မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနာမတော်ကိုတညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့

ယေဟောဝါနာမတော်ကိုတညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့

ယေဟောဝါနာမတော်ကိုတညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့

‘ငါနှင့်အတူ ယေဟောဝါကိုချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။’—⁠ဆာလံ ၃၄:၃

၁။ ယေရှုသည် မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း အဘယ်ပုံသက်သေကောင်းကို ချမှတ်တော်မူသနည်း။

အေဒီ ၃၃၊ နိသန် ၁၄ ရက်ညတွင် ယေရှုနှင့် ကိုယ်တော်၏တမန်တော်တို့သည် ယေရုရှလင်မြို့ရှိ အိမ်တစ်အိမ်၏ အထက်ခန်းမတွင် ယေဟောဝါအားချီးမွမ်းသီချင်း အတူတကွသီဆိုခဲ့ကြသည်။ (မဿဲ ၂၆:၃၀) လူသားယေရှုသည် မိမိ၏တမန်တော်များနှင့်အတူ သီချင်းဆိုရာတွင် ယင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်။ သူတို့၏စုဆုံမှုကို ယေဟောဝါအား ချီးမွမ်းသီချင်းဆိုခြင်းဖြင့် နိဂုံးချုပ်ခြင်းသည် သင့်လျော်ပါသည်။ ယေရှုသည် မြေကြီးဓမ္မအမှု စတင်သည့်အချိန်မှ ပြီးဆုံးသည့်အချိန်အထိ ခမည်းတော်ကိုချီးမွမ်းခဲ့ပြီး ဘုရားသခင်၏နာမတော် ထင်ရှားစေရန် ထက်သန်စွာလုပ်ဆောင်တော်မူခဲ့သည်။ (မဿဲ ၄:၁၀; ၆:၉; ၂၂:၃၇၊ ၃၈; ယောဟန် ၁၂:၂၈; ၁၇:၆) အမှန်ပင်၊ ကိုယ်တော်သည် ဆာလံဆရာ၏ ဤလှိုက်လှဲသောဖိတ်ခေါ်ချက်အတိုင်း လုပ်ဆောင်တော်မူခဲ့သည်– ‘ငါနှင့်အတူ ယေဟောဝါကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။’ (ဆာလံ ၃၄:၃) ကျွန်ုပ်တို့လိုက်လျှောက်သင့်သည့် ပုံသက်သေကောင်းပင်!

၂၊ ၃။ (က) ဆာလံ ၃၄ တွင် ပရောဖက်ပြုချက်ဆိုင်ရာ အချက်အလက်ပါရှိကြောင်း မည်သို့သိရသနည်း။ (ခ) ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတို့တွင် အဘယ်အကြောင်းအရာကို သုံးသပ်ကြမည်နည်း။

တမန်တော်ယောဟန်သည် ယေရှုနှင့်အတူ ချီးမွမ်းသီချင်းဆိုပြီးနောက် နာရီအနည်းငယ်အကြာတွင် အလွန်ကွဲပြားခြားနားသောအခြေအနေကို တွေ့မြင်ခဲ့ရသည်။ သူ၏သခင်နှင့် ရာဇဝတ်သားနှစ်ဦး နှက်တိုင်ပေါ်ရိုက်ထားသည်ကို တွေ့ခဲ့ရသည်။ ရောမစစ်သားတို့သည် ရာဇဝတ်သားနှစ်ဦး မြန်မြန်သေစေရန် သူတို့၏ခြေကို ချိုးခဲ့ကြသည်။ သို့သော် ယေရှု၏ခြေကိုမူ မချိုးခဲ့ကြကြောင်း ယောဟန်မှတ်တမ်းတင်ထားသည်။ စစ်သားများ ယေရှုထံရောက်လာချိန်တွင် ကိုယ်တော်သေဆုံးနေပြီဖြစ်သည်။ ယောဟန်က ယင်းအဖြစ်အပျက်သည် ဆာလံ ၃၄ တွင်ပါသော ဤအချက်ပြည့်စုံခြင်းဖြစ်ကြောင်း မိမိ၏ခရစ်ဝင်ကျမ်းတွင် ဖော်ပြခဲ့၏– “သူ၏အရိုး . . . တစ်ချောင်းမျှ မကျိုးမပဲ့ရ။”—⁠ယောဟန် ၁၉:၃၂-၃၆; ဆာလံ ၃၄:၂၀

ဆာလံ ၃၄ တွင် ခရစ်ယာန်များစိတ်ဝင်စားဖွယ်ရာ အခြားအချက်အလက်များစွာပါရှိသည်။ သို့ဖြစ်၍ ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတို့တွင်  ဒါဝိဒ်သည် ဤဆာလံကျမ်းကို အဘယ်အခြေအနေအောက်တွင် ရေးခဲ့ကြောင်းနှင့် ယင်းတွင်ပါသည့် အားတက်စေသောအချက်အလက်များတို့ကို သုံးသပ်သွားကြပါမည်။

ရှောလုရန်မှ ဒါဝိဒ်ထွက်ပြေး

၄။ (က) ဒါဝိဒ်ကို ဣသရေလလူမျိုး၏ နောက်တက်မည့်ဘုရင်အဖြစ် အဘယ်ကြောင့် ဘိသိက်ပေးခဲ့သနည်း။ (ခ) ရှောလုသည် ဒါဝိဒ်ကို အဘယ်ကြောင့် အလွန် “ချစ်” လာခဲ့သနည်း။

