တပည့်ဖြစ်စေခြင်းလုပ်ငန်းက ကျွန်မဘဝကို ပုံသွင်းခဲ့တယ်
ဘဝအတ္ထုပ္ပတ္တိ
တပည့်ဖြစ်စေခြင်းလုပ်ငန်းက ကျွန်မဘဝကို ပုံသွင်းခဲ့တယ်
လင်းနက် ပီတာ ပြောပြသည်
အမေရိကန်မရိမ်းတပ်သားတွေဟာ ကျွန်မတို့ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးဖို့ ရောက်လာကြတယ်။ လက်ဖြောင့်သေနတ်သမားတစ်ဦးဟာ အဆောက်အအုံခေါင်မိုးပေါ်မှာ နေရာယူထားတယ်။ မရိမ်းတပ်သားတွေဟာ မြက်ခင်းပေါ်မှာမှောက်နေကြပြီး အသင့်အနေအထားမှာရှိနေကြတယ်။ အဲဒီတနင်္ဂနွေမနက်မှာ ကျွန်မတို့ကိုစောင့်နေတဲ့ရဟတ်ယာဉ်ဆီ အမြန်ပြေးသွားနေတုန်း ကျွန်မနဲ့ ကျွန်မရဲ့ခရစ်ယာန်သာသနာပြုအဖော်တွေဟာ တည်တည်ငြိမ်ငြိမ်ရှိဖို့ ကြိုးစားခဲ့ကြတယ်။ တစ်ခဏအတွင်းမှာပဲ ကျွန်မတို့ ရဟတ်ယာဉ်နဲ့ပါသွားကြတယ်။ ဆယ်မိနစ်အကြာမှာ ကမ်းရိုးတန်းနားမှာ ကျောက်ချထားတဲ့ စစ်သင်္ဘောတစ်စီးပေါ် ကျွန်မတို့လုံလုံခြုံခြုံရောက်သွားကြတယ်။
နောက်နေ့မနက်မှာ မနေ့ညက ကျွန်မတို့ခိုလှုံခဲ့တဲ့ဟိုတယ်ကို သူပုန်တွေဗုံးခွဲလိုက်တယ်ဆိုတဲ့အကြောင်း သိလိုက်ရတယ်။ စီအဲရာလေယွန်နိုင်ငံမှာ ပြည်တွင်းမငြိမ်မသက်ဖြစ်နေတဲ့နှစ်တွေဟာ နောက်ဆုံးမှာတော့ အလုံးအရင်းနဲ့စစ်ဆင်နွှဲတဲ့အဖြစ်ကို ရောက်သွားခဲ့တယ်။ ကျွန်မတို့အပါအဝင် နိုင်ငံခြားသားအားလုံးကို နိုင်ငံကနေ ဖြစ်နိုင်ရင်အမြန်ဆုံး ထွက်ခွာသွားခိုင်းတယ်။ ကျွန်မ အဲဒီအခြေအနေကို ဘာကြောင့်ရောက်သွားခဲ့တယ်ဆိုတာရှင်းပြဖို့ အစကနေ ပြောပြပါရစေ။
၁၉၆၆ ခုနှစ်ကတည်းက ဂူယာနာအဖြစ်လူသိများတဲ့ ဗြိတိန်ဂီယာနာမှာ ကျွန်မကြီးပြင်းလာခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေဖြစ်တဲ့ ကျွန်မရဲ့အစောပိုင်းဘဝဟာ အပူအပင်ကင်းပြီး ပျော်စရာကောင်းခဲ့တယ်။ မိဘအများစုဟာ ပညာရေးကို အလွန်တန်ဖိုးထားခဲ့ကြပြီး ကျောင်းမှာ လူငယ်တွေအမှတ်ကောင်းရဖို့ မျှော်လင့်ခဲ့ကြတယ်။ တစ်ခါတုန်းက ဘဏ်စာရေးတစ်ဦး အဖေ့ကို ဒီလိုမေးခဲ့တာ ကျွန်မပြန်အမှတ်ရမိတယ်– “ခင်ဗျားကလေးတွေရဲ့ပညာရေးအတွက် ဘာကြောင့် ဒီလောက်ထိ ကျူရှင်တက်ခိုင်းနေရတာလဲ။” အဖေက ဒီလိုပြန်ပြောခဲ့တယ်– “အကောင်းဆုံးပညာရေးကသာ သူတို့ရဲ့အောင်မြင်မှုအတွက် အာမခံချက်ဖြစ်မှာ။” အကောင်းဆုံးပညာရေးကို နာမည်ကြီးကျောင်းတွေမှာ ရရှိတယ်လို့ အဲဒီအချိန်တုန်းက အဖေယူဆခဲ့တယ်။ မကြာခင်မှာ သူ,အမြင်တစ်မျိုးဖြစ်လာလိမ့်မယ်။
