မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရမိကျမ်းမှ ပေါ်လွင်ချက်များ

ယေရမိကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယေရမိကျမ်းမှ ပေါ်လွင်ချက်များ

မိမိ၏လူမျိုးကို ယေရမိကြေညာသော ဘေးဆိုးများသည် အလွန်ထိတ်လန့်ဖွယ်ပင်။ အနှစ်သုံးရာကျော်တိုင် ဝတ်ပြုရေး၏ဗဟိုဖြစ်ခဲ့သည့် ခမ်းနားသောဝတ်ပြုရာအိမ်တော်သည် လုံးလုံးပြာကျသွားမည်။ ယေရုရှလင်မြို့နှင့်ယုဒနိုင်ငံသည် ဖျက်ဆီးခံရပြီး မြို့သားများလည်း သုံ့ပန်းအဖြစ်သိမ်းသွားခြင်းခံရမည်။ ထိုအကြောင်းနှင့် အခြားတရားစီရင်ခြင်းကြေညာချက်များကို ဒုတိယအရှည်ဆုံးကျမ်းစောင်ဖြစ်သော ယေရမိကျမ်းတွင် တွေ့ရှိရ၏။ ယေရမိ သစ္စာရှိရှိအမှုဆောင်ခဲ့သော ၆၇ နှစ်အတွင်း တွေ့ကြုံရသောဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။ ထိုကျမ်းကို ခုနှစ်အစဉ်အလိုက်မဟုတ်ဘဲ အကြောင်းအရာအလိုက် ရေးသားထား၏။

ယေရမိကျမ်းကို အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ ထိုကျမ်းပါ ပရောဖက်ပြုချက်များပြည့်စုံခြင်းက ယေဟောဝါသည် မိမိကတိစကားများကို ပြည့်စုံစေသောအရှင်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ယေရမိသည် ပရောဖက်တစ်ပါးအဖြစ်အမှုဆောင်ခဲ့ပြီး သူ၏သတင်းတရားကို လူတို့တုံ့ပြန်ပုံက ကျွန်ုပ်တို့ခေတ်နှင့် တစ်ထပ်တည်းဖြစ်၏။ (၁ ကောရိန္သု ၁၀:၁၁) ထို့ပြင် မိမိလူမျိုးအပေါ် ယေဟောဝါဆက်ဆံပုံမှတ်တမ်းက ကိုယ်တော့်ဂုဏ်ရည်တော်များကို ပေါ်လွင်စေပြီး ကျွန်ုပ်တို့အတွက် အလွန်အကျိုးသက်ရောက်မှုရှိသင့်သည်။—⁠ဟေဗြဲ ၄:⁠၁၂

‘ငါ၏လူတို့သည်မကောင်းမှုနှစ်ပါးကိုပြုကြပြီ’

(ယေရမိ ၁:၁–၂၀:၁၈)

ယေရမိသည် ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့ဖျက်ဆီးမခံရမီ အနှစ် ၄၀၊ ယုဒရှင်ဘုရင်ယောရှိနန်းစံ ၁၃ နှစ်၌ ပရောဖက်တစ်ပါးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (ယေရမိ ၁:၁၊ ၂) သူသည် ယောရှိ၏ကျန်နန်းသက် ၁၈ နှစ်အတွင်း ယုဒနိုင်ငံ၏ဆိုးညစ်မှုကို ဖော်ထုတ်ပြီး ယေဟောဝါ၏တရားစီရင်ခြင်းသတင်းကို ကြေညာခဲ့သည်။ “ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေးနေရာတွင်းဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း လူဆိတ်ညံရာအရပ်ဖြစ်စေမည်” ဟုယေဟောဝါကြေညာသည်။ (ယေရမိ ၉:၁၁) အဘယ်ကြောင့်နည်း။ ‘ငါ၏လူတို့သည် မကောင်းမှုနှစ်ပါးကိုပြုကြ’ သောကြောင့်ဖြစ်သည်ဟု ကိုယ်တော်မိန့်ဆို၏။—⁠ယေရမိ ၂:၁၃

