မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်တမန်များ—လူသားတို့ကို အကျိုးပြုပုံ

ကောင်းကင်တမန်များ—လူသားတို့ကို အကျိုးပြုပုံ

ကောင်းကင်တမန်များ—လူသားတို့ကို အကျိုးပြုပုံ

“ထို့နောက်မှ ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောတန်ခိုးတော်နှင့်ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ . . . သူသည် ကျယ်သောအသံနှင့်ကြွေးကြော်၍ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ . . . ဟုပြောဆို၏။”—⁠ဗျာ. ၁၈:၁-၃

၁၊ ၂။ ယေဟောဝါသည် မိမိအလိုတော်ပြည့်စုံစေရန် ကောင်းကင်တမန်များကိုအသုံးပြုကြောင်း အဘယ်အရာက ဖော်ပြသနည်း။

ပတ်မုကျွန်းသို့ နယ်နှင်ခံရစဉ် သက်ကြီးတမန်တော်ယောဟန်သည် ပရောဖက်ပြုချက်ဆိုင်ရာ အဆင်းအာရုံများ ရရှိခဲ့သည်။ “ဝိညာဉ်တော်ကိုခံရ” သောကြောင့် “သခင်ဘုရားနေ့” တွင် ရောက်ရှိနေသည့်အလား စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များကို သူတွေ့မြင်ခဲ့သည်။ ထိုနေ့သည် ၁၉၁၄ တွင် ခရစ်တော်နန်းထိုင်ချိန်၌ စတင်ပြီး အနှစ်တစ်ထောင်အုပ်ချုပ်မှုအကုန်အထိ ဆက်သွားမည်ဖြစ်သည်။—⁠ဗျာ. ၁:၁၀

ယေဟောဝါဘုရားသခင်သည်  ထိုအဆင်းအာရုံကို ယောဟန်အား တိုက်ရိုက်ပေးခဲ့ခြင်းမဟုတ်ပေ။ ‘ကာလမကြာမမြင့်မီဖြစ်ရမည့်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အားပြစေခြင်းငှာ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏မိန့်မြွက်စကားကိုဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေခံကျွန်ယောဟန်အား အဆင်းအာရုံအရိပ်ကိုပြတော်မူ၏’ ဟုဗျာ. ၁:၁ ကဖော်ပြသည်။ ယေဟောဝါသည် ယေရှုမှတစ်ဆင့် ကောင်းကင်တမန်များကိုအသုံးပြုကာ “သခင်ဘုရားနေ့” နှင့်ပတ်သက်သော အံ့ဖွယ်ဖြစ်ရပ်များကို ယောဟန်အား အသိပေးခဲ့သည်။ တစ်ကြိမ်တွင် “ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောတန်ခိုးတော်နှင့်ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကို” ယောဟန်တွေ့မြင်ခဲ့သည်။ ထိုကောင်းကင်တမန်၏တာဝန်ကား အဘယ်နည်း။ “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ” ဟုကျယ်သောအသံနှင့် သူကြွေးကြော်လေ၏။ (ဗျာ. ၁၈:၁၊ ၂) တန်ခိုးနှင့်ပြည့်စုံသော ထိုကောင်းကင်တမန်သည် ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာဖြစ်သော မဟာဗာဗုလုန်ပြိုလဲခြင်းအကြောင်း ကြေညာရသည့် အခွင့်ထူးရရှိခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် မိမိအလိုတော်ပြည့်စုံရန် ကောင်းကင်တမန်များကို အရေးကြီးသောနည်းဖြင့် အသုံးပြုတော်မူကြောင်း သံသယဖြစ်စရာမလိုပေ။ ဘုရားသခင့်ရည်ရွယ်ချက်တွင် ကောင်းကင်တမန်များ၏အခန်းကဏ္ဍနှင့် ကျွန်ုပ်တို့ကိုအကျိုးပြုပုံအကြောင်း မဆန်းစစ်မီ ထိုဝိညာဉ်သတ္တဝါများ ဖြစ်ပေါ်လာပုံကို သုံးသပ်ကြည့်ကြစို့။