ဒါဝိဒ်ငယ်စဉ်က ရှောလုသည် ဣသရေလနိုင်ငံ၏ ဘုရင်ဖြစ်သည်။ သို့သော် ရှောလုသည် ယေဟောဝါအား နာခံမှုမပြတော့သောကြောင့် ကိုယ်တော်၏မျက်နှာသာ ဆုံးရှုံးလာခဲ့သည်။ ထို့ကြောင့် ပရောဖက်ရှမွေလက သူ့ကိုဤသို့ပြောခဲ့၏– ‘ယနေ့ ထာဝရဘုရားသခင်သည် ဣသရေလနိုင်ငံကို သင်မှဆုတ်ယူ၍ သင့်ထက်ကောင်းသော သင်၏အိမ်နီးချင်းအား ပေးတော်မူပြီ။” (၁ ဓမ္မရာဇဝင် ၁၅:၂၈) ထို့နောက် ဣသရေလလူမျိုး၏ နောက်တက်မည့်ဘုရင်အဖြစ် ယေရှဲ၏အငယ်ဆုံးသား ဒါဝိဒ်ကို ဘိသိက်ပေးရန် ရှမွေလအား ယေဟောဝါ ညွှန်ကြားတော်မူခဲ့သည်။ ထိုအတောအတွင်း ဘုရားသခင့်ဝိညာဉ်တော်ရုပ်သိမ်းခံရသောကြောင့် ဘုရင်ရှောလုသည် စိတ်ကယောက်ကယက်ဖြစ်သည့် ဝေဒနာခံစားခဲ့ရသည်။ ဂီတကျွမ်းကျင်သူဒါဝိဒ်ကို ဘုရင့်အပါးခစားရန် ဂိဗာမြို့သို့ ခေါ်ဆောင်ခဲ့ကြပြီး ဒါဝိဒ်၏ဂီတသံသည် ရှောလု၏စိတ်ကိုသက်သာစေသောကြောင့် “ရှောလုသည် [သူ့ကို] အလွန်ချစ်” လေသည်။—⁠၁ ဓမ္မရာဇဝင် ၁၆:၁၁၊ ၁၃၊ ၂၁၊ ၂၃

၅။ ရှောလုသည် ဒါဝိဒ်အပေါ် အဘယ်ကြောင့် သဘောထားပြောင်းလဲခဲ့သနည်း။ ဒါဝိဒ် အဘယ်အရာလုပ်ဆောင်ရန် ဖြစ်စေခဲ့သနည်း။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ယေဟောဝါသည် ဒါဝိဒ်နှင့်အတူရှိကြောင်း ထင်ရှားလာသည်။ ဖိလိတ္တိလူမျိုး လူ့ဘီလူးကြီး ဂေါလျတ်ကို ဒါဝိဒ်အောင်နိုင်ရန် ယေဟောဝါကူညီတော်မူခဲ့ပြီး ဒါဝိဒ်၏စစ်ရေးအစွမ်းကြောင့် ဣသရေလပြည်တွင် ဂုဏ်သတင်းကျော်စောလာစေရန် ကိုယ်တော်ထောက်မတော်မူခဲ့သည်။ သို့သော် ဒါဝိဒ်အပေါ် ယေဟောဝါ၏ကောင်းချီးသက်ရောက်မှုက ရှောလုကို မနာလိုစိတ်ဖြစ်စေပြီး ဒါဝိဒ်ကို မုန်းတီးလာစေခဲ့သည်။ ရှောလုရှေ့ ဒါဝိဒ်စောင်းတီးနေစဉ် ဘုရင်သည် ဒါဝိဒ်ကို နှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်ပေါက်ခဲ့သည်။ ဒါဝိဒ်သည် နှစ်ကြိမ်စလုံး ရှောင်တိမ်းနိုင်ခဲ့သည်။ ရှောလုသည် ဒါဝိဒ်ကိုသတ်ရန် တတိယအကြိမ်ကြိုးစားသည့်အခါ ဘုရင်လောင်းဖြစ်သူဒါဝိဒ် ယင်းကိုသိရှိသွားရာ အသက်လုထွက်ပြေးခဲ့ရသည်။ နောက်ဆုံး မိမိကိုဖမ်းဆီးပြီးသတ်ရန် ရှောလု၏အဆက်မပြတ် ကြိုးစားနေမှုကြောင့် ဒါဝိဒ်သည် ဣသရေလနိုင်ငံပြင်ပတွင် ခိုလှုံရန်ဆုံးဖြတ်ခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၁၈:၁၁; ၁၉:၉၊ ၁၀

