မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ကဖိန်းဓာတ်ပါသော အရည်နှင့်အစားအစာများကို ခရစ်ယာန်တစ်ဦး ရှောင်ကြဉ်သင့်သလော။

ခရစ်ယာန်တစ်ဦးသည် ကဖိန်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ ချော့ကလက်၊ ဆိုဒါတို့ သုံးခြင်းကို သမ္မာကျမ်းစာက မတားမြစ်ထားပါ။ သို့သော် ပညာရှိရှိဆုံးဖြတ်နိုင်စေရန် ကျမ်းစာမူများ ပေးထားပါသည်။ အချို့သည် ကဖိန်းဓာတ်ပါသော အရည်နှင့်အစားအစာများကို အဘယ်ကြောင့်ရှောင်ကြကြောင်း ဦးစွာသုံးသပ်ကြည့်ကြစို့။

အဓိကအကြောင်းရင်းမှာ ကဖိန်းဓာတ်သည် စိတ်ကိုနိုးကြွစေသည်ဟု ယူဆနိုင်သောကြောင့်ဖြစ်ပေမည်။ ထို့ပြင် ယင်းသည် စွဲစေနိုင်သည်။ ဆေးဝါးကျွမ်းကျင်သူများအတွက် စံအညွှန်းစာအုပ်တစ်အုပ်က ဤသို့ဖော်ပြသည်– “နှစ်ရှည်လများ၊ ပမာဏများများ သုံးစွဲပါက ကဖိန်းဓာတ်ယဉ်သွားပြီး စွဲစေနိုင်သည်။ ကဖိန်းဓာတ်ကို မသုံးစွဲတော့သည်နှင့် ခေါင်းကိုက်ခြင်း၊ ယားယံခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ခေါင်းမူးခြင်းစသောလက္ခဏာများ ဖြစ်ပေါ်တတ်သည်။” စိတ်ဝေဒနာဆိုင်ရာရောဂါများ ဖော်ထုတ်ခြင်းနှင့် စာရင်းအင်းလက်စွဲစာအုပ်တွင် မူးယစ်ဆေးပြတ်သောလက္ခဏာများနှင့်အတူ ကဖိန်းဓာတ်ပြတ်သောလက္ခဏာကိုလည်း ဖော်ပြထားသည်။ ထို့ကြောင့် ကဖိန်းဓာတ်မစွဲလိုသည့်အပြင် ချုပ်တည်းမှုတင်ပြလိုသောကြောင့် ယင်းကိုမသုံးစွဲသင့်ဟု ခရစ်ယာန်အချို့ယူဆရခြင်းကို နားလည်နိုင်ပါသည်။—⁠ဂလာတိ ၅:၂၃

ကဖိန်းဓာတ်သည် လူတစ်ဦး၏ကျန်းမာရေး သို့မဟုတ် မမွေးသေးသောကလေး၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု အချို့ယူဆကြ၏။ ခရစ်ယာန်များသည် ဘုရားသခင်ကို တစ်သက်တာလုံးချစ်ရမည်ဖြစ်သောကြောင့် အသက်ကို ထိခိုက်စေသောအရာမှန်သမျှကို ရှောင်ကြသည်။ ထို့ပြင် ကိုယ်နှင့်စပ်ဆိုင်သူကိုလည်း ချစ်ရမည်ဖြစ်သောကြောင့် မမွေးသေးသောကလေးအား ထိခိုက်စေမည့်အရာများကို ရှောင်ကြသည်။—⁠လုကာ ၁၀:၂၅-၂၇

ထိုသို့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသလော။ ရောဂါအမျိုးမျိုးနှင့် ကဖိန်းဓာတ်သုံးစွဲခြင်းတို့ ဆက်စပ်နေသည်ကို အချို့လက်မခံကြပေ။ ကော်ဖီသည် ကျန်းမာစေသည်ဟုပင် သုတေသီအချို့ဆိုကြသည်။ ၂၀၀၆ ခုနှစ်၊ တိုင်းမ်မဂ္ဂဇင်းက ဤသို့ဖော်ပြ၏– “အစောပိုင်းလေ့လာမှုများအရ [ကဖိန်းဓာတ်]သည် ဆီးအိမ်ကင်ဆာ၊ သွေးတိုးရောဂါနှင့် အခြားရောဂါများဖြစ်စေနိုင်ကြောင်း တွေ့ရသည်။ သို့သော် မကြာသေးမီကလေ့လာမှုတွင် ယင်းအချက်များ မှားကြောင်းသာမက အကျိုးကျေးဇူးအချို့ကိုပင် ရှာဖွေတွေ့ ရှိခဲ့သည်။ ကဖိန်းဓာတ်သည် အသည်းပျက်စီးမှု၊ နဗ်ကြောရောဂါ၊ ဆီးချို၊ အယ်လ်ဇိုင်းမား၊ သည်းခြေကျောက်တည်ခြင်း၊ စိတ်ကျရောဂါ၊ ကင်ဆာရောဂါအချို့ကိုပင် ကာကွယ်ပေးနိုင်သည်။” ကဖိန်းဓာတ်သုံးစွဲခြင်းနှင့်ပတ်သက်၍ “အဓိကအချက်မှာ တော်သင့်ရုံသုံးစွဲရန် ဖြစ်၏” ဟု သတင်းစာတစ်စောင်က ဆိုသည်။

ခရစ်ယာန်တိုင်းသည် ကဖိန်းဓာတ်နှင့်ပတ်သက်သော နောက်ဆုံးသတင်းအချက်များ၊ ယင်းနှင့်ဆိုင်သော ကျမ်းစာမူများအပေါ်အခြေခံကာ ကိုယ်တိုင်ဆုံးဖြတ်သင့်သည်။ ဥပမာ၊ ကဖိန်းဓာတ်သည် မမွေးသေးသောကလေးကို ထိခိုက်စေနိုင်သည်ဟု ခရစ်ယာန်မိခင်တစ်ဦးယူဆသောကြောင့် သူကိုယ်ဝန်ဆောင်စဉ် ယင်းကိုမသုံးစွဲရန် ဆုံးဖြတ်ပေမည်။ ခရစ်ယာန်တစ်ဦးသည် ကဖိန်းဓာတ် မှန်မှန်မသုံးစွဲတော့သည်နှင့် စိတ်အနှောင့်အယှက်ဖြစ်မည် သို့မဟုတ် အခြားအဖျားအနာတစ်မျိုးမျိုးဖြစ်မည်ဆိုလျှင် ယင်းကိုရှောင်ရန်၊ အနည်းဆုံး အခိုက်အတန့်ရှောင်ရန် အကြံပြုခံရပေမည်။ (၂ ပေတရု ၁:၅၊ ၆) အခြားခရစ်ယာန်များသည် ထိုသို့သောဆုံးဖြတ်ချက်များကို လေးစားပြီး သူတို့ကို ဖိအားပေးမည်မဟုတ်ပေ။

ကဖိန်းဓာတ်ပါသော အရည်၊ အစားအစာများနှင့်ပတ်သက်၍ သင်မည်သို့ပင်ဆုံးဖြတ်ပါစေ ပေါလု၏ဤတိုက်တွန်းချက်ကို စိတ်စွဲမှတ်ထားပါလေ– “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။”—⁠၁ ကောရိန္သု ၁၀:၃၁