ကောင်းကင်တမန်များ ဖြစ်ပေါ်လာပုံ

၃။ ကောင်းကင်တမန်များနှင့်ပတ်သက်၍ လူအများစု မည်သို့တလွဲယူဆကြသနည်း။

ကောင်းကင်တမန်များရှိကြောင်း လူသန်းပေါင်းများစွာ လက်ခံကြသည်။ သို့သော် လူများစွာသည် ကောင်းကင်တမန်များနှင့် ၎င်းတို့၏မူလအစကို တလွဲယူဆကြ၏။ ဥပမာ၊ ချစ်ရသူတစ်ဦးသေဆုံးသွားသောအခါ ကောင်းကင်တမန်အဖြစ် ဘုရားသခင့်ထံပါးတွင်နေရန် ခေါ်ဆောင်ခံရသည်ဟု ဘာသာရေးကိုင်းရှိုင်းသူအချို့ ယူဆကြသည်။ ကောင်းကင်တမန်များကိုဖန်ဆင်းခြင်း၊ ၎င်းတို့တည်ရှိခြင်းနှင့် ၎င်းတို့၏အခန်းကဏ္ဍအကြောင်း ထိုသို့ပင် ကျမ်းစာသွန်သင်သလော။

၄။ ကောင်းကင်တမန်များ၏ မူလအစနှင့်ပတ်သက်၍ ကျမ်းစာက မည်သို့ဖော်ပြသနည်း။

တန်ခိုးအာဏာအကြီးဆုံး ကောင်းကင်တမန်မှာ ကောင်းကင်တမန်မင်းမိက္ခေလဖြစ်သည်။ (ယုဒ ၉) ထိုသူမှာ ယေရှုခရစ်ပင်တည်း။ (၁ သက်သာလောနိတ် ၄:၁၆) မရေမတွက်နိုင်သောနှစ်ပေါင်းများစွာက ဖန်ဆင်းခြင်းလုပ်ငန်းအစပြုစဉ် ယေဟောဝါသည် ထိုကောင်းကင်သားကို ဦးဆုံးဖန်ဆင်းခဲ့၏။ (ဗျာ. ၃:၁၄) ထို့နောက် ထိုသားဦးမှတစ်ဆင့် အခြားဝိညာဉ်သတ္တဝါများကို ဖန်ဆင်းခဲ့သည်။ (ကောလောသဲ ၁:၁၅-၁၇) ယေဟောဝါသည် ထိုကောင်းကင်သတ္တဝါများကို မိမိသားများအဖြစ်ရည်ညွှန်းကာ ဘိုးဘေးယောဘကို ဤသို့မေးခဲ့၏– “မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖော်ပြလော့။ နံနက်ကြယ်တို့သည် တညီတညွတ်တည်းသီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ် တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း။” (ယောဘ ၃၈:၄၊) လူသားများ မတည်ရှိမီကပင် ထိုကောင်းကင်တမန်များကို ဘုရားသခင်ဖန်ဆင်းခဲ့သည်။

၅။ ကောင်းကင်တမန်များကို မည်သို့ဖွဲ့စည်းထားသနည်း။

၁ ကောရိန္သု ၁၄:၃၃ တွင် “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကိုပြုစုတော်မမူ။ . . . အသင့်အတင့်ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏” ဟုဆိုသည်။ ယေဟောဝါသည် ဝိညာဉ်သတ္တဝါများကို အတန်းအစားသုံးမျိုးခွဲထားသည်– (၁) ဘုရားသခင်၏ ပလ္လင်တော်၌ခစားပြီး ကိုယ်တော်၏သန့်ရှင်းမှုကို ကြေညာကာ ကိုယ်တော့်လူမျိုးတော်ကို ဝိညာဉ်ရေးအရ သန့်ရှင်းနေစေသော သရပ်များ၊ (၂) ယေဟောဝါ၏ဘုန်းတန်ခိုးကြီးမြတ်မှုကို ထောက်ခံအားပေးသော ခေရုဗိမ်များ၊ (၃) ဘုရားသခင့်အလိုတော်ကိုထမ်းဆောင်သော ကောင်းကင်တမန်များဟူ၍ဖြစ်သည်။ (ဆာလံ ၁၀၃:၂၀; ဟေရှာယ ၆:၁-၃; ယေဇကျေလ ၁၀:၃-၅; ဒံယေလ ၇:၁၀) ထိုဝိညာဉ်သတ္တဝါများသည် လူသားတို့ကို အဘယ်နည်းများဖြင့် အကျိုးပြုသနည်း။—⁠ဗျာ. ၅:၁၁

