မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိရောက်သော အဖြေများ

ထိရောက်သော အဖြေများ

ထိရောက်သော အဖြေများ

ယနေ့တွင် ရနိုင်သောကိုယ့်ဘာသာလေ့လာရသည့် စာအုပ်အများအပြားတွင်တွေ့ရသည့် အကြံဉာဏ်အမြောက်အမြားသည် လောလောဆယ် အကျပ်အတည်းရင်ဆိုင်နေရသူတို့အား ကူညီခြင်းအပေါ် အာရုံစိုက်သည်။ သမ္မာကျမ်းစာမှာမူ ထိုသို့မဟုတ်။ သမ္မာကျမ်းစာအကြံဉာဏ်သည် ထိုအကျပ်အတည်းရှိနေသူတို့အား ကူညီပေးနိုင်သည့်ပြင် ထိုထက်မက လုပ်ဆောင်ပေးနိုင်၏။ ၎င်း၏အကြံဉာဏ်က မလိုအပ်ဘဲ ဘဝကိုခက်ခဲစေနိုင်သောအမှားများကို ရှောင်ရှားရန် လူတစ်ဦးအား ကူညီပေးသည်။

သမ္မာကျမ်းစာသည် ‘မိုက်သောသူအားလိမ္မာစေ၍ လူပျိုကို ပညာသတိနှင့်ပြည့်စုံ’ စေနိုင်သည်။ (သု. ၁:၃) သမ္မာကျမ်းစာပါအကြံပေးချက်ကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ‘ကောင်းသောသတိသည် သင့်ကိုထိန်းသိမ်း၍ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့် ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။’ (သု. ၂:၁၁၊ ၁၂) သမ္မာကျမ်းစာ၏အကြံပေးချက်ကို လိုက်လျှောက်ခြင်းဖြင့် သင့်ကျန်းမာရေးကိုစောင့်ရှောက်နိုင်ပုံ၊ သင့်မိသားစုဘဝကို တိုးတက်စေနိုင်ပုံနှင့် သင့်အား ပိုကောင်းသောအလုပ်သမား သို့မဟုတ် အလုပ်ရှင်တစ်ဦးဖြစ်စေနိုင်ပုံနှင့်ပတ်သက်သော သတ်သတ်မှတ်မှတ်ပုံဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

အရက်နှင့်စပ်လျဉ်း၍ အကျိုးသင့်အကြောင်းသင့်ရှိပါ

အရက်တော်သင့်ရုံသောက်သုံးခြင်းကို သမ္မာကျမ်းစာက အပြစ်မတင်ပါ။ စပျစ်ရည်၏ဆေးဖက်ဆိုင်ရာအကျိုးရှိမှုနှင့်ပတ်သက်ပြီး တမန်တော်ပေါလုက လူငယ်တိမောသေကို အကြံပေးသောအခါ ဤသို့ဖော်ပြခဲ့သည်– “သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာလည်းကောင်း၊ မကြာမကြာခံရသောရောဂါကြောင့်လည်းကောင်း ယခုမှစ၍ ရေကိုသာမသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကိုသုံးလော့။” (၁ တိမောသေ ၅:၂၃) ဘုရားသခင်သည် စပျစ်ရည်ကို ဆေးအဖြစ် သောက်သုံးခြင်းထက်မက ရည်ရွယ်ထားကြောင်း အခြားကျမ်းပိုဒ်များက တင်ပြသည်။ စပျစ်ရည်သည် “လူတို့ကိုရွှင်လန်းစေ” သောအရာအဖြစ် ဖော်ပြခဲ့သည်။ (ဆာလံ ၁၀၄:၁၅) သို့သော် သမ္မာကျမ်းစာက ‘စပျစ်ရည်၏ကျွန်’ ဖြစ်လာခြင်းကိုမူ သတိပေးထားသည်။ (တိတု ၂:၃) ကျမ်းပိုဒ်က ဤသို့ဆိုထား၏– “စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်။ သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။” (သု. ၂၃:၂၀၊ ၂၁) ဤမျှတသောအကြံပေးချက်ကို လျစ်လျူရှုသောအခါ အဘယ်ရလဒ်များဖြစ်လာသနည်း။ နိုင်ငံတချို့မှ အဖြစ်မှန်များကို မှတ်သားပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Global Status Report on Alcohol 2004 တွင်ဤသို့ဆိုသည်– “အရက်ကြောင့်ဖြစ်သောပြဿနာများက အိုင်ယာလန်လူများကို နှစ်စဉ် ဘီလီယံ ၂.၄ ပေါင် [အမေရိကန်ဒေါ်လာ ၃ ဘီလီယံ] ခန့်ကုန်ကျစေသည်။ ဤမျှများပြားသောငွေကြေးဝန်ထုပ်ဝန်ပိုးတွင် “ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါ်လာသန်းပေါင်း ၃၅၀၊ လမ်းပေါ်မတော်တဆယာဉ်တိုက်မှုများအတွက် ဒေါ်လာသန်းပေါင်း ၃၈၀၊ အရက်ကြောင့်ဖြစ်သော ရာဇဝတ်မှုအတွက် ဒေါ်လာသန်းပေါင်း ၁၂၆ သန်း၊ အရက်ကြောင့်ဖြစ်သော အလုပ်ပျက်ကွက်မှုများ၏အကျိုးဆက်ဖြစ်သည့် ပစ္စည်းထုတ်လုပ်မှုဆုံးရှုံးခြင်းအတွက် ဒေါ်လာသန်းပေါင်း ၁၃၀၀” ပါဝင်ခဲ့သည်ဟု မှတ်တမ်းကဆိုသည်။

