မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာပြည့်ဝသောသိုးထိန်းများကို နှိမ့်ချစွာလက်အောက်ခံပါ

မေတ္တာပြည့်ဝသောသိုးထိန်းများကို နှိမ့်ချစွာလက်အောက်ခံပါ

မေတ္တာပြည့်ဝသောသိုးထိန်းများကို နှိမ့်ချစွာလက်အောက်ခံပါ

“သင်တို့ကိုဦးဆောင်သောသူတို့ကို နာခံ၍ လက်အောက်ခံလျက်နေကြလော့။”—⁠ဟေဗြဲ ၁၃:၁၇၊ ကဘ။

၁၊ ၂။ ယေဟောဝါနှင့်ယေရှုတို့သည် မေတ္တာပြည့်ဝသောသိုးထိန်းများဖြစ်ကြောင်း အဘယ်ကျမ်းချက်များက ဖော်ပြသနည်း။

ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော် ယေရှုခရစ်တို့သည် မေတ္တာပြည့်ဝသော သိုးထိန်းများဖြစ်ကြ၏။ ဟေရှာယဤသို့ပရောဖက်ပြုခဲ့၏– ‘ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသခင်သည် ကြီးသောတန်ခိုးနှင့်ကြွလာ၍ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ . . . မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကိုချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညင်းစွာပို့ဆောင်တော်မူမည်။”—⁠ဟေရှာယ ၄၀:၁၀၊ ၁၁

ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ယင်းပရောဖက်ပြုချက်သည် ဂျူးအကြွင်းအကျန်တို့ ယုဒပြည်သို့ပြန်ချိန် ဘီစီ ၅၃၇ တွင် ပထမအကြိမ်ပြည့်စုံခဲ့သည်။ (ဧဇရ ၁:၁-၃) သာ၍ကြီးမြတ်သောကုရုဖြစ်သူ ယေရှုခရစ်အားဖြင့် ဝိညာဉ်တော်ဖွားအကြွင်းအကျန် ‘မဟာဗာဗုလုန်’ မှလွတ်မြောက်သည့် ၁၉၁၉ ခုနှစ်တွင် နောက်တစ်ကြိမ်ပြည့်စုံခဲ့သည်။ (ဗျာ. ၁၈:၂; ဟေရှာယ ၄၄:၂၈) ယေရှုခရစ်သည် ယေဟောဝါ၏ “လက်ရုံးတော်” အဖြစ်အုပ်စိုးတော်မူပြီး သိုးများကိုစုရုံးကာ သူတို့ကို သနားကြင်နာစွာ ထိန်းကျောင်းတော်မူသည်။ ယေရှုကိုယ်တော်တိုင် ဤသို့မိန့်တော်မူခဲ့၏– “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ . . . ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။”—⁠ယောဟန် ၁၀:၁၄

၃။ ယေဟောဝါသည် ကိုယ်တော်၏သိုးများ ဆက်ဆံခံရပုံကို မေတ္တာပါပါစိုးရိမ်တော်မူကြောင်း မည်သို့တင်ပြတော်မူသနည်း။

ဟေရှာယ ၄၀:၁၀၊ ၁၁ ပါပရောဖက်ပြုချက်က ယေဟောဝါသည် ကိုယ်တော်၏လူမျိုးကို သနားကြင်နာစွာထိန်းကျောင်းတော်မူကြောင်း အလေးပေးဖော်ပြသည်။ (ဆာလံ ၂၃:၁-၆) ယေရှုသည်လည်း မြေကြီးပေါ်ဓမ္မအမှုဆောင်ချိန်အတွင်း ကိုယ်တော့်တပည့်များနှင့် လူတို့ကို သနားကြင်နာကြောင်း တင်ပြတော်မူခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀; မာကု ၆:၃၄) မိမိတို့၏သိုးအုပ်ကို အရှက်မဲ့စွာလျစ်လျူရှုထားပြီး မိမိတို့အကျိုးအတွက်သာ အသုံးပြုကြသော သနားကြင်နာမှုမရှိသည့် ဣသရေလသိုးထိန်းများ သို့မဟုတ် ခေါင်းဆောင်များကို ယေဟောဝါနှင့်ယေရှုနှစ်ပါးစလုံး ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။ (ယေဇကျေလ ၃၄:၂-၁၀; မဿဲ ၂၃:၃၊ ၄၊ ၁၅) ယေဟောဝါဤသို့ကတိပြုတော်မူခဲ့၏– “ငါသည် ငါ့သိုးများကို ကယ်တင်သဖြင့် သူတို့သည် နောက်တစ်ဖန် လုယူရာမဖြစ်ရဘဲ သိုးတစ်ကောင်နှင့်တစ်ကောင်ကြားတွင် ငါတရားစီရင်မည်။ ငါ၏ကျွန်ဒါဝိဒ်ကိုလည်း သိုးထိန်းတစ်ဦးတည်းအဖြစ် ငါခန့်ထား၍ သူသည် လုပ်ကျွေးလျက် သူတို့အဖို့ သိုးထိန်းဖြစ်ရလိမ့်မည်။” (ယေဇကျေလ ၃၄:၂၂၊ ၂၃သမ္မာ) ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် မြေကြီးပေါ်ရှိ ကိုယ်တော်၏ကျေးကျွန်များဖြစ်သော ဝိညာဉ်တော်ဖွားများနှင့် “အခြားသိုး” တို့အပေါ်တွင် သာ၍ကြီးမြတ်သောဒါဝိဒ်ဖြစ်သည့် ယေရှုခရစ်ကို “သိုးထိန်းတစ်ဦး” အဖြစ် ခန့်ထားတော်မူသည်။—⁠ယောဟန် ၁၀:၁၆

