မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နတ်ဆိုးများကိုမည်သို့တွန်းလှန်နိုင်သနည်း

နတ်ဆိုးများကိုမည်သို့တွန်းလှန်နိုင်သနည်း

နတ်ဆိုးများကိုမည်သို့တွန်းလှန်နိုင်သနည်း

“မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်ပစ်သော ကောင်းကင်တမန်တို့ကို [ဘုရားသခင်သည်] ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလို့ငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာချုပ်ထားတော်မူ၏။”—⁠ယုဒ ၆

၁၊ ၂။ စာတန်နှင့် နတ်ဆိုးများနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။

‘သတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောစာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏’ ဟုတမန်တော်ပေတရု သတိပေးခဲ့သည်။ (၁ ပေတရု ၅:⁠၈) တမန်တော်ပေါလုလည်း နတ်ဆိုးများနှင့်ပတ်သက်၍ ဤသို့ရေးခဲ့၏– “သင်တို့သည် နတ်ဆိုးတို့နှင့်ဆက်ဆံစေခြင်းငှာ ငါအလိုမရှိ။ သခင်ဘုရား၏ခွက်ဖလား၊ နတ်ဆိုးတို့၏ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍မစားနိုင်ကြ။”—⁠၁ ကောရိန္သု ၁၀:၂၀၊ ၂၁

စာတန်နှင့်နတ်ဆိုးများကား မည်သူများနည်း။ သူတို့သည် အဘယ်အချိန်တွင် အဘယ်နည်းဖြင့် ဖြစ်ပေါ်လာသနည်း။ ဘုရားသခင် ဖန်ဆင်းခဲ့၍လော။ လူသားတို့ကို သူတို့ မည်မျှသြဇာလွှမ်းမိုးထားသနည်း။ သူတို့ကိုတွန်းလှန်နိုင်ရန် အဘယ်အကာအကွယ်ရရှိထားသနည်း။

စာတန်နှင့်နတ်ဆိုးများ မည်သို့ဖြစ်ပေါ်လာသနည်း

၃။ ဘုရားသခင့်ကောင်းကင်တမန်တစ်ပါးသည် အဘယ်နည်းဖြင့် စာတန်ဖြစ်လာသနည်း။

လူ့သမိုင်းအစ၌ လူတို့ကို ဧဒင်ဥယျာဉ်တွင် နေရာချပေးစဉ်က ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါး ပုန်ကန်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းတွင် သူရရှိထားသောအနေအထားနှင့် မရောင့်ရဲသောကြောင့်ဖြစ်၏။ စာတန်သည် အာဒံနှင့်ဧဝတို့ ဘုရားသခင်အား နာခံဝတ်ပြုမည့်အစား မိမိကိုဝတ်ပြုလာအောင် သွေးဆောင်ခဲ့သည်။ ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ခြင်း၊ ကနဦးလူသားမောင်နှံကို အပြစ်လမ်းစဉ်သို့ သွေးဆောင်ခြင်းဖြင့် ထိုကောင်းကင်တမန်သည် စာတန်ဖြစ်လာ၏။ အတန်ကြာသော် အခြားကောင်းကင်တမန်များလည်း သူနှင့်ပူးပေါင်းလာသည်။ မည်သို့အားဖြင့်နည်း။—⁠ကမ္ဘာဦး ၃:၁-၆; ရောမ ၅:၁၂; ဗျာ. ၁၂:⁠၉

၄။ နောဧခေတ် ရေလွှမ်းမိုးဘေးမတိုင်မီက ပုန်ကန်သောကောင်းကင်တမန်အချို့ အဘယ်အရာပြုလုပ်ခဲ့သနည်း။

နောဧခေတ် ရေလွှမ်းမိုးဘေးမတိုင်မီ ကောင်းကင်တမန်အချို့သည် “လူသမီးတို့လှကြောင်းကိုမြင်၍ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏” ဟုကျမ်းစာကဖော်ပြသည်။ ထိုပေါင်းဖက်မှုသည် သဘာဝနှင့်ဆန့်ကျင်ပြီး နက်ဖလင်ဟုခေါ်သော လူ့ဘီလူးများ ပေါက်ဖွားလာသည်။ (ကမ္ဘာဦး ၆:၂-၄) ဤသို့ဖြင့် ယေဟောဝါကိုမနာခံသော ဝိညာဉ်သတ္တဝါများသည် စာတန်နှင့်ပူးပေါင်းကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။

