောက်နိုင်သနည်း။

ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ပြီး  ကိုယ်တော်၏သွန်သင်ချက်များကို နာခံသူအားလုံးသည် ဒါဝိဒ်၏ ဤဖိတ်ခေါ်ချက်မျိုးကို တုံ့ပြန်ကြ၏– ‘အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ ယေဟောဝါကိုကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။’ (ဆာလံ ၃၄:၁၁) ဒါဝိဒ်၏လူတို့သည် ဒါဝိဒ်အား မိမိတို့၏ခေါင်းဆောင်အဖြစ် မျှော်ကိုးကြသောကြောင့် ဒါဝိဒ်က သူတို့ကို “သူငယ်တို့” ဟုခေါ်သည်မှာ သဘာဝကျပါသည်။ ဒါဝိဒ်သည် မိမိ၏နောက်လိုက်များ စည်းလုံးမှုရှိရန်နှင့် ဘုရားသခင့်မျက်နှာသာခံစားရရန် သူတို့ကို ဘုရားသခင်အားကြောက်ရွံ့ဖို့ ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့သည်။ ခရစ်ယာန်မိဘများအတွက် အလွန်ကောင်းသောပုံသက်သေပင်! ယေဟောဝါက မိဘတို့သည် မိမိတို့၏သားသမီးတို့ကို “သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြ” ရန်အခွင့်အာဏာ ပေးထားသည်။ (ဧဖက် ၆:၄) မိဘတို့သည် သားသမီးတို့နှင့်အတူ ဝိညာဉ်ရေးရာများကို နေ့စဉ်ဆွေးနွေးသုံးသပ်ခြင်း၊ သူတို့နှင့်အတူ ပုံမှန်ကျမ်းစာသင်အံမှုပြုလုပ်ခြင်းဖြင့် မိမိတို့၏သူငယ်တို့ကို ယေဟောဝါအားကြောက်ရွံ့သည့်အသက်တာ၌ပျော်မွေ့ရန် အကူအညီပေးကြသည်။—⁠တရားဟောရာ ၆:၆၊ ၇

ဘုရားသခင်ကိုကြောက်ရွံ့ကြောင်းလက်တွေ့တင်ပြပါ

၈၊ ၉။ (က) ဘုရားသခင်ကိုကြောက်ရွံ့သည့် ဘဝပုံစံသည် အဘယ်ကြောင့် နှစ်သက်ဖွယ်ဖြစ်သနည်း။ (ခ) ကျွန်ုပ်တို့၏လျှာကို ထိန်းချုပ်ရာတွင် အဘယ်အရာပါဝင်သနည်း။

အစပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ယေဟောဝါကိုကြောက်ရွံ့ခြင်းကြောင့် ကျွန်ုပ်တို့၏ရွှင်လန်းမှု မကင်းမဲ့စေပါ။ ဒါဝိဒ်ဤသို့မေးခဲ့၏– “အဘယ်သူသည် အသက်ကိုနှစ်သက်၍ ကောင်းစားခြင်းအလို့ငှာ တာရှည်သောနေ့ရက်ကာလကို လိုချင်တောင့်တသနည်း။” (ဆာလံ ၃၄:၁၂သမ္မာ) ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ပျော်ရွှင်တာရှည်သောအသက်တာရရန်နှင့် ကောင်းစားရန် အရေးပါသည်။ သို့သော် “ကျွန်ုပ် ဘုရားသခင်ကို ကြောက်ရွံ့ပါသည်” ဟုပြောရန်မှာ လွယ်ကူသည်။ ကျွန်ုပ်တို့၏အမူအကျင့်အားဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ကြောင်းတင်ပြရန်မှာမူ မလွယ်ကူပါ။ သို့သော် ကျွန်ုပ်တို့ ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း မည်သို့တင်ပြနိုင်ပုံကို ဒါဝိဒ်ဆက်ရှင်းပြသည်။

