မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗေရိမြို့တွင် ပေါလုလုပ်ဆောင်ခဲ့ရာများကိုခြေရာကောက်ခြင်း

ဗေရိမြို့တွင် ပေါလုလုပ်ဆောင်ခဲ့ရာများကိုခြေရာကောက်ခြင်း

ဗေရိမြို့တွင် ပေါလုလုပ်ဆောင်ခဲ့ရာများကိုခြေရာကောက်ခြင်း

အေဒီ ၅၀ ခန့်တွင်ဖြစ်၏။ ခရစ်ယာန်သာသနာပြုနှစ်ဦး၏လုပ်ငန်း အလွန်အောင်မြင်ပြီး လူများစွာ ယုံကြည်သူဖြစ်လာကြသည်။ ထိုအခါ လူတစ်အုပ်က သူတို့ကိုဆန့်ကျင်ကာ အတိုက်အခံပြုလေသည်။ ထို့ကြောင့် တည်ထောင်ခါစအသင်းတော်၏အကျိုးနှင့် သူတို့နှစ်ဦး၏ဘေးကင်းလုံခြုံ မှုအတွက် ဆုံးဖြတ်ချက်တစ်ခုချခဲ့ရ၏။ မက်စီဒိုးနီးယားပြည်၊ သက်သာလောနိတ်ဆိပ်ကမ်းမြို့မှ ညသန်းခေါင်တွင် ချက်ချင်းထွက်ခွာကာ ဗေရိမြို့သို့ ခရီးနှင်လေသည်။ ထိုသူနှစ်ဦးမှာ ပေါလုနှင့်သိလပင်ဖြစ်သည်။

ရှေးခေတ်ကဲ့သို့ပင် ယနေ့တွင်လည်း ခရီးသွားတစ်ဦးသည် စိမ်းလန်းစိုပြည်သော ဘာမီအိုတောင်တန်း၏ အရှေ့ဘက်တောင်ခြေတွင်တည်ရှိသည့် ဗေရိ (ဗဲရိုယား) မြို့ကို အဝေးမှလှမ်းမြင်နိုင်သည်။ ဗေရိမြို့သည် သက်သာလောနိတ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၀၊ အေဂျီယန်ပင်လယ်မှ ၂၅ မိုင်အကွာတွင် တည်ရှိသည်။ ဒဏ္ဍာရီအရ ရှေးဂရိနတ်ဘုရားများ၏ဂေဟာဖြစ်သော အိုလံပါစ်တောင်သည် ဗေရိမြို့၏တောင်ဘက်တွင် တည်ရှိသည်။

ဗေရိမြို့တွင် ပေါလုဟောပြောခဲ့ပြီး လူများစွာ ခရစ်ယာန်ဖြစ်လာကြသဖြင့် ထိုမြို့ကို ကျမ်းစာကျောင်းသားများ စိတ်ဝင်စားကြသည်။ (တမန်တော် ၁၇:၁၀-၁၅) ထို့ကြောင့် ပေါလု၏လုပ်ဆောင်မှုများကို ခြေရာကောက်ပြီး မြို့၏နောက်ကြောင်းကို ဆန်းစစ်ကြည့်ကြစို့။

သမိုင်းကြောင်းအစ

ဗေရိမြို့ကို အဘယ်အချိန်တွင် တည်ထောင်ခဲ့ကြောင်း အသေအချာမသိရပေ။ ထိုတွင် ဦးဆုံးနေထိုင်ခဲ့ပုံရသော ဖြူဂိအနွယ်များကို ဘီစီခုနစ်ရာစုခန့်တွင် မက်စီဒိုးနီးယားတို့က နှင်ထုတ်ခဲ့ကြသည်။ အနှစ်သုံးရာကြာပြီးနောက်တွင် မက်စီဒိုးနီးယားပြည်သည် မဟာအလက်ဇန္ဒြား၏အောင်ပွဲများကြောင့် ကြွယ်ဝချမ်းသာလာ၏။ ဇုသ၊ အာတေမိ၊ အပိုလို၊ အသီနာနှင့် အခြားဂရိနတ်ဘုရားများ၏ ဝတ်ကျောင်းများကဲ့သို့ ခမ်းနားကြီးကျယ်သောအဆောက်အအုံများ၊ တံတိုင်းများ တည်ဆောက်ခဲ့ကြသည်။

ရာစုနှစ်များတစ်လျှောက် ဗေရိမြို့သည် “၎င်း၏ပတ်ဝန်းကျင်ဒေသတွင်သာမက ဂရိနိုင်ငံမြောက်ပိုင်းဒေသတွင်ပါ အရေးပါသောမြို့ဖြစ်သည်” ဟုသမိုင်းစာအုပ်တစ်အုပ်က ဖော်ပြသည်။ မက်စီဒိုးနီးယား၏နောက်ဆုံးမင်းဆက်ဖြစ်သော အန်တီဂေါနစ်မင်းဆက် (ဘီစီ ၃၀၆-၁၆၈) အုပ်စိုးချိန်တွင် ပို၍ကျော်ကြားလာသည်။ သို့သော် ထိုမင်းဆက်သည် နောက်ဆုံးတွင် ရောမလက်အောက်ရောက်သွားခဲ့သည်။