နောင်တရသောအကြွင်းအကျန်များ  ပြည်တော်ကိုပြန်လည်ထူထောင်မည့်သတင်းလည်း ပါရှိသည်။ (ယေရမိ ၃:၁၄-၁၈; ၁၂:၁၄၊ ၁၅; ၁၆:၁၄-၂၁) လူတို့သည် ယေရမိကို မနှစ်သက်ကြပါ။ ဝတ်ပြုရာအိမ်တော်၏အကြီးအမှူးသည် ပရောဖက်ယေရမိကို ရိုက်ပုတ်ကာ ထိတ်ခတ်၍ထား၏။—⁠ယေရမိ ၂၀:၁-၃

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၁၊ ၁၂—ယေဟောဝါသည် မိမိစကားပြည့်စုံစေရန် စောင့်နေခြင်းကို ဗာတံကိုင်း” နှင့် အဘယ်ကြောင့် ဆက်စပ်ထားသနည်း။ ဗာတံပင်သည် နွေဦးရာသီတွင် အစောဆုံးပွင့်သောအပင်ဖြစ်၏။ ယေဟောဝါသည်လည်း ပုံဆောင်သဘောဖြင့် ‘နေ့တိုင်းစောစောထ၍ [ကိုယ်တော်၏] ကျွန်ပရောဖက်အပေါင်းတို့ကို အထပ်ထပ်စေလွှတ်’ ကာ တရားစီရင်ခြင်းသတင်းကို မိမိလူတို့အား သတိပေးသည်။ ထိုစကားများပြည့်စုံချိန်အထိလည်း “စောင့်နေ” တော်မူသည်။—⁠ယေရမိ ၇:⁠၂၅

၂:၁၀၊ ၁၁—⁠သစ္စာမဲ့ဣသရေလလူတို့၏ လုပ်ရပ်များသည် အဘယ်ကြောင့် တစ်မူထူးခြားသနည်း။ ခိတ္တိမ်ကမ်းရိုးတန်းအနောက်ဘက်နှင့် ကေဒါပြည်အရှေ့ဘက်ရှိ အယူမှားလူမျိုးများသည် ၎င်းတို့နတ်ဘုရားများကို လုံးလုံးစွန့်ပယ်ကာ အခြားတစ်ပါးသောလူမျိုးတို့၏ နတ်ဘုရားများကို ကိုးကွယ်ကြသည်ဟူသောသတင်းမှာ မကြားဖူးသလောက်ပင်။ သို့သော် ဣသရေလလူတို့မူ အသက်ရှင်တော်မူသော ယေဟောဝါဘုရားသခင်ကိုစွန့်ပယ်ကာ သက်မဲ့နတ်ဘုရားများကို ချီးမြှောက်ခဲ့ကြသည်။

၃:၁၁-၂၂; ၁၁:၁၀-၁၂၊ ၁၇—⁠ရှမာရိပြည်သည် ဘီစီ ၇၄၀ တွင် ကျဆုံးခဲ့သော်လည်း ယေရမိက မြောက်ပိုင်းဆယ်နွယ်နိုင်ငံအကြောင်း အဘယ်ကြောင့် ထည့်ကြေညာခဲ့သနည်း။ ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့ဖျက်ဆီးခံရခြင်းသည် ယုဒတစ်နွယ်တည်းအတွက်မဟုတ်ဘဲ ဣသရေလတစ်မျိုးလုံးအပေါ် ယေဟောဝါ၏တရားစီရင်ချက်ကို ဖော်ပြနေသောကြောင့်ဖြစ်၏။ (ယေဇကျေလ ၉:၉၊ ၁၀) ထို့ပြင် ဆယ်နွယ်နိုင်ငံကျဆုံးသွားပြီးနောက်တွင်ပင် ယေရုရှလင်မြို့၌ ဣသရေလလူများ ဆက်လက်ကျန်ရှိနေသောကြောင့် ဘုရားသခင့်ပရောဖက်သည် ဣသရေလလူမျိုးကို ထည့်ကြေညာခဲ့ခြင်းဖြစ်၏။