အသင်းတော်အတွက်ကောင်းကင်ဘုံရှင်ထံမှဆုလာဘ်များ

၄၊ ၅။ (က) ယေဟောဝါသည် မြေကြီးပေါ်ရှိကိုယ်တော့်လူမျိုးကို အဖိုးထိုက်သောအဘယ်ဆုလာဘ် ပေးတော်မူသနည်း။ (ခ) ယေရှုသည် ကိုယ်တော်၏အသင်းတော်ကို အဘယ်ဆုလာဘ်ပေးတော်မူသနည်း။

ယေဟောဝါသည် မြေကြီးပေါ်ရှိ ကိုယ်တော့်ကျေးကျွန်များအပေါ် “သိုးထိန်းတစ်ဦး” ဖြစ်သောယေရှုခရစ်ကို ချီးမြှောက်ခြင်းဖြင့် ခရစ်ယာန်အသင်းတော်ကို အဖိုးထိုက်သောဆုလာဘ် ပေးတော်မူခဲ့သည်။ ကောင်းကင်မှဆုလာဘ်ဖြစ်သော ဤခေါင်းဆောင်နှင့်ပတ်သက်၍ ဟေရှာယ ၅၅:၄ [သမ္မာ] တွင် ဤသို့ပရောဖက်ပြုထား၏– “ကြည့်လော့။ ထိုသူကို လူမျိုးတို့အဖို့ သက်သေအဖြစ်၊ လူမျိုးခြားတို့အဖို့ [“ခေါင်းဆောင်နှင့်၊” ကဘ] စီရင်အုပ်စိုးသောအရှင်အဖြစ် ငါခန့်ထားလေပြီ။” ဝိညာဉ်တော်ဖွားများနှင့် ‘လူအုပ်ကြီး’ အဝင်ဖြစ်သူတို့ကို လူအမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုးပြောသောသူတို့ထဲမှ စုသိမ်းထားခြင်းဖြစ်သည်။ (ဗျာ. ၅:၉၊ ၁၀; ၇:၉) သူတို့သည် အပြည်ပြည်ဆိုင်ရာအသင်းတော်ဖြစ်ပြီး “သိုးထိန်းတစ်ဦး” ၏ဦးဆောင်မှုအောက်တွင် ‘သိုးအုပ်တစ်အုပ်’ အဖြစ်တည်ရှိကြသည်။

ယေရှုသည်လည်း မြေကြီးပေါ်ရှိ ကိုယ်တော်၏အသင်းတော်အတွက် အဖိုးထိုက်သောဆုလာဘ် ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် တည်ကြည်မှုရှိသော လက်အောက်ခံသိုးထိန်းများရှိစေရန် စီစဉ်ပေးခဲ့ပြီး ထိုသူတို့သည် ယေဟောဝါနှင့် ယေရှုကိုတုပကြကာ သိုးတော်စုကို သနားကြင်နာစွာထိန်းကျောင်းကြသည်။ တမန်တော်ပေါလုက ဧဖက်ရှိခရစ်ယာန်များအားရေးပို့သောစာတွင် ယင်းမေတ္တာပြည့်ဝသောဆုလာဘ်အကြောင်း ဖော်ပြခဲ့သည်။ သူဤသို့ရေးခဲ့၏– ‘“မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူ့အသွင်ဆုလာဘ်များကို ခံရတော်မူပြီ” . . . ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကိုတည့်မတ်ပေးရန်အလို့ငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သိုးထိန်းများနှင့် သွန်သင်သူများအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။’—⁠ဧဖက် ၄:၈၊ ၁၁၊ ၁၂ကဘ။

