မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟန္နစိတ်ငြိမ်သက်မှုခံစားခဲ့ရပုံ

ဟန္နစိတ်ငြိမ်သက်မှုခံစားခဲ့ရပုံ

ဟန္နစိတ်ငြိမ်သက်မှုခံစားခဲ့ရပုံ

သစ္စာရှိအမျိုးသမီးတစ်ဦးသည် ယေဟောဝါထံ ဆုတောင်း၍ချီးမွမ်းလေ၏။ ဘုရားသခင်သည် ညှိုးငယ်မှိုင်တွေနေသော သူ့ကို မြေမှုန့်ထဲက ချီးမြှောက်တော်မူပြီး ရွှင်လန်းအားရစေသည်ဟု သူခံစားနေရ၏။

ထိုအမျိုးသမီးမှာ ဟန္နဖြစ်၏။ သူ့ခံစားချက် အဘယ်ကြောင့် အပြောင်းလဲကြီးပြောင်းလဲသွားသနည်း။ ယခု သူအဘယ်ကြောင့် ဤမျှရွှင်လန်းဝမ်းမြောက်နေရသနည်း။ သူ့ဖြစ်ရပ်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူနိုင်သနည်း။ အဖြေရနိုင်ရန် ဟန္န၏ဘဝဖြစ်ရပ်ကို သုံးသပ်ကြည့်ကြစို့။

စိတ်ဖိစီးမှုခံစားနေရသည့် မိသားစု

ဟန္နသည် ဧဖရိမ်တောင်ပေါ်မှာနေသော လေဝိအမျိုးသားဧလကာန၏ မယားနှစ်ဦးအနက် တစ်ဦးဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁:၁၊ ၂က; ၁ ရာဇဝင်ချုပ် ၆:၃၃-၃၅) ဘုရားသခင်၏မူလရည်ရွယ်ချက်တွင် မယားအများယူခြင်း မပါဝင်သော်လည်း မောရှေပညတ်က ထိုသို့ယူခွင့်ပြုထားသည်။ ဧလကာန၏မိသားစုသည် ယေဟောဝါကိုကိုးကွယ်သည့်တိုင် မယားအများယူသောအိမ်ထောင်တွင် ပြဿနာများပေါ်ပေါက်လေ့ရှိသည့်အတိုင်း သူ၏အိမ်ထောင်တွင်လည်း ထိုသို့ကြုံခဲ့ရသည်။

ဟန္န၏မယားပြိုင်ဖြစ်သော ပေနိန္နသည် သားသမီးထွန်းကားသော်လည်း ဟန္နခမျာ အမြုံဖြစ်နေရှာ၏။။—⁠၁ ဓမ္မရာဇဝင် ၁:၂ ခ။

ဣသရေလအမျိုးသမီးများအတွက် သားမဖွားဘဲမြုံနေခြင်းက ရှက်ဖွယ်ဖြစ်ပြီး ဘုရားသခင့်မျက်နှာသာမရသည့်လက္ခဏာဟုပင် ယူဆကြသည်။ သို့သော် ဟန္နသားမဖွားခြင်းမှာ ဘုရားသခင့်မျက်နှာသာမရဟူ၍ လုံးဝမဆိုလိုပါ။ သားသမီးထွန်းကားသော ပေနိန္နသည် ဟန္နကိုနှစ်သိမ့်ပေးမည့်အစား စိတ်ဆင်းရဲအောင် နှောင့်ယှက်လေ၏။