၄:၃၊  ၄—⁠ထိုအမိန့်တော်၏အဓိပ္ပာယ်ကား အဘယ်နည်း။ သစ္စာမဲ့ဂျူးများသည်  ၎င်းတို့၏နှလုံးသားမြေကို နူးညံ့ပျော့ပြောင်းနေစေရန်၊ သန့်ရှင်းစင်ကြယ်နေစေရန် ပြုပြင်ဖို့လိုသည်။ သူတို့၏စိတ်နှလုံးကို “အရေဖျားလှီး” ရမည်။ ယင်းမှာ မသန့်ရှင်းသောအတွေးအခေါ်နှင့် သဘောထားများကို လုံးဝဖယ်ရှားခြင်းဖြစ်သည်။ (ယေရမိ ၉:၂၅၊ ၂၆; တမန်တော် ၇:၅၁) ထိုသို့ပြုနိုင်ရန် လမ်းမှားကိုစွန့်ကာ ဘုရားသခင့်မျက်နှာသာရရန် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ဘဝပုံစံကို ပြုပြင်ပြောင်းလဲဖို့လိုသည်။

၄:၁၀; ၁၅:၁၈—⁠ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် ပုန်ကန်သောလူမျိုးကို လှည့်စားသနည်း။ ယေရမိခေတ်က ပရောဖက်များသည် “မဟုတ်မမှန်ဟောပြောကြ၏။” (ယေရမိ ၅:၃၁; ၂၀:၆; ၂၃:၁၆၊ ၁၇၊ ၂၅-၂၈၊ ၃၂) ထိုသို့ မဟုတ်မမှန်ပရောဖက်ပြုနေခြင်းကို ယေဟောဝါ မတားဆီးခဲ့ပါ။

၁၆:၁၆—⁠“တံငါအများတို့” နှင့် “မုဆိုးအများတို့” ကို ယေဟောဝါစေလွှတ်ခြင်းက အဘယ်အရာကိုဆိုလိုသနည်း။ ယင်းက ယေဟောဝါတရားစီရင်မည့် သစ္စာမဲ့ဂျူးလူမျိုးထံ ရန်သူများစေလွှတ်မည့်အကြောင်းကို ရည်ညွှန်းနေခြင်းဖြစ်၏။ သို့သော် ယေရမိ ၁၆:၁၅ အရ နောင်တရသောဣသရေလ လူတို့အား  ရှာဖွေရန်  စေလွှတ်မည့်အကြောင်းကို ရည်ညွှန်းနေခြင်းလည်းဖြစ်နိုင်သည်။

၂၀:၇—⁠“ကိုယ်တော်သည် အကျွန်ုပ်ကိုသွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည်  အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ” ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ ယေရမိသည် ယေဟောဝါ၏တရားစီရင်ချက်ကို  ကြေညာရာတွင်  လျစ်လျူရှုမှု၊ ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုခံရသောကြောင့် ဆက်မကြေညာနိုင်တော့ဟု ခံစားခဲ့ရသည်။ သို့သော် ထိုခံစားချက်ကိုတွန်းလှန်ရန်နှင့် ဆက်အမှုဆောင်နိုင်ရန် ယေဟောဝါခွန်အားပေးခဲ့သည်။ ဤသို့ဖြင့် ယေဟောဝါသည် ယေရမိမစွမ်းဆောင်နိုင်ဟု ယူဆသောအရာများကို ပြီးမြောက်အောင်မြင်စေရန် သွေးဆောင်တော်မူသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁:⁠၈ယေဟောဝါသည် တစ်ခါတစ်ရံ မိမိလူမျိုးကို နှိပ်စက်ညှဉ်းဆဲခြင်းမှ ကယ်နုတ်တော်မူသည်။ တရားမျှတသော တရားသူကြီးများကို ပေါ်ထွန်းစေခြင်း၊ ရက်စက်ကြမ်းတမ်းသော အာဏာပိုင်များအစား အကျိုးသင့်အကြောင်းသင့်ရှိသူများကို ခန့်အပ်ခြင်း၊ မိမိလူမျိုးကိုခံနိုင်ရည်ရှိရန် ခွန်အားပေးခြင်းအားဖြင့် ဖြစ်သည်။—⁠၁ ကောရိန္သု ၁၀:၁၃