၅။ ရေလွှမ်းမိုးဘေးဖြင့် ယေဟောဝါဖျက်ဆီးသောအခါ ပုန်ကန်သူတို့ မည်သို့ဖြစ်သွားသနည်း။

ယေဟောဝါသည် ရေလွှမ်းမိုးဘေးဖြင့် နက်ဖလင်နှင့် ၎င်းတို့၏မိခင်များကို ဖျက်ဆီးခဲ့သည်။ ပုန်ကန်သောကောင်းကင်တမန်များသည် လူ့ကိုယ်ခန္ဓာကိုစွန့်ကာ ဝိညာဉ်ဘုံသို့ ပြန်တက်သွားကြသည်။ သို့သော် မိမိတို့၏မူလ “နေရာအရပ်” သို့မပြန်နိုင်ကြတော့ပေ။ သူတို့သည် တာတရပ်စ်ဟုခေါ်သော ဝိညာဉ်ရေး “မှောင်မိုက်ထဲမှာချုပ်ထား” ခံရကြသည်။—⁠ယုဒ ၆; ၂ ပေတရု ၂:၄

၆။ နတ်ဆိုးများသည် လူတို့ကို မည်သို့လှည့်ဖြားနေသနည်း။

ထိုအချိန်မှစ၍ ကောင်းကင်တမန်ဆိုးများသည် မိမိတို့၏မူလ “နေရာအရပ်” ကို စွန့်လွှတ်ခဲ့ရကာ စာတန်၏အပေါင်းပါ နတ်ဆိုးများဖြစ်လာပြီး ဆိုးသွမ်းမှုများကို လုပ်ဆောင်လေတော့သည်။ လူ့ခန္ဓာကိုယ် ယူဆောင်နိုင်စွမ်းလည်း မရှိတော့ပေ။ သို့သော် သဘာဝနှင့်ဆန့်ကျင်သော လိင်အကျင့်များပြုကျင့်ရန် ယောက်ျားမိန်းမများကို သွေးဆောင်နိုင်သည်။ မန်းမှုတ်ခြင်း၊ ဗူးဒူးစုန်းကဝေအတတ်၊ နတ်ဝင်သည်အစရှိသော နတ်ဆိုးပညာအားဖြင့်လည်း လူတို့ကို လှည့်ဖြားကြသည်။ (တရားဟောရာ ၁၈:၁၀-၁၃; ၂ ရာဇဝင်ချုပ် ၃၃:⁠၆) ကောင်းကင်တမန်ဆိုးများ၏ဇာတ်သိမ်းသည် စာတန်ကဲ့သို့ပင် ထာဝရပျက်စီးခြင်းဖြစ်သည်။ (မဿဲ ၂၅:၄၁; ဗျာ. ၂၀:၁၀) ဤအချိန်အတွင်း ၎င်းတို့ကို တွန်းလှန်ကာ ကြံ့ကြံ့ခံ ရပ်တည်ဖို့လိုသည်။ စာတန်သည် မည်မျှတန်ခိုးကြီးကြောင်း၊ သူနှင့်နတ်ဆိုးများကို မည်သို့အောင်မြင်စွာတွန်းလှန်နိုင်ကြောင်း သုံးသပ်ခြင်းက ပညာရှိရာရောက်သည်။