ယေဟောဝါ၏အိမ်တော်သို့ ခရီးနှင်

ထိုပဋိပက္ခများရှိငြား ဧလကာန၏မိသားစုသည် ယဇ်ပူဇော်ခြင်းငှာ ရှိလောမြို့ရှိ ဝတ်ပြုရာအိမ်တော်သို့ နှစ်တိုင်းသွားမြဲရှိ၏။ * အသွားအပြန် မိုင် ၄၀ ခရီးကို ခြေလျင်သွားခဲ့ပုံရသည်။ မိတ်သဟာယယဇ်ကိုပူဇော်ရာတွင် ပေနိန္နနှင့်သားသမီးအပေါင်းက အဖို့များစွာရရှိပြီး ဟန္နမှာမူ တစ်ဖို့ကိုသာရရှိသောကြောင့် စိတ်ချမ်းမြေ့နိုင်မည်မဟုတ်ပေ။ ယင်းကို ပေနိန္န အခွင့်ကောင်းယူ၍ ယေဟောဝါသည် “သားဖွားသောအခွင့်ကိုပေးတော်မမူ” ဟုဟန္နခံစားပြီး စိတ်သောကရောက်စေရန် နှောင့်ယှက်လေသည်။ နှစ်တိုင်းမပြတ် ထိုသို့ခံစားရသောကြောင့် ဟန္နလည်း အစာမစားနိုင်၊ ငိုလျက်နေတတ်၏။ ထိုခရီးစဉ်များတွင် သူရွှင်လန်းနေမည့်အစား စိတ်ဖိစီးလျက် သောကရောက်နေလေ့ရှိသည်။ သို့တိုင် သူသည် ဝတ်ပြုရာအိမ်တော်သို့ ခရီးနှင်ခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၁:၃-၇

ဟန္နသည် ကျွန်ုပ်တို့အတွက် အဘယ်ပုံသက်သေကောင်းချမှတ်ခဲ့သနည်း။ သင်စိတ်ဓာတ်ကျနေချိန်တွင် မည်သို့တုံ့ပြန်တတ်သနည်း။ ယုံကြည်သူချင်းများနှင့် အဆက်အသွယ်ဖြတ်ကာ ထီးတည်းနေမည်လော။ ဟန္န ထိုသို့မလုပ်ဆောင်ခဲ့ပါ။ ယေဟောဝါကိုဝတ်ပြုသူတို့နှင့်အတူ ဆက်၍ပေါင်းသင်းခဲ့၏။ ကျွန်ုပ်တို့လည်း စိတ်သောကရောက်နေသည့်တိုင် ထိုသို့ပြုသင့်သည်။—⁠ဆာလံ ၂၆:၁၂; ၁၂၂:၁; သု. ၁၈:၁; ဟေဗြဲ ၁၀:၂၄၊ ၂၅

ခင်ပွန်းဖြစ်သူဧလကာနက အားပေးနှစ်သိမ့်ကာ ဤသို့ပြောလေ၏– “ဟန္န အဘယ်ကြောင့်ငိုသနည်း။ အဘယ်ကြောင့်မစားဘဲနေသနည်း။ အဘယ်ကြောင့်စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ကောင်းသည်မဟုတ်လော” ဟုဆိုလေ၏။ (၁ ဓမ္မရာဇဝင် ၁:၈) ပေနိန္န၏ အကြင်နာကင်းမဲ့မှုကို ဧလကာန မသိခြင်းဖြစ်နိုင်သည်။ ဟန္နကိုယ်တိုင်လည်း မကျေမနပ်နှင့်တိုင်တန်းမည့်အစား ရေငုံနှုတ်ပိတ်၍ ကြိတ်ခံစားတတ်ခြင်းဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ၊ ဝိညာဉ်ရေးစိတ်ထားရှိသောဟန္နသည် စိတ်ငြိမ်သက်မှုရနိုင်ရန် ယေဟောဝါထံ ရင်ဖွင့်ဆုတောင်းခဲ့သည်။

ဟန္န သစ္စာကတိပြု

မိတ်သဟာယယဇ်ကို ယေဟောဝါ၏အိမ်တော်တွင် စားသုံးရသည်။ ဟန္နသည် ဝိုင်းဖွဲ့စားသောက်ကြသောအခန်းမှထွက်၍ ဘုရားသခင်ထံဆုတောင်းခဲ့၏။ (၁ ဓမ္မရာဇဝင် ၁:၉၊ ၁၀) ‘အိုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၊ ကိုယ်တော်၏ကျွန်မကို မေ့လျော့တော်မမူဘဲ ကိုယ်တော်ကျွန်မ၏ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့် သားယောက်ျားကိုပေးသနားတော်မူလျှင် သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံးဘုရားသခင်၏ ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်’ ဟုသူဆုတောင်းလေ၏။—⁠၁ ဓမ္မရာဇဝင် ၁:၁၁

ဟန္နသည် လိုအပ်ရာကို သတ်သတ်မှတ်မှတ်ဆုတောင်းခဲ့၏။ သားယောက်ျားကိုပေးသနားပါရန် ဆုတောင်းပြီးနောက် ထိုသားကို တစ်သက်လုံး နာဇရိလူအဖြစ် ယေဟောဝါထံအပ်ပါမည်ဟု သစ္စာကတိပြုလေသည်။ (တောလည်ရာ ၆:၁-၅) လင်ယောက်ျား၏သဘောတူညီချက်ရရှိမှသာ ထိုသို့ကတိပြုနိုင်မည်ဖြစ်သော်လည်း နောက်ပိုင်း ဧလကာန၏လုပ်ရပ်က ချစ်ဇနီး၏ကတိပြုချက်ကို သဘောတူကြောင်း ဖော်ပြသည်။—⁠တောလည်ရာ ၃၀:၆-၈

ဟန္နသည် စိတ်နှလုံးနှင့်ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း စကားသံမထွက်သောကြောင့် ယဇ်ပုရောဟိတ်မင်းဧလိက သူယစ်မူးနေသည်ဟု ယူမှတ်ခဲ့၏။ သို့သော် ဟန္န လှိုက်လှိုက်လှဲလှဲဆုတောင်းနေခြင်းဖြစ်၏။ (၁ ဓမ္မရာဇဝင် ၁:၁၂-၁၄) ယစ်မူးနေသည်ဟု ဧလိအပြစ်တင်သောအခါ ဟန္နမည်သို့ခံစားရမည်ကို တွေးကြည့်ပါ။ သို့သော် သူသည် ယဇ်ပုရောဟိတ်မင်းကို ရိုသေလေးစားစွာ ပြန်ရှင်းပြခဲ့၏။ ဟန္နသည် “မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း” ကို ရင်ဖွင့်ဆုတောင်းနေကြောင်း ဧလိသိသွားသည့်အခါ “ယခုဆုတောင်းသည်အတိုင်း ဣသရေလအမျိုး၏ဘုရားသခင် ပေးသနားတော်မူပါစေသော” ဟုမြွက်ဆို၏။ (၁ ဓမ္မရာဇဝင် ၁:၁၅-၁၇) သို့နှင့် ဟန္နလည်း ထွက်သွား၍အစာကိုစားလေ၏၊ “နောက်တစ်ဖန် မျက်နှာညှိုးငယ်ခြင်းမရှိချေ။”—⁠၁ ဓမ္မရာဇဝင် ၁:၁၈သမ္မာ။

ယင်းတို့မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ကျွန်ုပ်တို့၏ပူပင်သောကများကို ယေဟောဝါထံ ရင်ဖွင့်ဆုတောင်းရာတွင် မိမိခံစားချက်ကိုပြောပြကာ လှိုက်လှိုက်လှဲလှဲဆုတောင်းနိုင်သည်။ ကျွန်ုပ်တို့ဘာမျှမတတ်နိုင်သော အခြေအနေဖြစ်ပါက ကိုယ်တော်ထံ လုံးလုံးလျားလျားအပ်နှံထားသင့်သည်။ ယင်းက အကောင်းဆုံးလမ်းစဉ်ဖြစ်၏။—⁠သု. ၃:၅၊ ၆

ဘုရားသခင်၏ကျေးကျွန်များသည် လှိုက်လှိုက်လှဲလှဲဆုတောင်းပြီးနောက် ဟန္နနည်းတူ စိတ်ငြိမ်သက်မှုရရှိခဲ့ကြသည်။ ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။’ (ဖိလိပ္ပိ ၄:၆၊ ၇) ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားသည့်အခါ လုံးလုံးလျားလျားပုံအပ်ခြင်းဖြစ်ရမည်။ ထို့နောက် ဟန္နနည်းတူ နောက်တစ်ဖန် မျက်နှာညှိုးငယ်နေဖို့ မလိုတော့ပေ။—⁠ဆာလံ ၅၅:၂၂

ယေဟောဝါအားငှားသော သားတစ်ဦး

ဟန္နကို ဘုရားသခင်အောက်မေ့တော်မူသဖြင့် သူသည် ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်လေ၏။ (၁ ဓမ္မရာဇဝင် ၁:၁၉၊ ၂၀) ယင်းသည် မိမိကျေးကျွန်ဖြစ်လာမည့်ကလေးတစ်ဦး ဖွားမြင်ရာတွင် ဘုရားသခင် တာဝန်ယူခဲ့သော ကျမ်းစာမှတ်တမ်းအနည်းငယ်မှ တစ်ခုဖြစ်၏။ ဧလကာနနှင့်ဟန္နတို့၏သား ရှမွေလသည် ဣသရေလမင်းဆက် တည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သော ပရောဖက်တစ်ပါးဖြစ်လာရမည်။