ကောင်းကင်တမန်များ၏ အခန်းကဏ္ဍ

၆။ ဧဒင်ဥယျာဉ်တွင် ခေရုဗိမ်များကို ယေဟောဝါ မည်သို့အသုံးပြုခဲ့သနည်း။

ကမ္ဘာဦး ၃:၂၄ တွင် ကောင်းကင်သတ္တဝါများအကြောင်း ဤသို့ဦးဆုံးဖော်ပြထား၏– “ထိုသို့ [ယေဟောဝါသည်] လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှာ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ထားတော်မူ၏။” ဧဒင်ဥယျာဉ်ထဲသို့ အာဒံနှင့်ဧဝ ပြန်မဝင်နိုင်ရန် ထိုခေရုဗိမ်များက စောင့်ကြပ်ပေးသည်။ ယင်းသည် လူ့သမိုင်းအစတွင်ဖြစ်ပျက်ခဲ့၏။ ထိုအချိန်မှစ၍ ကောင်းကင်တမန်များ၏အခန်းကဏ္ဍကား အဘယ်နည်း။

၇။ “ကောင်းကင်တမန်” ဟူသော မူရင်းစကားလုံး၏အဓိပ္ပာယ်က ၎င်းတို့၏အဘယ်အခန်းကဏ္ဍတစ်ခုအကြောင်း ဖော်ပြသနည်း။

ကျမ်းစာတွင် ကောင်းကင်တမန်အကြောင်း အကြိမ် ၄၀၀ နီးပါးဖော်ပြထားသည်။ “ကောင်းကင်တမန်” ဟူသော ဟေဗြဲနှင့်ဂရိစကားလုံးကို “စေတမန်” ဟုပြန်ဆိုနိုင်သည်။ ထို့ကြောင့် ကောင်းကင်တမန်များသည် ဘုရားသခင်နှင့်လူတို့စပ်ကြား ဆက်သွယ်ရေးလမ်းကြောင်းဖြစ်၏။ ဤဆောင်းပါးမှ ဦးဆုံးအပိုဒ်နှစ်ပိုဒ်တွင် ဖော်ပြသည့်အတိုင်း ယေဟောဝါသည် ကောင်းကင်တမန်ကိုအသုံးပြုကာ တမန်တော်ယောဟန်ထံ သတင်းပေးပို့ခဲ့သည်။

၈၊ ၉။ (က) မာနော်နှင့်ဇနီးထံ ကောင်းကင်တမန်၏လည်ပတ်မှုက မည်သို့အကျိုးပြုသနည်း။ (ခ) မာနော်ထံ ကောင်းကင်တမန်၏လည်ပတ်ခြင်းမှ မိဘများ အဘယ်အရာသင်ယူနိုင်သနည်း။

ကောင်းကင်တမန်များသည် မြေကြီးပေါ်ရှိ ဘုရားသခင့်ကျေးကျွန်များကိုလည်း အားပေးထောက်မကြသည်။ ဥပမာ၊ ဣသရေလနိုင်ငံတွင် တရားသူကြီးများအုပ်စိုးချိန်က မာနော်နှင့် မြုံနေသောဇနီးဖြစ်သူသည် ကလေးအလွန်လိုချင်ခဲ့ကြ၏။ မာနော်၏ဇနီးသည် သားတစ်ဦးမွေးဖွားမည်ဖြစ်ကြောင်း ကောင်းကင်တမန်ကိုစေလွှတ်ကာ ယေဟောဝါအသိပေးခဲ့သည်။ “ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ . . . ဖွားမြင်လတ္တံ့သောသားယောက်ျားသည် ဆံပင်ရိတ်ခြင်းကိုမခံဘဲ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်စပြုလိမ့်မည်” ဟုကျမ်းစာက ဖော်ပြ၏။—⁠တရားသူကြီး ၁၃:၁-၅

