မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်နှင့် ကိုယ်တော်၏တည်ကြည်သောကျွန်အပေါ် မသွေမဖည် စွဲမြဲတည်ကြည်လော့

ခရစ်တော်နှင့် ကိုယ်တော်၏တည်ကြည်သောကျွန်အပေါ် မသွေမဖည် စွဲမြဲတည်ကြည်လော့

ခရစ်တော်နှင့် ကိုယ်တော်၏တည်ကြည်သောကျွန်အပေါ် မသွေမဖည် စွဲမြဲတည်ကြည်လော့

“အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။”—⁠မဿဲ ၂၄:၄၅-၄၇

၁၊ ၂။ (က) သမ္မာကျမ်းစာအရ ကျွန်ုပ်တို့၏ခေါင်းဆောင်မှာ မည်သူနည်း။ (ခ) ခရစ်တော်သည် ခရစ်ယာန်အသင်းတော်ကို တက်ကြွစွာဦးဆောင်နေကြောင်း အဘယ်အရာက ဖော်ပြသနည်း။

“သင်တို့သည် ခေါင်းဆောင်ဟူ၍လည်း အခေါ်မခံကြနှင့်။ သင်တို့တွင် မေရှိယ [“ခရစ်တော်၊” ကဘ] တည်းဟူသော ခေါင်းဆောင်တစ်ပါးတည်းသာရှိ၏။” (မဿဲ ၂၃:၁၀ခမ) ကမ္ဘာပေါ်ရှိ မည်သည့်လူသားမျှ ကိုယ်တော့်နောက်တော်လိုက်များ၏ ခေါင်းဆောင်ဖြစ်မည်မဟုတ်ကြောင်း ယင်းစကားများဖြင့် ယေရှုရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သူတို့၏တစ်ဦးတည်းသောခေါင်းဆောင်မှာ ကောင်းကင်၌ရှိသော ယေရှုခရစ်ကိုယ်တော်တိုင်ပင်ဖြစ်မည်။ ယေရှုသည် ဘုရားသခင်၏ခန့်အပ်မှုဖြင့် ဤအနေအထား ရရှိခြင်းဖြစ်သည်။ ယေဟောဝါသည် “ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ . . . အသင်းတော်အဖို့အလို့ငှာ သူ့ကို အလုံးစုံတို့၏အချုပ်အခြာဦးခေါင်း ဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား . . . ခရစ်တော်၏ကိုယ်ဖြစ်သတည်း။”—⁠ဧဖက် ၁:၂၀-၂၃

ခရစ်တော်သည် ခရစ်ယာန်အသင်းတော်နှင့်ပတ်သက်သည့် ‘အလုံးစုံတို့၏ဦးခေါင်း’ ဖြစ်တော်မူသောကြောင့် အသင်းတော်အတွင်းရှိ အဖြစ်အပျက်အားလုံးအပေါ် ကိုယ်တော်၏အာဏာတော်ကို အသုံးပြုတော်မူသည်။ ကိုယ်တော်သည် အသင်းတော်အတွင်းဖြစ်ပျက်ရာအားလုံးကို တွေ့မြင်တော်မူသည်။ ခရစ်ယာန်အသင်းတော်တစ်ခုစီ၏ ဝိညာဉ်ရေးအခြေအနေကို ကိုယ်တော်အသေအချာကြည့်ရှုတော်မူသည်။ ယင်းကို အေဒီပထမရာစုကုန်ခါနီးတွင် တမန်တော်ယောဟန်အားပေးခဲ့သော စိတ်အာရုံ၌ အထင်အရှားတွေ့ရသည်။ ယေရှုသည် အသင်းတော်ခုနစ်ခုအား မိန့်တော်မူရာတွင် သူတို့၏အကျင့်များ၊ သူတို့၏စိတ်ထက်သန်မှုများ၊ သူတို့၏အားနည်းချက်များကိုသိတော်မူကြောင်း ငါးကြိမ်ဖော်ပြခဲ့ပြီး သူတို့အခြေအနေနှင့်အညီ ဆုံးမစကားနှင့်အားပေးစကားများကို မိန့်ဆိုခဲ့သည်။ (ဗျာ. ၂:၂၊ ၉၊ ၁၃၊ ၁၉; ၃:၁၊ ၈၊ ၁၅) အာရှမိုင်းနား၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ ဗာဗုလုန်၊ ဂရိ၊ အီတလီနှင့် အခြားဒေသများမှ အသင်းတော်များ၏ ဝိညာဉ်ရေးအခြေအနေကိုလည်း ခရစ်တော်သိတော်မူကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (တမန်တော် ၁:၈) ယနေ့အချိန်နှင့်ပတ်သက်၍ကော အသို့နည်း။

