မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာပရောဖက်ပြုချက်ကိုယုံကြည်ခြင်း အသက်ကိုကယ်တင်

သမ္မာကျမ်းစာပရောဖက်ပြုချက်ကိုယုံကြည်ခြင်း အသက်ကိုကယ်တင်

သမ္မာကျမ်းစာပရောဖက်ပြုချက်ကိုယုံကြည်ခြင်း အသက်ကိုကယ်တင်

ယေရှုသည် ယေရုရှလင်မြို့ရှိဝတ်ပြုရာအိမ်တော်မှ နောက်ဆုံးအကြိမ်ထွက်ခွာသွားချိန်တွင် ကိုယ်တော်၏တပည့်တစ်ဦးက “အရှင် . . . ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကား!” ဟု ရုတ်တရက်ဟစ်ကြွေးလိုက်သည်။ ဝတ်ပြုရာအိမ်တော်သည် ဂျူးလူမျိုးတို့အတွက် အဓိကဂုဏ်ယူဝင့်ကြွားစရာဖြစ်သည်။ သို့သော် ယေရှုဤသို့ပြန်၍မိန့်တော်မူ၏– “ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ မတည်မနေရ။”—⁠မာကု ၁၃:၁၊ ၂

ထိုသို့ဖြစ်လာရန်မှာ မယုံနိုင်စရာပင်! ဝတ်ပြုရာအိမ်တော်ကျောက်တုံးတချို့ဆိုလျှင် အလွန်ကြီးမားသည်။ ထို့ပြင် ဝတ်ပြုရာအိမ်တော်နှင့်ပတ်သက်သော ယေရှုမိန့်ဆိုချက်က ယေရုရှလင်မြို့နှင့် ဝတ်ပြုရာအိမ်တော်ကို ဝတ်ပြုရေးဗဟိုအဖြစ်ထားကြသော ဂျူးတို့၏ပြည်နယ်ပင် ဖျက်ဆီးခံရမည်ကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ယေရှု၏တပည့်နောက်လိုက်များက ကိုယ်တော်အား ဤသို့ဆက်မေးမြန်းကြသည်– ‘ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ထိုအမှုအရာရှိသမျှတို့သည်ပြည့်စုံချိန်နီးသောအခါ အဘယ်နိမိတ်ပေါ်ထွန်းမည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။’—⁠မာကု ၁၃:၃၊ ၄

“အဆုံးသည်မဖြစ်သေး” ဟူ၍ ယေရှုသတိပေးသည်။ ဦးဆုံး၊ တပည့်များသည် စစ်ပွဲများ၊ မြေငလျင်များ၊ အစာခေါင်းပါးမှုများနှင့် ကပ်ရောဂါများ တစ်နေရာပြီးတစ်နေရာတွင်ဖြစ်ပျက်သည်ကို ကြားရကြလိမ့်မည်။ ထို့နောက် ထူးခြားသည့်အဖြစ်အပျက်များက ဂျူးလူမျိုးတို့အပေါ် ဘေးဆိုးကြီးဖြစ်သော ‘ကြီးစွာသောဆင်းရဲခြင်း’ ကျရောက်စေမည်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် တည်ကြည်သောခရစ်ယာန်များဖြစ်သော “ရွေးချယ်သောသူတို့” ကို ကယ်တင်ရန် ကြားဝင်ဆောင်ရွက်ပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။—⁠မာကု ၁၃:၇; မဿဲ ၂၄:၇၊ ၂၁၊ ၂၂; လုကာ ၂၁:၁၀၊ ၁၁

ရောမကို ဆန့်ကျင်ပုန်ကန်ခြင်း

နှစ်ဆယ့်ရှစ်နှစ်ကုန်လွန်ပြီးနောက်တွင် ယေရုရှလင်မြို့ရှိခရစ်ယာန်များသည် အဆုံးကို စောင့်မျှော်လျက်ရှိနေဆဲပင်။ ရောမအင်ပါယာသည် စစ်ပွဲများ၊ မြေငလျင်များ၊ အစာခေါင်းပါးမှုများနှင့် ကပ်ရောဂါများဒဏ်ကို အလူးအလဲခံရသည်။ (စာမျက်နှာ ၉ ပါ လေးထောင့်ကွက်ကိုရှု။) ယုဒပြည်တွင် ပြည်တွင်းနှင့် လူမျိုးစုပဋိပက္ခများ အများအပြားဖြစ်ပျက်နေသည်။ သို့တိုင် ကာကွယ်မှုပေးသည့်ယေရုရှလင်မြို့ရိုးများအတွင်း၌မူကား အတော်အတန်ငြိမ်သက်နေ၏။ လူတို့သည် သူတို့လုပ်နေကျအတိုင်းပင် စားသောက်၊ လုပ်ကိုင်၊ ထိမ်းမြား၊ ကလေးများမွေးဖွားလျက်နေကြသည်။ အလွန်ကြီးမားသောဝတ်ပြုရာအိမ်တော်ရှိနေခြင်းက မြို့တော်သည် ငြိမ်သက်မှုရှိပြီး တည်မြဲသွားမည့်ပုံပင်။