၆။ ရှောလုသည် နောဗမြို့သူမြို့သားတို့ကိုသတ်ရန် အဘယ်ကြောင့်အမိန့်ပေးခဲ့သနည်း။

ဒါဝိဒ်သည်  ဣသရေလနိုင်ငံနယ်စပ်သို့သွားစဉ် ယေဟောဝါ၏တဲတော်ရှိရာ နောဗမြို့တွင် ရပ်နားခဲ့သည်။ ဒါဝိဒ်ထွက်ပြေးရာတွင် သူနှင့်အတူ အခြားလူငယ်အမျိုးသားများ ပါရှိပုံရသည်။ သို့ဖြစ်၍ ဒါဝိဒ်သည် သူတို့အတွက်နှင့် မိမိအတွက် အစာပြေစားစရာရှာခဲ့ခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းကြီးသည် ဒါဝိဒ်နှင့်သူ့လူတို့အတွက် အစားအစာပေးကြောင်း၊ သေဆုံးသွားသော ဂေါလျတ်ထံမှ ဒါဝိဒ်ယူဆောင်ခဲ့သောဓားကို ဒါဝိဒ်အားပေးလိုက်ကြောင်း ရှောလုသိရှိသွားသည်။ ရှောလုသည် အမျက်ထွက်ကာ ယဇ်ပုရောဟိတ် ၈၅ ဦးအပါအဝင် ထိုမြို့ရှိမြို့သူမြို့သားအားလုံးကို သတ်စေခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၂၁:၁၊ ၂; ၂၂:၁၂၊ ၁၃၊ ၁၈၊ ၁၉; မဿဲ ၁၂:၃၊ ၄

နောက်တစ်ကြိမ် သေဘေးမှလွတ်မြောက်

၇။ ဂါသမြို့သည် ဒါဝိဒ်အတွက် လုံခြုံသောပုန်းခိုရာအရပ် အဘယ်ကြောင့်မဖြစ်ခဲ့သနည်း။

ဒါဝိဒ်သည် နောဗမြို့မှ အနောက်ဘက် ၂၅ မိုင်ခန့်အကွာတွင်ရှိသော ဖိလိတ္တိပြည်သို့ထွက်ပြေးပြီး ဂေါလျတ်၏နေရင်းမြို့ဖြစ်သည့် ဂါသမြို့ရှိ အာခိတ်မင်းကြီးထံတွင် ခိုလှုံရန်ရှာကြံခဲ့သည်။ ရှောလုသည် ဂါသမြို့တွင် မိမိကိုလာရှာလိမ့်မည်မဟုတ်ဟု ဒါဝိဒ်ဆင်ခြင်ခဲ့ခြင်းဖြစ်မည်။ သို့သော် မကြာမီ ဂါသမင်းကြီး၏ကျွန်တို့သည် ဒါဝိဒ်ကိုမှတ်မိသွားကြသည်။ မိမိကိုမှတ်မိသွားကြောင်း ဒါဝိဒ်ကြားသိသည့်အခါ “ဂါသမင်းကြီးအာခိတ်ကို အလွန်ကြောက်” လေသည်။—⁠၁ ဓမ္မရာဇဝင် ၂၁:၁၀-၁၂

၈။ (က) ဂါသမြို့တွင် ဒါဝိဒ်ကြုံတွေ့ရသောအဖြစ်အပျက်အကြောင်း ဆာလံ ၅၆ ကအဘယ်အရာဖော်ပြသနည်း။ (ခ) ဒါဝိဒ်သည် မည်သို့ သေဘေးမှသီသီလေးလွတ်မြောက်ခဲ့သနည်း။

ဖိလိတ္တိလူတို့သည် ဒါဝိဒ်ကို ဖမ်းလိုက်ကြသည်။ ဤအချိန်တွင် ယေဟောဝါထံ ဒါဝိဒ်တိုးလျှိုးအသနားခံရာတွင် လှိုက်လှဲသည့်ခံစားချက်ပါသော ဤဆာလံကို စပ်ဆိုခဲ့ခြင်းဖြစ်မည်– “အကျွန်ုပ်မျက်ရည်တို့ကိုဘူးတော်ထဲမှာ ထည့်တော်မူပါ။” (ဆာလံ ၅၆:၈ နှင့်ကျမ်းခေါင်းစီးစာတန်း) သို့ဖြင့် မိမိ၏ဝမ်းနည်းစရာအဖြစ်ကို ယေဟောဝါ မေ့ထားမည်မဟုတ်ဘဲ မိမိကိုမေတ္တာဖြင့်ကြည့်ရှုစောင့်ရှောက်မည်၊ ကာကွယ်ပေးမည်ကို ယုံကြည်စိတ်ချကြောင်း တင်ပြခဲ့သည်။ ဒါဝိဒ်သည် ဖိလိတ္တိဘုရင် ထင်ယောင်ထင်မှားဖြစ်စေရန် အကြံဉာဏ်ထုတ်ခဲ့သည်။ အရူးတစ်ယောက်ပမာ အယောင်ဆောင်ခဲ့သည်။ ဘုရင်အာခိတ်တွေ့သောအခါ “အရူး” ဖြစ်သူကို သူ့ရှေ့မှောက်သွင်းသည့်အတွက် သူ၏ကျွန်တို့ကို အပြစ်တင်ခဲ့သည်။ ဒါဝိဒ်၏အကြံဉာဏ်ထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့ကြောင်း ထင်ရှားသည်။ ဒါဝိဒ်သည် မြို့ထဲမှမောင်းထုတ်ခံရပြီး သေဘေးမှ သီသီလေးလွတ်မြောက်ခဲ့ပြန်သည်။—⁠၁ ဓမ္မရာဇဝင် ၂၁:၁၃-၁၅