တည်ကြည်သောကျွန်

၃။ ခရစ်တော်သည် ဦးခေါင်းဖြစ်ပြီး ကိုယ်တော်၏အသင်းတော်သည် ကိုယ်ခန္ဓာဖြစ်သည်ဟု နှိုင်းယှဉ်ဖော်ပြခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။

ယေရှုရှင်ပြန်ထမြောက်ပြီး ခမည်းတော်ရှိရာကောင်းကင်သို့မတက်ကြွမီ တပည့်များအား ဤသို့မိန့်တော်မူခဲ့၏– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” ကိုယ်တော် ဤသို့လည်းမိန့်တော်မူခဲ့၏– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၈-၂၀) ကိုယ်တော်သည် တက်ကြွစွာဦးဆောင်သော ခေါင်းဆောင်အနေနှင့် သူတို့နှင့်အတူ အမြဲရှိနေမည်ဖြစ်သည်။ ဧဖက်နှင့် ကောလောသဲရှိ ခရစ်ယာန်များထံရေးသောစာတွင် တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်ကို ‘ကိုယ်ခန္ဓာ’ တစ်ခုနှင့်ခိုင်းနှိုင်းဖော်ပြခဲ့ပြီး ဦးခေါင်းမှာ ခရစ်တော်ဖြစ်သည်။ (ဧဖက် ၁:၂၂၊ ၂၃; ကောလောသဲ ၁:၁၈) ကျောင်းများနှင့် ကောလိပ်များအတွက် ကင်းဘရစ်ကျမ်းစာ၌ ယင်းဥပစာအသုံးအနှုန်းသည် “ဦးခေါင်းနှင့် တစ်ပေါင်းတစ်စည်းတည်းရှိသည်ကို ဖော်ပြရုံသာမကဘဲ ခေါင်းဆောင်သည် အဖွဲ့ဝင်များအား ဦးစီးညွှန်ကြားသည်ကို ဖော်ပြရာလည်းရောက်သည်။ အဖွဲ့ဝင်များသည် ခေါင်းဆောင်၏ အသုံးတော်ခံများဖြစ်ကြသည်” ဟုဆိုထား၏။ ခရစ်တော်သည် ဘုရားသခင့်နိုင်ငံတော်အာဏာကို ၁၉၁၄ ခုနှစ်ကတည်းက ရရှိထားပြီဖြစ်သောကြောင့် မည်သည့်အဖွဲ့ကို ကိုယ်တော်၏အသုံးတော်ခံအဖြစ် အသုံးပြုတော်မူသနည်း။—⁠ဒံယေလ ၇:၁၃၊ ၁၄

၄။ မာလခိပရောဖက်ပြုချက်တွင် ကြိုဟောထားချက်အရ ယေဟောဝါနှင့် ခရစ်တော်ယေရှုသည် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်ကို စစ်ဆေးရန်ကြွလာချိန်တွင် အဘယ်အရာကို တွေ့ရှိခဲ့သနည်း။

‘မှန်သောသခင်’ ဖြစ်တော်မူသော ယေဟောဝါသည် ကိုယ်တော်၏ “ပဋိညာဉ်တမန်” ဖြစ်သော နန်းထိုင်ခါစသားတော် ခရစ်တော်ယေရှုနှင့်အတူ ကြွလာတော်မူပြီး ကိုယ်တော်၏ ‘ဝတ်ပြုရာအိမ်တော်’ သို့မဟုတ် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်အား စစ်ကြောစီရင်မည်ကို မာလခိပရောဖက်ပြုချက်၌ ကြို၍ဖော်ပြထားသည်။ ‘ဘုရားသခင်၏ ဝတ်ပြုရာအိမ်တော်ကို စစ်ကြောစီရင်’ ရန် ‘သတ်မှတ်ထားသောအချိန်’ သည် ၁၉၁၈ ခုနှစ်တွင် စတင်ကြောင်း ထင်ရှားသည်။ * (မာလခိ ၃:၁; ၁ ပေတရု ၄:၁၇) ဘုရားသခင်နှင့် ကိုယ်တော်၏မြေကြီးပေါ်ရှိ မှန်သောဝတ်ပြုရေးကို ကိုယ်စားပြုသည်ဟု အခိုင်အမာဆိုကြသူတို့သည် စစ်ဆေးခံရန် သင့်လျော်ပါသည်။ ဘုရားသခင်ကိုဂုဏ်မတင်သော အယူဝါဒများကို ရာစုနှစ်ချီ သွန်သင်လာခဲ့ကြပြီး ပထမကမ္ဘာစစ်အတွင်း သိမ်းရုံးသတ်ဖြတ်မှုတွင် လွန်စွာပါဝင်ပတ်သက်ခဲ့ကြသည့် ခရစ်ယာန်ဘောင်ချာ့ခ်ျများသည် ငြင်းပယ်ခံခဲ့ရ၏။ တည်ကြည်မှုရှိသော ဝိညာဉ်တော်ဖွားခရစ်ယာန်အကြွင်းအကျန်သည် စမ်းသပ်ခံခဲ့ရ၊ မီးဖြင့်ချေးချွတ်သန့်စင်ခံခဲ့ရပြီး ယေဟောဝါအဖို့ ‘ဖြောင့်မတ်ခြင်းပူဇော်ရာယဇ်’ ဖြစ်လာခြင်းဖြင့် နှစ်သက်လက်ခံမှုကို ရရှိခဲ့သည်။—⁠မာလခိ ၃:၃