သို့နှင့် မာနော်၏ဇနီးသည် ရှံဆုန်အမည်ရှိ သားတစ်ဦးဖွားမြင်ခဲ့ရာ ထိုသားသည် ကျမ်းစာသမိုင်းတွင် ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်လာသည်။ (တရားသူကြီး ၁၃:၂၄) ဖွားမြင်မည့်သူငယ်ကို မည်သို့ပြုစုပျိုးထောင်ရမည်အကြောင်း ကောင်းကင်တမန်သည် တစ်ဖန်လာ၍သွန်သင်စေပါဟု မာနော်တောင်းလျှောက်ခဲ့သည်။ မာနော်က “သူငယ်သည် အဘယ်သို့သောသူဖြစ်ပါလိမ့်မည်နည်း။ သူ၌အဘယ်သို့ပြုရပါမည်နည်း” ဟုမေးသော် ကောင်းကင်တမန်က မာနော်၏ဇနီးအား ပေးခဲ့သည့် ညွှန်ကြားချက်များကို ပြန်ပြောခဲ့သည်။ (တရားသူကြီး ၁၃:၆-၁၄) မာနော် အားရှိလိုက်မည်ဖြစ်ခြင်း။ ယနေ့ ကောင်းကင်တမန်များသည် ထိုနည်းအတိုင်း လူတို့ထံ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်မဟုတ်ပေ။ သို့သော် မာနော်နည်းတူ မိဘများသည် သားသမီးများကို သွန်သင်လေ့ကျင့်ရာတွင် ယေဟောဝါ၏လမ်းညွှန်မှုကို တောင်းခံနိုင်သည်။—⁠ဧဖက် ၆:၄

၁၀၊ ၁၁။ (က) ရှုရိစစ်တပ်ဝိုင်းရံလာသည့်အခါ ဧလိရှဲနှင့်သူ့ကျွန် မည်သို့ဖြစ်ခဲ့သနည်း။ (ခ) ထိုအဖြစ်အပျက်ကိုသုံးသပ်ခြင်းမှ ကျွန်ုပ်တို့အဘယ်အကျိုးကျေးဇူးရရှိနိုင်မည်နည်း။

၁၀ ပရောဖက်ဧလိရှဲလက်ထက်တွင်လည်း ကောင်းကင်တမန်ကူညီပေးသော ပုံနမူနာတစ်ခုရှိသည်။ ဧလိရှဲသည် ဣသရေလနိုင်ငံ ဒေါသန်မြို့တွင်နေထိုင်သည်။ တစ်နေ့၊ ဧလိရှဲ၏ကျွန်သည် နံနက်စောစောထပြီး အပြင်သို့ကြည့်လိုက်ရာ မြို့ကို စစ်မြင်းရထားများ ဝိုင်းရံထားကြောင်း တွေ့ခဲ့ရသည်။ ရှုရိဘုရင်သည် ဧလိရှဲကိုဖမ်းဆီးရန် အင်အားကြီးသောစစ်တပ်ကို စေလွှတ်လိုက်ခြင်းဖြစ်၏။ ဧလိရှဲ၏ကျွန် မည်သို့တုံ့ပြန်သနည်း။ “အိုသခင်၊ အဘယ်သို့ပြုရပါမည်နည်း” ဟုကြောက်လန့်တကြားဟစ်အော်လေ၏။ သူ့အတွက် မျှော်လင့်ချက်မဲ့နေပုံရသည်။ သို့သော် ဧလိရှဲက “မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်” ဟုဆိုလေသည်။ သူ ဘာကိုဆိုလိုနေခြင်းဖြစ်သနည်း။—⁠၄ ဓမ္မရာဇဝင် ၆:၁၁-၁၆

၁၁ မိမိကိုကူညီရန် ကုဋေသင်္ချေမကသောကောင်းကင်တမန်များ ရောက်ရှိနေကြောင်း ဧလိရှဲသိမြင်ခဲ့သည်။ သို့သော် သူ၏ကျွန်မူကား မမြင်ပေ။ ထို့ကြောင့် ‘အိုထာဝရဘုရားသခင်၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ထာဝရဘုရားသခင်သည် ထိုလုလင်၏မျက်စိကိုဖွင့်တော်မူသဖြင့် ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကိုမြင်လေ၏။’ (၄ ဓမ္မရာဇဝင် ၆:၁၇) ကုဋေသင်္ချေမကသော ကောင်းကင်တမန်များကို ထိုကျွန်မြင်တွေ့နိုင်လေပြီ။ ယေဟောဝါနှင့်ခရစ်တော် လမ်းညွှန်သည့်အတိုင်း လူမျိုးတော်ကို ကာကွယ်ထောက်မနေသော ကောင်းကင်တမန်များကို ကျွန်ုပ်တို့လည်း ဝိညာဉ်ရေးမျက်စိဖြင့် မြင်တွေ့နိုင်သည်။

