မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နှစ်သက်သော ယဇ်များကိုပူဇော်ခြင်း

ဘုရားသခင်နှစ်သက်သော ယဇ်များကိုပူဇော်ခြင်း

ဘုရားသခင်နှစ်သက်သော ယဇ်များကိုပူဇော်ခြင်း

“အသက်သည် သေခြင်းမှထွက်ပေါ်လာရာဖြစ်သည်ဟု အက်ဇ်တက်စ်လူမျိုးတို့ယုံကြည်ခဲ့ကြပြီး အမေရိကအလယ်ပိုင်းဒေသတွင် တစ်ခါမျှမကြုံဖူးသောအတိုင်းအတာအထိ လူသားယဇ်ပူဇော်ခြင်းဓလေ့ကို ကျင့်သုံးခဲ့ကြသည်” ဟု The Mighty Aztecs စာအုပ်တွင် ဖော်ပြထားသည်။ “အင်ပါယာ ကြီးမားကျယ်ပြောလာသည်နှင့်အမျှ အင်ပါယာအပေါ်ယုံကြည်စိတ်ချမှုကို တည်ဆောက်ဖို့ကြိုးစားရာတွင် လူသားယဇ်ပူဇော်မှုများကို အသုံးပြုခဲ့ကြသည်” ဟုစာအုပ်တွင် ဆက်ဖော်ပြသည်။ အခြားစာအုပ်ဖော်ပြချက်အရ အက်ဇ်တက်စ်တို့ လူသားယဇ်ပူဇော်သည့်အရေအတွက်သည် တစ်နှစ်လျှင် ၂၀,၀၀၀ အထိရှိခဲ့သည်။

ကြောက်ရွံ့မှုကြောင့်ဖြစ်စေ၊ အပြစ်ရှိသည်၊ အမှားလုပ်မိသည်ဟူသောခံစားချက်ဖြင့် စိတ်ဒွိဟဖြစ်နေမှုကြောင့်ဖြစ်စေ သမိုင်းတစ်လျှောက်ရှိလူတို့သည် မိမိတို့၏နတ်ဘုရားများထံ ယဇ်တစ်မျိုးမျိုးကို ပူဇော်ပသခဲ့ကြသည်။ သို့သော် အချို့သောယဇ်ပူဇော်မှုများသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ယေဟောဝါ အစပြုလုပ်ဆောင်စေခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ထို့ကြောင့် ဤသို့မေးရန် သင့်လျော်ပါသည်– မည်သို့သော ယဇ်ပူဇော်မှုများကို ဘုရားသခင် နှစ်သက်တော်မူသနည်း။ ယဇ်ပူဇော်မှုများသည် ယနေ့ခေတ်ဝတ်ပြုရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါသလော။

မှန်သောဝတ်ပြုရေးတွင် ယဇ်ပူဇော်မှုများ

ဣသရေလလူမျိုးဟူ၍ ဖွဲ့စည်းလိုက်သည့်အခါ ဣသရေလလူမျိုးတို့ ယေဟောဝါအားဝတ်ပြုရာတွင် ကိုယ်တော်အလိုရှိသော ဝတ်ပြုနည်းနှင့်ပတ်သက်သည့် ရှင်းလင်းသောညွှန်ကြားချက်များ ပေးခဲ့သည်၊ ယင်းတွင် ယဇ်ပူဇော်မှုများ ပါဝင်သည်။ (တောလည်ရာ အခန်းကြီး ၂၈ နှင့် ၂၉) ယဇ်ပူဇော်ရာအချို့သည် မြေထွက်သီးနှံများဖြစ်ပြီး အခြားပူဇော်ရာများမှာ နွားထီး၊ သိုး၊ ဆိတ်၊ ခို၊ ချိုးစသည့် တိရစ္ဆာန်များကိုပူဇော်ခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁:၃၊ ၅၊ ၁၀၊ ၁၄; ၂၃:၁၀-၁၈; တောလည်ရာ ၁၅:၁-၇; ၂၈:၇) မီးတွင်လုံးလုံးလောင်ကျွမ်းသွားစေသည့် မီးရှို့ရာယဇ်ပူဇော်ခြင်းများ ရှိခဲ့သည်။ (ထွက်မြောက်ရာ ၂၉:၃၈-၄၂) မိတ်သဟာယယဇ်ပူဇော်ခြင်းလည်းရှိပြီး ယင်းက ယဇ်ပူဇော်သူသည် ဘုရားသခင်အားပူဇော်ထားသည့်ယဇ်အသားကို အတူစားသုံးခြင်းဖြင့် ပါဝင်ကြသည်။—⁠ဝတ်ပြုရာ ၁၉:၅-၈