အေဒီ ၆၁ ခန့်တွင် ယေရုရှလင်မြို့ရှိခရစ်ယာန်များသည် တမန်တော်ပေါလုထံမှ စာတစ်စောင်ရရှိသည်။ ပေါလုက သူတို့၏ခံနိုင်ရည်အတွက် ချီးမွမ်းသော်လည်း အသင်းတော်ရှိအချို့သူတို့သည် အရေးတကြီးသဘောထား ကင်းမဲ့နေသည်ကို စိုးရိမ်ခဲ့သည်။ ခရစ်ယာန်တချို့သည် ဝိညာဉ်ရေးမှသွေဖည်နေ သို့မဟုတ် ခရစ်ယာန်ရင့်ကျက်ခြင်းမရှိကြတော့ချေ။ (ဟေဗြဲ ၂:၁; ၅:၁၁၊ ၁၂) သူတို့ကို ပေါလုဤသို့တိုက်တွန်းသည်– “ထိုကြောင့်၊ . . . သင်တို့၏ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ . . . အဘယ်ကြောင့်နည်းဟူမူကား ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ မကြာမမြင့်မီရောက်တော်မူလိမ့်မည်။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း ရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိ။” (ဟေဗြဲ ၁၀:၃၅-၃၈) အချိန်မီအကြံပေးချက်ပါတကား! သို့သော် ခရစ်ယာန်များသည် ယုံကြည်ခြင်းတင်ပြကြပြီး ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံမှုနှင့်ပတ်သက်၍ နိုးနိုးကြားကြားရှိနေကြမည်လော။ ထို့ပြင် ယေရုရှလင်မြို့၏အဆုံးသည် တကယ်ပင်ရောက်အံ့ဆဲဆဲဖြစ်နေပြီလော။

နောက်ငါးနှစ်အတွင်းတွင် ယေရုရှလင်မြို့တွင်းရှိ အခြေအနေများသည် တဖြည်းဖြည်းပိုဆိုးရွားလာသည်။ နောက်ဆုံး အေဒီ ၆၆ တွင် ဆိုးညစ်သောရောမဘုရင်ခံ ဖလော်ရပ်စ်သည် “အခွန်တော်ကျန်ကြွေးငွေ” ငွေခွက် ၁၇ ခွက်ကို မြင့်မြတ်သောဝတ်ပြုရာအိမ်တော်ဘဏ္ဍာတိုက်မှ သိမ်းယူခဲ့သည်။ ဂျူးများ ဒေါသထွက်ခဲ့ကြပြီး ရောမအစိုးရကို ပုန်ကန်လေတော့သည်။ ဂျူးသူပုန်များ သို့မဟုတ် အစွန်းရောက်သမားများသည် ယေရုရှလင်မြို့ထဲသို့ အုပ်လိုက်ဝင်သွားကာ ထိုတွင်ရှိသော ရောမစစ်သားများကို သတ်ဖြတ်ကြသည်။ ထို့နောက် သူတို့သည် ရောမအုပ်ချုပ်မှုအောက်မှ ယုဒပြည်လွတ်လပ်ရေးရရန် ရဲရင့်စွာကြွေးကြော်ကြသည်။ ယုဒပြည်နှင့် ရောမသည် ယခု စစ်ဆင်နွှဲလေတော့သည်!