၉၊ ၁၀။ ဒါဝိဒ်သည် ဆာလံ ၃၄ ကိုအဘယ်အကြောင်းကြောင့် ရေးသားခဲ့သနည်း။ ယင်းဆာလံကိုစပ်ဆိုစဉ် ဒါဝိဒ်၏စိတ်ထဲတွင် မည်သူတို့ရှိနေနိုင်သနည်း။

ဒါဝိဒ်ကိုအကူအညီပေးသူတို့သည် ဒါဝိဒ်နှင့်အတူ ဂါသမြို့သို့ထွက်ပြေးမပြေး သို့မဟုတ် အနီးအနားရှိ ဣသရေလရွာများမှနေ၍ သူ့အားစောင့်ရှောက်ပေးမပေး စသည်တို့ကို သမ္မာကျမ်းစာတွင် မဖော်ပြထားပါ။ မည်သို့ပင်ဖြစ်စေ ယေဟောဝါသည် မိမိအားတစ်ဖန်ကယ်နုတ်တော်မူကြောင်း သူတို့အားပြောပြသည့်အခါ ပျော်ရွှင်ဖွယ်ပြန်လည်စုစည်းမှု ဖြစ်ခဲ့ကြမည်ဖြစ်သည်။ ယင်းအဖြစ်အပျက်က ဆာလံ ၃၄ ကိုစပ်ဆိုစေခဲ့သည့် နောက်ခံအကြောင်းရင်းဖြစ်ကြောင်း ကျမ်းခေါင်းစီးစာတန်းက ဖော်ပြသည်။ အခန်းငယ်တစ်မှခုနစ်တွင် မိမိအားကယ်နုတ်ခဲ့သည့်အတွက် ဒါဝိဒ်သည် ဘုရားသခင်အားချီးမွမ်းထားပြီး မိမိကိုထောက်ကူသူတို့အားလည်း ယေဟောဝါသည် လူမျိုးတော်၏ ကြီးမြတ်သောကယ်နုတ်တော်မူရှင်ဖြစ်ကြောင်း မိမိနှင့်အတူ ချီးမြှောက်ကြရန် ဖိတ်ခေါ်ထားသည်။—⁠ဆာလံ ၃၄:၃၊ ၄၊

၁၀ ဒါဝိဒ်နှင့်သူ၏လူတို့သည် ဂါသမြို့အရှေ့ဘက် ဆယ်မိုင်ခန့်အကွာ၊ ဣသရေလနိုင်ငံ၏ တောင်ကုန်းဒေသရှိ အဒုလံဥမင်တွင် လုံခြုံမှုရရှိခဲ့ကြသည်။ ထိုတွင်ရှိစဉ် ဘုရင်ရှောလုအုပ်ချုပ်မှုအောက်ရှိ အခြေအနေများကို မကျေနပ်ကြသော ဣသရေလလူတို့သည် သူတို့နှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၂၂:၁၊ ၂) ဆာလံ ၃၄:၈-၂၂ ပါစကားများကို ဒါဝိဒ်စပ်ဆိုစဉ် ထိုသူတို့ကိုစိတ်ထဲထားကာ စပ်ဆိုခဲ့ခြင်းဖြစ်မည်။ ယင်းအခန်းငယ်တို့တွင်ပါသော သတိပေးချက်များသည် ယနေ့ကျွန်ုပ်တို့အတွက် အရေးပါဆဲဖြစ်ပြီး နှစ်လို့ဖွယ်ကောင်းသော ဤဆာလံကို အသေးစိတ်သုံးသပ်ခြင်းမှ အကျိုးကျေးဇူး အမှန်ပင်ရရှိကြမည်။

သင်အဓိကထားရာသည် ဒါဝိဒ်အဓိကထားရာနှင့် တူသလော

၁၁၊ ၁၂။ ယေဟောဝါကိုမပြတ်ချီးမွမ်းနေရန် အဘယ်အကြောင်းရင်းများ ကျွန်ုပ်တို့တွင်ရှိသနည်း။