၂:၁၃၊ ၁၈သစ္စာမဲ့ဣသရေလလူမျိုးသည် မကောင်းမှုနှစ်ခုပြုခဲ့သည်။ ကောင်းချီး၊ လမ်းညွှန်မှုနှင့် ကာကွယ်မှုပေးစွမ်းနိုင်သော ယေဟောဝါကို သူတို့စွန့်ပစ်ခဲ့ကြသည်။ အီဂျစ်၊ အာရှုရိတို့နှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် ပုံဆောင်သဘောအရ မိမိတို့ဘာသာ ရေတွင်းတူးကြသည်။ ယနေ့လည်း လူ့အတွေးအခေါ်၊ သီအိုရီနှင့် လောကနိုင်ငံရေးများကြောင့် စစ်မှန်သောဘုရားသခင်ကို စွန့်ပစ်ခြင်းသည် “အသက်စမ်းရေတွင်း” ကိုစွန့်ပယ်၍ “ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို” တူးခြင်းဖြစ်၏။

၆:၁၆ယေဟောဝါသည် ပုန်ကန်သောလူမျိုးကို  မိမိတို့ကိုယ်ကိုဆန်းစစ်ရန်၊ သစ္စာရှိဘိုးဘေးတို့၏ “လမ်းဟောင်း” ကိုပြန်လိုက်ရန် တိုက်တွန်းခဲ့သည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်၏အလိုတော်အတိုင်း လျှောက်လှမ်းနေမနေ မကြာခဏ ဆန်းစစ်သင့်သည်မဟုတ်လော။

၇:၁-၁၅မြင်တွေ့နိုင်သော ဝတ်ပြုရာအိမ်တော်ကိုသာ အားကိုးပြီး  အကာအကွယ်ပေးနိုင်သော အဆောင်လက်ဖွဲ့သဖွယ် ရှုမြင်ခြင်းသည် ဣသရေလလူတို့ကို အသက်ချမ်းသာမရစေခဲ့ပါ။ ကျွန်ုပ်တို့သည် မြင်တွေ့ရာကိုမဟုတ်ဘဲ ယုံကြည်ခြင်းကိုအခြေပြု၍ အသက်ရှင်သင့်သည်။—⁠၂ ကောရိန္သု ၅:⁠၇

၁၅:၁၆၊ ၁၇ယေရမိနည်းတူ၊ ကျွန်ုပ်တို့လည်း စိတ်ဓာတ်ကျခြင်းကို တွန်းလှန်နိုင်သည်။ ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်ဓမ္မအမှုတွင် ဘုရားသခင့်နာမတော်ကိုကြေညာခြင်းနှင့် မကောင်းသောအပေါင်းအသင်းများကို ရှောင်ခြင်းအားဖြင့် တွန်းလှန်နိုင်သည်။

၁၇:၁၊ ၂ယုဒလူတို့၏အပြစ်ကြောင့် သူတို့၏ပူဇော်ရာယဇ်ကို ယေဟောဝါမနှစ်သက်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ကျင့်တရားမစင်ကြယ်ပါက ကျွန်ုပ်တို့၏ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင် နှစ်သက်လက်ခံမည်မဟုတ်ပါ။

၁၇:၅-၈ဘုရားသခင့်အလိုတော်နှင့် ကျမ်းစာမူများအတိုင်းလုပ်ဆောင်သော လူသားများ၊ လူ့အဖွဲ့အစည်းများကိုသာ ကျွန်ုပ်တို့ကိုးစားထိုက်သည်။ ကယ်တင်ခြင်း၊ စစ်မှန်သောငြိမ်သက်မှု၊ လုံခြုံမှုတို့နှင့်ပတ်သက်လျှင် ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးစားခြင်းက ပညာရှိရာရောက်သည်။—⁠ဆာလံ ၁၄၆:⁠၃

၂၀:၈-၁၁သတင်းကောင်းဟောပြောရာတွင် လျစ်လျူရှုခြင်း၊ အတိုက်အခံပြုခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းတို့ကြောင့် ဇွဲမလျှော့သင့်ပါ။

“ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း”

(ယေရမိ ၂၁:၁–၅၁:၆၄)

ယုဒနိုင်ငံ၏ နောက်ဆုံးရှင်ဘုရင်လေးပါး၊ ပရောဖက်အတုအယောင်များ၊ သိုးထိန်းယောင်ဆောင်သူများ၊ ဖောက်ပြန်သောယဇ်ပုရောဟိတ်များအပေါ် တရားစီရင်ချက်ကို ယေရမိကြေညာခဲ့သည်။ သစ္စာရှိအကြွင်းအကျန်များကို ကောင်းသောသင်္ဘောသဖန်းသီးအဖြစ် ရည်ညွှန်းကာ “သူတို့၌ ကျေးဇူးပြုမည်” ဟု ယေဟောဝါမိန့်ဆို၏။ (ယေရမိ ၂၄:၅၊ ၆) အခန်းကြီး ၂၅ မှ ပရောဖက်ပြုချက်သုံးခုကို နောက်ပိုင်းအခန်းများတွင် အသေးစိတ်ရှင်းပြထားသည်။

ယဇ်ပုရောဟိတ်နှင့် ပရော ဖက်များသည်  ယေရမိကို သေကြောင်းကြံစည်ခဲ့ကြသည်။ သူတို့သည် ဗာဗုလုန်ဘုရင်၏အစေကိုခံရမည်ဟု ယေရမိကြေညာသောကြောင့်ဖြစ်၏။ ဘုရင်ဇေဒကိအား “ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကိုထမ်း” ပါလော့ဟု ယေရမိဆိုသည်။ (ယေရမိ ၂၇:၁၂) သို့သော်  “ဣသရေလအမျိုးသားတို့ကို အရပ်ရပ်သို့ကွဲပြားစေသောသူသည် တစ်ဖန်စုသိမ်း” မည်ဖြစ်သည်။ (ယေရမိ ၃၁:၁၀) အကြောင်းကောင်းရှိ၍ ရေခပ်အမျိုးသားများကို ကောင်းချီးပေးမည်ဟု ယေဟောဝါကတိပေးခဲ့သည်။ ယေရမိသည် “ထောင်ဝင်းထဲမှာ နေခဲ့ရသည်။” (ယေရမိ ၃၇:၂၁) ယေရုရှလင်မြို့ဖျက်ဆီးခံရပြီး မြို့သားများ သိမ်းသွားခြင်းခံရသည်။ ကျန်ရစ်ခဲ့သူများတွင် ယေရမိနှင့်စာရေးဗာရုတ် ပါဝင်သည်။ လူအချို့သည် ယေရမိသတိပေးတားမြစ်သည့်ကြားမှ အီဂျစ်သို့ ထွက်ပြေး၏။ အခန်းကြီး ၄၆ မှ ၅၁ တွင် တိုင်းနိုင်ငံများနှင့်ပတ်သက်၍ ယေရမိ၏ကြေညာချက်ကို ဖော်ပြထားသည်။

ကျမ်းစာမေးခွန်းများအဖြေ–

၂၂:၃၀—⁠ယင်းအမိန့်တော်က  ယေရှုခရစ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်  ထိုင်ပိုင်ခွင့်မရှိဟု ဆိုလိုသလော။ (မဿဲ ၁:၁၊ ၁၁) မဆိုလိုပါ။ ထိုအမိန့်တော်က ယောယကိမ်မင်းဆက်သည် “ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့် ယုဒပြည်ကိုစိုးစံရသောအခွင့်မရှိ” ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ယေရှုသည် ယုဒနိုင်ငံ၏ပလ္လင်ပေါ်မှမဟုတ်ဘဲ ကောင်းကင်မှနေ၍ အုပ်စိုးတော်မူသည်။