စာတန် မည်မျှတန်ခိုးကြီးသနည်း

၇။ စာတန်သည် လောကအပေါ် အဘယ်တန်ခိုးသြဇာ လွှမ်းမိုးထားသနည်း။

သမိုင်းတစ်လျှောက် စာတန်သည် ယေဟောဝါကို ကဲ့ရဲ့ပုတ်ခတ်ခဲ့သည်။ (သု. ၂၇:၁၁) လူသားထုအများစုကို ဩဇာလွှမ်းမိုးနိုင်ခဲ့သည်။ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်’ ဟု ၁ ယောဟန် ၅:၁၉ ကဆိုသည်။ ထို့ကြောင့် စာတန်သည် “လောက၌ရှိသမျှသောတိုင်းနိုင်ငံတို့” ၏ဘုန်းတန်ခိုးအာနုဘော်ကို ကမ်းလှမ်းပြီး ယေရှုကို သွေးဆောင်ခဲ့ခြင်းဖြစ်သည်။ (လုကာ ၄:၅-၇) စာတန်နှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေး၏– “ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင် ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။ ထိုသို့မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။” (၂ ကောရိန္သု ၄:၃၊ ၄) စာတန်သည် ‘မုသာစကား၌ကျင်လည်သောသူ၊ မုသာ၏အဘ’ ဖြစ်သော်လည်း “လင်းသောကောင်းကင်တမန်” ဖြစ်ယောင်ဆောင်လေသည်။ (ယောဟန် ၈:၄၄; ၂ ကောရိန္သု ၁၁:၁၄) လောကအုပ်စိုးရှင်များနှင့် တိုင်းသူပြည်သားများ၏ ဉာဏ်မျက်စိကိုကွယ်စေနိုင်သည့် အစွမ်းတန်ခိုးနှင့်နည်းလမ်းများ သူ့တွင်ရှိသည်။ မဟုတ်မမှန်ဝါဒဖြန့်မှု၊ ဘာသာရေးဆိုင်ရာ လိမ်လည်မှုများဖြင့် လူတို့ကိုလှည့်ဖြားခဲ့ပြီ။

၈။ စာတန်၏သြဇာလွှမ်းမိုးမှုအကြောင်း ကျမ်းစာမည်သို့ဖော်ပြသနည်း။

ကျွန်ုပ်တို့၏ခရစ်နှစ်မတိုင်မီ အနှစ်ငါးရာခန့်၊ ပရောဖက်ဒံယေလအချိန်တွင် စာတန်၏တန်ခိုးသြဇာမှာ ပေါ်လွင်ထင်ရှားသည်။ ဒံယေလကိုအားပေးရန် ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါစေလွှတ်ချိန်တွင် ထိုကောင်းကင်တမန်သည် “ပေရသိနိုင်ငံကိုအစိုးရသောမင်း[ဝိညာဉ်သတ္တဝါ]” ၏တားဆီးခြင်းခံခဲ့ရသည်။ ထိုသစ္စာရှိကောင်းကင်တမန်သည် “အမြတ်ဆုံးသောမင်းစုထဲက မိက္ခေလ” လာရောက်ကူညီချိန်အထိ ၂၁ ရက်ပတ်လုံး တားဆီးခြင်းခံခဲ့ရသည်။ တစ်ဖန် “ဟေလသမင်း[နတ်ဆိုး]” အကြောင်းကိုလည်း ဆက်ဖော်ပြသည်။ (ဒံယေလ ၁၀:၁၂၊ ၁၃၊ ၂၀) ဗျာ. ၁၃:၁၊ ၂ တွင် “မိမိတန်ခိုးနှင့်မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း” နိုင်ငံရေးဖြစ်သော သားရဲ၌အပ်ပေးသည့် “နဂါး” အဖြစ် စာတန်ကိုပုံဖော်ထား၏။

၉။ ခရစ်ယာန်များသည် မည်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေရသနည်း။

‘ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကမှောင်မိုက်၌အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏’ ဟုပေါလုရေးခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ (ဧဖက် ၆:၁၂) ယနေ့အချိန်တွင်ပင် စာတန်ချုပ်ကိုင်ထားသော နတ်ဆိုးများသည် လူ့အုပ်စိုးရှင်များနှင့်လူသားထုကို ဩဇာလွှမ်းမိုးထားပြီး ရက်စက်လွန်းသော မျိုးဖြုတ်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှုများကျူးလွန်ရန် လှုံ့ဆော်ပေးနေသည်။ ထိုတန်ခိုးကြီးဝိညာဉ်သတ္တဝါများကို မည်သို့အောင်မြင်စွာတွန်းလှန်နိုင်ကြောင်း ဆန်းစစ်ကြည့်ကြစို့။