၆။ အကြီးအကဲအဖွဲ့များတွင် အမှုဆောင်နေကြသော ဝိညာဉ်တော်ဖွားကြီးကြပ်မှူးများကို ဗျာ. ၁:၁၆၊ ၂၀ တွင်မည်သို့သရုပ်ဖော်ထားသနည်း။ အခြားသိုးများထဲမှ ခန့်အပ်ခံရသောအကြီးအကဲများနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။

ထို “လူ့အသွင်ဆုလာဘ်များ” တို့မှာ ကြီးကြပ်မှူးများ သို့မဟုတ် အကြီးအကဲများဖြစ်ကြပြီး သူတို့သည် သိုးများကို သနားကြင်နာစွာထိန်းကျောင်းရန် ယေဟောဝါနှင့်ကိုယ်တော်၏သားတော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်ထားခြင်းဖြစ်သည်။ (တမန်တော် ၂၀:၂၈၊ ၂၉) အစပိုင်းတွင် ထိုကြီးကြပ်မှူးများအားလုံးသည် ဝိညာဉ်တော်ဖွားခရစ်ယာန်အမျိုးသားများ ဖြစ်ကြသည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်အတွင်း အကြီးအကဲအဖွဲ့များအဖြစ် အမှုဆောင်သူတို့သည် ခရစ်တော်၏အုပ်ထိန်းမှုအောက်တွင်ရှိကြောင်းကို ဗျာ. ၁:၁၆၊ ၂၀ တွင်ခရစ်တော်၏လက်ယာလက်ပေါ်တွင်ရှိသော “ကြယ်” သို့မဟုတ် “တမန်” များအဖြစ် ပုံဆောင်ဖော်ပြထားသည်။ ဤနောက်ဆုံးကာလတွင် မြေကြီးပေါ်ရှိဆဲဖြစ်သည့် ဝိညာဉ်တော်ဖွားကြီးကြပ်မှူးများအရေအတွက်သည် တဖြည်းဖြည်းလျော့နည်းနေသောကြောင့် အသင်းတော်များတွင်ရှိသည့် ခရစ်ယာန်အကြီးအကဲအများစုမှာ အခြားသိုးများဖြစ်ကြသည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်မှုအောက်ရှိ အုပ်ချုပ်ရေးအဖွဲ့၏ကိုယ်စားလှယ်များအားဖြင့် ခန့်အပ်ခံရသောကြောင့် သူတို့သည်လည်း ကောင်းသောသိုးထိန်း ယေရှုခရစ်၏လက်ယာဘက် (သို့မဟုတ်၊ ညွှန်ကြားမှုအောက်) တွင်ရှိသည်ဟု ဆိုနိုင်ပါသည်။ (ဟေရှာယ ၆၁:၅၊ ၆) အသင်းတော်များတွင်ရှိသော အကြီးအကဲများသည် အသင်းတော်၏ဦးခေါင်း ခရစ်တော်ကိုလက်အောက်ခံကြသောကြောင့် သူတို့သည် ကျွန်ုပ်တို့၏ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို ရထိုက်သည်။—⁠ကောလောသဲ ၁:၁၈

နာခံခြင်းနှင့် လက်အောက်ခံခြင်း

၇။ ခရစ်ယာန်ကြီးကြပ်မှူးများအပေါ် ကျွန်ုပ်တို့၏သဘောထားနှင့်ပတ်သက်၍ တမန်တော်ပေါလု မည်သို့အကြံပြုခဲ့သနည်း။

ကျွန်ုပ်တို့၏ကောင်းကင်သိုးထိန်းဖြစ်တော်မူသော ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်သည် အသင်းတော်မှ တာဝန်ရှိလက်အောက်ခံသိုးထိန်းများကို ကျွန်ုပ်တို့ နာခံရန်နှင့် လက်အောက်ခံရန် မျှော်လင့်တော်မူသည်။ (၁ ပေတရု ၅:၅) တမန်တော်ပေါလုသည် မှုတ်သွင်းခံရကာ ဤသို့ရေးခဲ့၏– ‘ဘုရားသခင်၏နှုတ်မြွက်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့ကိုအုပ်ထိန်းသူတို့အား သတိရလျက်နေကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူကြောင်း စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကိုတုပလုပ်ကိုင်လော့။ သင်တို့ကိုဦးဆောင်သောသူတို့ကို နာခံ၍ လက်အောက်ခံလျက်နေကြလော့။ အကြောင်းမှာ သူတို့သည် ကိုယ်တိုင်စာရင်းရှင်းခံရမည့်သူကဲ့သို့ သင်တို့၏စိုးလ်ကိုစောင့်ကြပ်နေကြ၏။ သင်တို့ကိုဘေးမဖြစ်စေရန် သက်ပြင်းချနေရ၍မဟုတ်ဘဲ ရွှင်လန်းမှုအားဖြင့် ယင်းကိုသူတို့လုပ်ဆောင်နိုင်ကြရန်ဖြစ်သည်။’—⁠ဟေဗြဲ ၁၃:၇၊ ၁၇ကဘ။