၂၃:၃၄ခမ—⁠ယေဟောဝါ၏ “ဝန်ထုပ်ဝန်ပိုး” ကား အဘယ်နည်း။ ယေရမိကြွေးကြော်သော ယေရုရှလင်မြို့ပျက်စီးခြင်းသတင်းသည် ထိုမြို့သားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်၏။ တစ်ဖန် တုံ့ပြန်မှုမရှိသူများသည် ယေဟောဝါအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး သူတို့ကို ကိုယ်တော် ငြင်းပယ်တော်မူမည်။ အလားတူ ခရစ်ယာန်ဘောင်ဖျက်ဆီးခံရတော့မည်ဟူသော ကျမ်းစာသတင်းစကားသည် ခရစ်ယာန်ဘောင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ထိုသတင်းကို လက်မခံသူတို့သည် ဘုရားသခင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်၏။

၃၁:၃၃—⁠ယေဟောဝါ၏ပညတ်တရားကို နှလုံးပေါ်မှာ မည်သို့ရေးထားနိုင်သနည်း။ လူတစ်ဦးသည် ဘုရားသခင်ကို နှစ်နှစ်ကာကာချစ်သောအခါ ကိုယ်တော့်အလိုတော်အတိုင်း လုပ်ဆောင်လိုစိတ်ပြင်းပြသည်။ သို့ဖြင့် ဘုရားသခင့်ပညတ်တရားကို နှလုံးပေါ်မှာ ရေးသားထားသည်ဟုဆိုနိုင်သည်။

၃၂:၁၀-၁၅—⁠လုပ်ငန်းကိစ္စတစ်ခုအတွက် စာချုပ်နှစ်စုံထားခြင်းက အဘယ်ကြောင့်နည်း။ ဖွင့်ထားသောစာချုပ်သည် လုပ်ငန်းကိစ္စ ဆွေးနွေးရာတွင် ဖတ်ရှုနိုင်ရန်ဖြစ်သည်။ ချိပ်ပိတ်စာချုပ်မူ ဖွင့်ထားသောစာချုပ်မှန်ကန်ကြောင်း သက်သေအဖြစ် သိမ်းဆည်းထားရန်ဖြစ်၏။ ဆွေမျိုးလည်းဖြစ်၊ ယုံကြည်သူချင်းလည်းဖြစ်သူနှင့် လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ယေရမိသည် တရားရေးလုပ်ထုံးများအတိုင်း လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ခဲ့၏။

၃၃:၂၃၊ ၂၄—⁠ဤတွင်ဖော်ပြထားသော “လူမျိုးနှစ်မျိုး” ကား အဘယ်နည်း။ တစ်မျိုးမှာ ဘုရင်ဒါဝိဒ်မင်းဆက်၏ တော်ဝင်မိသားစုဖြစ်ပြီး နောက်တစ်မျိုးမှာ အာရုန်မှဆင်းသက်သော ယဇ်ပုရောဟိတ်မိသားစုဖြစ်သည်။ ယေရုရှလင်မြို့နှင့် ဝတ်ပြုရာအိမ်တော်ကို ဖျက်ဆီးခြင်းဖြင့် ထိုလူမျိုးနှစ်မျိုးကို ယေဟောဝါ ငြင်းပယ်လိုက်သည်။ ကမ္ဘာပေါ်တွင် ယေဟောဝါကိုကိုယ်စားပြုသောနိုင်ငံ မရှိတော့ပေ၊ ထိုသို့သောဝတ်ပြုရေးကိုလည်း မတည်ထောင်တော့ပါ။

၄၆:၂၂—⁠အီဂျစ်လူတို့၏ စကားသံသည် မြွေမြည်သံကဲ့သို့ အဘယ်ကြောင့်ဖြစ်သနည်း။ ယင်းသည် ရှုံးနိမ့်၍နောက်ဆုတ်သွားသော မြွေတစ်ကောင်၏တွန်သံကိုဖြစ်စေ၊ ပျက်စီးခြင်းဘေးကြောင့် အီဂျစ်လူမျိုးတို့၏ အားအင်ချည့်နဲ့သောအသံကိုဖြစ်စေ ရည်ညွှန်းပုံရသည်။ ထို့ပြင် မြွေနတ်ဘုရားမထံမှ ကာကွယ်မှုရမည်ဟုယူဆကာ အီဂျစ်ဘုရင်များ၏ဦးဆောင်းတွင် မြွေရုပ်တပ်ဆင်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းကိုလည်း ဖော်ပြသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၂၁:၈၊ ၉; ၃၈:၁၉ယေဟောဝါသည် နောင်တမယူ၊ သေပြစ်ထိုက်သော ယေရုရှလင်မြို့သားများကို နောက်ဆုံးအချိန်အထိ ရွေးချယ်မှုပြုရန် ကမ်းလှမ်းခဲ့သည်။ ကိုယ်တော်သည် “ကရုဏာတော်ကြီးလှ၏။”—⁠၂ ဓမ္မရာဇဝင် ၂၄:၁၄; ဆာလံ ၁၁၉:၁၅၆

