မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

နောဧသည် စင်ကြယ်သောသားမျိုး မည်မျှကို သင်္ဘောထဲသွင်းခဲ့သနည်း၊ တစ်မျိုးလျှင် အထီးအမခုနစ်စုံစီလော သို့မဟုတ် တစ်မျိုးလျှင် အထီးအမခုနစ်ကောင်စီလော။

နောဧ သင်္ဘောဆောက်ပြီးနောက် ယေဟောဝါ ဤသို့မိန့်မှာ၏– “ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ဝင်ကြလော့။ မြေကြီးပေါ်မှာတိရစ္ဆာန်အမျိုးမပျက် ဆက်နွှယ်စေခြင်းငှာ စင်ကြယ်သောသားမျိုး တစ်မျိုးတစ်မျိုးတွင် အထီးအမပေါင်းခုနစ်ကောင်၊ မစင်ကြယ်သောသားမျိုး တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမပေါင်းနှစ်ကောင် . . . အသီးအသီးတို့ကိုသိမ်းယူရမည်။” (ကမ္ဘာဦး ၇:၁၊ ၂ကဘ) ယုဒသန်ကျမ်း၊ ခေတ်သုံးမြန်မာသမ္မာကျမ်း၊ သမ္မာကျမ်းစာတော်ကဲ့သို့သော ဘာသာပြန်ကျမ်းများတွင် မူရင်းဟေဗြဲစကားအတိုင်း “ခုနစ်စုံစီ” ဟုပြန်ဆို၏။

မူရင်းဘာသာစကားတွင် “ခုနစ်ကောင်” ဟူသောဂဏန်းသည် စာသားအရ “ခုနစ်ကောင် ခုနစ်ကောင်” ဟုအဓိပ္ပာယ်ရှိ၏။ (ကမ္ဘာဦး ၇:၂) သို့သော် ဟေဗြဲစကားတွင် ကိန်းဂဏန်းတစ်လုံးကို ထပ်ကျော့ခြင်းက ယင်းတို့ကိုပေါင်းရမည်ဟု မဆိုလိုပါ။ ဥပမာ၊ ၂ ဓမ္မရာဇဝင် ၂၁:၂၀ တွင် “အရပ်မြင့်” သောလူထွားတစ်ဦးတွင် “လက်တစ်ဖက်၌ လက်ခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေခြောက်ချောင်းစီ” ရှိသည်ဟု ဖော်ပြသည်။ ဟေဗြဲစကားတွင်မူ “ခြောက်” ဟူသောကိန်းဂဏန်းကို ထပ်ကျော့ထားသည်။ ယင်းက ထိုလူထွားတွင် လက်တစ်ဖက်၌ လက်ချောင်းခြောက်စုံ (၁၂ ချောင်း)၊ ခြေတစ်ဖက်၌ ခြေချောင်းခြောက်စုံစီရှိသည်ဟု မဆိုလိုပါ။ ထပ်ကျော့ခြင်းက လက်တစ်ဖက်၌ လက်ချောင်းခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေချောင်းခြောက်ချောင်းစီရှိသည်ဟုသာ ဆိုလို၏။

ထို့ကြောင့် မူရင်းကျမ်း၏ ကမ္ဘာဦး ၇:၂ မှ “ခုနစ်ကောင် ခုနစ်ကောင်” သည် ခုနစ်စုံဖြစ်သော ၁၄ ကောင်ကို မဆိုလိုသကဲ့သို့ ကမ္ဘာဦး ၇:၉၊ ၁၅ မှ “နှစ်” ဂဏန်းကို ထပ်ကျော့ခြင်းကလည်း နှစ်စုံဖြစ်သောလေးကောင်ကို မဆိုလိုပါ။ ထို့ကြောင့် စင်ကြယ်သောသားမျိုး “ခုနစ်” ကောင်စီနှင့် မစင်ကြယ်သောသားမျိုး “နှစ်” ကောင်စီကိုသာ သင်္ဘောထဲသွင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာဦး ၇:၂ ပါ “ခုနစ်” ဂဏန်း၏အရှေ့မှ “အထီးအမ” ဟူသောစကားလုံးနှင့်ပတ်သက်၍ကော။ ယင်းစကားလုံးကြောင့် စင်ကြယ်သောသားမျိုး တစ်မျိုးလျှင် ခုနစ်စုံစီသွင်းသည်ဟု အချို့ယူဆကြ၏။ သို့သော် စင်ကြယ်သောသားမျိုးသည် မျိုးပွားရန်အတွက်သာ မဟုတ်ပေ။ ‘နောဧသည်လည်း ထာဝရဘုရားသခင်အဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့သောယဇ်ကို ပူဇော်လေ၏’ ဟုကမ္ဘာဦး ၈:၂၀ ကဖော်ပြသည်။ ထို့ကြောင့် စင်ကြယ်သောသားမျိုးတိုင်းတွင် အထီးအမသုံးစုံမှာ မျိုးပွားရန်ဖြစ်ပြီး ခုနစ်ကောင်မြောက်တိရစ္ဆာန်မှာမူ ယဇ်ပူဇော်ရန်ရည်ရွယ်ချက်ဖြင့် သင်္ဘောထဲ သွင်းစေခြင်းဖြစ်သည်။