နတ်ဆိုးများကိုတွန်းလှန်နိုင်ရန်အဘယ်အကာအကွယ်ရရှိထားသနည်း

၁၀၊ ၁၁။ စာတန်နှင့်နတ်ဆိုးများကို မည်သို့တွန်းလှန်နိုင်သနည်း။

၁၀ စာတန်နှင့်နတ်ဆိုးများကို ကျွန်ုပ်တို့၏ကိုယ်ပိုင်အစွမ်းအစဖြင့် မတွန်းလှန်နိုင်ပေ။ ပေါလု ဤသို့အကြံပေး၏– “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြလော့။” အကာအကွယ်ရရန် ယေဟောဝါကို ကိုးစားဖို့လိုသည်။ ‘စာတန်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။ ထို့ကြောင့် ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ယူဆောင်ကြလော့’ ဟုပေါလုဆက်ဖော်ပြ၏။—⁠ဧဖက် ၆:၁၀၊ ၁၁၊ ၁၃

၁၁ “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို” ဝတ်ဆောင်ရန် ခရစ်ယာန်များကို ပေါလုနှစ်ကြိမ်တိုင် တိုက်တွန်းခဲ့သည်။ “လက်နက်စုံ” ဟူသောစကားလုံးက နတ်ဆိုးတိုက်ခိုက်မှုများကို တွန်းလှန်ရာတွင် စိတ်မပါ့တပါဖြစ်နေမည်ဆိုလျှင် အောင်မြင်နိုင်မည်မဟုတ်ကြောင်း ဆိုလိုသည်။ ထို့ကြောင့် နတ်ဆိုးများကိုတွန်းလှန်နိုင်ရန် ခရစ်ယာန်များဝတ်ဆင်ထားရမည့် ဝိညာဉ်ရေးလက်နက်စုံများကား အဘယ်နည်း။

မည်သို့ “ခံရပ်” နိုင်သနည်း

၁၂။ ခရစ်ယာန်များသည် အမှန်တရားကို မည်သို့ ခါးပန်းစည်းထားနိုင်မည်နည်း။

၁၂ “သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက် ဖြောင့်မတ်ခြင်း. . .တည်းဟူသော ရင်အုပ်တန်ဆာကိုဝတ်ဆင်လျက် . . . ခံရပ်ကြလော့” ဟုပေါလုရေးခဲ့၏။ (ဧဖက် ၆:၁၄၊ ၁၅) ဤတွင်ဖော်ပြထားသော လက်နက်နှစ်မျိုးမှာ ခါးပန်း သို့မဟုတ် ခါးပတ်နှင့် ရင်အုပ်တန်ဆာတို့ဖြစ်သည်။ စစ်သားတစ်ဦးသည် မိမိ၏ခါးပိုင်း (တင်ပါး၊ ပေါင်ခြံ၊ ဝမ်းဗိုက်အောက်ပိုင်း) ကိုကာကွယ်ရန်နှင့် ဓားချိတ်နိုင်ရန် ခါးပတ်ကို တင်းကျပ်စွာပတ်ထားရမည်။ ထိုနည်းတူ ကျမ်းစာအမှန်တရားနှင့်အညီ အသက်ရှင်နေထိုင်နိုင်ရန် ယင်းကို ခါးပတ်သဖွယ် တင်းကျပ်စွာပတ်ထားဖို့လိုသည်။ ကျွန်ုပ်တို့တွင် ကျမ်းစာနေ့စဉ်ဖတ်ရှုသော အလေ့အထရှိသလော။ မိသားစုလိုက်ဖတ်ရှုသလော။ နေ့စဉ်ကျမ်းချက်ကို မိသားစုလိုက် ဖတ်ရှုသုံးသပ်လေ့ရှိသလော။ ထို့ပြင် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ပြင်ဆင်ပေးသော စာပေများမှ နောက်ဆုံးရှင်းပြချက်များကို သိနားလည်ပါသလော။ (မဿဲ ၂၄:၄၅) ဤနည်းဖြင့် ပေါလု၏အကြံပြုချက်ကို လိုက်နာနိုင်ပါလိမ့်မည်။ ဝိညာဉ်ရေးအရ လမ်းညွှန်ပေးနိုင်သော ဗီဒီယိုနှင့်ဒီဗီဒီခွေများလည်း ရှိပါသည်။ အမှန်တရားကိုစွဲမြဲစွာကိုင်စွဲထားခြင်းက ပညာရှိသောဆုံးဖြတ်ချက်များချစေပြီး လမ်းမှားမရောက်သွားစေရန် ကာကွယ်ပေးနိုင်သည်။