၃၁:၃၄အပြစ်များကို ယေဟောဝါခွင့်လွှတ်လိုက်ပြီဆိုပါက နောင်တစ်ချိန်တွင် အရေးယူရန် ယင်းတို့ကိုပြန်မအောက်မေ့တော့ကြောင်း သိရှိရခြင်းသည် စိတ်ချမ်းမြေ့စရာပါတကား။

၃၈:၇-၁၃; ၃၉:၁၅-၁၈“သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်းအမှု” အပါအဝင် ကျွန်ုပ်တို့၏သစ္စာရှိရှိဝတ်ပြုမှုကို ယေဟောဝါမေ့လျော့တော်မမူ။—⁠ဟေဗြဲ ၆:၁၀

၄၅:၄၊ ၅ယုဒနိုင်ငံ၏ဆုံးခန်းအချိန်ကဲ့သို့ ဤအစီအစဉ်  စနစ်၏ ‘နောက်ဆုံးကာလ’ သည် စည်းစိမ်၊ ကျော်ကြားခြင်း၊ ရုပ်ပစ္စည်းများဖြစ်သော “ကြီးစွာသောအရာ” ကို ရှာဖွေရမည့်အချိန်မဟုတ်ပေ။—⁠၂ တိမောသေ ၃:၁; ၁ ယောဟန် ၂:၁၇

ယေရုရှလင်မြို့ မီးရှို့ခံရ

(ယေရမိ ၅၂:၁-၃၄)

ဘီစီ ၆၀၇ သည် ဇေဒကိနန်းစံ ၁၁ နှစ်မြောက်ဖြစ်၏။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ၁၈ လတိုင်တိုင် ဝိုင်းရံခဲ့သည်။ နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်မြောက်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင် အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၏။ (၄ ဓမ္မရာဇဝင် ၂၅:၈) သူသည် မြို့ရိုးအပြင်တွင် တပ်ချခြင်းဖြစ်နိုင်ရာ မြို့အခြေအနေကိုစုံစမ်း၍ လုပ်ငန်းစဉ်ရေးဆွဲခဲ့သည်။ သုံးရက်အကြာ၊ ဆယ်ရက်နေ့တွင် ယေရုရှလင်မြို့ထဲ ဝင်ရောက်ခဲ့ပြီး မြို့ကိုမီးရှို့ခဲ့ကြသည်။—⁠ယေရမိ ၅၂:၁၂၊ ၁၃

ယေရမိသည် ယေရုရှလင်မြို့ပျက်စီးခြင်းအကြောင်း အသေးစိတ်ဟောခဲ့သည်။ သူ၏ဖော်ပြချက်များက မြည်တမ်းစရာဖြစ်စေသည်။ ယင်းမြည်တမ်းစကားများကို ယေရမိမြည်တမ်းစကားကျမ်းတွင် တွေ့ရှိရသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ယေရမိ၏ကြေညာချက်များတွင် ယေရုရှလင်မြို့အပေါ်ကျရောက်မည့် ယေဟောဝါ၏တရားစီရင်ချက်ပါဝင်သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေဟောဝါသည်မည်သည့်နည်းဖြင့် ယေရမိထက်အားကြီး၍ နိုင်တော်မူသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“ယုဒအမျိုးသားတို့သည် ဤကောင်းသောသင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟုငါဝန်ခံမည်။”—⁠ယေရမိ ၂၄:⁠၅