၈။ ပေါလုက ကျွန်ုပ်တို့အား အဘယ်အရာကို “စေ့စေ့ဆင်ခြင်” ရန်ဖိတ်ခေါ်ထားသနည်း။ ကျွန်ုပ်တို့မည်သို့ “နာခံ” သင့်သနည်း။

ပေါလုက ကျွန်ုပ်တို့အား အကြီးအကဲများ၏ တည်ကြည်သောအကျင့်အကြံကြောင့်ရရှိသည့် အကျိုးကျေးဇူးကို “စေ့စေ့ဆင်ခြင်” သို့မဟုတ် အသေအချာဂရုပြုရန်နှင့် ထိုယုံကြည်ခြင်းပုံသက်သေများကို လိုက်လျှောက်ရန် ဖိတ်ခေါ်ထားကြောင်း သတိပြုပါ။ ထို့ပြင် ထိုခန့်အပ်ခံအမျိုးသားများ၏ ညွှန်ကြားချက်ကို နာခံရန်နှင့် လက်အောက်ခံရန် အကြံပြုထားသည်။ ကျမ်းပညာရှင် အာရ်. တီ. ဖရန့်စ်က မူရင်းဂရိတွင် “နာခံ” ဟူ၍ပြန်ဆိုထားသော စကားလုံးသည် စာသားအရ “နာခံခြင်းအတွက် ရိုးရိုးအသုံးအနှုန်းမဟုတ်ဘဲ ‘ယုံကြည်စိတ်ချသည်’ ဖြစ်ပြီး သူတို့၏ဦးဆောင်မှုကို တလိုတလားလက်ခံခြင်းကို ဆိုလိုသည်။” ဘုရားသခင့်နှုတ်မြွက်တော်က အကြီးအကဲများကိုနာခံရန် ညွှန်ကြားထားပြီး သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားနှင့် ကျွန်ုပ်တို့၏ အကောင်းဆုံးအကျိုးကိုလိုလားကြောင်း ယုံကြည်စိတ်ချကြသည့်အတွက် သူတို့ကို ကျွန်ုပ်တို့နာခံကြသည်။ သူတို့၏ဦးဆောင်မှုကို တလိုတလားလက်ခံပါက ကျွန်ုပ်တို့ အမှန်ပျော်ရွှင်ကြမည်။

၉။ ကျွန်ုပ်တို့သည် နာခံခြင်းအပြင် အဘယ်ကြောင့် “လက်အောက်ခံ” ရန်လိုအပ်သနည်း။

သို့သော် တစ်စုံတစ်ရာသောကိစ္စရပ်နှင့်ပတ်သက်၍ အကြီးအကဲများ၏ ညွှန်ကြားချက်သည် အကောင်းဆုံးနည်းလမ်းမဟုတ်ဟု ကျွန်ုပ်တို့ယူဆလျှင်ကော အသို့နည်း။ ဤတွင် လက်အောက်ခံခြင်း လိုအပ်လာသည်။ အရာရာတိုင်းသည် ရှင်းလင်း၍ ကျွန်ုပ်တို့သဘောတူသည့်အခါ နာခံရန်လွယ်ကူသည်၊ သို့သော် ညွှန်ကြားချက်ကို ကျွန်ုပ်တို့နားမလည်သည့်တိုင် ယင်းကိုလက်ခံလျှင် ကျွန်ုပ်တို့သည် အမှန်တကယ်လက်အောက်ခံကြောင်း တင်ပြရာရောက်မည်။ တမန်တော်တစ်ဦးဖြစ်လာသော ပေတရုသည် ဤသို့သောလက်အောက်ခံမှုမျိုးကို တင်ပြခဲ့သည်။—⁠လုကာ ၅:၄၊ ၅

တလိုတလားပူးပေါင်းရသည့် အကြောင်းရင်းလေးရပ်

၁၀၊ ၁၁။ ပထမရာစုနှင့် ယနေ့အချိန်တွင် ခရစ်ယာန်ကြီးကြပ်မှူးများသည် အဘယ်နည်းဖြင့် မိမိတို့၏ခရစ်ယာန်ချင်းများအား ‘ဘုရားသခင်၏နှုတ်မြွက်တရားတော်ကို ဟောပြော’ ကြသနည်း။

