မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ကြွလာခြင်း ယင်းကပြီးမြောက်စေမည့်အရာ

ခရစ်တော်ကြွလာခြင်း ယင်းကပြီးမြောက်စေမည့်အရာ

ခရစ်တော်ကြွလာခြင်း ယင်းကပြီးမြောက်စေမည့်အရာ

“ဆောပိုလိုမှ အကြမ်းဖက်မှု။” ၂၀၀၆၊ မေလတွင် သေချာစွာအကွက်ချစီစဉ်ထားသော လေးရက်ကြာ အကြမ်းဖက်မှုကို ဘရာဇီးနိုင်ငံ၏ အကြီးဆုံးနှင့်အချမ်းသာဆုံးမြို့ခမျာ “အညံ့ခံလိုက်” ရရှာသည်ဟု ဗီဂျာမဂ္ဂဇင်းက ဖော်ပြသည်။ ဥပဒေအရာရှိ ၁၅၀၊ ရာဇဝတ်သားများ၊ အရပ်သားများသည် “နာရီပေါင်း ၁၀၀ ကျော်ကြာသော အကြမ်းဖက်မှု” ကြောင့် အသက်ပျောက်ခဲ့ရသည်။

ကမ္ဘာ့ဒေသတိုင်းရှိ သတင်းစာများတွင် အကြမ်းဖက်မှုအကြောင်းမှာ အဓိကဖြစ်နေသည်။ လူ့ခေါင်းဆောင်များသည် ယင်းကို ရပ်တန့်ပေးနိုင်ပုံမရပေ။ ကမ္ဘာကြီးသည် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေ၏။ နေရာအနှံ့တွင် သတင်းဆိုးများသာ ကြားနေရသောကြောင့် သင်စိတ်ပျက်မိပေမည်။ သို့သော် အခြေအနေများ ပြောင်းလဲတော့မည်။

ဘုရားသခင့်နိုင်ငံတော် ရောက်လာရန်နှင့် အလိုတော်သည် “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” ရန် ဆုတောင်းကြဖို့ နောက်လိုက်များကို ယေရှုသင်ပေးခဲ့၏။ (မဿဲ ၆:၉၊ ၁၀) ထိုနိုင်ငံတော်သည် ဘုရားသခင်ခန့်အပ်ထားသောဘုရင် ယေရှုခရစ်၏အုပ်ချုပ်မှုဖြစ်သည်။ ယင်းသည် လူ့ပြဿနာခပ်သိမ်းကို ဖြေရှင်းပေးပါလိမ့်မည်။လူသားများ၏အုပ်ချုပ်မှုမှ ခရစ်တော်၏အုပ်ချုပ်မှုသို့ ယင်းသည် ခရစ်တော်ကြွလာခြင်းက ပြီးမြောက်စေမည့်အရာပင်ဖြစ်၏။

ငြိမ်သက်အေးချမ်းစွာ ပြောင်းလဲမည်လော

တိုင်းနိုင်ငံများသည် ခရစ်တော်၏အုပ်ချုပ်မှုကို ငြိမ်သက်အေးချမ်းစွာ လက်အောက်ခံကြမည်လော။ ယင်းကို တမန်တော်ယောဟန် မြင်တွေ့ခဲ့သောအဆင်းအာရုံက ဖြေဆိုပေးသည်။ ယောဟန် ဤသို့ဆိုသည်– ‘သားရဲ[လောကနိုင်ငံရေးစနစ်များ]မှစ၍ လောကရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများတို့သည် မြင်းစီးတော်မူသောသူ[ယေရှု]နှင့် ဗိုလ်ခြေတော်ကိုစစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကိုငါမြင်၏။’ (ဗျာ. ၁၉:၁၉) ထိုစစ်ပွဲတွင် လောကရှင်ဘုရင်များ မည်သို့ဖြစ်သွားမည်နည်း။ ယေဟောဝါ၏ခန့်အပ်ခံဘုရင်က “သူတို့ကို သံလှံတံနှင့်အုပ်စိုး၍ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်” ဟုကျမ်းစာဆို၏။ (ဆာလံ ၂:⁠၉) နိုင်ငံရေးစနစ်သည် လုံးလုံးလက်စတုံးသွားပေမည်။ ဘုရားသခင့်နိုင်ငံတော်သည် “[လူ့]နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—⁠ဒံယေလ ၂:၄၄၊ ၄၅