၅။ ယေရှု “ရောက်ရှိတော်မူခြင်း” ဆိုင်ရာပရောဖက်ပြုချက်နှင့်အရ မည်သူတို့သည် တည်ကြည်သော “ကျွန်” ဖြစ်ကြောင်း သက်သေထူခဲ့သနည်း။

မာလခိပရောဖက်ပြုချက်နှင့်အညီ ယေရှုသည် “ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်ကုန်ဆုံး” မည့်အချိန်ကို တပည့်များခွဲခြားသိမြင်နိုင်စေရန်ပေးခဲ့သော စုပေါင်းနိမိတ်တွင် “ကျွန်” အတန်းအစားနှင့်ပတ်သက်၍ ဖော်ပြခဲ့သည်။ ယေရှု ဤသို့မိန့်တော်မူခဲ့၏– ‘အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ တည်ကြည်မှုနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကားအဘယ်သူနည်း။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။’ (မဿဲ ၂၄:၃ [ကဘ]၊ ၄၅-၄၇) “ကျွန်” အတန်းအစားကိုစစ်ဆေးရန် ခရစ်တော် “ပြန်လာ” ချိန်၊ ၁၉၁၈ ခုနှစ်တွင် တည်ကြည်သောဝိညာဉ်တော်ဖွားအကြွင်းအကျန်ကို တွေ့ရှိခဲ့သည်၊ သူတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သော ‘အချိန်တန်အစာ’ ကိုပြင်ဆင်ပေးရာတွင် ၁၈၇၉ ခုနှစ်ကတည်းကစထုတ်ဝေခဲ့သော ဤဂျာနယ်နှင့် ကျမ်းစာအခြေပြု အခြားစာပေများကို အသုံးပြုခဲ့သည်။ သူတို့သည် ကိုယ်တော်၏ အသုံးတော်ခံ၊ သို့မဟုတ် “ကျွန်” အတန်းအစားဖြစ်ကြောင်း အသိအမှတ်ပြုလက်ခံတော်မူခဲ့ပြီး ကိုယ်တော်၏ မြေကြီးနှင့်ဆိုင်သောဥစ္စာရှိသမျှကို စီမံခန့်ခွဲရန် ၁၉၁၉ ခုနှစ်တွင် သူတို့ထံ အပ်နှံတော်မူခဲ့သည်။

ခရစ်တော်၏ မြေကြီးဆိုင်ရာဥစ္စာများကို စီမံခန့်ခွဲခြင်း

၆၊ ၇။ (က) ယေရှုသည် တည်ကြည်သော “ကျွန်” နှင့်ပတ်သက်၍ အခြားအဘယ်အသုံးအနှုန်းများဖြင့် မိန့်တော်မူခဲ့သနည်း။ (ခ) ယေရှုအသုံးပြုသည့် “ဘဏ္ဍာစိုး” ဟူသောစကားလုံးသည် အဘယ်အရာကို ဆိုလိုသနည်း။

ယေရှုသည် မြေကြီးပေါ်တွင် ကိုယ်တော်ကိုကိုယ်စားပြုသော “ကျွန်” အတန်းအစားအကြောင်းပါသော ကိုယ်တော်ရောက်ရှိခြင်းဆိုင်ရာ ပရောဖက်ပြုချက်နိမိတ်ကို မိန့်တော်မမူမီ လအနည်းငယ်ခန့်က ယင်း “ကျွန်” အကြောင်းမိန့်ဆိုရာတွင် အသုံးပြုခဲ့သော မတူညီသည့်အသုံးအနှုန်းများက ထိုကျွန်၏တာဝန်များကို သိရှိစေရန် အလင်းဖြာပေးခဲ့သည်။ ယေရှုဤသို့မိန့်တော်မူ၏– ‘အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ တည်ကြည်မှုနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန် [“ဘဏ္ဍာစိုး၊” ကဘ] ကားအဘယ်သူနည်း။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။”—⁠လုကာ ၁၂:၄၂၊ ၄၄