၁၀ အထက်တွင်ကိုးကားထားသော ဟေဗြဲ ၁၃:၇၊ ၁၇ [ကဘ] တွင် တမန်တော်ပေါလုက ခရစ်ယာန်ကြီးကြပ်မှူးများအား နာခံ၊ လက်အောက်ခံသင့်သည့် အကြောင်းရင်းလေးရပ်ကို ဖော်ပြထားသည်။ ပထမအချက်မှာ သူတို့သည် ကျွန်ုပ်တို့အား ‘ဘုရားသခင်၏နှုတ်မြွက်တရားတော်ကို ဟောပြော’ သောကြောင့်ဖြစ်သည်။ အသင်းတော်အား ယေရှုပေးအပ်ထားသော “လူ့အသွင်ဆုလာဘ်” များသည် “သန့်ရှင်းသူတို့ကိုတည့်မတ်ပေးရန်” ဖြစ်ကြောင်း သတိရပါ။ (ဧဖက် ၄:၁၁၊ ၁၂ကဘ) ကိုယ်တော်သည် တည်ကြည်သောလက်အောက်ခံသိုးထိန်းများအားဖြင့် ပထမရာစုခရစ်ယာန်များ၏ အတွေးအခေါ်နှင့် အမူအကျင့်ကို တည့်မတ်ပေးခဲ့သည်၊ လက်အောက်ခံသိုးထိန်းအချို့သည် အသင်းတော်များထံ စာရေးရန် မှုတ်သွင်းခံခဲ့ရသည်။ အစောပိုင်းခရစ်ယာန်များအား လမ်းညွှန်ရန်နှင့် ခွန်အားပေးရန် ဝိညာဉ်တော်ဖြင့်ခန့်အပ်ထားသော ကြီးကြပ်မှူးများကို ကိုယ်တော်အသုံးပြုခဲ့သည်။—⁠၁ ကောရိန္သု ၁၆:၁၅-၁၈; ၂ တိမောသေ ၂:၂; တိတု ၁:၅

၁၁ ယနေ့အချိန်တွင် ‘တည်ကြည်၍သတိပညာရှိသောကျွန်’ ကိုကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့နှင့် ခန့်အပ်ခံအကြီးအကဲများအားဖြင့် ကျွန်ုပ်တို့ကို ယေရှုညွှန်ကြားတော်မူသည်။ (မဿဲ ၂၄:၄၅) ကျွန်ုပ်တို့သည် “သိုးထိန်းအကြီး” ယေရှုခရစ်ကို လေးစားကြသောကြောင့် ပေါလု၏ဤအကြံပေးချက်ကို လိုက်နာကြသည်– “သင်တို့တွင်အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့်အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကိုပြုသောသူတို့ကို သိမှတ်” ကြလော့။—⁠၁ ပေတရု ၅:၄; ၁ သက်သာလောနိတ် ၅:၁၂; ၁ တိမောသေ ၅:၁၇

၁၂။ ကြီးကြပ်မှူးများသည် “[ကျွန်ုပ်]တို့၏စိုးလ်ကို” မည်သို့ “စောင့်ကြပ်နေကြ” သနည်း။

၁၂ ခရစ်ယာန်ကြီးကြပ်မှူးများနှင့် ပူးပေါင်းရသည့် ဒုတိယအကြောင်းရင်းမှာ သူတို့သည် “[ကျွန်ုပ်]တို့၏စိုးလ်ကို စောင့်ကြပ်နေကြ” သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် ကျွန်ုပ်တို့၏သဘောထား သို့မဟုတ် အပြုအမူများကို သူတို့သတိပြုမိပါက ကျွန်ုပ်တို့ကိုတည့်မတ်ပေးရန်ရည်ရွယ်ချက်ဖြင့် လိုအပ်သောသွန်သင်ချက် ချက်ချင်းပေးကြသည်။ (ဂလာတိ ၆:၁) “စောင့်ကြပ်နေ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် စာသားအရ “မအိပ်ဘဲနေသည်” ဟုအဓိပ္ပာယ်ရသည်။ ကျမ်းပညာရှင်တစ်ဦးအဆိုအရ ယင်းသည် “သိုးထိန်း၏ မပြတ်နိုးကြားနေမှုကို ဆိုလိုသည်။” သူတို့သည် မိမိတို့၏ဝိညာဉ်ရေးနိုးကြားနေရန် ထိန်းသိမ်းကြရသည့်အပြင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအကျိုးအတွက် အိပ်မပျော်သည့်ညများရှိသည်မှာ အဆန်းမဟုတ်ပေ။ “သိုးထိန်းကြီးဖြစ်သော” ယေရှုခရစ်တော်တင်ပြခဲ့သော သနားကြင်နာမှုကို အကောင်းဆုံးတုပနေကြသည့် ထိုသို့သောမေတ္တာရှိလက်အောက်ခံသိုးထိန်းများနှင့် တလိုတလားမပူးပေါင်းသင့်ပေလော။—⁠ဟေဗြဲ ၁၃:၂၀