“ကိုယ်လျှာကို မကောင်းသောအရာနှင့်ကင်းစေလော့။ နှုတ်ခမ်းလည်း မုသာစကားကိုမပြောစေနှင့်။” (ဆာလံ ၃၄:၁၃) တမန်တော်ပေတရုက ခရစ်ယာန်များအား တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုချင်းမေတ္တာဖြင့် ပေါင်းသင်းဆက်ဆံကြရန် ဆုံးမပြီးနောက် ဆာလံ ၃၄ ပါ ယင်းအပိုင်းကို ကိုးကားရန် မှုတ်သွင်းခံခဲ့ရသည်။ (၁ ပေတရု ၃:၈-၁၂) ကိုယ်လျှာကို မကောင်းသောအရာနှင့်ကင်းစင်စေခြင်းတွင် အကျိုးယုတ်စေသော အတင်းအဖျင်းပြောဆိုခြင်းကို ရှောင်ရန်ဆိုလိုသည်။ ယင်းအစား ကျွန်ုပ်တို့သည် အခြားသူများနှင့်ပြောဆိုသည့်အခါ တည်ဆောက်မှုဖြစ်စေရန် အမြဲကြိုးစားရမည်။ ထို့ပြင် အမှန်တရားကို ရဲဝံ့စွာပြောဆိုရန် ကြိုးစားရမည်။—⁠ဧဖက် ၄:၂၅၊ ၂၉၊ ၃၁; ယာကုပ် ၅:၁၆

၁၀။ (က) မကောင်းမှုကိုရှောင်ခြင်းသည် အဘယ်အရာကိုဆိုလိုကြောင်း ရှင်းပြပါ။ (ခ) ကောင်းမှုပြုခြင်းတွင် အဘယ်အရာများပါဝင်သနည်း။

၁၀ ‘မကောင်းမှုကိုလွှဲရှောင်၍ ကောင်းမှုကိုပြုလော့။ သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။’ (ဆာလံ ၃၄:၁၄) ဘုရားသခင် ပြစ်တင်ရှုတ်ချထားရာများဖြစ်သော လိင်အကျင့်ယိုယွင်းခြင်း၊ အပြာရုပ်ပုံကြည့်ခြင်း၊ ခိုးခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ အကြမ်းဖက်ခြင်း၊ သောက်ကြူးခြင်း၊ မူးယစ်ဆေးအလွဲသုံးခြင်းစသည့်တို့ကို ကျွန်ုပ်တို့ရှောင်ကြဉ်ကြသည်။ ယင်းစက်ဆုပ်ဖွယ်အရာများကို သရုပ်ဖော်ထားသော ဖျော်ဖြေမှုကိုလည်း ကျွန်ုပ်တို့ငြင်းပယ်ကြသည်။ (ဧဖက် ၅:၁၀-၁၂) ယင်းအစား ကျွန်ုပ်တို့၏အချိန်ကို ကောင်းမှုပြုရာတွင် အသုံးပြုကြသည်။ ကျွန်ုပ်တို့ပြုလုပ်နိုင်သည့် အကြီးမြတ်ဆုံးသောကောင်းမှုမှာ အခြားသူတို့ကယ်တင်ခြင်းရရန် အကူအညီပေးခြင်းဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကောင်းမှုပြုခြင်းတွင် ခရစ်ယာန်အစည်းအဝေးများအတွက် ပြင်ဆင်ခြင်း၊ တက်ရောက်ခြင်း၊ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ခြင်း၊ ကျွန်ုပ်တို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အကူအညီလိုအပ်နေသော ခရစ်ယာန်များကို စိုးရိမ်မှုတင်ပြခြင်းတို့လည်း ပါဝင်သည်။

၁၁။ (က) ဒါဝိဒ်သည် သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းနှင့်ပတ်သက်၍ သူသွန်သင်ခဲ့ရာကို မည်သို့လက်တွေ့ပြခဲ့သနည်း။ (ခ) အသင်းတော်တွင် ‘သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကို မီအောင်လိုက်’ ရန် သင်,အဘယ်အရာပြုလုပ်နိုင်သနည်း။