၁၃။ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို မည်သို့ကာကွယ်နိုင်သနည်း။

၁၃ ရင်အုပ်တန်ဆာသည် စစ်သားတစ်ဦး၏ ရင်ဘတ်၊ နှလုံး၊ အခြားအရေးကြီးသောကိုယ်အင်္ဂါများကို ကာကွယ်ပေးသည်။ ခရစ်ယာန်များသည် ဘုရားသခင့်ဖြောင့်မတ်မှုကို ချစ်မြတ်နိုးလာရန် ကြိုးစားခြင်း၊ ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများကို လိုက်နာခြင်းဖြင့် အတွင်းလူဖြစ်သော ပုံဆောင်နှလုံးကို ကာကွယ်နိုင်သည်။ ပုံဆောင်ရင်အုပ်တန်ဆာက ဘုရားသခင့်နှုတ်မြွက်တော်၏တန်ဖိုးကို လျှော့ပေါ့ပစ်ခြင်းမပြုမိရန် ကာကွယ်ပေးသည်။ ‘မကောင်းမှုကိုမုန်း၍ ကောင်းမှုကိုချစ်’ လာသည်နှင့်အမျှ “မကောင်းသောလမ်းရှိသမျှတို့ကို လွှဲရှောင်” နိုင်ပါမည်။—⁠အာမုတ် ၅:၁၅; ဆာလံ ၁၁၉:၁၀၁

၁၄။ “ငြိမ်သက်ခြင်းနှင့်ယှဉ်သောဧဝံဂေလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သောအဖြစ်တည်းဟူသော ဖိနပ်ကိုစီး” ထားခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၄ ရောမအင်ပါယာတစ်ခွင်ရှိ အဝေးပြေးလမ်းများတွင် မိုင်ထောင်ချီခရီးနှင်နိုင်ရန် ရောမစစ်သားတစ်ဦးသည် ခိုင်ခံ့သောဖိနပ်စီးထားရလေ့ရှိသည်။ “ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သောအဖြစ်တည်းဟူသော ဖိနပ်ကိုစီး” ထားခြင်းသည် ခရစ်ယာန်များအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ဧဖက် ၆:၁၅ကဘ) ယင်းက လုပ်ဆောင်ရန် အသင့်ဖြစ်နေသည့်သဘောဖြစ်၏။ အချိန်အခါမရွေး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာရန် အသင့်ရှိနေကြသည်။ (ရောမ ၁၀:၁၃-၁၅) ခရစ်ယာန်ဓမ္မအမှုတွင် တက်ကြွစွာပါဝင်ခြင်းဖြင့် စာတန်၏ “ပရိယာယ်” တို့ကို ကာကွယ်နိုင်သည်။—⁠ဧဖက် ၆:၁၁

၁၅။ (က) ယုံကြည်ခြင်းတည်းဟူသော လွှားသည် အလွန်အရေးကြီးကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) အဘယ် “မီးစက်လက်နက်” များက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အားနည်းသွားစေနိုင်သနည်း။