အရက်ကို တလွဲအသုံးပြုခြင်းကြောင့်ကုန်ကျသော ငွေကြေးပမာဏထက် ပိုအရေးကြီးရာမှာ လူ့ဆင်းရဲဝေဒနာဖြစ်သည်။ ဥပမာ၊ ဩစတြေးလျနိုင်ငံတွင် ၁၂ လအတွင်း၌ပင် သန်းတစ်ဝက်ကျော်သောလူတို့သည် အရက်မူးသူတို့၏ ရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ကြရသည်။ ပြင်သစ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုအားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သည် အရက်တလွဲအသုံးပြုခြင်းကြောင့်ဖြစ်သည်။ ဤအဖြစ်မှန်များကိုထောက်ရှုသော် အရက်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏အကြံပေးချက်သည် သင့်အတွက် အကျိုးသင့်အကြောင်းသင့်ရှိသည်မဟုတ်လော။

ခန္ဓာကိုယ်ညစ်ညူးစေသောအကျင့်များကို ရှောင်ပါ

ဆေးလိပ်သောက်ခြင်းကို ခေတ်ဆန်သည်ဟု ရှုမြင်ခဲ့ကြဆဲဖြစ်သော ၁၉၄၂ ခုနှစ်ကတည်းက ဆေးရွက်ကြီးအသုံးပြုခြင်းသည် ကျမ်းစာမူများကို ချိုးဖောက်သောကြောင့် ရှောင်ကြဉ်သင့်ကြောင်း သိမြင်ရန် ဤစာစောင်က စာရှုသူများကို ကူညီပေးခဲ့သည်။ ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသူတို့သည် “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ရန် ကျမ်းစာမိန့်မှာချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ထိုနှစ်တွင်ထုတ်ဝေသောဆောင်းပါးတစ်ပုဒ်က ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ (၂ ကောရိန္သု ၇:၁) ၆၅ နှစ်ခန့်ကြာပြီဖြစ်သော ယခုအချိန်တွင် သမ္မာကျမ်းစာပေါ်အခြေပြုသောအကြံပေးချက်သည် အကျိုးသင့်အကြောင်းသင့်ရှိသည်မဟုတ်လော။

၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးရွက်ကြီးသုံးစွဲခြင်းကို “ကမ္ဘာပေါ်တွင် လူများကိုသေစေသော ဒုတိယအဓိကအကြောင်းရင်း” အဖြစ် ဖော်ပြခဲ့သည်။ နှစ်စဉ် ငါးသန်းခန့်သောလူတို့သည် ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် သေဆုံးသည်။ နှိုင်းယှဉ်ကြည့်သော် အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ရောဂါကြောင့် နှစ်စဉ် သုံးသန်းခန့်သေဆုံးသည်။ ၂၀ ရာစုအတွင်းတွင် ဆေးလိပ်သောက်ခြင်းက လူပေါင်း သန်း ၁၀၀ ခန့်၏အသက်ကို ခြွေယူခဲ့သည်၊ ယင်းသည် ထိုရာစုနှစ်၏စစ်ပွဲများအားလုံးတွင် သတ်ဖြတ်ခံခဲ့ရသူနီးပါးမျှလောက်ဖြစ်သည်။ မှန်ပါသည်၊ ဆေးရွက်ကြီးရှောင်ခြင်း၏ ဉာဏ်ပညာရှိမှုကို ယနေ့အချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြပြီဖြစ်သည်။

“မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့”

လိင်မှုရေးရာများနှင့်ပတ်သက်သော သမ္မာကျမ်းစာမိန့်ဆိုရာကို လူအများ အလွယ်တကူလက်မခံလိုကြချေ။ အများသောသူတို့၏ ထင်မြင်ချက်နှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာက လိင်ဆန္ဒအားလုံးကို အပြစ်ရှိသောအရာအဖြစ် လွန်ကဲစွာရှုတ်ချထားသည်မဟုတ်။ သို့သော် လူတို့သည် မိမိတို့၏လိင်ဆန္ဒများမည်သို့ဖော်ပြသင့်ပုံကို သမ္မာကျမ်းစာက အကြံဉာဏ်ကောင်းပေးထားသည်။ လိင်ဆက်ဆံခြင်းသည် လက်ထပ်ထားသော ယောက်ျားနှင့်မိန်းမအတွက်သာ ခွင့်ပြုထားရာဖြစ်သည်ဟု သမ္မာကျမ်းစာသွန်သင်သည်။ (ကမ္ဘာဦး ၂:၂၄; မဿဲ ၁၉:၄-၆; ဟေဗြဲ ၁၃:၄) လိင်ဆက်ဆံခြင်းသည် အိမ်ထောင်ဖက်များအတွက် မေတ္တာနှင့် ချစ်ခင်တွယ်တာမှု ဖော်ပြသည့်နည်းဖြစ်သည်။ (၁ ကောရိန္သု ၇:၁-၅) ထိုသို့သောပေါင်းဖက်ခြင်းမှ မွေးဖွားလာသောမည်သည့်ကလေးမဆိုသည် တစ်ဦးကိုတစ်ဦးဂရုစိုက်ကြသော မိဘနှစ်ပါးရှိခြင်းမှ အကျိုးရရှိသည်။—⁠ကောလောသဲ ၃:၁၈-၂၁

လိင်ရှုပ်ပွေမှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့မိန့်ဆိုထားသည်– “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။” (၁ ကောရိန္သု ၆:၁၈) ဤသို့မိန့်ဆိုရခြင်း၏ အဓိကအကြောင်းရင်းကား အဘယ်နည်း။ ကျမ်းပိုဒ်က ဤသို့ဆက်ဆို၏– “လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကိုပြုသောသူမူကား၊ မိမိကိုယ်ကိုပင်ပြစ်မှား၏။” လိင်မှုရေးရာများနှင့်ပတ်သက်သော ကျမ်းစာအကြံပေးချက်ကို လျစ်လျူရှုသောအခါ အဘယ်ရလဒ်များထွက်လာသနည်း။

အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပျက်နေသည့်အရာကို သုံးသပ်ကြည့်ပါ။ ယခုအခါ ဤနိုင်ငံတွင် နှစ်စဉ် ၈၅၀,၀၀၀ ခန့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ကြသောကြောင့် စက်မှုထွန်းကားသောနိုင်ငံများထဲတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။ ဖျက်ချမခံရသောကလေးများစွာသည် လက်မထပ်ထားသောမိခင်များ၏ကလေးများဖြစ်ကြသည်။ ဤငယ်ရွယ်သောမိခင်များစွာတို့သည် မိမိတို့၏ကလေးများကို မေတ္တာနှင့်စည်းကမ်းဖြင့် ကြည့်ရှုစောင့်ရှောက်ရန် သူတို့အတတ်နိုင်ဆုံးလုပ်ဆောင်ကြပြီး တချို့မှာ အောင်မြင်မှုရှိခဲ့ကြသည်မှာ ယုံမှားဖွယ်မရှိချေ။ သို့သော် စိတ်မချမ်းမြေ့ဖွယ်အဖြစ်မှန်များမှာ ဆယ်ကျော်သက်မိခင်များ၏သားများသည် နောက်ဆုံးတွင် ထောင်ထဲရောက်ရဖွယ် ပိုများပြီး သူတို့၏သမီးများမှာ သူတို့ကိုယ်တိုင် ဆယ်ကျော်သက်မိခင်များဖြစ်လာရန် အကြောင်းပိုများသည့်အချက်ပင်။ လွန်ခဲ့သောဆယ်စုနှစ်များစွာအတွင်း စာရင်းအင်းကို ပြန်သုံးသပ်ပြီးနောက် သုတေသီ ရောဘတ် လာမန်က ဤသို့ရေးခဲ့သည်– “ကြင်ဖော်မဲ့မိသားစုများဖြစ်လာခြင်းက ကျောင်းတစ်ဝက်တစ်ပျက်နှင့်ထွက်ခြင်း၊ အရက်နှင့် မူးယစ်ဆေးသုံးစွဲခြင်း၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း၊ သက်ငယ်ပြစ်မှုနှုန်းတိုးများလာခြင်းကဲ့သို့သော အခြားလူမှုရေးပြဿနာများ ပို၍ဖြစ်ပျက်လာစေသည့်အကြောင်းတစ်ခု ဖြစ်နိုင်သည်။”