ဘုရားသခင့်နိုင်ငံတော်ကို ဆန့်ကျင်သူများကော။ ‘သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူမည်။’ (၂ သက်သာလောနိတ် ၁:၆-၈) ‘လူဆိုးတို့မူကား ပြည်တော်[မြေကြီး]မှ ပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်’ ဟုနယပုံပြင် ၂:၂၂ ကဆိုသည်။

ခရစ်တော်ကြွလာခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာဤသို့ဆို၏– “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ . . . ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။” (ဗျာ. ၁:⁠၇) သို့သော် ပကတိမျက်စိဖြင့် ကိုယ်တော်ကို တွေ့မြင်ရမည်မဟုတ်ပေ။ အကြောင်းမှာ ယေရှု ကောင်းကင်သို့တက်ကြွသွားသည့်နောက် “အဘယ်သူမျှမချဉ်းကပ်နိုင်သောအလင်းထဲ၌ နေတော်မူထသော၊ အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော” ဝိညာဉ်သတ္တဝါဖြစ်သောကြောင့်တည်း။—⁠၁ တိမောသေ ၆:၁၆

ယေရှုသည် လူသားများ “မြင်” တွေ့နိုင်ရန် လူ့ခန္ဓာကိုယ်ဆောင်ယူဖို့ မလိုအပ်ပေ။ ယေဟောဝါသည် အီဂျစ်လူတို့အပေါ် ကပ်ဘေးဆယ်ပါးကျရောက်စေခဲ့စဉ် မိမိကိုယ်ကို လူများမြင်သာအောင်ပြရန် မလိုအပ်သကဲ့သို့ပင်ဖြစ်၏။ ထိုအချိန်ကလူများသည် ယင်းကပ်ဘေးများကို ယေဟောဝါကျရောက်စေကြောင်း ယုံကြည်ပြီး ကိုယ်တော်၏တန်ခိုးတော်ကို မဖြစ်မနေအသိအမှတ်ပြုခဲ့ရသည်။ (ထွက်မြောက်ရာ ၁၂:၃၁) ထိုနည်းတူ ခရစ်တော်သည် ဘုရားသခင်၏စီရင်ပိုင်ခွင့်ရှိသူအဖြစ် လူဆိုးတို့ကို တရားစီရင်သည့်အခါ ကိုယ်တော်ကို ဘုရားသခင်အသုံးပြုနေကြောင်း သူတို့ “မြင်” တွေ့ရကြမည်။ သူတို့ကို ကြိုတင်သတိပေးထားပြီးဖြစ်သောကြောင့် ယင်းကို သူတို့သိရှိကြလိမ့်မည်။ မှန်ပါသည်၊ “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။”—⁠ဗျာ. ၁:၇

ကမ္ဘာပေါ်တွင် စစ်မှန်သောငြိမ်သက်ခြင်းနှင့် သာယာဝပြောခြင်း ပြန်လည်ရရှိနိုင်ရန် လူဆိုးများကိုဖျက်ဆီးပြီး ဆိုးညစ်သောအုပ်စိုးရှင်များကို ဖယ်ရှားပစ်ရမည်။ ယင်းကို ခရစ်တော် ပြီးမြောက်စေမည်။ ထို့နောက် လူ့ရေးလူ့ရာများကို ယေရှု အပြည့်အဝထိန်းချုပ်ပြီး ထူးခြားသောအပြောင်းအလဲများ ဖြစ်ပေါ်စေပါလိမ့်မည်။