မောရှေပညတ်အောက်တွင် ဘုရားသခင်အားဆက်သသော ယဇ်ပူဇော်မှုအားလုံးသည် ဘုရားသခင်ကို ဝတ်ပြုသည့်နည်းလမ်းတစ်ခုဖြစ်ပြီး ကိုယ်တော်အား စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်။ ထိုသို့သောယဇ်ပူဇော်မှုများအားဖြင့် ဣသရေလလူမျိုးသည် ယေဟောဝါ၏ကောင်းချီးနှင့် ကာကွယ်မှုတို့အတွက် ကိုယ်တော်အား ကျေးဇူးတင်ကြောင်းတင်ပြကြပြီး မိမိတို့၏အပြစ်များအတွက် ခွင့်လွှတ်မှုကိုလည်း ရရှိခဲ့ကြသည်။ သူတို့သည် ဝတ်ပြုရေးအတွက် ယေဟောဝါတောင်းဆိုထားချက်များကို တည်ကြည်စွာလုပ်ဆောင်နေသရွေ့ ကြွယ်ဝစွာကောင်းချီးရရှိခဲ့ကြသည်။—⁠သု. ၃:၉၊ ၁၀

ယေဟောဝါအဖို့ အရေးအကြီးဆုံးအရာမှာ ယဇ်ပူဇော်သူတို့၏သဘောထားဖြစ်သည်။ ပရောဖက်ဟောရှေအားဖြင့် ယေဟောဝါ ဤသို့မိန့်တော်မူခဲ့၏– ‘ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့်ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။’ (ဟောရှေ ၆:၆) ထို့ကြောင့် လူတို့သည် မှန်သောဝတ်ပြုရေးမှလမ်းလွဲသွားကြပြီး အကျင့်ပျက်ကြကာ အပြစ်မရှိသူတို့၏အသွေးကို သွန်းကြသောအခါ ယေဟောဝါ၏ယဇ်ပလ္လင်တွင် သူတို့ဆက်သသောယဇ်ပူဇော်မှုများသည် တန်ဖိုးမရှိတော့ချေ။ ထို့ကြောင့်လည်း ဟေရှာယမှတစ်ဆင့် ဣသရေလလူမျိုးကို ယေဟောဝါဤသို့မိန့်တော်မူခဲ့၏– “သင်တို့ပူဇော်သောယဇ်အများကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။”—⁠ဟေရှာယ ၁:၁၁

“ငါမမှာထား”

ဣသရေလလူတို့နှင့် သိသိသာသာကွဲပြားခြားနားသည်မှာ ခါနာန်လူမျိုးတို့သည် မိလကုံဟူ၍လည်းသိကြသည့် အမ္မုန်နတ်ဘုရားမောလုတ်အပါအဝင် သူတို့၏နတ်ဘုရားများထံ မိမိတို့၏ကလေးများကို ယဇ်ပူဇော်ခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၁:၅၊ ၇၊ ၃၃; တမန်တော် ၇:၄၃) ဟေလီ၏ကျမ်းစာလက်စွဲစာအုပ်တွင် ဤသို့ဆိုထား၏– “ခါနာန်လူမျိုးတို့သည် သူတို့၏နတ်ဘုရားများရှေ့မှောက်တွင် ဝတ်ပြုရေးထုံးတမ်းတစ်ခုအနေဖြင့် လိင်အကျင့်ယိုယွင်းကြပြီး ယင်းနောက် မိမိတို့၏သားဦးကလေးများကိုသတ်ကာ ထိုဘုရားများထံပူဇော်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။”