သုံးလအတောအတွင်း ဆီးရီးယား၏ရောမဘုရင်ခံ စက်စ်တီးယပ်စ် ဂဲလပ်စ်သည် ဂျူးပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည် ၃၀,၀၀၀ နှင့်အတူ တောင်ဘက်သို့ချီတက်လာသည်။ သူ၏စစ်တပ်သည် သကေနေပွဲကျင်းပချိန်အတွင်း ယေရုရှလင်မြို့သို့ရောက်လာကြပြီး ဆင်ခြေဖုံးဒေသများကို အလျင်အမြန်ထိုးဖောက်ဝင်ရောက်ကြသည်။ အရေအတွက်နည်းသော အစွန်းရောက်သမားများသည် ဗိမာန်တော်ခံတပ်တွင် ခိုလှုံကြသည်။ မကြာမီတွင် ရောမစစ်သားများသည် ဗိမာန်တော်တံတိုင်းအောက်ခြေကို စတင်တူးကြသည်။ ဂျူးများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ယခုသော် အယူမှားစစ်သားများသည် ယုဒဘာသာ၏အသန့်ရှင်းဆုံးအရပ်ကို ညစ်ညူးစေကြသည်! သို့သော် မြို့ထဲရှိခရစ်ယာန်များသည် ယေရှု၏ဤစကားများကို သတိရကြသည်– “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်နေသည်ကို သင်တို့မြင်ရလျှင် . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” (မဿဲ ၂၄:၁၅၊ ၁၆) သူတို့သည် ယေရှု၏ပရောဖက်ပြုချက်ဆိုင်ရာစကားတော်ကို ယုံကြည်ပြီး ယင်းအတိုင်းပြုမူရန် လှုံ့ဆော်ခံရမည်လော။ ထိုပရောဖက်ပြုချက်ဖြစ်ပျက်လာသည့်အခါ သူတို့၏အသက်သည် သူတို့၏လုပ်ဆောင်မှုအပေါ် မူတည်သည်။ သို့သော် မည်သို့ထွက်ပြေးရမည်နည်း။

ရုတ်တရက်၊ သေချာသောအကြောင်းရင်းမရှိဘဲလျက် စက်စ်တီးယပ်စ် ဂဲလပ်စ်သည် မိမိစစ်သည်များကို ပြန်ရုပ်သိမ်းပြီး နောက်မှ သဲသဲမဲမဲလိုက်လာသောအစွန်းရောက်သမားများကို ခုခံတိုက်ခိုက်ရင်း ပင်လယ်ကမ်းရိုးတန်းဘက် ဆုတ်ခွာသွားသည်။ မြို့တွင်ကျရောက်သောဆင်းရဲခြင်းမှာ တစ်ခဏသာဖြစ်ခဲ့သောကြောင့် အံ့ဩစရာကောင်း၏! ယေရှု၏ပရောဖက်ပြုသတိပေးချက်ကို ယုံကြည်ကြောင်းတင်ပြသူခရစ်ယာန်များသည် ယေရုရှလင်မြို့မှ ယော်ဒန်မြစ်တစ်ဖက် တောင်တန်းဒေသတွင်တည်ရှိသော ကြားနေသည့်ပဲလ္လမြို့သို့ ထွက်ပြေးကြသည်။ သူတို့၏ထွက်ပြေးမှုသည် အချိန်မီဖြစ်သည်။ အစွန်းရောက်သမားများသည် မကြာမီ ယေရုရှလင်မြို့သို့ပြန်လာကြပြီး မြို့တွင်ကျန်ရှိသူတို့ကို မိမိတို့၏ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်လာကြရန် အတင်းအကျပ်ပြုကြသည်။ * ထိုအတောအတွင်း ပဲလ္လတွင်လုံခြုံစွာရှိနေသောခရစ်ယာန်များသည် ဆက်၍ဖြစ်ပျက်မည့်အရာများကို စောင့်ကြည့်နေကြသည်။

ဆိုးရွားသည့်အခြေအနေမှ ပရမ်းပတာဖြစ်ခြင်းသို့

လအနည်းငယ်အတွင်း ရောမစစ်တပ်အသစ် ပြန်ချီတက်လာသည်။ အေဒီ ၆၇ အတွင်း ဗိုလ်ချုပ်ဗက်စပါဆီယန်နှင့် သူ့သား တိတုတို့သည် ကြီးမားသောစစ်သည်အင်အား ၆၀,၀၀၀ ကို စုဆောင်းထားသည်။ ဤစစ်အင်အားသည် ယေရုရှလင်မြို့သို့ နှစ်,နှစ်ကြာချီတက်လာပြီး ၎င်းလာရာလမ်းကြောင်းရှိ ဆန့်ကျင်ခုခံသူအားလုံးကို သတ်ဖြတ်ချေမှုန်းကြသည်။ ထိုအတောအတွင်း ယေရုရှလင်မြို့တွင်း၌ ပြိုင်ဘက်ဂျူးအုပ်စုများသည် ရက်စက်ကြမ်းကြုတ်စွာ ဆိုင်ပြိုင်တိုက်ခိုက်ကြသည်! မြို့တွင် သိုလှောင်ထားသောဂျုံစပါးများကို ဖျက်ဆီးခဲ့ကြ၊ ဝတ်ပြုရာအိမ်တော်ပတ်ပတ်လည်နယ်မြေကို ဖြိုဖျက်ကြပြီး ဂျူး ၂၀,၀၀၀ ကျော်အသတ်ခံခဲ့ရသည်။ ဗက်စပါဆီယန်က ယေရုရှလင်မြို့သို့လာရာတွင် သူကြန့်ကြာရသည့်အကြောင်းကို ဤသို့ကြွေးကြော်သည်– ‘ရောမဗိုလ်ချုပ်တစ်ဦးအဖြစ် ကျွန်ုပ်လုပ်နိုင်သည်ထက် ကျွန်ုပ်၏ဘုရားသခင်က ပိုလုပ်ဆောင်သည်၊ ကျွန်ုပ်တို့၏ရန်သူများသည် သူတို့အချင်းချင်းသတ်ဖြတ်ကြသည်။’