လိင်မှုရှုပ်ပွေသူတို့သည် ကာယရေးနှင့် စိတ်ဓာတ်ရေးနှစ်ခုစလုံးတွင် ကျန်းမာရေးထိခိုက်မှုများကိုလည်း အဓိကရင်ဆိုင်ကြရသည်။ ဥပမာ၊ Pediatrics ဂျာနယ်က ဤသို့ဆိုသည်– “ကာမစိတ်တက်ကြွနေသောဆယ်ကျော်သက်များသည် စိတ်ဓာတ်ကျဆင်းခြင်းနှင့် မိမိကိုယ်ကိုသတ်သေခြင်းဖြစ်ရန် အန္တရာယ်များကြောင်း ဖြစ်ရပ်မှန်များက ဖော်ပြသည်။” အခြားကျန်းမာရေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အမေရိကန်လူမှုကျန်းမာရေးအဖွဲ့က ဤသို့ဖော်ပြသည်– “[အမေရိကန်ပြည်ထောင်စု] ရှိ လူအားလုံး၏ထက်ဝက်ကျော်သည် သူတို့ဘဝအသက်တာတစ်ချိန်ချိန်၌ လိင်ဆိုင်ရာကူးစက်ရောဂါရရှိကြလိမ့်မည်။” လိင်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏လက်တွေ့ကျအကြံဉာဏ်ကို လိုက်လျှောက်မည်ဆိုလျှင် ရှောင်ကြဉ်နိုင်သည့်စိတ်နာကြည်းမှုနှင့် ဝေဒနာကို စဉ်းစားကြည့်ပါ!

မိသားစုနှောင်ကြိုးကို ခိုင်မြဲစေပါ

သမ္မာကျမ်းစာသည် ပျက်စီးယိုယွင်းစေသည့်အကျင့်များကို သတိပေးရုံထက်မက ဖော်ပြထားသည်။ မိသားစုဘဝအရည်အသွေးတိုးတက်စေရန် လုပ်ဆောင်နိုင်သည့် ယင်း၏လက်တွေ့ကျအကြံပေးချက်ကို သတိပြုကြည့်ပါ။

ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ဆို၏– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။” (ဧဖက် ၅:၂၈) မိမိတို့ဇနီးသည်များ၏တန်ဖိုးရှိမှုကို သတိမမူဘဲနေမည့်အစား လင်ယောက်ျားများကို “သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့” ဟုအားပေးထားသည်။ (၁ ပေတရု ၃:၇) ဖြစ်လာနိုင်သောအငြင်းပွားမှုများနှင့်ပတ်သက်၍ လင်ယောက်ျားများကို ဤသို့အကြံပေးခဲ့သည်– “ကိုယ်ခင်ပွန်းကို ဆက်၍ချစ်ကြလော့။ ကြမ်းတမ်းစွာမပြုကြနှင့်။” (ကောလောသဲ ၃:၁၉ကဘ) ဤအကြံပေးချက်ကို လက်တွေ့ကျင့်သုံးသောခင်ပွန်းသည်တစ်ဦးသည် ဇနီးသည်၏မေတ္တာနှင့်ရိုသေလေးစားမှုရမည်ကို သင်သဘောမတူပေလော။

သမ္မာကျမ်းစာက ဇနီးသည်များအတွက် ဤညွှန်ကြားချက်ကိုပေးထားသည်– “အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ . . . မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။” (ဧဖက် ၅:၂၂၊ ၂၃၊ ၃၃) မိမိ၏လင်ယောက်ျားအကြောင်းပြောသောအခါ သို့မဟုတ် သူနှင့်စကားပြောသောအခါ ဤအကြံပေးချက်ကို လိုက်လျှောက်သောဇနီးသည်တစ်ဦးသည် လင်ယောက်ျား၏ အလွန်ချစ်မြတ်နိုးမှုကို ခံစားရမည်မဟုတ်လော။

