မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူတွေသာ သိကြမယ်ဆိုရင်”

“လူတွေသာ သိကြမယ်ဆိုရင်”

“လူတွေသာ သိကြမယ်ဆိုရင်”

လူငယ်များစွာသည် အထက်တန်းကျောင်းပြီးနောက် စည်းစိမ်ဥစ္စာရှာဖွေရန် စိတ်ပိုင်းဖြတ်ချိန်တွင် ဒေးဗစ်တွင်မူ တခြားအစီအစဉ်များရှိခဲ့သည်။ သူသည် ၂၀၀၃၊ စက်တင်ဘာလတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်းပြည်နယ်မှ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ * သူငယ်ချင်းများနှင့် မိသားစုက သူ့ကို ဒေးဗီဟုခေါ်ကြ၏။ ဒေးဗီသည် စပိန်ဘာသာစကားကို သင်ယူ၍ ယေဟောဝါသက်သေများ၏ နာဗာစ်အသင်းတော်နှင့်ပူးပေါင်းကာ သမ္မာကျမ်းစာသွန်သင်ခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သည်။ အသင်းတော်က သူ့ကို ခင်မင်ဖော်ရွေကြ၏။ “ဒေးဗီကို ဘာပဲတောင်းဆိုတောင်းဆို ကူညီပေးတတ်တယ်။ တခြားသူတွေအတွက် အမြဲအနစ်နာခံတတ်လို့ ညီအစ်ကိုတွေက သူ့ကို ချစ်ကြတယ်” ဟုထိုအသင်းတော်မှ တစ်ဦးတည်းသော အကြီးအကဲဖြစ်သူ ဝှမ်းက ပြောပြသည်။

ဒေးဗီသည် သူ၏တာဝန်ကျရာနေရာကို အလွန်နှစ်သက်၏။ “ကျွန်တော် ဒီမှာနေရတာ အရမ်းပျော်တယ်။ ခရစ်ယာန်ဓမ္မအမှုဆောင်ရတာ တကယ့်ကိုလန်းဆန်းတက်ကြွစေတယ်။ လူတွေက ကျွန်တော်တို့ ပြောသမျှကို နားထောင်ချင်တဲ့အတွက် အိမ်တိုင်းမှာ မိနစ် ၂၀ လောက်စကားပြောခွင့်ရကြတယ်။ ကျွန်တော့်မှာ ကျမ်းစာသင်အံမှု ခြောက်ခုရှိနေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အကူအညီလိုအပ်နေသေးတယ်။ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၃၀ ရှိတဲ့ ကျွန်တော်တို့အသင်းတော်ရဲ့ အစည်းအဝေးတစ်ခုမှာ ၁၀၃ ယောက်တက်ကြတယ်” ဟုအမေရိကန်ပြည်ထောင်စုရှိ သူငယ်ချင်းတစ်ဦးထံ ဒေးဗီစာရေးခဲ့သည်။

ဝမ်းနည်းစရာမှာ ၂၀၀၄၊ ဧပြီ ၂၄ ရက်နေ့တွင် လူငယ်ဒေးဗီသည် အသင်းတော်မှ တခြားလူငယ်တစ်ဦးနှင့်အတူ ကားတိုက်ခံရပြီး သေဆုံးသွားရှာသည်။ ဒေးဗီသည် သေဆုံးသည့်နေ့အထိ သူ၏လုပ်ငန်းကို အားတက်သရောလုပ်ဆောင်ခဲ့သည်။ သူ၏မွေးရပ်နိုင်ငံရှိ တခြားလူငယ်များကိုလည်း သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြရန် အားပေးခဲ့သည်။ “ဒီလုပ်ငန်းမှာပါဝင်ကြည့်ပါ၊ ခင်ဗျားရဲ့ရှုမြင်ပုံတွေ အစစအရာရာ ပြောင်းလဲသွားလိမ့်မယ်” ဟုလူငယ်သက်သေခံတစ်ဦးကို ဒေးဗီပြောပြခဲ့သည်။