ခရစ်တော်လက်ထက်တွင်ကောင်းကင်တမန်များ၏ထောက်မမှု

၁၂။ ကောင်းကင်တမန်ဂါဗြေလထံမှ အဘယ်ထောက်မမှုကို မာရိ ရရှိခဲ့သနည်း။

၁၂ “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့်မှည့်ရမည်” ဟူသောသတင်း ကြားရချိန်တွင် ဂျူးအပျိုကညာမာရိရရှိခဲ့သော အားပေးထောက်မမှုအကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်စေလွှတ်လိုက်သော ကောင်းကင်တမန်ဂါဗြေလသည် ဤအံ့ဖွယ်သတင်းမကြေညာမီ “ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ” ဟုမာရိကို အားပေးခဲ့သည်။ (လုကာ ၁:၂၆၊ ၂၇၊ ၃၀၊ ၃၁) ဘုရားသခင့်မျက်နှာသာရရှိကြောင်း စိတ်ချစေသည့် ထိုစကားကြောင့် မာရိအလွန်အားရှိခဲ့၏။

၁၃။ ကောင်းကင်တမန်များသည် ယေရှုကို မည်သို့အားပေးထောက်မခဲ့သနည်း။

၁၃ ကောင်းကင်တမန်ထောက်မပေးခဲ့သော နောက်အဖြစ်အပျက်တစ်ခုမှာ တောထဲတွင် သုံးကြိမ်တိုင် စာတန်စုံစမ်းသွေးဆောင်သည်ကို ယေရှုတွန်းလှန်ပြီးနောက်ဖြစ်၏။ စုံစမ်းပြီးနောက် စာတန်သည် “အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏” ဟုကျမ်းစာဆိုသည်။ (မဿဲ ၄:၁-၁၁) ယေရှုမသေဆုံးမီညတွင်လည်း အလားတူဖြစ်ပျက်ခဲ့သည်။ ယေရှုသည် ဒူးထောက်လျက် “‘အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်’ ဟုဆုတောင်းတော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကိုအားပေးရ၏။” (လုကာ ၂၂:၄၂၊ ၄၃) သို့သော် ယနေ့ ကျွန်ုပ်တို့ကို ကောင်းကင်တမန်များ မည်သို့ထောက်မနေသနည်း။

မျက်မှောက်ခေတ်တွင်ကောင်းကင်တမန်များ၏ထောက်မမှု

၁၄။ မျက်မှောက်ခေတ် ယေဟောဝါသက်သေများသည် အဘယ်နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရပြီး အဘယ်ရလဒ် ရရှိခဲ့သနည်း။

၁၄ ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်ဟောပြောခြင်းလုပ်ငန်းသမိုင်းကြောင်းကို သုံးသပ်ကြည့်လျှင် ကောင်းကင်တမန်များ၏ထောက်မမှုကို အထင်အရှားတွေ့မြင်နေရသည် မဟုတ်လော။ ဥပမာ၊ ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅) မတိုင်မီနှင့် စစ်အတွင်းတွင် ယေဟောဝါသက်သေများသည် ဂျာမနီနိုင်ငံနှင့် အနောက်ဥရောပ၌ နာဇီတို့၏တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ကြသည်။ အီတလီ၊ စပိန်၊ ပေါ်တူဂီနိုင်ငံတို့တွင် ကက်သလစ်ဖက်ဆစ်များအုပ်ချုပ်စဉ် သူတို့သည် နှိပ်စက်ညှဉ်းပန်းမှုများကို နှစ်ပေါင်းများစွာခံရပ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ဆိုဗီယက်ပြည်ထောင်စုနှင့် ယင်း၏သြဇာခံနိုင်ငံများတွင် ဆယ်စုနှစ်ချီ၍ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ အာဖရိကနိုင်ငံအချို့တွင်လည်း သက်သေခံများ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ * မကြာသေးမီအချိန်က ယေဟောဝါသက်သေများသည် ဂျော်ဂျီယာနိုင်ငံတွင် နှိပ်စက်ညှဉ်းပန်းမှု အကြီးအကျယ်ခံစားခဲ့ရသည်။ ယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုများ ရပ်တန့်သွားစေရန် စာတန်အစွမ်းကုန်ကြိုးစားလျက်ရှိ၏။ သို့တိုင် အဖွဲ့အစည်းလိုက်အနေဖြင့် ထိုဆန့်ကျင်မှုများကိုကျော်လွှားကာ တိုးတက်အောင်မြင်နေကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကောင်းကင်တမန်များ၏ ကာကွယ်ထောက်မမှုလည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။—⁠ဆာလံ ၃၄:၇; ဒံယေလ ၃:၂၈; ၆:၂၂