ကျွန်မ ၁၁ နှစ်အရွယ်မှာ အမေဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ သူဟာ အိမ်နီးချင်းတစ်ယောက်နဲ့အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမကို သွားခဲ့တယ်။ အဲဒီညမှာ သူတို့ကြားခဲ့တဲ့အရာတွေကြောင့် သူတို့ အမှန်တရားရှာတွေ့ပြီဆိုတာကို လုံးဝယုံကြည်စိတ်ချခဲ့တယ်။ နောက်ပိုင်းမှာ အမေဟာ ဆွေးနွေးခဲ့တဲ့အရာကို နောက်အိမ်နီးချင်းတစ်ယောက်ကို ပြန်ပြောခဲ့တယ်။ မကြာခင် သူတို့သုံးယောက်စလုံးဟာ ခရစ်ယာန်သာသနာပြုတွေဖြစ်တဲ့ ဒယ်ဖနီ ဟယ်ရီ (နောက်ပိုင်း ဘာ့ထ်) နဲ့ ရို့စ် ခပ်ဖိုင်းတို့နဲ့ ကျမ်းစာလေ့လာခဲ့ကြတယ်။ တစ်နှစ်မပြည့်ခင် အမေနဲ့သူ့သူငယ်ချင်းနှစ်ယောက်တို့ဟာ နှစ်ခြင်းခံခဲ့ကြတယ်။ နောက်ငါးနှစ်အကြာမှာ အဖေဟာ သတ္တမဥပုသ်အသင်းကနေ ထွက်ပြီး ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့တယ်။
လူငယ်တွေအနေနဲ့ ကျွန်မရဲ့ညီမနှစ်ယောက်နဲ့ကျွန်မ—ကလေးဆယ်ယောက်ထဲက အကြီးသုံးယောက်—တို့ဟာ ဒယ်ဖနီနဲ့ ရို့စ်တို့နေတဲ့ ခရစ်ယာန်သာသနာပြုအိမ်မှာ ပျော်ရွှင်စွာနာရီအတော်ကြာကြာနေတတ်ကြတယ်။ အဲဒီအချိန်တွေမှာ သူတို့ပြန်ပြောပြတဲ့ လယ်ကွင်းတွေ့ကြုံမှုတွေကို ကျွန်မတို့နားထောင်ခဲ့ကြတယ်။ ဒီခရစ်ယာန်သာသနာပြုတွေဟာ အခြားသူတွေရဲ့ဝိညာဉ်ရေးကောင်းကျိုးကို မမောနိုင်၊ မပန်းနိုင်ဂရုစိုက်ပြီး တကယ်ပဲရွှင်လန်းမှုခံစားခဲ့ကြတယ်။ ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒ ရှိလာတာက သူတို့ရဲ့ပုံသက်သေကြောင့်ပါ။
ဒါပေမဲ့ ပညာရေးနဲ့အသက်မွေးဖို့ စိတ်ဝင်စားကြတဲ့ ဆွေမျိုးတွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေကြားမှာ အချိန်ပြည့်ဓမ္မအမှုဆောင်ဖို့ ဆက်ပြီးပန်းတိုင်ထားအောင် ဘာက ကျွန်မကို ကူညီပေးခဲ့တာလဲ။ ဥပဒေ၊ တေးဂီတ၊ ဆေးပညာ ဒါမှမဟုတ် ကျွန်မလေ့လာနိုင်တဲ့ အခြားမက်မောစရာကောင်းတဲ့အခွင့်အရေးတွေ အများကြီးရှိတယ်။ ကျွန်မမိဘရဲ့ကောင်းတဲ့ပုံသက်သေကနေ ကျွန်မလိုအပ်တဲ့လမ်းညွှန်မှုကို ရခဲ့တယ်။ သူတို့ရဲ့အသက်တာမှာ သမ္မာတရားကို ကျင့်သုံးခဲ့ကြတယ်၊ ကျမ်းစာကို ဝီရိယရှိရှိလေ့လာခဲ့ကြတယ်၊ ပြီးတော့ အခြားသူတွေယေဟောဝါအကြောင်း သင်ယူရာမှာကူညီပေးဖို့ သူတို့ကိုယ်သူတို့ပေးဆက်ခဲ့ကြပါတယ်။ * ဒါ့ပြင် အချိန်ပြည့်ဓမ္မအမှုဆောင်တွေကို ကျွန်မတို့အိမ်မှာ မှန်မှန်ဖိတ်ခေါ်ခဲ့တယ်။ အဲဒီညီအစ်ကို၊ ညီအစ်မတွေတင်ပြခဲ့တဲ့ ရွှင်လန်းမှုနဲ့ ကျေနပ်မှုတွေက ကျွန်မဘဝကိုပုံသွင်းတဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ကျွန်မရဲ့ဆန္ဒကို ခွန်အားဖြစ်စေခဲ့တယ်။