၁၅ ‘စာတန်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့’ ဟုပေါလုဆက်ဖော်ပြသည်။ (ဧဖက် ၆:၁၆) ယုံကြည်ခြင်းတည်းဟူသော လွှားကို “ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ” ယူဆောင်ပါဟူသော အသုံးအနှုန်းက ယင်းလက်နက်သည် အလွန်အရေးကြီးကြောင်း ဖော်ပြ၏။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အားနည်းနေ၍မရပေ။ ယင်းသည် အကာအကွယ်ပေးနိုင်သော လွှားကဲ့သို့ စာတန်၏ “မီးစက်လက်နက်” ကို ကာသတ်နိုင်သည်။ ယနေ့ ထိုလက်နက်များကား အဘယ်အရာများဖြစ်မည်နည်း။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အားနည်းသွားစေရန် ကြိုးစားနေသော ရန်သူများ၊ အယူဖောက်ပြန်သူများ၏ စော်ကားပြောဆိုမှုများ၊ လိမ်လည်မှုများ၊ အမှားတစ်ဝက်အမှန်တစ်ဝက်စကားများဖြစ်၏။ ထို့ပြင် ရုပ်ဝါဒလိုက်စားရန် သွေးဆောင်မှုများလည်းဖြစ်နိုင်သည်။ ယင်းကတစ်ဖန် ပစ္စည်းဥစ္စာများစွာ ဝယ်ယူလိုခြင်း၊ ဝါကြွားဝင့်ဝါသူတို့၏ဘဝပုံစံကို အားကျပြိုင်ဆိုင်လိုခြင်းအထိပင် ဖြစ်စေနိုင်သည်။ သူတို့သည် အိမ်ကြီးအိမ်ကောင်း၊ ဇိမ်ခံကားတို့ကို ဝယ်ယူခြင်း သို့မဟုတ် အဖိုးတန်လက်ဝတ်ရတနာများနှင့် နောက်ဆုံးပေါ်အဝတ်အစားဖက်ရှင်များကို ဝါကြွားပြသခြင်း ဖြစ်ပေမည်။ အခြားသူများ အဘယ်အရာပင်ပြုလုပ်ပါစေ၊ ထို “မီးစက်လက်နက်” များကို ကျွန်ုပ်တို့ကာသတ်နိုင်ရန် ယုံကြည်ခြင်း ခိုင်မြဲနေရမည်။ ယုံကြည်ခြင်းခိုင်မြဲအောင် မည်သို့ တည်ဆောက်ပြီး ထိန်းသိမ်းထားနိုင်သနည်း။—⁠၁ ပေတရု ၃:၃-၅; ၁ ယောဟန် ၂:၁၅-၁၇

၁၆။ ခိုင်မြဲသောယုံကြည်ခြင်း တည်ဆောက်ရန် အဘယ်အရာက ထောက်ကူနိုင်သနည်း။

၁၆ ကျမ်းစာကို မှန်မှန်လေ့လာခြင်းနှင့် ထက်သန်စွာဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်ထံ ကျွန်ုပ်တို့ ချဉ်းကပ်နိုင်သည်။ ယုံကြည်ခြင်းခိုင်မြဲနေရန် ယေဟောဝါထံ တိုးလျှိုးအသနားခံနိုင်ပြီး ထိုအသနားခံချက်နှင့်အညီ လုပ်ဆောင်ရမည်။ ဥပမာ၊ ပတ်စဉ် ကင်းမျှော်စင်သင်တန်းတွင် ပါဝင်နိုင်ရန် အသေအချာပြင်ဆင်ပါသလော။ ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို လေ့လာပါက ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်မြဲလာပါလိမ့်မည်။—⁠ဟေဗြဲ ၁၀:၃၈၊ ၃၉; ၁၁:၆

၁၇။ “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို” မည်သို့ ဆောင်းထားနိုင်သနည်း။

၁၇ ပေါလုသည် ဝိညာဉ်ရေးလက်နက်စုံအကြောင်း ဖော်ပြချက်ကို ဤသို့ နိဂုံးချုပ်၏– ‘ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဘုရားသခင်၏နှုတ်မြွက်တော်တည်းဟူသော ဝိညာဉ်တော်၏ဓားကိုလည်းကောင်း ယူကြလော့။’ (ဧဖက် ၆:၁၇) သံခမောက်သည် ဆုံးဖြတ်ချက်များချရာတွင် အဓိကကျသော ဦးခေါင်းနှင့်ဦးနှောက်ကို ကာကွယ်ပေးသည်။ ထိုနည်းတူ ခရစ်ယာန်မျှော်လင့်ချက်သည် ကျွန်ုပ်တို့၏စိတ်စွမ်းအားကို ကာကွယ်ပေးသည်။ (၁ သက်သာလောနိတ် ၅:၈) လောကပန်းတိုင်များ၊ ရုပ်ဝါဒဆန်သော စိတ်ကူးများကိုသာ တွေးတောနေမည့်အစား ယေရှုနည်းတူ ဘုရားပေးမျှော်လင့်ချက်အကြောင်းကို တွေးတောသင့်သည်။—⁠ဟေဗြဲ ၁၂:၂