၁၅၊ ၁၆။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ဓမ္မအမှုလုပ်ငန်းကို ကောင်းကင်တမန်များ မည်သို့ထောက်ကူပေးနေသနည်း။

၁၅ ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနှင့် နေရာတိုင်းရှိ စိတ်ဝင်စားသူတို့ကို ကျမ်းစာအမှန်တရားအကြောင်း သွန်သင်ပေးခြင်းဖြင့် တပည့်ဖြစ်စေပါဟူသောမိန့်မှာချက်ကို အလေးအနက်ထားကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) သို့သော် ကောင်းကင်တမန်များ၏ကူညီမှုမပါဘဲ ထိုတာဝန်ကို ထမ်းဆောင်နိုင်မည်မဟုတ်ကြောင်း သူတို့သိကြသည်။ ထို့ကြောင့် ဗျာ. ၁၄:၆၊ ၇ ပါ ဤစကားများက သူတို့ကို အစဉ်အားပေးထောက်မသည်။ “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသော ကောင်းကင်တမန်တစ်ပါးက ‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့’ ဟုကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကို ငါ[တမန်တော်ယောဟန်]မြင်၏။”

၁၆ ထိုစကားများက ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အရေးပါသောဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်များ လမ်းညွှန်ထောက်မနေကြောင်း ဖော်ပြသည်။ စိတ်ရင်းမှန်သူများထံ သက်သေခံများကိုပို့ဆောင်ရန် ကောင်းကင်တမန်များအား ယေဟောဝါအသုံးပြုနေသည်။ ကောင်းကင်တမန်တို့ကလည်း သက်သေခံများကို ထိုက်တန်သူများထံ လမ်းညွှန်ပေးသည်။ ထို့ကြောင့် လူတစ်ဦးသည် အခက်အခဲကြုံ၍ ဝိညာဉ်ရေးအကူအညီလိုအပ်နေချိန်တွင် ယေဟောဝါသက်သေတစ်ဦးနှင့် တွေ့ဆုံခဲ့ရသောဖြစ်ရပ်များစွာမှာ တိုက်ဆိုင်မှုမျှမဟုတ်ကြောင်း ယင်းကဖော်ပြနေသည်။

အနာဂတ်တွင် ကောင်းကင်တမန်များ၏အခန်းကဏ္ဍ

၁၇။ ကောင်းကင်တမန်တစ်ပါးတည်း၏ တိုက်ခိုက်မှုကြောင့် အာရှုရိစစ်တပ် မည်သို့ဖြစ်ခဲ့သနည်း။

၁၇ ကောင်းကင်တမန်များသည် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများကို အားပေးထောက်ကူပြီး စေတမန်အဖြစ် အမှုဆောင်သည့်အပြင် အခြားတာဝန်တစ်ခုကိုလည်း ထမ်းဆောင်နေ၏။ ရှေးအချိန်က သူတို့သည် ဘုရားသခင့်တရားစီရင်ချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသည်။ ဥပမာ၊ ဘီစီရှစ်ရာစုတွင် ယေရုရှလင်မြို့သည် အာရှုရိစစ်သားများ၏ ခြိမ်းခြောက်မှုခံခဲ့ရသည်။ ယေဟောဝါ မည်သို့တုံ့ပြန်တော်မူသနည်း။ “ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်” ဟုကိုယ်တော်မိန့်ဆို၏။ ထို့နောက် ကျမ်းစာဤသို့ဆက်ဖော်ပြ၏– ‘ထိုညတွင် ထာဝရဘုရားသခင်၏ ကောင်းကင်တမန်သည်ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစောထချိန်ရောက်သောအခါ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ၏။’ (၄ ဓမ္မရာဇဝင် ၁၉:၃၄၊ ၃၅) ကောင်းကင်တမန်တစ်ပါးတည်း၏အစွမ်းနှင့် နှိုင်းယှဉ်လျှင် လူ့စစ်တပ်များမှာ အားအင်ချည့်နဲ့လိုက်လေခြင်း!