ဤတွင် ကျွန်ကို ဘဏ္ဍာစိုးဟုခေါ်ဆိုထားပြီး “အိမ်သူအိမ်သား သို့မဟုတ် ပိုင်ဆိုင်ရာဥစ္စာကို စီမံအုပ်ချုပ်သူ” ဟုအဓိပ္ပာယ်ရသော ဂရိစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ ဘဏ္ဍာစိုးအတန်းအစားသည် ကျမ်းစာထဲမှ စိတ်ဝင်စားဖွယ်အချက်များကို ရှင်းပြကြသော ပညာတတ်အုပ်စုတစ်ခုမျှသာ မဟုတ်ပါ။ အာဟာရပြည့်သောဝိညာဉ်အစာကို “အချိန်တန်” ပြင်ဆင်ပေးသည့်အပြင် ‘တည်ကြည်သောဘဏ္ဍာစိုး’ သည် ခရစ်တော်၏နောက်လိုက်အားလုံးကိုကြည့်ရှုရန် ခန့်အပ်ခံရကာ မြေကြီးပေါ်ရှိ ခရစ်တော်၏အသင်းတော်နှင့် ယင်း၏လုပ်ငန်းဆောင်တာများဖြစ်သည့် “ဥစ္စာရှိသမျှတို့” ကိုစီမံခန့်ခွဲရန် တာဝန်ခန့်အပ်ခံရမည်ဖြစ်သည်။ ခရစ်တော်၏ဥစ္စာရှိသမျှတို့မှာ အဘယ်နည်း။

၈၊ ၉။ ကျွန်အတန်းအစား စီမံခန့်ခွဲရန် အပ်နှင်းခံရသော “ဥစ္စာ” များကား အဘယ်နည်း။

ကျွန်အတန်းအစား၏တာဝန်များတွင် ခရစ်တော်၏နောက်လိုက်များ မိမိတို့၏ခရစ်ယာန်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် အသုံးပြုကြသော ရုပ်ပိုင်းဆိုင်ရာအဆောက်အဦများကို ကြီးကြပ်ပေးခြင်း ပါဝင်သည်၊ ယင်းတို့မှာ ဝတ်ပြုရာနေရာများဖြစ်သော ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ စည်းဝေးပွဲခန်းမများအပြင် ကမ္ဘာ့ဌာနချုပ်နှင့် ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးများစသည်တို့ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ကျွန်အတန်းအစားသည် ပတ်စဉ်အစည်းအဝေးများနှင့် ပုံမှန်ကျင်းပလျက်ရှိသော စည်းဝေးပွဲများ၊ စည်းဝေးကြီးများ၌တင်ဆက်သည့် ဝိညာဉ်ရေးတည်ဆောက်မှုဖြစ်စေသော ကျမ်းစာလေ့လာမှုအစီအစဉ်များကိုလည်း ကြီးကြပ်ပေးသည်။ ထိုစုဝေးမှုများတွင် ပြည့်စုံလျက်ရှိသည့် သမ္မာကျမ်းစာပရောဖက်ပြုချက်များကိုဖော်ပြပြီး နေ့စဉ်အသက်တာတွင် သမ္မာကျမ်းစာမူများ မည်သို့ကျင့်သုံးနိုင်ပုံတို့ကို အချိန်တန်ညွှန်ကြားပေးသည်။

ဘဏ္ဍာစိုး၏တာဝန်များတွင် အရေးအကြီးဆုံးလုပ်ငန်းဖြစ်သော ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ဟောပြောခြင်းနှင့် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ခြင်းလုပ်ငန်းကို ကြီးကြပ်ပေးခြင်းလည်း ပါဝင်သည်။ ယင်းတွင် ဤနောက်ဆုံးကာလအတွင်း လုပ်ဆောင်ရမည်ဟု အသင်းတော်၏ဦးခေါင်း ခရစ်တော်မိန့်မှာထားရာကို လုပ်ဆောင်ရန် လူများကိုသွန်သင်ပေးခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ဗျာ. ၁၂:၁၇) ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းကြောင့် ဝိညာဉ်တော်ဖွားအကြွင်းအကျန်၏ တည်ကြည်သောအပေါင်းပါ ‘လူအုပ်ကြီး’ ပေါ်ထွက်လာခဲ့သည်။ ယင်း ‘လူအုပ်ကြီး’ သည် ‘လူမျိုးအပေါင်းမှ နှစ်သက်ဖွယ်သောအရာများ’ ဖြစ်ပြီး တည်ကြည်သောကျွန်စီမံခန့်ခွဲသော ခရစ်တော်၏အဖိုးထိုက် “ဥစ္စာ” များထဲတွင် အမှန်ပင်ပါဝင်သည်။—⁠ဗျာ. ၇:၉; ဟဂ္ဂဲ ၂:၇