ကလေးကိုလေ့ကျင့်ပေးခြင်းနှင့်စပ်လျဉ်း၍ မိဘတို့ကိုပေးသော သမ္မာကျမ်းစာ၏အကြံပေးချက်မှာ “အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ” သင်တို့ကလေးများနှင့် ပြောဆိုဆက်သွက်မှုရှိရမည် ဟူ၍ဖြစ်သည်။ (တရားဟောရာ ၆:၇) မိမိတို့၏ကလေးများအား ကိုယ်ကျင့်တရားဆိုင်ရာလမ်းပြညွှန်ကြားပေးရန်နှင့် မေတ္တာပါသောဆုံးမပဲ့ပြင်မှုပေးရန် အထူးသဖြင့် ဖခင်များကို ညွှန်ကြားခဲ့သည်။ “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့” ဟူ၍ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဆိုသည်။ (ဧဖက် ၆:၄) တစ်ဖန်၊ ကလေးများကိုလည်း ဤသို့ဆိုထားသည်– “မိဘစကားကိုနားထောင်ကြလော့။ . . . မိဘကိုရိုသေစွာပြုလော့။” *—⁠ဧဖက် ၆:၁-၄

ဤအကြံပေးချက်များကို ကျင့်သုံးခြင်းမှ မိသားစုများအကျိုးရရှိလိမ့်မည်ဟု သင်ယူမှတ်ပါသလော။ ‘သဘောတရားအရတော့ တော်တော်လေးကောင်းတာပဲ၊ အကျိုးရှိမှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ တကယ်ဖြစ်ပါ့မလား’ ဟူ၍ သင်ပြောပေမည်။ ယေဟောဝါသက်သေများ၏ဒေသခံနိုင်ငံတော်ခန်းမသို့ သွားလည်ပတ်ရန် သင့်ကို ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ထိုတွင် သမ္မာကျမ်းစာ၏ပညာရှိအကြံဉာဏ်ကို လက်တွေကျင့်ရန် ကြိုးစားနေကြသောမိသားစုများကို သင်တွေ့ရလိမ့်မည်။ သူတို့နှင့်စကားပြောပါ။ မိသားစုဝင်များ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပြောဆိုနေကြပုံကို အကဲခတ်ကြည့်ပါ။ ကျမ်းစာမူများအတိုင်းအသက်ရှင်ခြင်းက မိသားစုများကို အမှန်တကယ်ပျော်ရွှင်စေကြောင်း ကိုယ်တိုင်ကိုယ်ကျ သင်တွေ့မြင်ရလိမ့်မည်!

လုံ့လရှိသောအလုပ်သမားတစ်ဦးနှင့် မျှတသောအလုပ်ရှင်တစ်ဦး

အလုပ်မြဲရန် နေ့စဉ်ကြုံတွေ့နေသည့်စိန်ခေါ်ချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ အဘယ်အရာပြောစရာရှိသနည်း။ မိမိအလုပ်ကို ကောင်းစွာလုပ်သောအလုပ်သမားသည် တန်ဖိုးထားခံရပြီး ဆုချခံရစရာအကြောင်းရှိသည်ဟု ယင်းက ဖော်ပြသည်။ “ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော” ဟူ၍ ပညာရှိဘုရင် ရှောလမုန် မေးခဲ့သည်။ “ထိုသူသည် သာမညလူ၏အမှုကိုမဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကိုဆောင်ရွက်ရ၏။” (သု. ၂၂:၂၉) အခြားတစ်ဖက်တွင်မူ “လူပျင်း” သည် အလုပ်ရှင်အတွက် “မျက်စိစပ်စေတတ်သည့် မီးခိုးကဲ့သို့” ဖြစ်ပေမည်။ (သု. ၁၀:၂၆ခမ) သမ္မာကျမ်းစာက အလုပ်သမားများကို ရိုးသားရန်နှင့် လုံ့လရှိရန် အားပေးထားသည်။ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။” (ဧဖက် ၄:၂၈) ဤအကြံဉာဏ်သည် အလုပ်ရှင်စောင့်ကြည့်မနေသည့်အချိန်တွင်ပင် အကျုံးဝင်သည်။ “အစေခံကျွန်တို့၊ သခင်ဘုရားကိုကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာနားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို အရာရာ၌နားထောင်ကြလော့။” (ကောလောသဲ ၃:၂၂) သင်သည် အလုပ်ရှင်ဖြစ်မည်ဆိုလျှင် ဤအကြံပေးချက်ကိုကျင့်သုံးသော အလုပ်သမားတစ်ဦးကို သင်တန်ဖိုးထားမည်မဟုတ်လော။