ဟန္နသည် ရှမွေလငယ်စဉ်ကတည်းက ယေဟောဝါအကြောင်း သွန်သင်ပေးမည်မှာသေချာ၏။ သို့သော် သူပြုခဲ့သောကတိကို မေ့လျော့သွားပြီလော။ လုံးဝမမေ့ခဲ့ပေ။ ‘နို့နှင့်ကွာပြီးမှ သူငယ်ကိုဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားသခင်ရှေ့တော်သို့ရောက်၍ အမြဲနေရလိမ့်မည်’ ဟုဆိုလေ၏။ ရှမွေလ သုံးနှစ်အရွယ် သို့မဟုတ် ထို့ထက်ပိုကြီးသောအရွယ်တွင် ဟန္နသည် မိမိကတိအတိုင်း သူငယ်ကို ယေဟောဝါ၏အိမ်တော်သို့ ဆောင်သွားလေ၏။—⁠၁ ဓမ္မရာဇဝင် ၁:၂၁-၂၄; ၂ ရာဇဝင်ချုပ် ၃၁:၁၆

ယေဟောဝါထံ ယဇ်ပူဇော်ပြီးနောက် ဟန္နနှင့်သူ၏ခင်ပွန်းသည် ရှမွေလကို ဧလိထံခေါ်သွားခဲ့သည်။ ဟန္နသည် သားဖြစ်သူ၏လက်ကို ဆုပ်ကိုင်ကာ ဧလိကို ဤသို့ဆိုလေသည်– ‘ကျွန်မ၏သခင်၊ ကိုယ်တော်အသက်ရှင်သည်အတိုင်း ကျွန်မသည် ယမန်တစ်ခါဤအရပ်၌ ကိုယ်တော်အနားမှာရပ်လျက် ဆုတောင်းသောမိန်းမဖြစ်ပါ၏။ ထိုအခါ ဤသူငယ်ကိုရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသခင်သည် ပေးသနားတော်မူပြီ။ ထို့ကြောင့် ကျွန်မသည် သူ့ကိုထာဝရဘုရားသခင်အား ငှားပါပြီ။ သူသည် တစ်သက်လုံး ထာဝရဘုရားသခင်ထံတော်၌ အငှားခံ၍နေရပါမည် သခင်။’ သို့နှင့် ရှမွေလသည် တစ်သက်လုံး ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၁:၂၅-၂၈; ၂:၁၁

အချိန်ကုန်လွန်သွားသော်လည်း ဟန္နသည် ရှမွေလကို မေ့လျော့မသွားခဲ့ပါ။ “နှစ်စဉ်ပြုရသောယဇ်ကိုပူဇော်ခြင်းငှာ သူ၏မိဘသည် ရောက်လာသောအခါ အမိသည် တစ်နှစ်မပြတ် သားအဖို့ အင်္ကျီငယ်ကိုချုပ်၍ဆောင်ခဲ့တတ်၏” ဟုကျမ်းစာကဆိုသည်။ (၁ ဓမ္မရာဇဝင် ၂:၁၉) ဟန္နသည် ရှမွေလအတွက် အမှန်ပင် ဆုတောင်းပေးနေဆဲဖြစ်သည်။ နှစ်စဉ် သားအမိတွေ့ဆုံချိန်တွင် ဘုရားသခင့်အမှုတော်၌ ဆက်သစ္စာရှိနေရန် အားပေးခဲ့မည်မှာ သေချာသည်။

တစ်ကြိမ်တွင် ဧလိသည် ဧလကာနအား ‘သင်သည် ထာဝရဘုရားသခင်၌ ငှားထားသောသားအတွက် ဤမိန်းမတွင် အမျိုးအနွယ်ကို ပေးတော်မူပါစေသော’ ဟုဆိုကာ သူတို့ကိုကောင်းချီးပေး၏။ ထိုစကားအတိုင်း ဧလကာနနှင့်ဟန္နသည် သားသုံးယောက်၊ သမီးနှစ်ယောက်ထွန်းကားခဲ့လေသည်။—၁ ဓမ္မရာဇဝင် ၂:၂၀၊ ၂၁