၁၃။ ကြီးကြပ်မှူးများနှင့် ခရစ်ယာန်အားလုံးသည် မည်သူ့ထံနှင့် အဘယ်အရာအတွက် စာရင်းရှင်းရန် တာဝန်ရှိသနည်း။

၁၃ ကြီးကြပ်မှူးများနှင့် တလိုတလားပူးပေါင်းရသည့် တတိယအကြောင်းရင်းမှာ သူတို့သည် “ကိုယ်တိုင်စာရင်းရှင်းခံရမည့်သူကဲ့သို့” ကျွန်ုပ်တို့ စောင့်ကြပ်နေသောကြောင့်ဖြစ်သည်။ ကြီးကြပ်မှူးများက မိမိတို့သည် ကောင်းကင်သိုးထိန်းဖြစ်သော ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်လက်အောက်တွင် အမှုဆောင်နေကြသည့် လက်အောက်ခံသိုးထိန်းများဖြစ်ကြောင်း သတိရကြသည်။ (ယေဇကျေလ ၃၄:၂၂-၂၄သမ္မာ) သိုးပိုင်ရှင်ယေဟောဝါသည် “မိမိ သိုးတို့ကို [သားတော်၏] အသွေးနှင့် ဝယ်ယူတော်မူ” ခဲ့ရာ ခန့်အပ်ခံကြီးကြပ်မှူးများသည် ထိုသိုးတို့ကို “သနားကြင်နာစွာ” ဆက်ဆံသင့်သည်၊ ယင်းသိုးတို့ကိုဆက်ဆံပုံနှင့်ပတ်သက်၍ ကြီးကြပ်မှူးများတွင် စာရင်းရှင်းရန်တာဝန်ရှိသည်ဟု ကိုယ်တော်ယူမှတ်တော်မူသည်။ (တမန်တော် ၂၀:၂၈၊ ၂၉) ထိုနည်းတူ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏ညွှန်ကြားချက်ကို တုံ့ပြန်ပုံနှင့်ပတ်သက်၍ ယေဟောဝါထံ စာရင်းရှင်းရန်တာဝန်ရှိကြသည်။ (ရောမ ၁၄:၁၀-၁၂) ခန့်အပ်ခံအကြီးအကဲများကို နာခံခြင်းသည် အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်ကို လက်အောက်ခံကြောင်း တင်ပြရာရောက်သည်။—⁠ကောလောသဲ ၂:၁၉

၁၄။ အဘယ်အရာက ခရစ်ယာန်ကြီးကြပ်မှူးများအား စာရင်းရှင်းခံရမည့်အလုပ်ကို “သက်ပြင်းချ” လျက်လုပ်ဆောင်စေနိုင်သနည်း။ အဘယ်ရလဒ်များရရှိနိုင်သနည်း။

၁၄ ပေါလုက ခရစ်ယာန်ကြီးကြပ်မှူးများအား နှိမ့်ချစွာလက်အောက်ခံသင့်သည့် စတုတ္ထအကြောင်းရင်းကို ပေးခဲ့သည်။ သူဤသို့ရေးခဲ့၏– “သင်တို့ကိုဘေးမဖြစ်စေရန် သက်ပြင်းချနေရ၍မဟုတ်ဘဲ ရွှင် လန်းမှုအားဖြင့် ယင်းကို [စာရင်းရှင်းခံရမည့်အလုပ်ကို] သူတို့လုပ်ဆောင်ကြ၏။” (ဟေဗြဲ ၁၃:၁၇ကဘ) ခရစ်ယာန်အကြီးအကဲများသည် သွန်သင်ခြင်း၊ ထိန်းကျောင်းခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ဦးဆောင်ခြင်း၊ မိမိတို့၏မိသားစုကို ပြုစုစောင့်ရှောက်ခြင်းနှင့် အသင်းတော်အတွင်းရှိ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းစသည့် ကြီးမားလေးလံသည့်တာဝန်များကို ဆောင်ရွက်ကြသည်။ (၂ ကောရိန္သု ၁၁:၂၈၊ ၂၉) ကျွန်ုပ်တို့သည် သူတို့နှင့်အတူ ပူးပေါင်းရန်ပျက်ကွက်ပါက ကျွန်ုပ်တို့သည် သူတို့၏ဝန်ကို ပို၍လေးစေခြင်းသာဖြစ်မည်။ ယင်းက သူတို့ကို စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချစေပေမည်။ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်မှုမရှိပါက ယေဟောဝါ၏စိတ်တော်နှင့်တွေ့မည်မဟုတ်ဘဲ ကျွန်ုပ်တို့ကို ဘေးဖြစ်စေနိုင်သည်။ ယင်းအစား ကျွန်ုပ်တို့သည် သင့်လျော်သည့်လေးစားမှုနှင့် ပူးပေါင်းမှုကိုတင်ပြသည့်အခါ အကြီးအကဲများသည် မိမိတို့၏တာဝန်များကို ရွှင်လန်းစွာလုပ်ဆောင်နိုင်ကြပြီး ယင်းက ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းတွင် စည်းလုံးစွာ၊ ရွှင်လန်းစွာပါဝင်စေသည်။—⁠ရောမ ၁၅:၅၊ ၆