အကျိုးဖြစ်ထွန်းစေသောအသစ်ပြုပြင်ရာကာလ

‘ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်မိန့်တော်မူသော အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသောကာလ’ အကြောင်း တမန်တော်ပေတရု ဖော်ပြခဲ့၏။ (တမန်တော် ၃:၂၁) ထိုအသစ်ပြုပြင်သောကာလတွင် ခရစ်တော်အုပ်စိုးချိန်အတွင်း မြေကြီးပေါ် ဖြစ်ပေါ်လာမည့်အပြောင်းအလဲများ ပါဝင်သည်။ ကမ္ဘာမြေပေါ် ‘အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသောကာလ’ အကြောင်း ပရောဖက်ပြုခဲ့သူတစ်ဦးမှာ ဘီစီရှစ်ရာစုမှ ဟေရှာယဖြစ်သည်။ “ငြိမ်သက်ခြင်းမင်းသား” ယေရှုခရစ်သည် ကမ္ဘာပေါ် ငြိမ်သက်ခြင်းဆောင်ကြဉ်းပေးမည်ဟု သူကြိုဟောခဲ့၏။ ခရစ်တော်အုပ်စိုးမှုနှင့်ပတ်သက်၍ သူဤသို့ပရောဖက်ပြုသည်– ‘အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် အမြဲရှိလိမ့်မည်။’ (ဟေရှာယ ၉:၆၊ ၇) ယေရှုသည် လူတို့ကို ငြိမ်သက်အေးချမ်းစွာနေထိုင်တတ်ဖို့ သွန်သင်ပေးမည်။ လူတို့သည်လည်း “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—⁠ဆာလံ ၃၇:၁၁

ခရစ်တော်အုပ်စိုးမှုအောက်တွင် ဆင်းရဲနွမ်းပါးမှုနှင့် မွတ်သိပ်မှုတို့ ဘာဖြစ်သွားမည်နည်း။ ဟေရှာယက ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်သည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်’ ဟုဆိုသည်။ (ဟေရှာယ ၂၅:⁠၆) “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်” ဟုဆာလံဆရာစပ်ဆိုခဲ့သည်။ (ဆာလံ ၇၂:၁၆) ထို့ပြင် လူတို့သည် “ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”—⁠ဟေရှာယ ၆၅:၂၁၊ ၂၂

ဖျားနာခြင်းနှင့် သေခြင်းပပျောက်မည့်အကြောင်းကိုလည်း ဟေရှာယကြိုဟောခဲ့၏။ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်” ဟုဟေရှာယမှတစ်ဆင့် ယေဟောဝါမိန့်တော်မူသည်။ (ဟေရှာယ ၃၅:၅၊ ၆) ထိုအချိန်တွင် “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) ဘုရားသခင်သည် “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ . . . ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—⁠ဟေရှာယ ၂၅:၈

“သင်္ချိုင်းများမှာရှိသော” သေလွန်သူများကော။ (ယောဟန် ၅:၂၈၊ ၂၉) “ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ . . . ထမြောက်ကြပါလိမ့်မည်” ဟုဟေရှာယပရောဖက်ပြုသည်။ (ဟေရှာယ ၂၆:၁၉) သေလွန်သူများ အမှန်ပင် အသက်ပြန်ရှင်လာပေမည်!

ဘုရားသခင်သည် ‘ကိုယ်တော်၏ထာဝရပလ္လင်ဖြစ်ပါ၏’

ခရစ်တော်ကြွလာခြင်းက ကမ္ဘာမြေကို လုံးလုံးအသစ်ပြုပြင်ပြောင်းလဲစေမည်။ ကမ္ဘာသည် ဘုန်းကျက်သရေပြည့်ဝသော ပရဒိသုအဖြစ် အသွင်ပြောင်းသွားကာ စစ်မှန်သောဘုရားသခင်ကို လူတို့ စည်းလုံးစွာဝတ်ပြုကြပေမည်။ ယေရှုခရစ်သည် ဆိုးသွမ်းမှုကိုဖယ်ရှားပြီး ဖြောင့်မတ်ခြင်းဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်နိုင်ပါသလော။