၁၅ နှစ်အရွယ်မှာ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။ အဲဒီနောက် အထက်တန်းကျောင်းပြီးတာနဲ့ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုမှာ ကျွန်မပါဝင်ခဲ့တယ်။ ဆက်ကပ်အပ်နှံနှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ ကျွန်မကူညီပေးခဲ့ရတဲ့ ပထမဦးဆုံးသူကတော့ ဆေးရုံအမှုထမ်းတစ်ဦးဖြစ်တဲ့ ဖီလိုမီနာဖြစ်တယ်။ ယေဟောဝါကို သူချစ်တတ်လာတာကို မြင်ရတဲ့ရွှင်လန်းမှုက အချိန်ပြည့်ဓမ္မအမှုမှာ ဆက်ပါဝင်ချင်တဲ့ ကျွန်မရဲ့ဆန္ဒကို ပိုပြင်းပြစေခဲ့ပါတယ်။ အဲဒီနောက်သိပ်မကြာခင်မှာ အတွင်းရေးမှူးတစ်ယောက်အဖြစ် ကျွန်မအလုပ်လုပ်ခဲ့တဲ့ အစိုးရအလုပ်မှာ ပိုကောင်းတဲ့အလုပ်တစ်ခုလုပ်ဖို့ ကျွန်မကမ်းလှမ်းခံခဲ့ရတယ်။ အဲဒါကို ကျွန်မငြင်းပယ်ခဲ့ပြီး ရှေ့ဆောင်ဆက်လုပ်ခဲ့ပါတယ်။
ကျွန်မ အိမ်မှာပဲရှိနေဆဲဖြစ်ပြီး ခရစ်ယာန်သာသနာပြုတွေဟာ ကျွန်မတို့ဆီ ဆက်ပြီးလည်ပတ်ခဲ့ကြတယ်။ သူတို့ရဲ့တွေ့ကြုံမှုတွေကို နားထောင်ရတာ ကျွန်မပျော်လိုက်တာ! ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ပုံပေါက်ပေမဲ့လည်း အဲဒါတွေအားလုံးက ကျွန်မရဲ့ခရစ်ယာန်သာသနာပြုဖြစ်ချင်တဲ့ဆန္ဒကို ပိုပြင်းပြစေခဲ့တယ်။ ခရစ်ယာန်သာသနာပြုတွေကို အဲဒီအချိန်တုန်းကရော အခုချိန်မှာပါ ဂူယာနာနိုင်ငံကို စေလွှတ်ခဲ့တယ်။ ၁၉၆၉ ခုနှစ်ရဲ့နေ့တစ်နေ့မှာ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်စာရတော့ ကျွန်မအံ့လည်းအံ့သြ၊ ပျော်လည်းပျော်ခဲ့တယ်။
ကျွန်မ,မမျှော်လင့်ခဲ့သော တာဝန်ခန့်အပ်မှု
၄၈ ကြိမ်မြောက် ဂိလဒ်သင်တန်းမှာ ၂၁ နိုင်ငံကလာတဲ့ ကျောင်းသား ၅၄ ယောက်ရှိတယ်။ အဲဒီထဲက ကျွန်မတို့ဆယ့်ခုနစ်ယောက်ဟာ တစ်ကိုယ်ရေညီအစ်မတွေဖြစ်ကြတယ်။ ၃၇ နှစ် ကုန်လွန်သွားပြီဖြစ်ပေမဲ့ အဲဒီငါးလတာအချိန်ကို ကျွန်မကောင်းကောင်းမှတ်မိပါသေးတယ်။ ကျမ်းစာအမှန်တရားတွေသာမကဘူး၊ အနာဂတ်ခရစ်ယာန်သာသနာပြုတွေအနေနဲ့ ဘဝအတွက် လက်တွေ့ကျအကြံပေးချက်တွေနဲ့ အကြံဉာဏ်တွေလည်း သင်ယူစရာ အများကြီးရှိတယ်။ ဥပမာ၊ ဖက်ရှင်ခေတ်ရေစီးကြောင်းနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိဖို့၊ နှစ်သက်ဖွယ်မကောင်းတဲ့အခြေအနေတွေကြားမှာ ဇွဲရှိရှိလုပ်ဆောင်တတ်ဖို့နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လိုက်လျှောက်ဖို့ ကျွန်မသင်ယူခဲ့တယ်။