ထိုသို့သောဓလေ့ထုံးစံများကို ယေဟောဝါဘုရားသခင် နှစ်သက်ပါသလော။ လုံးဝမနှစ်သက်ပါ။ ဣသရေလလူမျိုး ခါနာန်ပြည်ဝင်ခါနီးအချိန်တွင် ယေဟောဝါသည် ဝတ်ပြုရာ ၂၀:၂၊ ၃ တွင်မှတ်တမ်းတင်ထားသော ဤအမိန့်ကို ထုတ်ပြန်တော်မူခဲ့၏– “ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့်ပစ်ရကြမည်။ ငါ့သန့်ရှင်းရာဌာနတော်ကိုညစ်ညူးစေလျက် ငါ့သန့်ရှင်းသောနာမတော်ကိုရှုတ်ချလျက် မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို ငါသည် မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။”

လုပ်ဆောင်ကြမည်မဟုတ်ဟုထင်မှတ်ရသော်လည်း မှန်သောဝတ်ပြုရေးမှသွေဖည်သွားခဲ့ကြသော ဣသရေလလူအချို့သည် မှားယွင်းသောဘုရားများထံ မိမိတို့ကလေးကိုပူဇော်သော နတ်ဆိုးနှင့်ဆိုင်သည့်ယင်းဓလေ့ထုံးစံကို လက်ခံကျင့်သုံးခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ဆာလံ ၁၀၆:၃၅-၃၈ တွင်ဤသို့ဆိုထား၏– ‘သူတို့နှင့်ရောနှော၍ သူတို့၏ဘာသာဓလေ့ကိုသင်ကြ၏။ သူတို့၏ရုပ်ပုံများကိုဝတ်ပြု၍ ကျော့ကွင်း၌ကျော့မိကြ၏။ ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အားယဇ်ပူဇော်ကြ၏။ ထိုသို့အပြစ်မရှိသောသူတို့၏အသွေး၊ ခါနာန်ရုပ်ပုံတို့ရှေ့မှာယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏အသွေးကို သွန်ကြ၍ ထိုမြေသည် အသွေးနှင့်ညစ်ညူးလေ၏။’

ယေဟောဝါသည် ယင်းဓလေ့ထုံးစံကို စက်ဆုပ်ရွံရှာကြောင်းဖော်ပြရာတွင် ပရောဖက်ယေရမိမှတစ်ဆင့် ယုဒပြည်သားတို့နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့၏– “ငါ၏နာမဖြင့်သမုတ်သောအိမ်တော်ကို ညစ်ညူးစေခြင်းငှာ ရွံရှာဖွယ်သောအရာတို့ကို သွင်းထားကြပြီ။ ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း သူတို့သားသမီးများကိုမီးရှို့ခြင်းငှာ ဟိန္နုံသား၏ချိုင့်၌ရှိသော တောဖက်ကုန်းတို့ကိုတည်ကြပြီ။”—⁠ယေရမိ ၇:၃၀၊ ၃၁

စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ယင်းဓလေ့ထုံးစံများကို လုပ်ဆောင်ကြခြင်းကြောင့် ဣသရေလအမျိုးသည် နောက်ဆုံးတွင် ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခဲ့သည်။ နောက်ဆုံး၌ သူတို့၏မြို့တော်ယေရုရှလင်မြို့ ဖျက်ဆီးခံခဲ့ရပြီး မြို့သူမြို့သားတို့သည် ဗာဗုလုန်သို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ (ယေရမိ ၇:၃၂-၃၄) လူသားယဇ်ပူဇော်သည့် ဓလေ့ထုံးစံသည် မှန်သောဘုရားသခင်ထံမှမဟုတ်၊ မှန်သောဝတ်ပြုရေး၏ အစိတ်အပိုင်းလည်းမဟုတ်သည်မှာ ရှင်းနေပါသည်။ လူသားယဇ်ပူဇော်မှုမှန်သမျှသည် နတ်ဆိုးနှင့်ဆိုင်ပြီး ဘုရားသခင်၏မှန်သောဝတ်ပြုကိုးကွယ်သူတို့သည် ထိုသို့သောဓလေ့ထုံးစံနှင့် ဆက်စပ်သည့်အရာမှန်သမျှမှ ကင်းရှင်းရမည်။

ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်

အချို့က ဤသို့မေးပေမည်– ‘ဒါဆိုရင် ဣသရေလလူတွေကိုပေးတဲ့ ယေဟောဝါရဲ့ပညတ်ထဲမှာ တိရစ္ဆာန်ယဇ်ပူဇော်ဖို့ ဘာကြောင့်တောင်းဆိုထားတာလဲ။’ တမန်တော်ပေါလုသည် ထိုမေးခွန်းကိုပင် ဆင်ခြင်သုံးသပ်ခဲ့ပြီး ဤသို့အဖြေပေးခဲ့၏– ‘သို့ဖြစ်၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား ကတိတော်ကိုခံသောအမျိုးအနွယ်မဖြစ်မီတိုင်အောင်၊ မကောင်းမှုအပြစ်များကြောင့် ထိုတရားကို ထပ်၍ပေးတော်မူ၏။ . . . ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။’ (ဂလာတိ ၃:၁၉-၂၄) မောရှေပညတ်အောက်ရှိ တိရစ္ဆာန်ယဇ်ပူဇော်မှုများသည် လူသားတို့အတွက် ယေဟောဝါဘုရားသခင်ပြင်ဆင်ပေးတော်မူမည့် သာ၍ကြီးမြတ်သော ယဇ်ပူဇော်မှု—⁠ကိုယ်တော်၏သားတော် ယေရှုခရစ်—⁠ကို ပုံတင်ပြခဲ့ခြင်းဖြစ်သည်။ မေတ္တာပါသောယင်းပြင်ဆင်ပေးမှုအကြောင်းကို ယေရှု၏ဤမိန့်တော်မူချက်တွင် ဖော်ပြခဲ့၏– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။’—⁠ယောဟန် ၃:၁၆

ဘုရားသခင်နှင့် လူသားတို့ကိုချစ်မြတ်နိုးမှုကြောင့် ယေရှုသည် အာဒံ၏သားမြေးများအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏စုံလင်သောလူသားအသက်ကို တလိုတလားပေးဆက်ခဲ့သည်။ (ရောမ ၅:၁၂၊ ၁၅) ယေရှုဤသို့မိန့်တော်မူခဲ့၏– “သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၈) အာဒံသည် လူသားတို့ကို အပြစ်နှင့်သေခြင်း၏အချုပ်အနှောင်အောက် ရောင်းချခဲ့ပြီး ယင်းမှလွတ်မြောက်ရန် မြေကြီးပေါ်ရှိမည်သည့်လူသားမျှ မရွေးနုတ်နိုင်ပါ။ (ဆာလံ ၄၉:၇၊ ၈) ထို့ကြောင့် ယေရှုသည် “ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏” ဟု ပေါလုရှင်းပြခဲ့သည်။ (ဟေဗြဲ ၉:၁၂) ဘုရားသခင်သည် ယေရှု၏ပူဇော်ရာယဇ်အသွေးတော်ကို လက်ခံခြင်းဖြင့် “ငါတို့တစ်ဖက် . . . ရှိနေသော နည်းဥပဒေသအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို . . . ပယ်ရှင်းတော်မူ၏။” ယေဟောဝါသည် ပညတ်ပဋိညာဉ်နှင့် ယင်းတွင်တောင်းဆိုထားသည့် ယဇ်ပူဇော်မှုများကို ဖယ်ရှားတော်မူပြီး “ထာဝရအသက်” ဆုကို ဆောင်ကြဉ်းပေးတော်မူသည်။—⁠ကောလောသဲ ၂:၁၄သမ္မာ; ရောမ ၆:၂၃

ဝိညာဉ်ရေးနှင့်ဆိုင်သော ပူဇော်ရာယဇ်များ

တိရစ္ဆာန်ယဇ်ပူဇော်မှုများသည် မှန်သောဝတ်ပြုရေး၏အစိတ်အပိုင်း မဟုတ်တော့သောကြောင့် ယနေ့ ကျွန်ုပ်တို့ကိုတောင်းဆိုထားသည့် ပူဇော်ရာယဇ်များ ရှိပါသလော။ အမှန်ရှိပါသည်။ ယေရှုခရစ်သည် ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ပူဇော်ရာယဇ်တည်းဟူသော ကိုယ်ကျိုးစွန့်အသက်တာဖြင့် နေထိုင်ခဲ့ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို လူသားတို့အတွက်ပေးဆက်ခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်ဤသို့အခိုင်အမာဆိုခဲ့၏– “ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (မဿဲ ၁၆:၂၄) ယင်းက ယေရှု၏နောက်တော်လိုက်ဖြစ်လိုသူ မည်သူမဆိုသည် သတ်သတ်မှတ်မှတ်အရာတချို့ကို စွန့်လွှတ်ပူဇော်ရမည်ဖြစ်သည်။ မည်သည့်အရာများနည်း။