ယေရှုရရှိထားသည့် တန်ခိုးနှင့်အခွင့်အာဏာ၏ဇာစ်မြစ်ကို သုံးသပ်ကြည့်ပါ။ ကျမ်းစာဤသို့ဆို၏– ဘုရားသခင်သည် ‘ကိုယ်တော်၏ထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကိုမုန်းတော်မူ၏။’ (ဟေဗြဲ ၁:၈၊ ၉) ယေရှု၏ပလ္လင်တည်းဟူသော အခွင့်အာဏာ၏ဇာစ်မြစ်မှာ ယေဟောဝါဖြစ်သည်။ ဘုရားသခင်သည် ယေရှု၏ပလ္လင်ကို အစပြုသူနှင့်အပ်နှင်းသူဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်မဖြေရှင်းနိုင်သော ပြဿနာဟူ၍ မရှိပေ။

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တပည့်များကို ဤသို့ပြောခဲ့သည်– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” (မဿဲ ၂၈:၁၈) ထိုသခင်သည် “ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများတို့ကိုအုပ်စိုး” တော်မူ၏ဟု ၁ ပေတရု ၃:၂၂ တွင် ဖော်ပြသည်။ မည်သည့်အာဏာစက်တန်ခိုးမျှ ယေရှုကို ဆန့်ကျင်နိုင်မည်မဟုတ်။ လူသားတို့ထံ ထာဝရကောင်းကျိုးများ ဆောင်ကြဉ်းပေးရာတွင် အဘယ်အရာကမျှ ကိုယ်တော်ကို ဆန့်ကျင်တားဆီးနိုင်မည်မဟုတ်။

ခရစ်တော်ကြွလာခြင်းကလူတို့အပေါ် အကျိုးသက်ရောက်ပုံ

“သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ်အောက်မေ့” သည်ဟု သက်သာလောနိတ်မြို့သားများထံ တမန်တော်ပေါလုရေးခဲ့၏။ (၁ သက်သာလောနိတ် ၁:၃-၄) ပေါလုသည် ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့်ခြင်း၊ တည်ကြည်ခြင်းတို့ကို ယေရှုခရစ်အားမျှော်လင့်ခြင်းနှင့် ဆက်စပ်ခဲ့သည်။ ထိုသို့မျှော်လင့်ရာတွင် ခရစ်တော်ကြွလာခြင်းနှင့် ယင်းကြောင့်ဖြစ်မည့် အသစ်ပြုပြင်မှုကို ယုံကြည်ခြင်းတို့ ပါဝင်သည်။ ထိုမျှော်လင့်ခြင်းက ခရစ်ယာန်စစ်များကို ထောက်မပေးနိုင်ပြီး အခက်အခဲကာလတစ်လျှောက် ခံနိုင်ရည်ရှိစေသည်။

ဥပမာ၊ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုတွင်နေထိုင်သော ကားလို့စ်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ကင်ဆာရောဂါရှိနေကြောင်း ၂၀၀၃၊ ဩဂုတ်လတွင် သူသိရှိခဲ့ရသည်။ ထိုအချိန်မှစ၍ ရှစ်ကြိမ်ခွဲစိတ်ခဲ့ပြီး ယင်းကြောင့် နာကျင်မှုနှင့်အားယုတ်မှုများ ခံစားခဲ့ရသည်။ သို့တိုင် အခြားသူများကို အားပေးနေဆဲပင်။ ဥပမာ၊ ဆေးရုံကြီးတစ်ခုရှေ့တွင် သက်သေခံစဉ် ယေဟောဝါသက်သေညီအစ်မတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုညီအစ်မ၏ခင်ပွန်းမှာ ဓာတုကုထုံးခံယူနေသူဖြစ်သည်။ ကားလို့စ်သည် ကင်ဆာ၏ဆိုးကျိုးများကို တွေ့ကြုံဖူးသူဖြစ်ရာ ထိုမောင်နှံကို နှစ်သိမ့်အားပေးနိုင်ခဲ့သည်။ ယင်းက စိတ်အားတက်စေခဲ့သည်ဟု သူတို့ပြောပြ၏။ “ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏” ဟူသောပေါလု၏စကားမှန်ကန်ကြောင်း ကားလို့စ် ကိုယ်တွေ့ကြုံခဲ့ရသည်။—⁠၂ ကောရိန္သု ၁:၄