၁၁ ‘ငါသည် ခပ်သိမ်းသောကာလတို့၌ ယေဟောဝါကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ်မြွက်ဆိုမည်။’ (ဆာလံ ၃၄:၁) အနှင်ခံအဖြစ်နေထိုင်စဉ် ဒါဝိဒ်သည် ရုပ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှုများစွာ ရှိခဲ့မည်ဖြစ်သော်လည်း အထက်ပါစကားများအရ သူ၏နေ့စဉ်စိုးရိမ်ပူပန်မှုများသည် ယေဟောဝါအားချီးမွမ်းရန်ဟူသော သူ၏စိတ်ပိုင်းဖြတ်ချက်ကို လွှမ်းမိုးခွင့်မပြုခဲ့ကြောင်းဖော်ပြသည်။ ယင်းသည် ခက်ခဲကျပ်တည်းမှုများကို ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောပုံသက်သေပင်! ကျွန်ုပ်တို့သည် ကျောင်းတွင်၊ အလုပ်တွင်၊ ခရစ်ယာန်ချင်းများနှင့်အတူရှိစဉ်တွင် သို့မဟုတ် လူထုရှေ့ဓမ္မအမှုဆောင်ရာတွင် ကျွန်ုပ်တို့အဓိကအလေးထားရာမှာ ယေဟောဝါအားချီးမွမ်းရန် ဖြစ်သင့်သည်။ ထိုသို့ချီးမွမ်းစေသည့် မရေမတွက်နိုင်လောက်အောင်များသော အကြောင်းရင်းများကို စဉ်းစားကြည့်ပါ။ ဥပမာ၊ မကုန်မဆုံးနိုင်လောက်အောင်များပြားသော ယေဟောဝါ၏အံ့ဖွယ်ဖန်ဆင်းရာလက်ရာများကို ရှာဖွေလေ့လာပြီး ယင်းမှ ရွှင်လန်းမှုရရှိနိုင်ကြသည်။ ထို့ပြင် ကိုယ်တော်၏ မြေကြီးအဖွဲ့အစည်းအားဖြင့် ပြီးမြောက်အောင်မြင်ခဲ့ရာများကိုလည်း သုံးသပ်ကြည့်ပါ။ မစုံလင်သူတို့ဖြစ်သော်လည်း တည်ကြည်မှုရှိသူများကို မျက်မှောက်ခေတ်တွင် ယေဟောဝါသည် အတော်ပင်ကျယ်ပြန့်စွာ အသုံးပြုတော်မူခဲ့သည်။ ဘုရားသခင်၏လုပ်ရပ်များကို လောက၏ကြည်ညိုလေးမြတ်မှုခံရသူတို့၏လုပ်ရပ်များနှင့် နှိုင်းယှဉ်လိုက်သော် အသို့နည်း။ ဤသို့ရေးခဲ့သောဒါဝိဒ်နှင့် သင်သဘောတူသည်မဟုတ်လော– ‘အိုယေဟောဝါ၊ ဘုရားသခင်တို့တွင် ကိုယ်တော်နှင့်တူသောဘုရားသခင်မရှိပါ။ အမှုတော်နှင့်တူသောအမှုလည်းမရှိပါ။”—⁠ဆာလံ ၈၆:၈

၁၂ ဒါဝိဒ်ကဲ့သို့ပင်  ကျွန်ုပ်တို့သည်  ယေဟောဝါ၏ ပြိုင်ဘက်ကင်းသောလုပ်ရပ်များကြောင့် ကိုယ်တော်ကိုမပြတ်ချီးမွမ်းရန် လှုံ့ဆော်ခံရကြသည်။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်သည် ဒါဝိဒ်၏ထာဝရအမွေခံဖြစ်သော ယေရှုခရစ်၏လက်ထဲတွင်ရှိကြောင်း သိရခြင်းသည် ကျွန်ုပ်တို့ကို စိတ်တက်ကြွစေသည်။ (ဗျာ. ၁၁:၁၅) ယင်းက ဤအစီအစဉ်စနစ် ကုန်ဆုံးချိန်နီးပြီဖြစ်ကြောင်း ဆိုလိုသည်။ သန်းခြောက်ထောင်ကျော်သောလူသားတို့၏ ထာဝရအနာဂတ်သည် သေရေးရှင်ရေးတမျှ အရေးကြီးသည့်အခြေအနေ၌ရှိသည်။ ဘုရားသခင့်နိုင်ငံတော်နှင့် မကြာမီ လူသားတို့အတွက် ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမည့်အရာတို့ကို အခြားသူတို့အားပြောပြကာ ထိုသူတို့လည်း ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါအားချီးမွမ်းလာရန် ကူညီပေးဖို့ တစ်ခါနှင့်မျှမတူအောင် လိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့အသက်တာ၏ အရေးအကြီးဆုံးအရာမှာ အချိန်မနှောင်းမီ အခြားသူတို့ ဤ “သတင်းကောင်း” ကိုလက်ခံလာအောင်အားပေးရန် အခွင့်အရေးတိုင်းကို အသုံးပြုဖို့ဖြစ်သင့်သည်။—⁠မဿဲ ၂၄:၁၄

၁၃။ (က) ဒါဝိဒ်သည် မည်သူကိုအမှီပြု၍ ဝါကြွားခဲ့သနည်း။ မည်ကဲ့သို့သောသူတို့ တုံ့ပြန်ကြသနည်း။ (ခ) ယနေ့ စိတ်နှိမ့်ချသောသူတို့သည် ခရစ်ယာန်အသင်းတော်သို့ မည်သို့ဆွဲဆောင်ခံရကြသနည်း။