ကျွန်မရဲ့မိဘတွေက အစည်းအဝေးမှန်မှန်တက်ဖို့ အရေးကြီးတယ်ဆိုတာ အလေးပေးပြောတတ်ကြတယ်။ တနင်္ဂနွေနေ့ အစည်းအဝေးကို မတက်ရောက်နိုင်လောက်အောင် တအားဖျားတဲ့သူတစ်ယောက်ဟာ နောက်နေ့ည စန္ဒရားလက်စွမ်းပြပွဲ ဒါမှမဟုတ် တေးဂီတဖျော်ဖြေပွဲတစ်ခု တက်နိုင်လောက်အောင် ချက်ချင်းပြန်မကောင်းလာနိုင်ဘူး။ ဒါပေမဲ့ ဂိလဒ်ကျောင်းတက်ခဲ့တုန်းက အခိုက်အတန့်တော့ အစည်းအဝေးအားလုံးကို ကျွန်မ,မတက်နိုင်ခဲ့ဘူး။ အစည်းအဝေးတွေတက်နိုင်အောင် ကျွန်မကို လမ်းစရိတ်ထောက်ပံ့ပေးတဲ့ ဗေသလအိမ်သားဇနီးမောင်နှံ ဒေါန်နဲ့ ဒိုလောရစ္စ အေဒမ်စ်ဆီကို သောကြာနေ့တစ်ညနေမှာ သွားပြီး ကျွန်မရဲ့ပျက်ကွက်မှုနဲ့ပတ်သက်လို့ အကျိုးအကြောင်းကိုရှင်းပြဖို့ ကြိုးစားခဲ့တယ်။ အိမ်စာတွေတပုံကြီးရှိနေတာကြောင့်ဆိုပြီး ရှင်းပြလိုက်တယ်! သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်အစည်းအဝေးတက်ဖို့ အချိန်ရအောင် ကျွန်မဘယ်လိုလုပ်နိုင်မလဲ။ ခဏလောက် ကျွန်မနဲ့အတူ ကျိုးကြောင်းဆင်ခြင်ပြီးတဲ့နောက် ညီအစ်ကို အေဒမ်စ်က ဒီလိုပြောတယ်– “ညီအစ်မရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်ဟာ ညီအစ်မကိုလမ်းညွှန်စေပါ။” သူ့ရဲ့အကြံပေးချက်ကို ကျွန်မလိုက်နာခဲ့ပြီး အဲဒီညအစည်းအဝေး ဒါမှမဟုတ် နောက်ပိုင်းညတွေမှာ ကျင်းပတဲ့အစည်းအဝေးတွေကို မလွတ်တော့ဘူး။ နှစ်တွေတစ်လျှောက် တအားဆိုးတဲ့အခြေအနေတွေကလွဲလို့ ခရစ်ယာန်အစည်းအဝေးတွေတက်တာကို နှောင့်ယှက်ဖို့ ဘယ်အရာကိုမှ ကျွန်မခွင့်မပြုတော့ဘူး။
သင်တန်းကာလတစ်ဝက်လောက်ရောက်တော့ တာဝန်ကျမယ့်နေရာအကြောင်း သင်တန်းသားတွေ စပြောလာကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အများကြီးအကူအညီလိုအပ်နေတဲ့ ဂူယာနာနိုင်ငံမှာပဲ ကျွန်မခန့်အပ်ခံရလိမ့်မယ်လို့ စိတ်ထဲမှာ အမြဲတွေးတောခဲ့တာ။ အဲဒီနေရာကို ကျွန်မပြန်သွားရမှာမဟုတ်ဘူးဆိုတာ သိလိုက်ရလို့ ကျွန်မရဲ့အံ့သြမှုကို မြင်ယောင်ကြည့်ပါ။ အဲဒီအစား အနောက်အာဖရိက၊ စီအဲရာလေယွန်နိုင်ငံကို သွားဖို့ ကျွန်မတာဝန်ရခဲ့တယ်။ အိမ်နဲ့ဝေးတဲ့နေရာမှာ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ချင်ခဲ့တဲ့ ကျွန်မရဲ့ဆန္ဒဟာ နောက်ဆုံးပြည့်စုံလာတဲ့အခါ ယေဟောဝါကို ကျွန်မကျေးဇူးတင်လိုက်တာ!