ဟန္နသည် ခရစ်ယာန်မိဘများအတွက် အလွန်ကောင်းသောပုံသက်သေပင်။ မိဘများစွာသည် မိမိတို့သားသမီးကို ရပ်ဝေးတွင် အချိန်ပြည့်အမှုဆောင်ရန် အားပေးခြင်းဖြင့် ယေဟောဝါထံငှားခဲ့ကြသည်။ ထိုသို့အနစ်နာခံပေးဆက်မှုများအတွက် မေတ္တာပြည့်ဝသောမိဘများကို ချီးမွမ်းထိုက်ပါသည်။ ထို့ပြင် ယေဟောဝါလည်း သူတို့ကို ကောင်းချီးပေးပါလိမ့်မည်။

ဟန္န၏ ဝမ်းမြောက်ဝမ်းသာဆုတောင်းစကား

တစ်ချိန်က အမြုံဖြစ်သော ဟန္န ဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! သမ္မာကျမ်းစာတွင် အမျိုးသမီးများ၏ဆုတောင်းချက်များကို မှတ်တမ်းတင်ခြင်း မရှိသလောက်ပင်။ သို့သော် ဟန္န၏ဆုတောင်းစကားနှစ်မျိုးကို ကျွန်ုပ်တို့ဖတ်ရှုနိုင်သည်။ ပထမဆုတောင်းချက်မှာ စိတ်ညှိုးငယ်မှုအကြောင်းဖြစ်ပြီး ဒုတိယမှာ ကျေးဇူးတင်စိတ်ဖြင့် ဝမ်းမြောက်ဝမ်းသာဆုတောင်းချက်ဖြစ်၏။ “ငါ့စိတ်နှလုံးသည် ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်း” ၏ဟု သူအစချီဆုတောင်းသည်။ “မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင်ဖွားမြင်ပြီ” ဟုဆိုကာ ယေဟောဝါသည် “ဆင်းရဲသောသူကိုမြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း ချီးမြှောက်” သောအရှင်ဖြစ်သည်ဟု ချီးမွမ်းခဲ့သည်။—⁠၁ ဓမ္မရာဇဝင် ၂:၁-၁၀

ဟန္န၏ဖြစ်ရပ်က အခြားသူများ၏မစုံလင်မှု၊ မလိုမုန်းထားမှုများကြောင့် ကျွန်ုပ်တို့ စိတ်ထိခိုက်နိုင်ကြောင်း ဖော်ပြသည်။ သို့တိုင် ယင်းကြောင့် ယေဟောဝါ၏အမှုဆောင်ရာတွင် ရွှင်လန်းမှု ပျောက်ဆုံးမသွားသင့်ပေ။ ကိုယ်တော်သည် ဆုတောင်းချက်ကို နားညောင်းတော်မူသောအရှင်၊ သစ္စာရှိသူများ၏ဆုတောင်းချက်ကို ဖြေကြားသောအရှင်၊ ဆင်းရဲခက်ခဲမှုကြားမှကယ်နုတ်ကာ ငြိမ်သက်ခြင်းနှင့် အခြားကောင်းချီးများကို ကြွယ်ဝစွာ ပေးသနားတော်မူသောအရှင်  ဖြစ်တော်မူသည်။—⁠ဆာလံ ၂၂:၂၃-၂၆; ၃၄:၆-၈; ၆၅:⁠၂

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 သမ္မာကျမ်းစာတွင် စစ်မှန်သောဝတ်ပြုရေးဗဟိုဖြစ်သော ဤနေရာကို ယေဟောဝါ၏ “အိမ်တော်” ဟုခေါ်၏။ ထိုခေတ်အခါက ပဋိညာဉ်သေတ္တာတော်သည် တဲတော်တွင် ရှိနေဆဲပင်။ ယေဟောဝါ၏အိမ်တော်ကို ဘုရင်ရှောလမုန်လက်ထက်တွင်  ဦးဆုံးအနေနှင့် အတည်တကျဆောက်လုပ်မည်ဖြစ်သည်။—⁠၁ ဓမ္မရာဇဝင် ၁:၉; ၂ ဓမ္မရာ ဝင် ၇:၂၊ ၆; ၃ ဓမ္မရာဇဝင် ၇:၅၁; ၈:၃၊ ၄

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဟန္နသည် ရှမွေလကို ယေဟောဝါအား ငှားခဲ့