ရောမဧကရာဇ်နီရို သေဆုံးသောအခါ ဗက်စပါဆီယန်သည် ယုဒပြည်ကိုအပြီးသတ်တိုက်ခိုက်ရန် တိတုကို ထားခဲ့ပြီး ရာဇပလ္လင်ကိုကာကွယ်ရန် ရောမမြို့သို့ ထွက်သွားသည်။ တိတုသည် အေဒီ ၇၀၊ ပသခါပွဲကျင်းပခါနီးတွင် ယေရုရှလင်မြို့သို့ ရောက်လာပြီး မြို့တွင်းနေထိုင်သူများနှင့် ဘုရားဖူးလာသူများကို ဝိုင်းရံပိတ်ဆို့ထားလိုက်သည်။ သူ့စစ်တပ်သည် ဝိုင်းရံထားသောမြို့ပတ်ပတ်လည်တွင် ၄.၅ မိုင်ရှည်လျားသောစည်းရိုးခတ်ရန် တိုင်ချွန်များရဖို့ ဂျူးတောနယ်ရှိသစ်ပင်များကို ခုတ်လှဲခဲ့သည်။ ယင်းသည် ဤသို့ယေရှုမိန့်ဆိုသကဲ့သို့ဖြစ်သည်– ‘သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင်တပ်တည်၍ လေးမျက်နှာ၌ဝိုင်းရံလျက်ချုပ်ထားမည်။’—⁠လုကာ ၁၉:၄၃

မကြာမီ တစ်မြို့လုံးတွင် အစာခေါင်းပါးခြင်းကျရောက်တော့သည်။ လက်နက်ကိုင်လူအုပ်သည် သေသူတို့နှင့် သေအံ့ဆဲဆဲဖြစ်သူတို့၏နေအိမ်များကို လုယူသိမ်းပိုက်ကြသည်။ မတတ်သာတော့သည့်အဆုံးတွင် အမျိုးသမီးတစ်ဦးသည် မိမိ၏နို့စို့ကလေးကို သတ်စားခြင်းဖြင့် ဤတင်ကြိုဟောချက်ပြည့်စုံလေသည်– “ထိုသို့ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေသောအခါ ကိုယ်ရင်သွေးတည်းဟူသော . . . သားသမီးတို့၏အသားကို သင်စားရလိမ့်မည်။”—⁠တရားဟောရာ ၂၈:၅၃-၅၇

ငါးလကြာ ဝိုင်းရံပိတ်ဆို့ခံရပြီး နောက်ဆုံးတွင် ယေရုရှလင်မြို့ကျဆုံးသွားလေသည်။ မြို့တော်နှင့် ၎င်း၏ဝတ်ပြုရာအိမ်တော်ကြီးကို လုယူတိုက်ခိုက်ကြကာ မီးရှို့ကြပြီးနောက် ကျောက်တုံးများတစ်စစီပြိုကွဲကုန်သည်။ (ဒံယေလ ၉:၂၆) စုစုပေါင်း ၁,၁၀၀,၀၀၀ ခန့်သေဆုံးပြီး ၉၇,၀၀၀ တို့မှာ ကျွန်အဖြစ် ရောင်းချခံခဲ့ရလေသည်။ * (တရားဟောရာ ၂၈:၆၈) နောက်ဆုံးသော် ယုဒပြည်တွင် ဂျူးများမရှိတော့သလောက်ဖြစ်ခဲ့ရသည်။ အမှန်ပင်၊ ယင်းသည် ဂျူးနိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့တွင် အကြီးမားဆုံးသော အလှည့်အပြောင်းဖြစ်ခဲ့သည်။ *

ထိုအတောအတွင်း ပဲလ္လမြို့ရှိခရစ်ယာန်များသည် မိမိတို့လွတ်မြောက်မှုအတွက် ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြသည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်အပေါ် သူတို့၏ယုံကြည်ခြင်းက သူတို့၏အသက်ကို လုံးလုံးကယ်တင်ခဲ့လေသည်!