သင်ယူစရာအများကြီးရှိ
များပြားလှတဲ့တောင်ကုန်းတောင်တန်းတွေ၊ ပင်လယ်အော်တွေ၊ ကမ်းခြေတွေရှိတဲ့ စီအဲရာလေယွန်နိုင်ငံနဲ့ပတ်သက်ပြီး ကျွန်မ,ဦးဆုံးစိတ်စွဲမှတ်သွားတာကို အကောင်းဆုံးဖော်ပြပေးတဲ့ စကားလုံးကတော့ “လှလိုက်တာ” ဆိုတဲ့စကားလုံးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအနောက်အာဖရိကနိုင်ငံရဲ့ စစ်မှန်တဲ့အလှအပကို ဒီနိုင်ငံမှာနေထိုင်တဲ့သူတွေမှာ တွေ့ရတယ်၊ အဲဒါကတော့ နိုင်ငံခြားသားတွေတောင်မှ ကိုယ့်အိမ်မှာနေရတယ်လို့ ခံစားစေတဲ့ သူတို့တင်ပြတဲ့မေတ္တာနဲ့ ကြင်နာမှုပါပဲ။ ဒါဟာ ခရစ်ယာန်သာသနာပြုအသစ်တွေ အိမ်ကိုလွမ်းတဲ့စိတ်ကို ကျော်လွှားနိုင်ဖို့ ကြီးမားတဲ့အကူအညီဖြစ်ခဲ့တယ်။ စီအဲရာလေယွန်နိုင်ငံသားတွေဟာ သူတို့ရဲ့ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုအကြောင်း ပြောဆိုဖို့နဲ့ အထူးသဖြင့် နိုင်ငံရဲ့ဘုံသုံးဘာသာစကားဖြစ်တဲ့ ကရီအိုစကားကို လူသစ်တွေတတ်မြောက်ကျွမ်းကျင်အောင် ကူညီဖို့ နှစ်သက်ကြတယ်။
ကရီအိုဘာသာစကားပြောလူတွေမှာ အဓိပ္ပာယ်လေးနက်တဲ့စကားပုံတွေ အများကြီးရှိတယ်။ ဥပမာ၊ မျောက်ဝံက အလုပ်လုပ်ပြီး ဘာဘွန်းမျောက်က စားတယ် ဆိုတဲ့စကားပုံရဲ့အဓိပ္ပာယ်က မျိုးစေ့ကြဲသူဟာ ရိတ်သိမ်းသူအမြဲမဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီအဓိပ္ပာယ်ဖော်ပြချက်ဟာ မတရားမှုများပြားလှတဲ့လောကမှာ တကယ်မှန်ပါတယ်!—ဟေရှာယ ၆၅:၂၂။
ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ နှစ်သက်စရာပါပဲ။ ကျမ်းစာကို စိတ်မဝင်စားတဲ့သူ မတွေ့ရသလောက်ပဲ။ နှစ်တွေတစ်လျှောက်မှာ ခရစ်ယာန်သာသနာပြုတွေနဲ့ ယေဟောဝါရဲ့သက်တမ်းကြာကျေးကျွန်တွေဟာ ဘဝနောက်ခံနဲ့ လူမျိုးစုအသီးသီးမှ လူငယ်၊ လူကြီးတွေ အမှန်တရားကို သက်ဝင်ယုံကြည်လာအောင် ကူညီပေးခဲ့ကြပြီ။
မမောနိုင်၊ မပန်းနိုင် အလုပ်လုပ်တတ်သူတစ်ဦးဖြစ်တဲ့ အဲရ်လာ စိန့် ဟီးလ်ဟာ ကျွန်မရဲ့ဦးဆုံးခရစ်ယာန်သာသနာပြုအဖော် ဖြစ်ပါတယ်။ ခရစ်ယာန်သာသနာပြုအိမ်မှာလုပ်ရတဲ့တာဝန်တွေကို လုပ်ဆောင်တဲ့အခါ သူ့ရဲ့လုံ့လဝီရိယဟာ ဓမ္မအမှုမှာ သူ့ရဲ့စိတ်အားထက်သန်မှုနီးပါးလောက်ရှိတယ်။ အိမ်နီးချင်းတွေနဲ့ သိကျွမ်းလာတာ၊ ဖျားနာတဲ့သက်သေခံတွေနဲ့ စိတ်ဝင်စားတဲ့သူတွေဆီ လည်ပတ်တာနဲ့ အသုဘအစီအစဉ်တွေမှာ ဖြစ်နိုင်တဲ့နေရာကကူညီပေးတာစတဲ့ ကိစ္စတော်တော်များများရဲ့ အရေးကြီးမှုကို နားလည်ဖို့ သူကျွန်မကို ကူညီပေးခဲ့တယ်။ လယ်ကွင်းလုပ်ငန်းပြီးတဲ့နောက်မှာ ဘယ်လောက်ပဲ အချိန်တိုလေးဖြစ်ပါစေ ရပ်ကွက်မှာနေထိုင်ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို လုံးဝနှုတ်ဆက်စကားမပြောဘဲ အဲဒီရပ်ကွက်ကနေ ဘယ်တော့မှထွက်မသွားဖို့ အရေးကြီးကြောင်းကိုလည်း သူကျွန်မကို စိတ်စွဲမှတ်စေခဲ့တယ်။ အဲဒါတွေကို လုပ်ခြင်းက မိခင်တွေ၊ ညီအစ်ကို၊ ညီအစ်မတွေနဲ့ မိတ်ဆွေတွေကို ကျွန်မအလျင်အမြန်ရခဲ့တဲ့အပြင် ကျွန်မရဲ့တာဝန်ကျတဲ့နေရာဟာ ကျွန်မရဲ့အိမ်ဖြစ်လာခဲ့တယ်။—မာကု ၁၀:၂၉၊ ၃၀။
ကျွန်မနဲ့အတူအမှုထမ်းဆောင်ကြတဲ့ တကယ်ကောင်းတဲ့သာသနာပြုတွေနဲ့ ခိုင်မာတဲ့မိတ်ဆွေနှောင်ကြိုးကိုလည်း ကျွန်မရရှိခဲ့တယ်။ သူတို့ထဲက တချို့တွေကတော့ ၁၉၇၈ ကနေ ၁၉၈၁ ခုနှစ်အထိ စီအဲရာလေယွန်နိုင်ငံမှာ အမှုဆောင်ခဲ့တဲ့ ကျွန်မရဲ့အခန်းဖော် အတ်နာ ဘတ်နဲ့ လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက ကျွန်မရဲ့အခန်းဖော်ဖြစ်ခဲ့တဲ့ ရှယ်ရယ်လ် ဖာဂူစန်တို့ ဖြစ်ကြတယ်။
ပြည်တွင်းစစ်က စမ်းသပ်မှုများဖြစ်စေ
၁၉၉၇ ခုနှစ်၊ စီအဲရာလေယွန်နိုင်ငံက ဌာနခွဲအဆောက်အုံသစ်ကိုအပ်နှံပြီးနောက် တစ်လလောက်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲက အစမှာ ဖော်ပြတဲ့အတိုင်း ကျွန်မတို့ နိုင်ငံကနေထွက်သွားဖို့ ဖြစ်စေခဲ့တယ်။ အဲဒီမတိုင်ခင် ခြောက်နှစ်မှာ လိုင်ဘေးရီးယားနိုင်ငံမှာဖြစ်တဲ့ စစ်ဒဏ်ကနေ လွတ်မြောက်ဖို့ စီအဲရာလေယွန်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ လိုင်ဘေးရီးယားနိုင်ငံသား ယေဟောဝါသက်သေခံတွေရဲ့ ယုံကြည်ခြင်းကို ကျွန်မတို့ စိတ်စွဲမှတ်ခဲ့တယ်။ အချို့တွေဆိုရင် ဘာမှပါမလာဘဲ ရောက်လာခဲ့ကြတယ်။ ခက်ခဲတဲ့အခြေအနေရှိပေမဲ့လည်း ဓမ္မအမှုမှာ သူတို့နေ့တိုင်းပါဝင်ခဲ့ကြတယ်။ ယေဟောဝါနဲ့ လူတွေအပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာကို မြင်ရတာဟာ နှလုံးကို ထိမိစေခဲ့တယ်။
အခုတော့ ကျွန်မတို့ကိုယ်တိုင် ဂီနီနိုင်ငံမှာ ခိုလှုံသူတွေဖြစ်နေပြီ၊ ယေဟောဝါကို ယုံကြည်ကိုးစားပြီး နိုင်ငံတော်ကို ရှေးဦးထားကြတဲ့ လိုင်ဘေးရီးယားညီအစ်ကို၊ ညီအစ်မတွေရဲ့ပုံသက်သေကို ကျွန်မတို့လိုက်လျှောက်ခဲ့ကြတယ်။ နောက်တစ်နှစ်မှာ စီအဲရာလေယွန်နိုင်ငံကို ပြန်လာနိုင်ခဲ့ပေမဲ့ ခုနစ်လအတွင်းမှာ စစ်ပြန်ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ဂီနီနိုင်ငံကို ပြန်ထွက်ပြေးခဲ့ရတယ်။