ကျွန်ုပ်တို့၏ လက်အောက်ခံမှုကို တင်ပြခြင်း

၁၅။ ကျွန်ုပ်တို့၏နာခံမှုနှင့် လက်အောက်ခံမှုကို မည်သို့ပြသနိုင်ကြသနည်း။

၁၅ ခန့်အပ်ခံကြီးကြပ်မှူးများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည့် လက်တွေ့ကျနည်းလမ်းများစွာရှိသည်။ ရပ်ကွက်အခြေအနေသစ်များနှင့် အလိုက်သင့်ပြုပြင်ရန်ရည်ရွယ်လျက် အကြီးအကဲများသည် ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲရန်လိုအပ်သော နေ့ရက်များနှင့် အချိန်များတွင် လယ်ကွင်းလုပ်ငန်းစုဆုံမှုများပြုလုပ်ရန် စီစဉ်ပါသလော။ အစီအစဉ်အသစ်များကိုထောက်မရန် ကြိုးစားလုပ်ဆောင်ကြစို့။ မျှော်လင့်မထားသောကောင်းချီးများ ကျွန်ုပ်တို့ခံစားရမည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ကျွန်ုပ်တို့၏ အသင်းတော်စာအုပ်ကြီးသင်တန်းသို့ လည်ပတ်ပါသလော။ ကျွန်ုပ်တို့သည် ထိုအပတ်ဟောပြောခြင်းလုပ်ငန်း၌ တတ်နိုင်သရွေ့ အပြည့်အဝပါဝင်နိုင်ပါသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် တာဝန်ရရှိပါသလော။ ထိုတွင်ရောက်ရှိနေရန်နှင့် ကျွန်ုပ်တို့၏တာဝန်ကိုလုပ်ဆောင်ရန် ကြိုးစားသင့်သည်။ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးက ကျွန်ုပ်တို့အုပ်စုသည် ဘုရားသခင့်နိုင်ငံတော်ခန်းမသန့်ရှင်းရေးလုပ်ရမည့် အလှည့်ဖြစ်ကြောင်း ကြေညာပါသလော။ ကျွန်ုပ်တို့၏ကျန်းမာရေး၊ ခွန်အားအကန့်သတ်ကြားမှ အပြည့်အဝထောက်ကူနိုင်ပါသည်။ သိုးတော်စုကိုထိန်းကျောင်းရန် ယေဟောဝါနှင့် ကိုယ်တော့်သားတော်ခန့်အပ်ထားသော အမျိုးသားများကို ကျွန်ုပ်တို့လက်အောက်ခံကြောင်း ဤနည်းနှင့် အခြားနည်းများစွာဖြင့် ပြသနိုင်ကြသည်။

၁၆။ အကြီးအကဲတစ်ဦးသည် ညွှန်ကြားချက်အတိုင်း မလုပ်ဆောင်ပါက ယင်းသည် ပုန်ကန်ရန်အကြောင်းပြချက် အဘယ်ကြောင့်မဟုတ်သနည်း။

၁၆ တစ်ခါတစ်ရံ အကြီးအကဲတစ်ဦးသည် ကိစ္စရပ်များကို တည်ကြည်သောကျွန်အတန်းအစားနှင့် ယင်း၏အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အတိုင်း မလုပ်ဆောင်သည့်အခါများရှိပေမည်။ သူသည် ယင်းအတိုင်းသာ ဆက်လုပ်ဆောင်နေပါက “[ကျွန်ုပ်တို့ကို] အုပ်စိုးကြည့်ရှုတော်မူသောအရှင်” ယေဟောဝါထံ စာရင်းရှင်းရမည်ဖြစ်သည်။ (၁ ပေတရု ၂:၂၅) သို့သော် တစ်စုံတစ်ယောက်သောအကြီးအကဲ၏ ပျက်ကွက်မှု သို့မဟုတ် အမှားက ကျွန်ုပ်တို့ဘက်မှ မနာခံသောသဘောထားပြသနိုင်သည်ဟူသော အကြောင်းပြချက်မဟုတ်ပေ။ ယေဟောဝါသည် မနာခံမှုနှင့် ပုန်ကန်မှုကို ကောင်းချီးပေးတော်မမူချေ။—⁠တောလည်ရာ ၁၂:၁၊ ၂၊ ၉-၁၁