၁၁ ဒါဝိဒ်သည် သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကို မီအောင်လိုက်ရာတွင် ပုံသက်သေကောင်း ချမှတ်ခဲ့သည်။ ရှောလုကိုသတ်ရန် နှစ်ကြိမ်တိုင် သူအခွင့်အရေးရခဲ့သည်။ နှစ်ကြိမ်စလုံး အကြမ်းဖက်မှုပြုခြင်းမှ ရှောင်ရှားနိုင်ခဲ့သည့်အပြင် ယင်းနောက် ပြန်လည်သင့်တင့်မည်ဟူသောမျှော်လင့်ချက်ဖြင့် ဘုရင်ကို ရိုသေလေးမြတ်စွာ ပြောဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၄:၈-၁၁; ၂၆:၁၇-၂၀) ယနေ့ အသင်းတော်ငြိမ်သက်မှုကို ပြိုကွဲစေနိုင်သည့် စိုးရိမ်ဖွယ်အခြေအနေကြုံရသည့်အခါ ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။ ကျွန်ုပ်တို့သည် “သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်” သင့်သည်။ ကျွန်ုပ်တို့နှင့် ယုံကြည်သူချင်းစပ်ကြားဆက်ဆံရေးသည် မသင့်မမြတ်ဖြစ်နေသည်ဟုခံစားရလျှင် ယေရှု၏ဤဆုံးမစကားကို ကျွန်ုပ်တို့လိုက်နာကြ၏– ‘သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့။’ ယင်းနောက်မှ စစ်မှန်သောဝတ်ပြုရေးနှင့်ဆိုင်သော အခြားအရာများကို ကျွန်ုပ်တို့ ဆက်၍လုပ်ဆောင်ကြသည်။—⁠မဿဲ ၅:၂၃၊ ၂၄; ဧဖက် ၄:၂၆

ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကအကျိုးကျေးဇူးများစွာရရှိစေ

၁၂၊ ၁၃။ (က) ဘုရားသခင်ကိုကြောက်ရွံ့သူတို့သည် ယခုအချိန်တွင် အဘယ်အကျိုးကျေးဇူးများနှင့် ပျော်မွေ့နေကြသနည်း။ (ခ) မကြာမီ တည်ကြည်သော ဝတ်ပြုကိုးကွယ်သူတို့သည် အဘယ်ကြီးမြတ်သော ဆုကျေးဇူးကို ခံစားကြရမည်နည်း။

၁၂ ‘ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။’ (ဆာလံ ၃၄:၁၅) ဘုရားသခင်နှင့်ဒါဝိဒ်၏ဆက်ဆံရေးမှတ်တမ်းက ထိုစကားများမှန်ကန်ကြောင်း သက်သေထူသည်။ ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့အား ကြည့်ရှုစောင့်ရှောက်နေသည်ကို သိထားကြသောကြောင့် ရွှင်လန်းမှုနှင့်အတွင်းငြိမ်သက်မှုကို ခံစားကြရသည်။ ကျွန်ုပ်တို့သည် ဖိစီးမှုအကြီးအကျယ်ခံရချိန်တွင်ပင် ကျွန်ုပ်တို့၏လိုအပ်ရာများကို ကိုယ်တော်အစဉ်အမြဲထောက်မတော်မူမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။ မကြာမီ စစ်မှန်သောဝတ်ပြုသူအားလုံးသည် ကြိုဟောထားသော မာဂေါဂပြည်မှဂေါဂမင်း၏ တိုက်ခိုက်မှုနှင့် ‘အလွန်ကြောက်မက်ဖွယ်ကောင်းသော ယေဟောဝါ၏နေ့’ တို့နှင့် တွေ့ကြုံရမည်ကို ကျွန်ုပ်တို့သိထားကြသည်။ (ယောလ ၂:၁၁၊ ၃၁; ယေဇကျေလ ၃၈:၁၄-၁၈၊ ၂၁-၂၃) ထိုအချိန်တွင် မည်သည့်အခြေအနေမျိုးကိုမဆိုရင်ဆိုင်ရပါစေ ကျွန်ုပ်တို့အဖြစ်တွင်လည်း ဒါဝိဒ်၏ဤစကားများ မှန်ကန်မည်ဖြစ်၏– “ဖြောင့်မတ်သောသူတို့သည်အော်ဟစ်သောအခါ ယေဟောဝါသည်နားထောင်၍ သူတို့ကို ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။”—⁠ဆာလံ ၃၄:၁၇