၁၈၊ ၁၉။ အနာဂတ်တွင် ကောင်းကင်တမန်များသည် အရေးပါသော အဘယ်တာဝန်ကိုထမ်းဆောင်မည်နည်း။ ယင်းက လူသားတို့ကို မည်သို့အကျိုးသက်ရောက်မည်နည်း။

၁၈ အနာဂတ်တွင် ကောင်းကင်တမန်များသည် ဘုရားသခင်၏အာဏာသားများအဖြစ် အရေးယူဆောင်ရွက်ပေလိမ့်မည်။ မကြာမီ ယေရှုသည် “တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ” ကြွလာပေမည်။ သူတို့၏အဓိကတာဝန်မှာ “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေး” ရန်ဖြစ်သည်။ (၂ သက်သာလောနိတ် ၁:၇၊ ၈) ယင်းက လူသားတို့အပေါ် မုချအကျိုးသက်ရောက်ပေမည်။ ကမ္ဘာတစ်ဝန်းတွင် ကြေညာလျက်ရှိသော ဘုရားသခင့်နိုင်ငံတော်သတင်းကို မတုံ့ပြန်သူများသည် ဖျက်ဆီးခံရကြမည်။ ယေဟောဝါ၊ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကို ရှာကြသူများသာ ကိုယ်တော် “အမျက်ထွက်တော်မူသောနေ့၌ ပုန်းရှောင်ရာကိုတွေ့” မည်ဖြစ်ကာ အသက်ချမ်းသာရကြပါလိမ့်မည်။—⁠ဇေဖနိ ၂:၃

၁၉ ယေဟောဝါသည် မြေကြီးပေါ်ရှိကျေးကျွန်များကို အားပေးထောက်မရန် တန်ခိုးကြီးကောင်းကင်တမန်များကို အသုံးပြုသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်နိုင်သည်။ ယေဟောဝါကိုပုန်ကန်၍ စာတန်၏ဦးဆောင်မှုနောက် လိုက်သွားကြသော ကောင်းကင်တမန်များရှိနေသောကြောင့် ဘုရားသခင့်ရည်ရွယ်ချက်တွင် ကောင်းကင်တမန်များ၏အခန်းကဏ္ဍကို သိနားလည်ခြင်းက အထူးသဖြင့် နှစ်သိမ့်မှုပေးသည်။ စာတန်နှင့်နတ်ဆိုးများ၏ တန်ခိုးကြီးသြဇာလွှမ်းမိုးမှုကို ကာကွယ်ရန် ခရစ်ယာန်များလုပ်ဆောင်ရမည့်အရာများကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ထိုနှိပ်စက်ညှဉ်းပန်းမှုနှင့်ပတ်သက်သော အသေးစိတ်အချက်များကို အင်္ဂလိပ်ဘာသာဖြင့် ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် ၁၉၈၃ (အင်ဂိုလာ)၊ ၁၉၇၂ (ချက်ကိုစလိုဗက်ကီးယား)၊ ၂၀၀၀ (ချက်ပြည်သူ့သမ္မတနိုင်ငံ)၊ ၁၉၉၂ (အီသီယိုးပီးယား)၊ ၁၉၇၄ နှင့် ၁၉၉၉ (ဂျာမနီ)၊ ၁၉၈၂ (အီတလီ)၊ ၁၉၉၉ (မာလာဝီ)၊ ၁၉၉၆ (မိုဇမ်ဘစ်)၊ ၁၉၉၄ (ပိုလန်)၊ ၁၉၈၃ (ပေါ်တူဂီ)၊ ၁၉၇၈ (စပိန်) နှင့် မြန်မာဘာသာဖြင့် ၂၀၀၂ (ယူကရိန်း)၊ ၂၀၀၄ (မော်လ်ဒိုဗာ)၊ ၂၀၀၆ (ဇမ်ဘီယာ) တို့တွင်ရှု။

သင် အဘယ်အရာသိရှိခဲ့သနည်း

• ကောင်းကင်တမန်များ မည်သို့ဖြစ်ပေါ်လာသနည်း။

• ကျမ်းစာခေတ်တွင် ကောင်းကင်တမန်များကို ယေဟောဝါမည်သို့အသုံးပြုခဲ့သနည်း။

ဗျာ. ၁၄:၆၊ ၇ အရ ယနေ့ ကောင်းကင်တမန်များ၏လုပ်ဆောင်မှုကား အဘယ်နည်း။

• အနာဂတ်တွင် ကောင်းကင်တမန်များသည် အရေးပါသော အဘယ်တာဝန်ကို ထမ်းဆောင်မည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

မာနော်နှင့်ဇနီးကိုကောင်းကင်တမန်အားပေးကူညီခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်”