မကြာမီမှာပဲ၊ တိုက်ပွဲဝင်နေကြတဲ့အုပ်စုတွေထဲက အဖွဲ့တစ်ဖွဲ့ဟာ ဖရီးတောင်းမြို့ရဲ့ဆင်ခြေဖုံး စီကီမှာရှိတဲ့ ကျွန်မတို့ရဲ့ခရစ်ယာန်သာသနာပြုနေအိမ်ကို သိမ်းလိုက်ပြီး ကျွန်မတို့ပိုင်ဆိုင်ရာတွေအားလုံးကို လုယူ ဒါမှမဟုတ် ဖျက်ဆီးခဲ့ကြတယ်ဆိုတဲ့သတင်း ရခဲ့တယ်။ စိတ်ဓာတ်ကျမဲ့အစား အသက်ရှင်ရတဲ့အတွက်ကိုပဲ ကျွန်မတို့ကျေးဇူးတင်ခဲ့ကြတယ်။ ကျွန်မတို့မှာ ပစ္စည်းဥစ္စာတချို့ပဲရှိတယ်၊ ဒါပေမဲ့ အဲဒါတွေနဲ့အဆင်ပြေအောင် နေနိုင်ခဲ့ကြတယ်။
ကျွန်မတို့ ဒုတိယအကြိမ်ထွက်ပြေးခဲ့ရပြီးတဲ့နောက်မှာ ကျွန်မနဲ့ ကျွန်မရဲ့အခန်းဖော်ရှယ်ရယ်လ်ဟာ ဂီနီနိုင်ငံမှာ ဆက်နေထိုင်ခဲ့တယ်။ အဲဒါက ပြင်သစ်စကား သင်ယူခွင့်ရစေခဲ့တယ်။ ကျွန်မရဲ့ခရစ်ယာန်သာသနာပြုဖော်တွေဟာ သူတို့သင်ယူခဲ့တဲ့ပြင်သစ်စကားကို မြန်မြန်ပဲအသုံးပြုခဲ့ကြတယ်၊ သူတို့ပြောမှားတာကို သိပ်အလေးအနက်မထားကြဘူး။ ကျွန်မကျတော့ မမှန်မကန်နဲ့စကားပြောတာကို မုန်းတယ်၊ ဒါကြောင့် တကယ်လိုအပ်မှပဲ ကျွန်မပြင်သစ်လိုပြောခဲ့တယ်။ အဲဒါက တကယ့်ကို စိတ်သောကရောက်စေတယ်။ ယေဟောဝါအကြောင်း တခြားသူတွေသိလာအောင် ကူညီဖို့ဆိုတဲ့ ဂီနီနိုင်ငံမှာ ကျွန်မ လာနေရတဲ့အကြောင်းရင်းနဲ့ နေ့တိုင်းကိုယ့်ကိုယ်ကို သတိပေးရတယ်။
အဲဒီဘာသာစကားကို ကောင်းကောင်းပြောတတ်တဲ့သူတွေဆီကနေ သင်ယူတယ်၊ သူတို့ပြောတာကို နားထောင်တယ်၊ အသင်းတော်မှာရှိတဲ့ ဘွင်းဘွင်းပြောတတ်တဲ့ကလေးတွေရဲ့အကူအညီကို ရယူတယ်၊ အဲလိုနည်းနဲ့ ကျွန်မတဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ အဲဒီနောက်မှာ မမျှော်လင့်ဘဲ ယေဟောဝါရဲ့အဖွဲ့အစည်းကနေ အချိန်တန်အကူအညီဖြစ်တဲ့ပြင်ဆင်ပေးမှုတွေ ရရှိခဲ့တယ်။ ၂၀၀၁ ခုနှစ်၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စက်တင်ဘာလထုက်ကစပြီး ဝတ်ပြုရေးယုံကြည်ချက်အမျိုးမျိုးရှိတဲ့သူတွေကို စာအုပ်တွေနဲ့ ဘရိုရှာတွေအပြင် မဂ္ဂဇင်းတွေကမ်းလှမ်းပုံ တင်ဆက်နည်းတွေ ပါလာတယ်။ ကျွန်မရဲ့မိခင်ဘာသာစကားလောက် မပြောနိုင်ပေမဲ့လည်း ဓမ္မအမှုမှာ ပါဝင်တဲ့အခါ အခုတော့ ကျွန်မပိုပြီး ယုံကြည်မှုရှိလာတယ်။
မိသားစုကြီးမှာ ကြီးပြင်းလာခဲ့တဲ့အတွက် လူအများနဲ့နေထိုင်တတ်ဖို့ တကယ်ပဲအကူအညီဖြစ်ခဲ့တယ်၊ တစ်ခါကဆို ခရစ်ယာန်သာသနာပြု ၁၇ ယောက် အတူနေခဲ့ရတယ်။ ကျွန်မရဲ့ ၃၇ နှစ်ကြာ ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွင်းမှာ ခရစ်ယာန်သာသနာပြု အယောက် ၁၀၀ ကျော်နဲ့အတူ ကျွန်မနေခဲ့ရတယ်။ အားလုံးမှာ မတူညီတဲ့စရိုက်တွေရှိပေမဲ့လည်း ရည်ရွယ်ချက်တစ်ခုတည်းအတွက် လုပ်ဆောင်နေကြတဲ့ လူအများကြီးနဲ့သိကျွမ်းခွင့်ရခဲ့တာ အခွင့်ထူးတစ်ခုပါပဲ! ဘုရားသခင်နဲ့ တွဲဖက်အလုပ်လုပ်ရသူတစ်ဦးဖြစ်ပြီး လူတွေ ကျမ်းစာအမှန်တရားလက်ခံတာကို မြင်တွေ့ခွင့်ရတာ ဘယ်လောက်ရွှင်လန်းစရာကောင်းလိုက်သလဲ!—၁ ကောရိန္သု ၃:၉။
ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အမှုဆောင်တဲ့နှစ်တွေအတောအတွင်း မောင်ရင်းနှမအများစုရဲ့ လက်ထပ်မင်္ဂလာပွဲတွေလို ကျွန်မတို့မိသားစုဝင်တွေရဲ့အသက်တာမှာ ဖြစ်ခဲ့တဲ့ အရေးကြီးတဲ့အဖြစ်အပျက်တော်တော်များများကို ကျွန်မလက်လွတ်ခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့တူ၊ တူမတွေကိုလည်း ကျွန်မတွေ့ချင်တိုင်း မတွေ့နိုင်ခဲ့ဘူး။ အဲဒါက ကျွန်မအတွက်နဲ့ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ မြဲမြံဖို့ ကျွန်မကို ကိုယ်ကျိုးမငဲ့ဘဲ အားပေးခဲ့ကြတဲ့ ကျွန်မရဲ့မိသားစုအတွက် ကိုယ်ကျိုးစွန့်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်မှာကျွန်မလက်လွတ်သွားခဲ့တဲ့အရာကို ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်မရရှိခဲ့ပါတယ်။ တစ်ကိုယ်ရေဘဝနဲ့နေဖို့ ကျွန်မရွေးချယ်ခဲ့ပေမဲ့ ကျွန်မနဲ့အတူ ကျမ်းစာလေ့လာခဲ့တဲ့သူတွေသာမက ကျွန်မနဲ့မိတ်ဆွေဖြစ်လာခဲ့ကြသူတွေအပါအဝင် ဝိညာဉ်ရေးသားသမီးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ကျွန်မရဲ့မိတ်ဆွေတွေ၊ ကျွန်မရဲ့ဝိညာဉ်ရေးသားသမီးတွေဟာ ကြီးပြင်းလာကြပြီး လက်ထပ်ကြတယ်၊ နောက်ထပ်မွေးလာတဲ့ကလေးတွေကို အမှန်တရားလမ်းမှာ သူတို့ပြန်ပြုစုပျိုးထောင်ခဲ့ကြတာတွေကို ကျွန်မတွေ့မြင်ခွင့်ရခဲ့တယ်။ သူတို့ထဲကတချို့ဟာ ကျွန်မလိုပဲ တပည့်ဖြစ်စေခြင်းလုပ်ငန်းက သူတို့ရဲ့ဘဝကိုပုံသွင်းဖို့ ခွင့်ပြုခဲ့ကြပါတယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ကျွန်မအမေဟာ ၂၅ နှစ်ထက်မက ရှေ့ဆောင်လုပ်ခဲ့တယ်၊ အဖေဟာ အငြိမ်းစားယူပြီးတဲ့နောက် အရန်ရှေ့ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။
[စာမျက်နှာ ၁၅ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အနောက်အာဖရိက စီအဲရာလေယွန်တွင် ကျွန်မတာဝန်ခန့်အပ်ခံရ
ဂီနီ
စီအဲရာလေယွန်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်လွန်နှစ်များတွင် ကျွန်မနှင့်အတူ ခရစ်ယာန်သာသနာပြုများနှင့် ပျော်ပျော်ရွှင်ရွှင်အချိန်များစွာ သုံးခဲ့ကြသည့် ကျွန်မ၏ညီမနှစ်ယောက်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
၄၈ ကြိမ်မြောက် ဂိလဒ်သင်တန်းသားများနှင့်အတူ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
စီအဲရာလေယွန် ဌာနခွဲအဆောက်အဦ အပ်နှံခြင်း