ဒေးဗီကိုယ်တိုင် စည်းစိမ်ဥစ္စာအပေါ် သူ၏ရှုမြင်ပုံ ပြောင်းလဲခဲ့သည်။ “အိမ်ကို ဒေးဗီပြန်လာတုန်းက နှင်းလျှောသွားစီးဖို့ သူ့ကိုပြောတော့ ဘယ်လောက်ကုန်မလဲလို့ မေးတယ်။ ကုန်ကျစရိတ်ကို ပြောပြတော့ ဒေးဗီက နှင်းလျှောစီးဖို့ အဲ့ဒီလောက်အကုန်အကျမခံနိုင်ဘူး။ အဲ့ဒီငွေနဲ့ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံမှာ လအတော်ကြာကြာ နေလို့ရတယ်ဆိုပြီး ဒေးဗီပြောခဲ့တယ်” ဟုသူ၏ဖခင်က ပြန်ပြောပြသည်။

ဒေးဗီ၏စိတ်ထက်သန်မှုက တခြားသူများကို အကျိုးပြုခဲ့သည်။ “ဒေးဗီလုပ်ဆောင်နေတာတွေ၊ သူတကယ်ပျော်ရွှင်နေတယ်ဆိုတာတွေကို ကျွန်မကြားရတဲ့အခါ ကျွန်မလည်း သူ့လို လုပ်ဆောင်နိုင်မှာပဲလို့ သဘောပေါက်လာတယ်။ ကျွန်မသေသွားရင်ရော ကျွန်မအကြောင်း လူတွေ ဘာပြောကြမလဲ၊ ဒေးဗီလို လူတွေအပေါ် အပြုသဘောအကျိုးသက်ရောက်ပါ့မလားဆိုပြီး ဒေးဗီသေသွားတာက ကျွန်မအတွက် စဉ်းစားစရာဖြစ်လာတယ်” ဟုအမေရိကန်ပြည်ထောင်စုမှ လူငယ်တစ်ဦးကဆို၏။

ယေဟောဝါသက်သေများဖြစ်ကြသော ဒေးဗီ၏မိဘများနှင့် မောင်နှမများသည် ရောက်ရှိလာတော့မည့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ဒေးဗီအား ဘုရားသခင် ရှင်ပြန်ထမြောက်ပေးမည်ကို လုံးလုံးလျားလျား ယုံကြည်စိတ်ချကြသည်။ (ယောဟန် ၅:​၂၈၊ ၂၉; ဗျာ. ၂၁:​၁-၄) ဒေးဗီသည် သူ၏အသက်တာကို ဖန်ဆင်းရှင်၏အမှုတော်တွင် အကောင်းဆုံးအသုံးပြုခဲ့ကြောင်း သူတို့သိရှိသည့်အတွက် စိတ်သက်သာမှုရခဲ့ကြသည်။ (ဒေ. ၁၂:၁) သာ၍အကူအညီလိုအပ်သောနေရာတွင် အမှုဆောင်ရန် မိမိ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒေးဗီ ဤသို့ပြောခဲ့ဖူးသည်– “လူငယ်တွေအားလုံး ကျွန်တော့်လို ဆုံးဖြတ်ချက်ချပြီး ကျွန်တော်ခံစားရသလို ခံစားစေချင်တယ်။ ယေဟောဝါရဲ့အမှုတော်ကို ကျွန်တော်တို့ရဲ့အစွမ်းရှိသမျှနဲ့ ထမ်းဆောင်တာထက် ကောင်းတာ ဘာမှမရှိဘူး။ အဲ့ဒါကို လူတွေသာ သိကြမယ်ဆိုရင်။”

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဒေးဗစ်နည်းတူ ယေဟောဝါသက်သေများစွာသည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူများ သာ၍လိုအပ်သောနေရာသို့ ပြောင်းရွှေ့ကာ စေတနာ့ဝန်ထမ်းလျက်ရှိကြသည်။ သူတို့မှအချို့သည် သမ္မာကျမ်းစာအမှန်တရားကို တခြားသူများအား သွန်သင်ပေးရန် တိုင်းတစ်ပါးဘာသာစကားကိုပင် သင်ယူနေကြသည်။ ဤသို့သောစေတနာ့ဝန်ထမ်း ၄၀၀ ကျော်တို့သည် ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံတွင် လောလောဆယ် အမှုဆောင်လျက်ရှိကြသည်။