တစ်ခုအနေနှင့် ခရစ်တော်၏စစ်မှန်သောနောက်လိုက်တစ်ဦးသည် မိမိဆန္ဒအတိုင်းမဟုတ်ဘဲ ဘုရားသခင့်အလိုတော်အတိုင်း အသက်ရှင်နေထိုင်သည်။ သူသည် မိမိ၏ကိုယ်ပိုင်အလိုဆန္ဒများကို ဘုရားသခင့်အလိုတော်နှင့်ယှဉ်လျှင် ဒုတိယနေရာတွင်ထားသည်။ တမန်တော်ပေါလု ယင်းကိုမည်သို့ဖော်ပြသည်ကို သတိပြုပါ– ‘ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။ သင်တို့သည် လောကပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။’—⁠ရောမ ၁၂:၁၊ ၂

ထို့ပြင် ဘုရားသခင်ကိုကျွန်ုပ်တို့ချီးမွမ်းခြင်းသည် ယေဟောဝါထံဆက်သသောပူဇော်ရာယဇ်ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ ပရောဖက်ဟောရှေက “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်” ဟူသောအသုံးအနှုန်းကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏နှုတ်ခမ်းဖြင့်ဘုရားသခင်အားချီးမွမ်းမှုကို အကောင်းဆုံးပူဇော်ရာယဇ်တစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်တော်မူကြောင်း ဖော်ပြသည်။ (ဟောရှေ ၁၄:၂) တမန်တော်ပေါလုက ဟေဗြဲခရစ်ယာန်များအား ဤသို့တိုက်တွန်း၏– “ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။” (ဟေဗြဲ ၁၃:၁၅) ယနေ့ ယေဟောဝါသက်သေတို့သည် လူမျိုးတကာတို့ကို သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတို့တွင် အလုပ်များနေကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သူတို့သည် ဘုရားသခင်အားချီးမွမ်းခြင်းယဇ်ကို ကမ္ဘာတစ်ဝန်း၌ နေ့ရောညပါပူဇော်နေကြသည်။—⁠ဗျာ. ၇:⁠၁၅

ဟောပြောခြင်းနှင့်အတူ အခြားသူတို့အပေါ်ကောင်းမှုပြုခြင်းသည် ဘုရားသခင်နှစ်သက်သော ပူဇော်ရာယဇ်များထဲတွင် ပါဝင်သည်။ “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏” ဟူ၍ ပေါလုတိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၁၃:၁၆) ဘုရားသခင်နှစ်သက်သော ချီးမွမ်းခြင်းယဇ်ဖြစ်ရန် ယင်းကိုပူဇော်သူတို့တွင် ကောင်းသောအကျင့်ရှိဖို့လိုအပ်သည်။ ပေါလု ဤသို့သတိပေးခဲ့၏– “ခရစ်တော်၏ဝမ်းမြောက်ဖွယ်သတင်းတရားနှင့် အထိုက်အလျောက် ကျင့်ကြံပြုမူ၍နေကြလော့။”—⁠ဖိလိပ္ပိ ၁:၂၇သမ္မာ; ဟေရှာယ ၅၂:၁၁

အတိတ်အချိန်ကကဲ့သို့ပင် မှန်သောဝတ်ပြုရေးကိုထောက်မရာတွင်ပြုလုပ်သော ပူဇော်ရာယဇ်အားလုံးသည် ကြီးစွာသောရွှင်လန်းမှုနှင့် ယေဟောဝါထံမှကောင်းချီးများကို ရရှိစေမည်ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်အမှန်နှစ်သက်သော ပူဇော်ရာယဇ်များကို အတတ်နိုင်ဆုံးဆက်သကြစို့လေ!

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

‘ကိုယ်သားသမီးတို့ကို . . . ခါနာန်ရုပ်ပုံတို့ရှေ့မှာ ယဇ်ပူဇော်ကြ’

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]

သတင်းကောင်းဟောပြောခြင်း၊ အခြားနည်းများဖြင့် အကူအညီပေးခြင်းဖြင့် စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင်နှစ်သက်သောယဇ်များကို ပူဇော်ကြ