၁၃ ‘ငါ့ဝိညာဉ်သည် ယေဟောဝါကိုအမှီပြု၍ ဝါကြွားခြင်းကိုပြုမည်။ နှိမ့်ချလျက်ရှိသောသူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။’ (ဆာလံ ၃၄:၂) ဒါဝိဒ်သည် သူ၏အောင်မြင်ပြီးမြောက်မှုများကို ဝါကြွားခြင်းမပြုခဲ့ပါ။ ဥပမာ၊ ဂါသမင်းကြီးအား လှည့်စားခဲ့ပုံနှင့်ပတ်သက်ပြီး ဝါကြွားခြင်းမရှိခဲ့ပါ။ ဂါသမြို့၌ရှိနေစဉ် ယေဟောဝါ သူ့ကိုကာကွယ်ပေးခဲ့ပြီး ယေဟောဝါ၏အကူအညီဖြင့် လွတ်မြောက်ခဲ့ကြောင်း သူသိထားသည်။ (သု. ၂၁:၁) ထို့ကြောင့် ဒါဝိဒ်သည် မိမိကိုယ်ကို ဝါကြွားခြင်းမပြုဘဲ ယေဟောဝါကိုအမှီပြု၍ ဝါကြွားခဲ့သည်။ ထိုသို့ပြုခြင်းကြောင့် စိတ်နှိမ့်ချသောသူတို့သည် ယေဟောဝါထံဆွဲဆောင်ခံရကြသည်။ ယေရှုသည်လည်း ယေဟောဝါနာမတော်ကို ချီးမြှောက်ခဲ့သောကြောင့် စိတ်နှိမ့်ချသော၊ သင်ယူလိုစိတ်ရှိသူတို့သည် ဘုရားသခင်ထံဆွဲဆောင်ခံရကြသည်။ ယနေ့ လူမျိုးအပေါင်းမှ စိတ်နှိမ့်ချသောသူတို့သည် ယေရှုဦးဆောင်သော အပြည်ပြည်ဆိုင်ရာ ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်သို့ ဆွဲဆောင်ခံရကြသည်။ (ကောလောသဲ ၁:၁၈) ထိုစိတ်နှိမ့်ချသောသူတို့သည် ဘုရားသခင်၏နှိမ့်ချသောကျေးကျွန်များ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်ကြသည်ကို ကြားသည့်အခါ၊ ဘုရားသခင်၏ စွမ်းအားတော်အားဖြင့် နားလည်သဘောပေါက်နိုင်သော သမ္မာကျမ်းစာသတင်းကိုကြားသည့်အခါ နှလုံးထိမိခဲ့ကြသည်။—⁠ယောဟန် ၆:၄၄; တမန်တော် ၁၆:၁၄

အစည်းအဝေးများကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ

၁၄။ (က) ဒါဝိဒ်သည် တစ်ဦးတည်းသီးသန့် ယေဟောဝါအား ချီးမွမ်းခြင်းဖြင့် ကျေနပ်ခဲ့ပါသလော။ (ခ) ဝတ်ပြုရန်စုဝေးချိန်များနှင့်ပတ်သက်၍ အဘယ်ပုံသက်သေကို ယေရှုချမှတ်ခဲ့သနည်း။

၁၄ ‘ငါနှင့်အတူ  ယေဟောဝါကို  ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။’ (ဆာလံ ၃၄:၃) ဒါဝိဒ်သည် မိမိတစ်ဦးတည်းသီးသန့် ယေဟောဝါအား ချီးမွမ်းခြင်းဖြင့် မကျေနပ်ခဲ့ပါ။ ဘုရားသခင့်နာမတော်ကို ချီးမြှောက်ရာတွင် မိမိနှင့်အတူပါဝင်ကြရန် သူ၏အဖော်များကို မေတ္တာဖြင့်ဖိတ်ခေါ်ခဲ့သည်။ အလားတူပင် သာ၍ကြီးမြတ်သောဒါဝိဒ်ဖြစ်သူ ယေရှုခရစ်သည် ဒေသခံတရားဇရပ်တွင်၊ ယေရုရှလင်ရှိ ဘုရားသခင့်ဝတ်ပြုရာအိမ်တော်တွင်ကျင်းပသော ပွဲတော်များတွင်၊ ကိုယ်တော့်နောက်လိုက်များနှင့် စုဝေးချိန်တို့တွင်ဖြစ်သော လူများအလယ်တွင် ယေဟောဝါအားချီးမွမ်းရန် နှစ်သက်တော်မူသည်။ (လုကာ ၂:၄၉; ၄:၁၆-၁၉; ၁၀:၂၁; ယောဟန် ၁၈:၂၀) အထူးသဖြင့် “ကာလအချိန်ရောက်လုနီး” ပြီဖြစ်သော ယခုအချိန်တွင် ယုံကြည်သူချင်းတို့နှင့်အတူ အခွင့်အရေးရတိုင်း ယေဟောဝါအားချီးမွမ်းရာတွင် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ခြင်းသည် ရွှင်လန်းဖွယ်အခွင့်အရေးဖြစ်သည်။—⁠ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၅။ (က) ဒါဝိဒ်၏အတွေ့အကြုံများက သူ၏လူတို့အပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အစည်းအဝေးများတက်ရောက်ခြင်းမှ မည်သို့အကျိုးရရှိကြသနည်း။