၁၃ ထိုအချိန်တွင် ယေဟောဝါသည် ကိုယ်တော်၏ကြီးမြတ်သောနာမတော်အား ထင်ရှားစေသည်ကို ကျွန်ုပ်တို့ စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမည်။ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ကြီးမားသောရိုသေလေးမြတ်ကြောက်ရွံ့စိတ်ဖြင့် ပြည့်နေမည်ဖြစ်ပြီး ဆန့်ကျင်သူအားလုံးမှာ နှိမ့်ချဖျက်ဆီးခြင်းခံရကြမည်။ ‘မကောင်းမှုကိုပြုသောသူတို့ကား မြေကြီးပေါ်မှာ အောက်မေ့စရာအမှတ်မျှမရှိစေခြင်းငှာ ပယ်ရှင်းမည်အကြောင်း ယေဟောဝါသည် မျက်နှာထားတော်မူ၏။’ (ဆာလံ ၃၄:၁၆) ဘုရားသခင်၏ ဖြောင့်မတ်သောကမ္ဘာသစ်အတွင်းသို့ ကယ်နုတ်ခံရမည်ဆိုပါက အလွန်ကြီးမြတ်သောဆုကျေးဇူးပင်!

ခံနိုင်ရည်ရှိရန် အထောက်အကူပြုသည့်ကတိတော်များ

၁၄။ ခက်ခဲဆင်းရဲမှုကြားမှ ခံနိုင်ရည်ရှိရန် အဘယ်ကျမ်းစကားများက အထောက်အကူပြုမည်နည်း။

၁၄ ဤအတောအတွင်း ဖောက်ပြန်ယိုယွင်း၊ ရန်မူနေသည့်လောကတွင် ယေဟောဝါကို ဆက်၍နာခံသွားရန်မှာ ခံနိုင်ရည်ရှိဖို့လိုသည်။ နာခံမှုကိုပြုစုပျိုးထောင်ရာတွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် များစွာအထောက်အကူပြုသည်။ ခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့ အသက်ရှင်နေရသောကြောင့် ယေဟောဝါ၏ကျေးကျွန်အချို့သည် စိတ်နှလုံးကျိုးပဲ့ကြွေမွမတတ်ဖြစ်သော ကြီးမားပြင်းထန်သည့် ခက်ခဲဆင်းရဲမှုတို့ကို ကြုံတွေ့ကြရသည်။ သို့သော် သူတို့သည် ယေဟောဝါကို ကိုးစားကြမည်ဆိုလျှင် ကိုယ်တော်သူတို့ကို ခံနိုင်ရည်ရှိရန် အကူအညီပေးမည်ကို အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ကြသည်။ ဒါဝိဒ်၏ဤစကားများက အမှန်ပင်နှစ်သိမ့်မှုဖြစ်စေသည်– ‘ယေဟောဝါသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။’ (ဆာလံ ၃၄:၁၈) အားတက်စေသောဤစကားကို ဒါဝိဒ်ဆက်၍ဆို၏– ‘ဖြောင့်မတ်သောသူသည် များစွာသောဆင်းရဲကို ခံရသော်လည်း ယေဟောဝါသည် ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’ (ဆာလံ ၃၄:၁၉) ခက်ခဲဆင်းရဲမှုများစွာကြုံရသည့်တိုင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ကယ်နုတ်နိုင်တော်မူ၏။

၁၅၊ ၁၆။ (က) ဆာလံ ၃၄ ကိုစပ်ဆိုပြီး မကြာမီအချိန်တွင် အဘယ်သတင်းဆိုးကို ဒါဝိဒ်ကြားခဲ့ရသနည်း။ (ခ) စုံစမ်းနှောင့်ယှက်မှုများကို ခံရပ်နိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ထောက်ကူမည်နည်း။

၁၅ ဆာလံ ၃၄ ကိုစပ်ဆိုပြီးနောက် မကြာမီတွင် နောဗမြို့ရှိ ယဇ်ပုရောဟိတ်များနှင့် မြို့သူမြို့သားတို့ကို ရှောလုသိမ်းရုံးသတ်ဖြတ်သည့် သတင်းဆိုးကို ဒါဝိဒ်ကြားခဲ့ရသည်။ နောဗမြို့သို့ မိမိသွားခဲ့ခြင်းကြောင့် ရှောလု၏အမျက်ဒေါသသင့်ခဲ့ခြင်းဖြစ်သည်ကို ပြန်တွေးမိသောအခါ ဒါဝိဒ်အလွန်စိတ်မကောင်းဖြစ်ခဲ့ပေမည်။ (၁ ဓမ္မရာဇဝင် ၂၂:၁၃၊ ၁၈-၂၁) ဒါဝိဒ်သည် ယေဟောဝါထံမှ အကူအညီ  တောင်းယူခဲ့မည်မှာ သေချာသည်၊ အနာဂတ်တွင် “ဖြောင့်မတ်သောသူ” တို့ထမြောက်မည်ဟူသော မျှော်လင့်ချက်ဖြင့် နှစ်သိမ့်မှုရခဲ့မည်မှာ သေချာသည်။—⁠တမန်တော် ၂၄:၁၅