ကျွန်အတန်းအစားကိုကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့

၁၀။ ပထမရာစုတွင် ဆုံးဖြတ်ချက်များချသည့် အဘယ်အဖွဲ့ တည်ရှိခဲ့သနည်း၊ အသင်းတော်များအပေါ် အဘယ်သက်ရောက်မှုရှိခဲ့သနည်း။

၁၀ တည်ကြည်သောကျွန်၏ ကြီးလေးသောတာဝန်များတွင် သူတို့ချသောဆုံးဖြတ်ချက်များပါဝင်သည်မှာ ရှင်းနေပါသည်။ အစောပိုင်းခရစ်ယာန်အသင်းတော်တွင် တမန်တော်များနှင့် ယေရုရှလင်မြို့ရှိအကြီးအကဲများသည် ခရစ်ယာန်အသင်းတော်တစ်ခုလုံးအတွက် ဆုံးဖြတ်ချက်များချပေးခြင်းဖြင့် ကျွန်အတန်းအစားကို ကိုယ်စားပြုခဲ့သည်။ (တမန်တော် ၁၅:၁၊ ၂) ပထမရာစုအုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို စာအားဖြင့်ဖြစ်စေ၊ နယ်လှည့်ကိုယ်စားလှယ်များအားဖြင့်ဖြစ်စေ အသင်းတော်များသို့ ပေးပို့ခဲ့သည်။ အစောပိုင်းခရစ်ယာန်များသည် ရှင်းလင်းသောညွှန်ကြားချက်များကို လက်ခံရရှိ၍ ဝမ်းမြောက်ခဲ့ကြပြီး အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းရန်တလိုတလားရှိခြင်းကြောင့် ငြိမ်သက်မှုနှင့်စည်းလုံးမှု တိုးပွားခဲ့သည်။—⁠တမန်တော် ၁၅:၂၂-၃၁; ၁၆:၄၊ ၅; ဖိလိပ္ပိ ၂:၂

၁၁။ ယနေ့အချိန်တွင် ခရစ်တော်သည် မိမိ၏အသင်းတော်ကိုညွှန်ကြားရန် မည်သူ့ကို အသုံးပြုတော်မူသနည်း။ ကျွန်ုပ်တို့သည် ဤဝိညာဉ်တော်ဖွားခရစ်ယာန်အုပ်စုကို မည်သို့ရှုမြင်သင့်သနည်း။

၁၁ အစောပိုင်းခရစ်ယာန်များအချိန်ကကဲ့သို့ပင် ယနေ့အချိန်တွင် မြေကြီးပေါ်ရှိ ခရစ်တော်နောက်လိုက်များ၏အုပ်ချုပ်ရေးအဖွဲ့ကို ဝိညာဉ်တော်ဖွား ကြီးကြပ်မှူးများအုပ်စုငယ်လေးဖြင့် ဖွဲ့စည်းထားသည်။ အသင်းတော်၏ဦးခေါင်း ခရစ်တော်သည် ကိုယ်တော်၏တည်ကြည်သောအမျိုးသားများ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း ကြီးကြပ်နေမှုကို ကိုယ်တော်၏ “လက်ယာလက်တော်၊” အသုံးချတန်ခိုးတော်အားဖြင့် ညွှန်ကြားပေးတော်မူ၏။ (ဗျာ. ၁:၁၆၊ ၂၀) အုပ်ချုပ်ရေးအဖွဲ့တွင် သက်တမ်းကြာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မကြာသေးမီက သူ၏မြေကြီးအသက်တာ ကုန်ဆုံးသွားပြီဖြစ်သော အဲလ်ဘတ် ရှရိုးဒါးက သူ၏ဘဝအတ္ထုပ္ပတ္တိတွင် ဤသို့ရေးသားခဲ့၏– “အုပ်ချုပ်ရေးအဖွဲ့ဟာ ဗုဒ္ဓဟူးနေ့တိုင်း စည်းဝေးကြပြီး အစည်းအဝေးကို ယေဟောဝါရဲ့ဝိညာဉ်တော် ညွှန်ကြားပေးဖို့တောင်းခံတဲ့ ဆုတောင်းချက်နဲ့စတင်ကြတယ်။ ကိုင်တွယ်ရတဲ့ကိစ္စရပ်တိုင်းနဲ့ ဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်တိုင်းဟာ ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာနဲ့အညီဖြစ်ဖို့ တကယ်ကြိုးစားကြတယ်။” * ထိုကဲ့သို့ တည်ကြည်မှုရှိသော ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်သက်၍ တမန်တော်ပေါလု၏ ဤညွှန်ကြားချက်ကို လိုက်နာသင့်သည်– “သင်တို့ကိုဦးဆောင်သောသူတို့ကိုနာခံ၍ လက်အောက်ခံလျက်နေကြလော့။ အကြောင်းမှာ သူတို့သည် . . . သင်တို့၏စိုးလ်ကိုစောင့်ကြပ်နေကြ၏။”—⁠ဟေဗြဲ ၁၃:၁၇ကဘ။