တလိုတလားပူးပေါင်းမှုကို ယေဟောဝါကောင်းချီးပေး

၁၇။ ကျွန်ုပ်တို့သည် ကြီးကြပ်မှူးများအပေါ် အဘယ်သဘောထားရှိသင့်သနည်း။

၁၇ ကြီးကြပ်မှူးအဖြစ် ကိုယ်တော်ခန့်အပ်ထားသော အမျိုးသားများသည် မစုံလင်ကြကြောင်း ယေဟောဝါဘုရားသခင် သိတော်မူသည်။ သို့တိုင် ကိုယ်တော်သည် သူတို့ကို အသုံးပြုတော်မူပြီး ကိုယ်တော်၏ဝိညာဉ်တော်အားဖြင့် မြေကြီးပေါ်ရှိ ကိုယ်တော်၏လူမျိုးကို ထိန်းကျောင်းတော်မူသည်။ ‘သာမန်ထက်ထူးကဲသော တန်ခိုးတော်သည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်ကြောင်း’ အကြီးအကဲများ—⁠နှင့် ကျွန်ုပ်တို့အားလုံး—⁠၏အဖြစ်တွင် မှန်ကန်ပါသည်။ (၂ ကောရိန္သု ၄:၇ကဘ) သို့ဖြစ်၍ ယေဟောဝါသည် တည်ကြည်သောကြီးကြပ်မှူးများအားဖြင့် အထမြောက်အောင်မြင်ရာများအတွက် ကိုယ်တော်ကို ကျွန်ုပ်တို့ကျေးဇူးတင်သင့်ပြီး သူတို့နှင့်တလိုတလားပူးပေါင်းဆောင်ရွက်ကြောင်း တင်ပြသင့်သည်။

၁၈။ ကြီးကြပ်မှူးများကို လက်အောက်ခံခြင်းသည် အမှန်တွင် အဘယ်အရာကိုလုပ်ဆောင်ရာရောက်သနည်း။

၁၈ နောက်ဆုံးသောနေ့ရက်များအတွင်း ယေဟောဝါ၏သိုးတော်စုအပေါ် ခန့်အပ်ခံရသည့် သိုးထိန်းများနှင့်ပတ်သက်၍ ယေရမိ ၃:၁၅ တွင် “ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်[သိုးထိန်း]အရာ၌ခန့်ထား၍ သူတို့သည် ဉာဏ်ပညာနှင့်ပြည့်စုံလျက် သင်တို့ကိုအုပ်ကြလိမ့်မည်” ဟုတွေ့ရှိရပြီး ကြီးကြပ်မှူးများသည် ယေဟောဝါ၏ယင်းဖော်ပြချက်အတိုင်းနေထိုင်ရန် အတတ်နိုင်ဆုံးကြိုးစားကြသည်။ ကျွန်ုပ်တို့အလယ်တွင်ရှိသော အကြီးအကဲများသည် ယေဟောဝါ၏သိုးများကို သွန်သင်ပေးခြင်းနှင့် ကာကွယ်ပေးခြင်းတာဝန်ကို အမှန်ပင်ကောင်းစွာလုပ်ဆောင်နေကြသည်။ ကျွန်ုပ်တို့၏ တလိုတလားပူးပေါင်းမှု၊ နာခံမှု၊ လက်အောက်ခံမှုတို့အားဖြင့် သူတို့၏ကြိုးစားလုပ်ဆောင်မှုကို ကျေးဇူးတင်လေးမြတ်ကြောင်း ဆက်၍တင်ပြနိုင်ကြပါစေ။ ထိုသို့ပြုခြင်းက ကျွန်ုပ်တို့၏ကောင်းကင်သိုးထိန်းဖြစ်တော်မူသော ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်ကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြရာရောက်မည်။

ပြန်လည်သုံးသပ်ချက်

• ယေဟောဝါနှင့် ယေရှုခရစ်တို့သည် မေတ္တာရှိသိုးထိန်းများဖြစ်ကြောင်း မည်သို့တင်ပြတော်မူသနည်း။

• နာခံခြင်းအပြင် အဘယ်ကြောင့် လက်အောက်ခံရသနည်း။

• ကျွန်ုပ်တို့၏ လက်အောက်ခံမှုကို တင်ပြနိုင်သည့် လက်တွေ့ကျနည်းများကား အဘယ်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ခရစ်ယာန်အကြီးအကဲများသည် ခရစ်တော်၏ဦးဆောင်မှုကို လက်အောက်ခံကြ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံများ]

ယေဟောဝါခန့်အပ်ထားသော သိုးထိန်းများကို လက်အောက်ခံကြောင်းတင်ပြရန် နည်းလမ်းများစွာရှိ