၁၅ ‘ငါသည် ယေဟောဝါကိုရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်းအလုံးစုံတို့အထဲက ငါ့ကိုကယ်နုတ်တော်မူ၏။’ (ဆာလံ ၃၄:၄) ယင်းအဖြစ်အပျက်သည် ဒါဝိဒ်အတွက် အရေးပါခဲ့သည်။ သို့ဖြစ်၍ သူဤသို့ပြောခဲ့၏– ‘ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကို ယေဟောဝါသည်နားထောင်၍ ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’ (ဆာလံ ၃၄:၆) ခက်ခဲသောအခြေအနေများတွင် ခံရပ်နိုင်ရန် ယေဟောဝါထောက်မခဲ့သည့် တည်ဆောက်ဖွယ်ဖြစ်စေသော အတွေ့အကြုံများကို ယုံကြည်သူချင်းတို့နှင့်အတူစုဝေးချိန်တွင် ပြန်ပြောပြရန် အခွင့်အရေးများစွာရှိပါသည်။ ယင်းသည် ယုံကြည်သူချင်းတို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေသည်၊ ဒါဝိဒ်၏ပြောပြချက်များသည် သူ့ကိုထောက်ကူကြသူတို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေခဲ့သကဲ့သို့ပင်ဖြစ်သည်။ ဒါဝိဒ်၏အဖြစ်တွင် သူ၏အဖော်တို့သည် ‘ယေဟောဝါကို မျှော်ကြည့်ကြသောကြောင့် အလင်းကိုရကြသည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြသည်။’ (ဆာလံ ၃၄:၅) ဘုရင်ရှောလုရန်မှ ထွက်ပြေးနေရသည့်တိုင် သူတို့သည် ရှက်ကြောက်ခြင်းမရှိကြပါ။ ဘုရားသခင်သည် ဒါဝိဒ်ကိုထောက်မပေးနေသည်ကို သူတို့ယုံကြည်စိတ်ချကြပြီး သူတို့၏မျက်နှာသည် တောက်ပနေခဲ့သည်။ အလားတူပင် နှစ်ပေါင်းများစွာ စစ်မှန်သောခရစ်ယာန်များဖြစ်ကြသူတို့နှင့် စိတ်ဝင်စားသူလူသစ်တို့သည် ထောက်မမှုအတွက် ယေဟောဝါကို မျှော်ကိုးကြသည်။ ကိုယ်တော်၏ထောက်မမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြသောကြောင့် သူတို့၏တောက်ပသောမျက်နှာများက တည်ကြည်ရန်စိတ်ပိုင်းဖြတ်ထားကြောင်း ပေါ်လွင်သည်။

ကောင်းကင်တမန်အကူအညီအတွက် ကျေးဇူးတင်ပါ

၁၆။ ယေဟောဝါသည် ကျွန်ုပ်တို့ကိုကယ်တင်ရန် ကိုယ်တော်၏ကောင်းကင်တမန်များကို မည်သို့အသုံးပြုသနည်း။

၁၆ ‘ထာဝရဘုရားသခင်ကို  ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။’ (ဆာလံ ၃၄:၇) မိမိတစ်ဦးတည်းကိုသာ ယေဟောဝါကယ်တင်ခြင်းဖြစ်သည်ဟု ဒါဝိဒ်မရှုမြင်ခဲ့ပါ။ ဒါဝိဒ်သည် ယေဟောဝါဘိသိက်ပေးထားသော ဣသရေလ မင်းလောင်းဖြစ်သော်လည်း ယေဟောဝါအား တည်ကြည်စွာဝတ်ပြုကိုးကွယ်သူတို့သည် ထင်ပေါ်ကျော်ကြားသူဖြစ်စေ၊ နိမ့်ကျသူဖြစ်ပါစေ သူတို့အားလုံးကို စောင့်ရှောက်ရန် ကောင်းကင်တမန်များကို ကိုယ်တော်အသုံးပြုတော်မူကြောင်း ဒါဝိဒ်သိရှိထားသည်။ မျက်မှောက်ခေတ်အချိန်တွင် ယေဟောဝါပြင်ဆင်ပေးသောကာကွယ်မှုကို စစ်မှန်သောဝတ်ပြုကိုးကွယ်သူများလည်း ခံစားကြရသည်။ နာဇီဂျာမနီအပြင် မာလာဝီ၊ မိုဇမ်ဘစ်၊ အင်ဂိုလာနှင့် အခြားနိုင်ငံများစွာရှိအာဏာပိုင်များက ယေဟောဝါသက်သေများကို သုတ်သင်ဖယ်ရှားပစ်ရန်စီမံကိန်းများ လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ကြိုးစားဆောင်ရွက်မှုတို့သည် အချည်းနှီးဖြစ်ခဲ့သည်။ ယင်းအစား ထိုနိုင်ငံများရှိယေဟောဝါ၏လူမျိုးသည် ဘုရားသခင့်နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်နေကြစဉ် ဆက်၍တိုးပွားနေသည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါသည် မိမိလူမျိုးကို ကာကွယ်ရန်နှင့်လမ်းပြပေးရန် ကိုယ်တော်၏သန့်ရှင်းသောကောင်းကင်တမန်များကို အသုံးပြုသောကြောင့်ဖြစ်သည်။—⁠ဟေဗြဲ ၁:၁၄

၁၇။ ဘုရားသခင့်ကောင်းကင်တမန်တို့သည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကို ကူညီကြသနည်း။

