မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဖြေမှန်များရှာဖွေခြင်း

အဖြေမှန်များရှာဖွေခြင်း

အဖြေမှန်များရှာဖွေခြင်း

ငါ့ကျန်းမာရေးကို ဘယ်လိုကာကွယ်စောင့်ရှောက်နိုင်မလဲ။

ငါ့မိသားစုဘဝ ပိုပျော်ရွှင်အောင် ဘာလုပ်နိုင်သလဲ။

အလုပ်မြဲဖို့ ငါ့ရဲ့အခွင့်အလမ်းတွေကို ဘယ်လိုတိုးတက်စေနိုင်မလဲ။

ထိုမေးခွန်း တစ်ခုခုကို သင်မေးဖူးသလော။ အမှန်တကယ်ထိရောက်မှုရှိသော လက်တွေ့ကျအဖြေများကို တွေ့ရှိခဲ့သလော။ ဤအကြောင်းများနှင့် အခြားအရေးကြီးသောအကြောင်းအရာများနှင့်ပတ်သက်၍ အကြံပြုထားသော စာအုပ်အမျိုးအစားပေါင်း ၂,၀၀၀ ခန့်ကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဗြိတိန်တစ်နိုင်ငံတည်းရှိ စာဖတ်သူများသည် ဘဝ၏စိန်ခေါ်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်သော အကြံပေးစာအုပ်များအတွက် တစ်နှစ်တွင် ပေါင်သန်းပေါင်း ၈၀ (အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်) အထိ သုံးစွဲကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုယ့်ဘာသာလေ့လာရသောလမ်းညွှန်စာအုပ်များကို တစ်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့်အထိ ရောင်းရသည်။ နေ့စဉ်ဘဝအသက်တာကို မည်သို့ကိုင်တွယ်ရပုံနှင့်ပတ်သက်၍ အကြံဉာဏ်ကောင်းကို ရှာဖွေရာတွင် သင်တစ်ယောက်တည်းမဟုတ်ပါ။

ဤမျှပမာဏများပြားသောစာအုပ်များတွင် တွေ့ရသောအကြံဉာဏ်နှင့်ပတ်သက်၍ စာရေးဆရာတစ်ဦး ဤသို့ပြောသည်– “စာအုပ်အသစ်တော်တော်များများဟာ ရေးခဲ့ပြီးသားအရာကို ပြန်ရေးတာပဲရှိတယ်။” အမှန်မှာ၊ အဆိုပါစာအုပ်များတွင် တွေ့ရသောအကြံဉာဏ်များစွာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးစာအုပ်များမှ တစ်အုပ်တွင် မှတ်တမ်းတင်ခဲ့သော ဉာဏ်ပညာကို ပဲ့တင်ထပ်ခြင်းသာဖြစ်သည်။ ယင်းစာအုပ်သည် အမှန်ပင်ကမ္ဘာ့အဖြန့်ချိရဆုံးစာပေဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ၊ တစ်အုပ်လုံးအနေနှင့်ဖြစ်စေ ဘာသာစကားပေါင်း ၂,၄၀၀ ခန့်ဖြင့် ဘာသာပြန်ပြီးဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် စုစုပေါင်း ၄.၆ ဘီလီယံကျော် ပုံနှိပ်ခဲ့ပြီးဖြစ်သည်။ ယင်းစာအုပ်မှာ သမ္မာကျမ်းစာပင်ဖြစ်သည်။

သမ္မာကျမ်းစာက ရှင်းလင်းစွာဤသို့ဖော်ပြသည်– ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . သွန်သင်ခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။’ (၂ တိမောသေ ၃:၁၆-၁၇) သမ္မာကျမ်းစာသည် ကိုယ့်ဘာသာလေ့လာရသောလမ်းညွှန်လက်စွဲစာအုပ်အဖြစ် ရေးသားခဲ့ခြင်းမဟုတ်သည်မှာ မှန်ပါသည်။ ၎င်း၏အဓိကရည်ရွယ်ချက်မှာ လူသားများအတွက် ဘုရားသခင့်အလိုတော်ကို ဖော်ပြရန်ဖြစ်သည်။ သို့ဖြစ်သည့်တိုင် ကျွန်ုပ်တို့လူသားများ၏ပြဿနာများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်၍ များစွာဖော်ပြထားပြီး ၎င်း၏လမ်းညွှန်ချက်ကို လိုက်လျှောက်သူတို့အား အကျိုးပြုမည်ဖြစ်ကြောင်း ကတိပေးထားသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ၎င်း၏လက်တွေ့ကျအကြံဉာဏ်ကို လက်တွေ့ကျင့်သုံးသောအခါ မည်သည့်လူမျိုး၊ ယဉ်ကျေးမှု သို့မဟုတ် ပညာရေးနောက်ခံရှိသူပင်ဖြစ်ပါစေ အောင်မြင်မှုအမြဲရစေသည်။ ကျန်းမာရေး၊ မိသားစု၊ အလုပ်အကိုင်စသည်တို့နှင့်ပတ်သက်သော သမ္မာကျမ်းစာဖော်ပြရာသည် လက်တွေ့ကျ,မကျ သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ရန် နောက်ဆောင်းပါးကို ဖတ်ပါလေ။