၁၈။ ကျမ်းစာမှန်မှန်ဖတ်ရှုခြင်းကို အဘယ်ကြောင့် လျစ်လျူမရှုသင့်သနည်း။

၁၈ စာတန်နှင့် နတ်ဆိုးများ၏သြဇာလွှမ်းမိုးမှုကို တွန်းလှန်ရာတွင် နောက်ဆုံးလက်နက်တစ်ခုမှာ သမ္မာကျမ်းစာပါ ဘုရားသခင့်စကားတော်ဖြစ်၏။ ယင်းက ကျမ်းစာနေ့စဉ်ဖတ်ရှုခြင်းအစီအစဉ်ကို လျစ်လျူမရှုသင့်သည့် နောက်အကြောင်းရင်းတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာဆိုင်ရာ တိကျမှန်ကန်သောအသိပညာက စာတန်၏လိမ်လည်မှုများနှင့် နတ်ဆိုးတို့၏ဝါဒဖြန့်မှုများအပြင် အယူဖောက်ပြန်သူတို့၏ ထိခိုက်စေသောစကားများ၊ စာပေများမှ ကာကွယ်ပေးသည်။

‘ကာလအစဉ် ဆုတောင်းကြလော့’

၁၉၊ ၂၀။ (က) စာတန်နှင့်နတ်ဆိုးများ မည်သို့ဖြစ်သွားမည်နည်း။ (ခ) အဘယ်အရာက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို သန်စွမ်းစေသနည်း။

၁၉ စာတန်၊ နတ်ဆိုးများနှင့် ဆိုးညစ်သောလောကသည် မကြာမီဖယ်ရှားခံရတော့မည်။ စာတန်သည် “မိမိကာလတစ်ခဏသာရှိသည်ကိုသိ” သောကြောင့် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူ” တို့ကို ပြင်းစွာသောဒေါသအမျက်နှင့်တကွ စစ်တိုက်ခြင်းငှာသွား၏။ (ဗျာ. ၁၂:၁၂၊ ၁၇) ထို့ကြောင့် စာတန်နှင့်နတ်ဆိုးများကို တွန်းလှန်ရန်အရေးကြီးလှသည်။

၂၀ ဘုရားသခင်ပြင်ဆင်ပေးသော လက်နက်စုံကိုယူဆောင်ရန် တိုက်တွန်းချက်အတွက် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်ကြသည်။ ဝိညာဉ်ရေးလက်နက်စုံနှင့်ပတ်သက်သော ဆွေးနွေးချက်ကို ပေါလု ဤသို့နိဂုံးချုပ်၏– “ကာလအစဉ်စိတ်နှလုံးပါလျက် . . . ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက် ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။” (ဧဖက် ၆:၁၈) ဆုတောင်းခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို သန်စွမ်းစေပြီး နိုးကြားနေရန် ကူညီပေးသည်။ စာတန်နှင့်နတ်ဆိုးများကို တွန်းလှန်ရာတွင် ကူညီပေးနိုင်သော ပေါလု၏စကားများကို နှလုံးသွင်း၍ ဆုတောင်းနေကြပါစို့။

သင်အဘယ်အရာသိရှိခဲ့ပြီနည်း

• စာတန်နှင့်နတ်ဆိုးများ မည်သို့ဖြစ်ပေါ်လာသနည်း။

• စာတန်သည် မည်မျှတန်ခိုးကြီးသနည်း။

• စာတန်နှင့်နတ်ဆိုးများကို တွန်းလှန်ရန် အဘယ်အကာအကွယ်များ ရရှိထားသနည်း။

• ဘုရားသခင်ပြင်ဆင်ပေးသော လက်နက်စုံကို မည်သို့ယူဆောင်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံများ]

‘ဘုရားသခင်၏သားတို့သည်လူသမီးတို့လှကြောင်းကိုမြင်လေ၏’

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဝိညာဉ်ရေးလက်နက်စုံခြောက်မျိုးကိုသင်ရှင်းပြနိုင်သလော

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံများ]

ဤလုပ်ဆောင်မှုများက စာတန်နှင့်နတ်ဆိုးများကိုမည်သို့ တွန်းလှန်စေနိုင်သနည်း