တည်ကြည်သောကျွန်ကို သင့်လျော်သည့်လေးစားမှုပြခြင်း

၁၂၊ ၁၃။ ကျွန်အတန်းအစားကို ရိုသေလေးစားရန် အဘယ်ကျမ်းစာအကြောင်းရင်းများရှိသနည်း။

၁၂ တည်ကြည်သောကျွန်အတန်းအစားကို သင့်လျော်စွာရိုသေလေးစားရသည့် အခြေခံအကြောင်းရင်းတစ်ခုမှာ ထိုသို့တင်ပြခြင်းသည် သခင်ယေရှုခရစ်ကို ရိုသေလေးစားမှုတင်ပြရာ ရောက်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်ဖွားများကို ပေါလုဤသို့ရေးခဲ့၏– “လူလွတ်ဖြစ်စဉ် ခေါ်တော်မူခြင်းကိုခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်စေ။ သင်တို့[ကို] အဖိုးနှင့်ဝယ်တော်မူ” ၏။ (၁ ကောရိန္သု ၇:၂၂၊ ၂၃; ဧဖက် ၆:၆) ထို့ကြောင့် ကျွန်ုပ်တို့သည် တည်ကြည်သောကျွန်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်ကို တည်ကြည်စွာလက်အောက်ခံသည့်အခါ ကျွန်အတန်းအစား၏သခင် ခရစ်တော်အား လက်အောက်ခံခြင်းဖြစ်သည်။ မြေကြီးပေါ်ရှိ ခရစ်တော်၏ပိုင်ဆိုင်ရာဥစ္စာများကို စီမံခန့်ခွဲရန် ကိုယ်တော်အသုံးပြုသော အသုံးတော်ခံများကို သင့်လျော်သည့်ရိုသေလေးစားမှုပြခြင်းက ‘ယေရှု ခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေ’ သောနည်းတစ်နည်းဖြစ်သည်။—⁠ဖိလိပ္ပိ ၂:၁၁

၁၃ တည်ကြည်သောကျွန်ကို ရိုသေလေးစားမှုပြရသည့် နောက်ကျမ်းစာအခြေပြုအကြောင်းရင်းမှာ မြေကြီးပေါ်ရှိဝိညာဉ်တော်ဖွားများကို “ဝိညာဉ်တော်အားဖြင့်” ယေဟောဝါကျိန်းဝပ်တော်မူသော ‘ဝတ်ပြုရာအိမ်တော်’ အဖြစ် ပုံခိုင်းဖော်ပြထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် “သန့်ရှင်း” ကြ၏။ (၁ ကောရိန္သု ၃:၁၆၊ ၁၇; ဧဖက် ၂:၁၉-၂၂) သန့်ရှင်းသောဝတ်ပြုရာအိမ်တော်အတန်းအစားဖြစ်သော ဤအုပ်စုကို ယေရှုသည် ကိုယ်တော်၏မြေကြီးဆိုင်ရာဥစ္စာများ အပ်နှင်းခဲ့သည်၊ ဆိုလိုသည်မှာ ဤကျွန်အတန်းအစား လုံးလုံးပိုင်ဆိုင်သည့် အသင်းတော်အတွင်း အချို့သောလုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းခံရခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းသည် သူတို့၏ မြင့်မြတ်သောအလုပ်တာဝန်ဖြစ်သည်ဟု အသင်းတော်ရှိသူအားလုံးက ရှုမြင်ကြပြီး တည်ကြည်သောကျေးကျွန်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့မှလာသည့် ညွှန်ကြားချက်ကို လိုက်လျှောက်ခြင်းဖြင့် ထောက်မပေးကြသည်။ မှန်ပါသည်၊ “အခြားသိုး” တို့သည် သခင်၏အကျိုးစီးပွားများကို ကြည့်ရှုစောင့်ရှောက်နေသော ကျွန်အတန်းအစားအား ထောက်ကူရခြင်းကို အခွင့်ထူးအဖြစ် ယူမှတ်ကြသည်။—⁠ယောဟန် ၁၀:၁၆

တည်ကြည်စွာထောက်မခြင်း

၁၄။ ဟေရှာယပရောဖက်ပြုခဲ့သည့်အတိုင်း အခြားသိုးများသည် “အခမရသောလုပ်သားများ” အနေဖြင့် ဝိညာဉ်တော်ဖွားကျွန်အတန်းအစား၏နောက်မှ မည်သို့လျှောက်သွားကြသနည်း။