၁၆ ယနေ့အချိန်တွင်လည်း  ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ကျွန်ုပ်တို့ကို ခွန်အားဖြစ်စေသည်။ ရန်သူများသည် ကျွန်ုပ်တို့ကို ထာဝရပျောက်ပျက်သွားစေရန် မလုပ်နိုင်ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (မဿဲ ၁၀:၂၈) အလားတူယုံကြည်စိတ်ချမှုကို ဤစကားများဖြင့် ဒါဝိဒ်ဖော်ပြ၏– “သူ [ဖြောင့်မတ်သူ] ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍ တစ်ချောင်းမျှမကျိုးမပဲ့ရ။” (ဆာလံ ၃၄:၂၀) ယင်းအခန်းငယ်သည် ယေရှုအဖြစ်အပျက်တွင် စာသားအတိုင်းပြည့်စုံခဲ့သည်။ ယေရှုအား ရက်စက်စွာသတ်ခဲ့ကြသော်လည်း သူ၏အရိုးတစ်ချောင်းမျှ “မကျိုးမပဲ့” ခဲ့ပါ။ (ယောဟန် ၁၉:၃၆) သာ၍ကြီးမားသောသက်ဆိုင်မှုအနေနှင့် ဝိညာဉ်တော်ဖွားများနှင့် သူတို့၏အပေါင်းပါ “အခြားသိုး” တို့သည် မည်ကဲ့သို့သော စုံစမ်းနှောင့်ယှက်မှုတို့နှင့် ကြုံတွေ့ရပါစေ ယင်းက သူတို့ကို ထာဝရထိခိုက်နစ်နာစေနိုင်မည်မဟုတ်ကြောင်း ဆာလံ ၃၄:၂၀ ကယုံကြည်စိတ်ချစေသည်။ ပုံဆောင်အနေနှင့် သူတို့၏အရိုးများ ဘယ်တော့မျှ ကျိုးပဲ့မည်မဟုတ်ပါ။—⁠ယောဟန် ၁၀:၁၆

၁၇။ ယေဟောဝါလူမျိုးတော်အပေါ် နောင်တမယူဘဲဆက်မုန်းတီးနေသူတို့ကို အဘယ်ဘေးဆိုးက စောင့်ကြိုနေသနည်း။

၁၇ လူဆိုးတို့အတွက်မူ အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်သည်။ မကြာမီ သူတို့သည် မိမိတို့ကြဲသည့်မကောင်းမှုကို ရိတ်ရကြမည်။ “မတရားသောသူမူကား ဘေးဖြင့်အသက်ဆုံးခြင်းသို့ရောက်ရမည်။ ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကိုခံရကြမည်။” (ဆာလံ ၃၄:၂၁) ဘုရားသခင့်လူမျိုးကို ဆက်၍ဆန့်ကျင်နေသူအားလုံးသည် အဆိုးဆုံးသောဘေးနှင့်ကြုံတွေ့ရမည်။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ ထိုသူတို့သည် “ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်ကို ခံရကြလတ္တံ့။”—⁠၂ သက်သာလောနိတ် ၁:၁၀

၁၈။ အဘယ်သဘောဖြင့် ‘လူအုပ်ကြီး’ သည် ရွေးနုတ်ခံရပြီးဖြစ်သနည်း။ သူတို့သည် အနာဂတ်တွင် အဘယ်အရာ တွေ့ကြုံခံစားရမည်နည်း။