အလုပ်ရှင်များအတွက် သမ္မာကျမ်းစာက ဤသတိပေးချက်ကိုပေးထားသည်– “လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်။” (၁ တိမောသေ ၅:၁၈) အလုပ်ရှင်များသည် မိမိတို့အလုပ်သမားများ၏လုပ်ခကို မဖင့်နွှဲဘဲ ထိုက်သင့်စွာပေးရန် ဣသရေလလူတို့အားပေးသော ဘုရားသခင့်ပညတ်တော်က ဖော်ပြခဲ့သည်။ “ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကို မတရားသဖြင့်မသိမ်းရ။ အနိုင်အထက်ပြု၍မယူရ။ သူငှားခံထိုက်သောအခကို တစ်ညလုံးနံနက်တိုင်အောင်မထားရ။” (ဝတ်ပြုရာ ၁၉:၁၃) သမ္မာကျမ်းစာညွှန်ကြားချက်ကို လိုက်နာပြီး သင့်လုပ်ခကို မဖင့်နွှဲဘဲ ထိုက်သင့်စွာပေးသော အလုပ်ရှင်အတွက် အလုပ်လုပ်ပေးရခြင်းကို သင်ပျော်ရွှင်မည်မဟုတ်လော။

ဉာဏ်ပညာ၏သာလွန်ထူးကဲသောရင်းမြစ်

ယနေ့အချိန်အတွက် လက်တွေ့ကျသောအကြံဉာဏ်ကို သမ္မာကျမ်းစာကဲ့သို့ ရှေးကျလှသောစာအုပ်တွင် ပါရှိသောကြောင့် အံ့အားသင့်ပါသလော။ မြောက်မြားလှသောအခြားစာအုပ်များ လက်တွေ့မကျဖြစ်လာနေချိန်တွင် သမ္မာကျမ်းစာမှာ လက်တွေ့ကျနေဆဲဖြစ်ခဲ့ရသည့်အကြောင်းရင်းမှာ ယင်းသည် လူ့နှုတ်ထွက်မဟုတ်ဘဲ ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်’ ဖြစ်သောကြောင့်တည်း။—⁠၁ သက်သာလောနိတ် ၂:၁၃

ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ပို၍အကျွမ်းတဝင်ရှိလာရန် အချိန်ယူဖို့ သင့်ကို ကျွန်ုပ်တို့အားပေးပါသည်။ ထိုသို့သင်ပြုလုပ်ပါက သမ္မာကျမ်းစာ၏အာဘော်ရှင် ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးသည့်စိတ်ရှိလာမည်ဖြစ်သည်။ ကိုယ်တော်ပေးထားသော အကြံဉာဏ်ကို ကျင့်သုံးပြီး အန္တရာယ်မှ သင့်ကို ကာကွယ်ပေးပုံနှင့် သင့်ဘဝတိုးတက်စေရန် ကူညီပေးပုံကို ရှာကြည့်ပါလေ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ‘ဘုရားသခင်၌ချဉ်းကပ်ပြီး ကိုယ်တော်သည် သင်၌ချဉ်းကပ်တော်မူလိမ့်မည်။’ (ယာကုပ် ၄:၈) ယင်းသို့ သင့်ကိုကူညီပေးနိုင်သောအခြားစာအုပ်မရှိတော့ပြီ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 သင့်မိသားစုကိုထောက်ကူနိုင်သော ကျမ်းစာမူများအကြောင်း အသေးစိတ်ဆွေးနွေးချက်ကို ယေဟောဝါသက်သေများထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်တွင်ရှု။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အရက်သောက်သုံးခြင်းအပေါ် သမ္မာကျမ်းစာ၏အမြင်သည် လက်တွေ့ကျသည်ဟု သင်ယူမှတ်ပါသလော

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဆေးရွက်ကြီးကိုရှောင်ရန် သမ္မာကျမ်းစာအခြေပြုသည့် အကြံပေးချက်ကို သင်သဘောတူပါသလော

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာအကြံဉာဏ်ကို လိုက်လျှောက်ခြင်းသည် မိသားစုဘဝကို တိုးတက်စေ

[Picture Credit Line on page 5]

Globe: Based on NASA photo