၁၄ ဝိညာဉ်ရေးဣသရေလလူမျိုးအဝင် ဝိညာဉ်တော်ဖွားများကို အခြားသိုးသည် နှိမ့်ချစွာလက်အောက်ခံကြောင်း ဟေရှာယပရောဖက်ပြုချက်တွင် ဤသို့ကြို၍ဖော်ပြခဲ့၏– ‘ယေဟောဝါမိန့်တော်မူသည်ကား “အဲဂုတ္တုပြည်၌ဆည်းပူးသောဥစ္စာ [“အခမရသောလုပ်သားများ၊” ကဘ]၊ ကုရှပြည်သား၊ အရပ်မြင့်သောသေဘအမျိုးသားပြုစုသော ကုန်သွယ်ဥစ္စာသည် သင့်ဘက်သို့ရောက်၍ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့လိုက်၍ သံကြိုးနှင့်ချည်နှောင်လျက် လမ်း၌လျှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာပျပ်ဝပ်၍ ‘အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင်မည်မျှမရှိပါ’ ဟူ၍ တောင်းပန်ကြလိမ့်မည်။”’ (ဟေရှာယ ၄၅:၁၄) ယနေ့ အခြားသိုးသည် ဝိညာဉ်တော်ဖွားကျွန်အတန်းအစားနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုကို လိုက်နာကြခြင်းဖြင့် သူတို့၏နောက်မှ ပုံဆောင်အနေနှင့် လျှောက်သွားကြသည်။ “အခမရသောလုပ်သားများ” အနေနှင့် အခြားသိုးတို့သည် မိမိတို့၏ခွန်အားနှင့် ပိုင်ဆိုင်ရာဥစ္စာများကို လိုလိုလားလားအသုံးပြုခြင်းဖြင့် မြေကြီးပေါ်ရှိဝိညာဉ်တော်ဖွားများအား ခရစ်တော်ခန့်အပ်ခဲ့သော ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထောက်မကြသည်။—⁠တမန်တော် ၁:၈; ဗျာ. ၁၂:၁၇

၁၅။ အခြားသိုးနှင့် ဝိညာဉ်ရေးဣသရေလလူမျိုးအကြားရှိ ဆက်ဆံရေးကို ဟေရှာယ ၆၁:၅၊ ၆ တွင်မည်သို့ ကြိုတင်ပရောဖက်ပြုထားသနည်း။

၁၅ အခြားသိုးသည် ကျွန်အတန်းအစားနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုအောက်တွင် ယေဟောဝါ၏အမှုတော်ဆောင်ရခြင်းကို ဝမ်းမြောက်ကြကာ ကျေးဇူးတင်လေးမြတ်ကြသည်။ သူတို့သည် ဝိညာဉ်တော်ဖွားများအား “ဘုရားသခင်၏ဣသရေလအမျိုး” အဖွဲ့ဝင်များအဖြစ် အသိအမှတ်ပြုကြသည်။ (ဂလာတိ ၆:၁၆) ပုံဆောင် “တစ်ပါးအမျိုးသားတို့” နှင့် “တစ်ကျွန်းတစ်နိုင်ငံသားတို့” သည် ဝိညာဉ်ရေးဣသရေလလူမျိုးနှင့် ပူးပေါင်းကာ ‘ယေဟောဝါ၏ယဇ်ပုရောဟိတ်၊’ “ဘုရားသခင်၏အမှုတော်ထမ်းများ” ဖြစ်သော ဝိညာဉ်တော်ဖွားများ၏ ညွှန်ကြားမှုအောက်တွင် ရွှင်လန်းစွာ “လယ်လုပ်၍ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြ” သည်။ (ဟေရှာယ ၆၁:၅၊ ၆) သူတို့သည် လူမျိုးအပေါင်းအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတို့တွင် ဇွဲနှင့်ပါဝင်ကြသည်။ အသစ်တွေ့ရှိသောသိုးကဲ့သို့သောသူတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် ကျွန်အတန်းအစားကို စိတ်နှလုံးအကြွင်းမဲ့ အကူအညီပေးကြသည်။

၁၆။ တည်ကြည်၍သတိပညာရှိသည့်ကျွန်ကို တည်ကြည်စွာထောက်မရန် အဘယ်အရာက အခြားသိုးတို့ကို လှုံ့ဆော်ပေးသနည်း။