ထိုအဖြစ်အပျက်များကို ပြန်ပြောင်းသုံးသပ်ကာ ယနေ့ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့ကိုယ်ကို ဤသို့မေးသင့်သည်– ‘ကြီးစွာသောဆင်းရဲခြင်း ချဉ်းကပ်လာနေစဉ် ကျွန်ုပ်အသက်ကို ကယ်တင်မည့်ယုံကြည်ခြင်းမျိုး ကျွန်ုပ်တွင်ရှိပါသလော။’ ကျွန်ုပ်သည် “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်” ၏လော။—⁠ဟေဗြဲ ၁၀:၃၉; ဗျာ. ၇:၁၄

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 10 အစွန်းရောက်သမားများသည် ယေရုရှလင်မြို့သို့ပြန်မလာမီတွင် ရောမများနောက်သို့ ခုနစ်ရက်အထိ လိုက်လံခဲ့ကြကြောင်း ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်က ဖော်ပြသည်။

^ အပိုဒ်၊ 15 ခန့်မှန်းချက်တစ်ခုအရ ရောမအင်ပါယာရှိ ဂျူးလူမျိုးခုနစ်ပုံတစ်ပုံကျော် သတ်ဖြတ်ခံခဲ့ရသည်။

^ အပိုဒ်၊ 15 ဂျူးလူမျိုးကျမ်းပညာရှင် အဲလ်ဖရဒ် အယ်ဒရှိုင်းက ဤသို့ရေးခဲ့သည်– “ဂျူးလူမျိုးအပေါ်ကျရောက်သော [ဤ] ဆင်းရဲခြင်းသည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အတိတ်ကအဖြစ်အပျက်များနှင့်ယှဉ်လျှင် အကြီးမားဆုံး [ဖြစ်ခဲ့] ပြီး ၎င်း၏အနာဂတ်သေကျေပျက်စီးခြင်းကပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။”

[စာမျက်နှာ ၉ ပါ ဇယား]

ပထမရာစုတွင် ပြည့်စုံခဲ့သော နိမိတ်အသွင်အပြင်များ

စစ်ပွဲများ–

ဂေါလ် (အေဒီ ၃၉-၄၀)

မြောက်အာဖရိက (အေဒီ ၄၁)

ဗြိတိန် (အေဒီ ၄၃၊ ၆၀)

အာမီးနီးယား (အေဒီ ၅၈-၆၂)

ယုဒပြည်တွင်ဖြစ်ပွားသော ပြည်တွင်းနှင့်လူမျိုးစုပဋိပက္ခများ (အေဒီ ၅၀-၆၆)

မြေငလျင်များ–

ရောမ (အေဒီ ၅၄)

ပုမ်ပေ (အေဒီ ၆၂)

အာရှမိုင်းနား (အေဒီ ၅၃၊ ၆၂)

ကရေတေကျွန်း (အေဒီ ၆၂)

အစာခေါင်းပါးမှုများ–

ရောမ၊ ဂရိ၊ အီဂျစ် (အေဒီ ၄၂ ခန့်)

ယုဒပြည် (အေဒီ ၄၆ ခန့်)

ကပ်ရောဂါများ–

ဘေဘီလိုနီးယား (အေဒီ ၄၀)

ရောမ (အေဒီ ၆၀၊ ၆၅)

ပရောဖက်အတုအယောင်များ–

ယုဒပြည် (အေဒီ ၅၆ ခန့်)

[စာမျက်နှာ ၁၀ ပါ မြေပုံ/ ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ပါလက်စတိုင်းတွင်ရောမတို့၏စစ်ဆင်ရေး၊ အေဒီ ၆၇-၇၀

ပတောလင်

ဂါလိလဲပင်လယ်

ပဲလ္လ

ပေရိယ

ရှမာရိ

ယေရုရှလင်

ကဲသရိ

ဆားငန်ပင်လယ်

ယုဒ

[Credit Line]

Map only: Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

‘ကျွန်ုပ်တို့၏ရန်သူများသည် သူတို့အချင်းချင်းသတ်ဖြတ်ကြသည်’​—⁠ဗက်စပါဆီယန်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

အေဒီ ၇၀ တွင် ရောမစစ်တပ်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့

[Picture Credit Lines on page 11]

Relief: Soprintendenza Archeologica di Roma; Vespasian: Bildarchiv Preussischer Kulturbesitz/​Art Resource, NY