ကားလို့စ်သည် မိမိကိုယ်တိုင်ဖျားနာနေသည့်ကြား အခြားသူများကိုအားပေးနိုင်ရန် မည်သို့ခွန်အားရရှိခဲ့သနည်း။ ခရစ်တော်ကြွလာခြင်း၊ ယင်းက ပြီးမြောက်စေမည့်အရာအားလုံးနှင့်ပတ်သက်သော မျှော်လင့်ချက်က ကားလို့စ်အား “ကောင်းသောအကျင့်ကိုကျင့်” နေစေသည်။—⁠ဂလာတိ ၆:၉

စမ်မြူရယ်လ်၏အဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ ဖခင်၏အိမ်မှ ပေ ၁၅၀ အကွာတွင် ညီဖြစ်သူသည် သေနတ်ဖြင့် ဆယ်ချက်အပစ်ခံရပြီး အသတ်ခံခဲ့ရသည်။ အမှုကို ရဲများစုံစမ်းစစ်ဆေးနေချိန်တွင် အလောင်းမှာ လမ်းပေါ်တွင် ရှစ်နာရီကြာရှိနေခဲ့သည်။ ထိုနေ့ကို စမ်မြူရယ်လ် မမေ့နိုင်ပေ။ သို့သော် ခရစ်တော်သည် ဆိုးသွမ်းမှုအားလုံးကို ဖယ်ရှားပေးပြီး ကိုယ်တော်၏ ဖြောင့်မတ်သောအုပ်စိုးမှုအောက်တွင် လူတို့ကောင်းချီးခံစားရမည်ဟူသော မျှော်လင့်ချက်ကြောင့် စိတ်သက်သာရာရခဲ့သည်။ ကမ္ဘာ့ပရဒိသုတွင် ရှင်ပြန်ထမြောက်လာသော ညီဖြစ်သူကို ပွေ့ဖက်ထားသည်ဟု စမ်မြူရယ်လ် စိတ်ကူးလေ့ရှိသည်။—⁠တမန်တော် ၂၄:၁၅

သင် အဘယ်အရာလုပ်ဆောင်ရမည်နည်း

ခရစ်တော်ကြွလာခြင်း၊ ယင်းက ပြီးမြောက်စေမည့်အရာနှင့်ပတ်သက်သော မျှော်လင့်ချက်က သင့်ကိုလည်း အားရှိစေပေမည်။ ယေရှုခရစ်သည် လူ့ပြဿနာအားလုံးနှင့် ဆိုးသွမ်းမှုများကို ဖယ်ရှားသုတ်သင်ပေးမည်မှာ သေချာသည်။

ခရစ်တော်၏အုပ်စိုးမှုက ဆောင်ကြဉ်းပေးမည့် ကောင်းချီးများခံစားရရန် သင် အဘယ်အရာလုပ်ဆောင်ရမည်နည်း။ သမ္မာကျမ်းစာကို အသေအချာဖတ်ရှုလေ့လာပါ။ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုခမည်းတော်ထံ ယေရှုဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:⁠၃) သမ္မာကျမ်းစာသွန်သင်ရာကို လေ့လာဆန်းစစ်ရန် ပန်းတိုင်ထားပါ။ သင့်ဒေသရှိ ယေဟောဝါသက်သေများက ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါလိမ့်မည်။ သူတို့ကိုဆက်သွယ်ရန် သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်ရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်တော်ကြွလာခြင်းကကမ္ဘာမြေကို လုံးလုံးအသစ်ပြုပြင်ပြောင်းလဲစေမည်

[Credit Line]

Inset, background only: Rhino and Lion Park, Gauteng, South Africa