၁၆ အချိန်တန်ဝိညာဉ်အစာကျွေးရန် တည်ကြည်သောကျွန်၏ ဝီရိယစိုက်ထုတ်ကြိုးစားမှုများမှ အကျိုးများစွာရရှိကြကြောင်း အခြားသိုးတို့ အသိအမှတ်ပြုကြသည်။ တည်ကြည်ပြီးသတိပညာရှိသောကျွန်သာမရှိလျှင် ယေဟောဝါ၏စကြဝဠာပိုင်သအုပ်စိုးမှု၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်မှု၊ ဘုရားသခင့်နိုင်ငံတော်၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်၊ ဝိညာဉ်စိုးလ်၊ သေလွန်သူတို့၏အခြေအနေနှင့် ယေဟောဝါ၊ ကိုယ်တော်၏သားတော်သည် မည်သူမည်ဝါဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်အရာဖြစ်ကြောင်းစသည့် အဖိုးထိုက်သောသမ္မာကျမ်းစာအမှန်တရားကို အနည်းငယ်သာသိကြမည်၊ သို့မဟုတ် လုံးလုံးသိကြမည်မဟုတ်ကြောင်း သူတို့နှိမ့်ချစွာ အသိအမှတ်ပြုကြသည်။ ဤနောက်ဆုံးသောအချိန်ကာလအတွင်း အခြားသိုးတို့သည် ကျေးဇူးတင်လေးမြတ်မှု၊ တည်ကြည်မှုအပြည့်ဖြင့် ခရစ်တော်၏မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဖွား “ညီတို့” ကိုမေတ္တာပါပါထောက်မကြသည်။—⁠မဿဲ ၂၅:၄၀

၁၇။ အုပ်ချုပ်ရေးအဖွဲ့သည် အဘယ်အရာပြုလုပ်ရန်လိုအပ်သည်ကို တွေ့မြင်ခဲ့သနည်း။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်ကြမည်နည်း။

၁၇ ဝိညာဉ်တော်ဖွားများ၏အရေအတွက် လျော့နည်းလာသောကြောင့် ခရစ်တော်၏ပိုင်ဆိုင်ရာဥစ္စာများကို စီမံခန့်ခွဲရန် အသင်းတော်တိုင်းတွင် သူတို့ရှိနိုင်ကြမည်မဟုတ်ပါ။ သို့ဖြစ်၍ အုပ်ချုပ်ရေးအဖွဲ့သည် ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးများ၊ ခရိုင်များ၊ တိုက်နယ်များ၊ အသင်းတော်များကို ကြီးကြပ်ရန် အခြားသိုးမှအမျိုးသားများကို ခန့်အပ်ထားသည်။ ခရစ်တော်၏ညွှန်ကြားမှုအောက်ရှိ လက်အောက်ခံသိုးထိန်းများအပေါ် ကျွန်ုပ်တို့၏သဘောထားက ခရစ်တော်နှင့် ကိုယ်တော်၏တည်ကြည်သောကျွန်အပေါ် တည်ကြည်မှုနှင့် သက်ဆိုင်မှုရှိပါသလော။ နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ဤအကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးချက်အတွက် ကင်းမျှော်စင် မတ် ၁၊ ၂၀၀၄၊ စာမျက်နှာ ၁၃-၁၈ နှင့် ဒီဇင်ဘာ ၁၊ ၁၉၉၂၊ စာမျက်နှာ ၁၃ တို့တွင်ရှု။

^ အပိုဒ်၊ 11 မတ် ၁၊ ၁၉၈၈ ခုနှစ်ထုတ်မဂ္ဂဇင်း စာမျက်နှာ ၁၀-၁၇ [လိပ်] ကိုရှု။

ပြန်လည်သုံးသပ်ချက်

• ကျွန်ုပ်တို့၏ခေါင်းဆောင်မှာ မည်သူနည်း၊ ကိုယ်တော်သည် အသင်းတော်များ၏အခြေအနေကို သိရှိတော်မူကြောင်း အဘယ်အရာကဖော်ပြသနည်း။

• ‘ဝတ်ပြုရာအိမ်တော်’ ကိုစစ်ဆေးချိန်တွင် တည်ကြည်သောကျွန်အဖြစ် လုပ်ဆောင်နေသော မည်သူ့ကိုတွေ့ ရှိခဲ့သနည်း။ သူတို့ကို အဘယ်ဥစ္စာများ အပ်နှင်းခဲ့သနည်း။

• တည်ကြည်သောကျွန်ကို တည်ကြည်စွာထောက်မရန် အဘယ်ကျမ်းစာအခြေခံ အကြောင်းရင်းများရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“ဘဏ္ဍာစိုး” ကြီးကြပ်နေသော “ဥစ္စာ” များထဲတွင် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများ၊ ဝိညာဉ်ရေးဆိုင်ရာအစီအစဉ်များ၊ ဟောပြောခြင်းလုပ်ငန်းတို့ပါဝင်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အခြားသိုးအဝင်တို့သည် ဇွဲနှင့်ဟောပြောခြင်းအားဖြင့် တည်ကြည်သောကျွန်အတန်းအစားကို ထောက်မကြ