၁၇ ထို့ပြင် ယေဟောဝါ၏ကောင်းကင်တမန်တို့သည် အခြားသူတို့အား ထိမိလဲစေသူမည်သူမဆိုကို ယေဟောဝါ၏လူမျိုးအတွင်းမှ ဖယ်ရှားရန် စီစဉ်လုပ်ဆောင်နိုင်ကြသည်။ (မဿဲ ၁၃:၄၁; ၁၈:၆၊ ၁၀) ယင်းကို ကျွန်ုပ်တို့မသိမမြင်နိုင်ကြသော်လည်း ကျွန်ုပ်တို့ ဘုရားသခင့်အမှုတော်ဆောင်ရာတွင် အနှောင့်အယှက်ဖြစ်နိုင်သည့် အတားအဆီးများကို ကောင်းကင်တမန်တို့သည် ဖယ်ရှားပေးကြပြီး ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ဆုံးရှုံးသွားစေနိုင်သည့်အရာများမှလည်း ကာကွယ်ပေးကြသည်။ အရေးအကြီးဆုံးမှာ လူသားအားလုံးကို ‘ထာဝရသတင်းကောင်း’ ကြွေးကြော်ရာတွင် အန္တရာယ်ရှိအခြေအနေများရှိဒေသများတွင် ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေကြသူတို့အပါအဝင် ကျွန်ုပ်တို့ကို ကောင်းကင်တမန်တို့သည် ဦးဆောင်လမ်းပြကြသည်။ (ဗျာ. ၁၄:၆) ကောင်းကင်တမန်ကူညီပေးသည့် သက်သေသာဓကကို ယေဟောဝါသက်သေများထုတ်ဝေသည့် ကျမ်းစာစာပေတို့တွင် မကြာခဏဖော်ပြခဲ့သည်။ * ထိုကဲ့သို့သောတွေ့ကြုံမှုများသည် အလွန်များပြားလှရကား မတော်တဆဖြစ်ခြင်းဟု သတ်မှတ်၍မဖြစ်နိုင်ပါ။

၁၈။ (က) ကောင်းကင်တမန်တို့၏အကူအညီပေးမှုကို ခံစားရရန် ကျွန်ုပ်တို့ဘက်မှ အဘယ်အရာလိုအပ်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်ကြမည်နည်း။

၁၈ ကောင်းကင်တမန်တို့၏ လမ်းပြပေးမှုနှင့် အကာအကွယ်ပေးမှုတို့မှ ဆက်၍အကျိုးခံစားရရန် ကျွန်ုပ်တို့သည် ဆန့်ကျင်မှုခံရသည့်ကြားမှ ယေဟောဝါ၏နာမတော်ကို မပြတ်ချီးမြှောက်ကြရမည်။ ဘုရားသခင့်ကောင်းကင်တမန်သည် “[ယေဟောဝါ] ကိုကြောက်ရွံ့သော သူတို့ပတ်လည်” ၌သာတပ်ချ၍ ကယ်လွှတ်တတ်ကြကြောင်းကို သတိရပါ။ ယင်းက အဘယ်အရာကိုဆိုလိုသနည်း။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဟူသည် အဘယ်နည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။ မေတ္တာရှိသောဘုရားသခင်သည် ကျွန်ုပ်တို့ ကိုယ်တော်ကိုကြောက်ရွံ့ရန် အဘယ်ကြောင့် အလိုရှိတော်မူသနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် လေ့လာကြပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ယေဟောဝါသက်သေများ—⁠ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ [လိပ်]၊ စာမျက်နှာ ၅၅၀; ၂၀၀၅ ခုနှစ် ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၅၃; ကင်းမျှော်စင်၊ မတ် ၁၊ ၂၀၀၀၊ စာမျက်နှာ ၅-၆; ဇန်နဝါရီ ၁၊ ၁၉၉၁၊ စာမျက်နှာ ၂၇၊ ၂၈ နှင့် ဖေဖော်ဝါရီ ၁၅၊ ၁၉၉၁၊ စာမျက်နှာ ၂၆ [လိပ်] တို့ကိုရှု။

သင်မည်သို့ဖြေဆိုမည်နည်း

• လူငယ်တစ်ဦးအရွယ်တွင် အဘယ်စုံစမ်းမှုများကို ဒါဝိဒ်ခံရပ်ခဲ့သနည်း။

• ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့အဓိကထားရာသည် အဘယ်နည်း။

• ခရစ်ယာန်အစည်းအဝေးများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သနည်း။

• ယေဟောဝါသည် ကျွန်ုပ်တို့ကိုအကူအညီပေးရန် ကိုယ်တော်၏ကောင်းကင်တမန်များကို မည်သို့အသုံးပြုတော်မူသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရာမ

ဂါသ

ဇိကလတ်

ဂိဗာ

ယေရုရှလင်

အဒုလံ

ကိလ

ဟေဗြုန်

ဇိဖ

တောအုပ်

မောန

နောဗ

ဗက်လင်

အင်္ဂေဒိ

ကရမေလ

ရေငန်အိုင်

[Credit Line]

Map: Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဒါဝိဒ်သည် ထွက်ပြေးတိမ်းရှောင်နေရသည့်တိုင်ယေဟောဝါနာမတော်ကို ချီးမြှောက်ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်စုဝေးမှုများတွင် ပြန်ပြောပြသော တည်ဆောက်မှုဖြစ်စေသည့် တွေ့ကြုံမှုများကို နားထောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းခိုင်ခံ့စေ