၁၈ ဒါဝိဒ်၏ဆာလံကျမ်းကို ဤအာမခံချက်စကားများဖြင့် နိဂုံးချုပ်ထား၏– ‘ယေဟောဝါသည် မိမိကျွန်တို့၏အသက်ဝိညာဉ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူ တစ်စုံတစ်ယောက်မျှ အပြစ်စီရင်ခြင်းကိုမခံရ။’ (ဆာလံ ၃၄:၂၂) ဒါဝိဒ်၏အနှစ် ၄၀ ကြာနန်းစံချိန်အဆုံးပိုင်းတွင် သူဤသို့ပြောခဲ့၏– ‘[ဘုရားသခင်သည်] ငါ့အသက်ဝိညာဉ်ကို ခပ်သိမ်းသောဆင်းရဲထဲက ကယ်နုတ်တော်မူ’ ၏။ (၃ ဓမ္မရာဇဝင် ၁:၂၉) ဒါဝိဒ်ကဲ့သို့ပင် မကြာမီ ယေဟောဝါကိုကြောက်ရွံ့သူတို့သည် အပြစ်တရားကြောင့်ပြုမိသော အမှားများမှ ကယ်နုတ်ခံရသည့်အပြင် စုံစမ်းနှောင့်ယှက်မှုတို့မှလည်း ကယ်တင်ခံခဲ့ရသည့်အကြောင်းများကို ပြန်ပြောင်းတွေးကာ ရွှင်လန်းနိုင်ကြတော့မည်ဖြစ်သည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်အများစုသည် ကောင်းကင်ဆုကျေးဇူးကို ရရှိကြပြီးဖြစ်သည်။ ယခု လူမျိုးခပ်သိမ်းမှ ‘လူအုပ်ကြီး’ သည် ယေရှု၏ညီတော်အကြွင်းအကျန်နှင့်အတူ ပူးပေါင်းနေကြပြီဖြစ်ပြီး ဘုရားသခင်အားဝတ်ပြုနေကြကာ ရလဒ်အနေနှင့် ယေဟောဝါရှေ့ စင်ကြယ်သောအနေအထားတွင် ရပ်တည်နေကြသည်။ သူတို့သည် ယေရှုသွန်းလောင်းခဲ့သော အသွေးတော်၏ ရွေးနုတ်နိုင်စွမ်းကို ယုံကြည်ကြောင်းတင်ပြသောကြောင့် ယင်းသို့ရပ်တည်နိုင်ကြခြင်းဖြစ်သည်။ ရောက်ရှိလာတော့မည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏ အကျိုးကျေးဇူးအပြည့်အဝကို ခံစားရမည်ဖြစ်ပြီး လူ့စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းကြမည်။—⁠ဗျာ. ၇:၉၊ ၁၄၊ ၁၇; ၂၁:၃-၅

၁၉။ ‘လူအုပ်ကြီး’ အဝင်တို့သည် အဘယ်အရာကိုပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားကြသနည်း။

၁၉ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူ ‘လူအုပ်ကြီး’ သည် ဤအကျိုးကျေးဇူးအားလုံးကို အဘယ်ကြောင့် ခံစားရမည်နည်း။ သူတို့သည် ယေဟောဝါကိုဆက်၍ကြောက်ရွံ့သွားရန် စိတ်ဆုံးဖြတ်ထားကြပြီး ရိုသေလေးမြတ်စိုးရွံ့စိတ်အပြည့်ဖြင့် နာခံကာ ကိုယ်တော်အားဝတ်ပြုနေကြသောကြောင့်ဖြစ်သည်။ အမှန်ပင်၊ ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ယနေ့အချိန်တွင် ဘဝအသက်တာကို ပျော်မွေ့ဖွယ်ဖြစ်စေပြီး ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရအသက်ဖြစ်သော “မှန်သောအသက်ကိုဝင်စား” နိုင်ရန် ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။—⁠၁ တိမောသေ ၆:၁၂၊ ၁၈၊ ၁၉; ဗျာ. ၁၅:၃၊ ၄

သင်သတိရပါသလော

• ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်သနည်း။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။

• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့၏ အမူအကျင့်အပေါ် အဘယ်အကျိုးသက်ရောက်သင့်သနည်း။

• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။

• ခံနိုင်ရည်ရှိရန် အဘယ်ကတိတော်များက အထောက်အကူပြုသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဟောဝါကိုကြောက်ရွံ့သူတို့သည် ပိတ်ပင်မှုအောက်တွင် သတိပညာနှင့်အညီ ပြုမူကြ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့နှင့်စပ်ဆိုင်သူတို့အတွက် ကျွန်ုပ်တို့ပြုလုပ်နိုင်သောအကြီးမြတ်ဆုံးသောကောင်းမှုမှာ သူတို့ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဝေငှခြင်းဖြစ်