ဘီစီ ၁၉၇ ၌ ပဉ္စမမြောက်ဖိလစ်ဘုရင်ကို ရောမတို့အနိုင်ယူလိုက်ချိန်တွင် “ယခင် အာဏာခွဲဝေအုပ်ချုပ်မှုစနစ် ပပျောက်သွားပြီး အရှေ့မြေထဲပင်လယ်ဒေသကို ရောမကသာ ကြီးစိုးအုပ်ချုပ်လေသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းကဆိုသည်။ ဘီစီ ၁၆၈ ၌ ဗေရိမြို့တောင်ဘက် မိုင်အနည်းငယ်အကွာရှိ ပိုင်ဒနာမြို့တွင် မက်စီဒိုးနီးယား၏နောက်ဆုံးမင်း ပါစီးယပ်စ်ကို ရောမဗိုလ်ချုပ်တစ်ဦး အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ကြိုပြောထားသည့်အတိုင်း ဂရိကမ္ဘာ့အင်ပါယာသည် ရောမတို့လက်အောက် ကျရောက်ခဲ့ရ၏။ (ဒံယေလ ၇:၆၊ ၇၊ ၂၃) ထိုတိုက်ပွဲပြီးနောက် ရောမတို့ထံ ဦးဆုံးအညံ့ခံသော မက်စီဒိုးနီးယားမြို့မှာ ဗေရိမြို့ဖြစ်သည်။

ဘီစီပထမရာစုတွင် မက်စီဒိုးနီးယားသည် ပွန်ပေနှင့်ဂျူးလီယက်ဆီဇာတို့ တိုက်ခိုက်မှုအတွင်း စစ်တလင်းဖြစ်ခဲ့သည်။ အမှန်မှာ၊ ဗေရိမြို့ပတ်ဝန်းကျင်တွင် ပွန်ပေ၏စစ်ဌာနချုပ် အခြေစိုက်ထားသည်။

ရောမလက်အောက် တိုးတက်စည်ပင်လာ

ပက်ခ်စ် ရိုမာနာ သို့မဟုတ် ရောမငြိမ်းချမ်းရေးကာလအတွင်း ဗေရိမြို့သို့ လည်ပတ်သူများသည် တိုင်လုံးများစီရီထားသော ကျောက်ခင်းလမ်းများကို တွေ့ရှိခဲ့ကြ၏။ ထိုမြို့တွင် အများသုံးရေချိုးကန်များ၊ ပြဇာတ်ရုံများ၊ စာကြည့်တိုက်များ၊ ဂလက်ဒီယေတာသတ်ပုတ်ကွင်းများရှိသည်။ သောက်သုံးရေကို ပိုက်များဖြင့်သွယ်ထားပြီး မြေအောက်အညစ်အကြေးစွန့်စနစ်ရှိသည်။ ကုန်သည်များ၊ အနုပညာသည်များ၊ အားကစားသမားများ လာရောက်လည်ပတ်သော စီးပွားရေးဗဟိုမြို့ဖြစ်ပြီး လူတို့သည် အားကစားပွဲများနှင့် အခြားပွဲများကို လာရောက်ကြည့်ရှုကြသောကြောင့် ကျော်ကြားလာသည်။ နိုင်ငံခြားသားများအတွက်လည်း ၎င်းတို့၏ဘာသာရေးထုံးတမ်းများဖြင့် ဝတ်ပြုနိုင်သည့်နေရာများရှိသည်။ မှန်ပါသည်၊ ဤမြို့တွင် ရောမအင်ပါယာတစ်ခုလုံးရှိ ဘာသာရေးဂိုဏ်းဂဏများကို တွေ့ ရှိနိုင်သည်။

သေဆုံးသွားသော ရောမဧကရာဇ်များကိုလည်း နတ်ဘုရားများအဖြစ် ကိုးကွယ်ကြသည်။ ယင်းသည် ဗေရိမြို့သားများအတွက် ထူးဆန်းပုံမရပေ။ အကြောင်းမှာ ဧကရာဇ်ဝတ်ပြုမှုသည် ဘုရားတစ်ပါးအဖြစ် ကြည်ညိုခံရသော မဟာအလက်ဇန္ဒြားကို ဝတ်ပြုခြင်းမှ အစပြုသောကြောင့်ဖြစ်၏။ ဂရိစာအုပ်တစ်အုပ်က ဤသို့ဆို၏– “ဘုရင်တစ်ပါးအသက်ရှင်စဉ်ပင် ကြည်ညိုဝတ်ပြုသောဓလေ့ရှိသောကြောင့် အင်ပါယာအရှေ့ပိုင်းရှိ ဂရိတို့သည် ရောမဧကရာဇ်များကိုလည်း ထပ်တူကြည်ညိုဝတ်ပြုကြသည်။ . . . ဒ င်္ဂါးပြားများပေါ်တွင် ဧကရာဇ်များကို ရောင်ခြည်ဖြာထွက်နေသော သရဖူဆောင်းထားသည့် နတ်ဘုရားတစ်ပါးအဖြစ် ပုံဖော်ထားသည်။ နတ်ဘုရားဝတ်ပြုမှုတွင်သုံးသော ဆုတောင်းသီချင်းများကို ဧကရာဇ်ဝတ်ပြုမှုတွင်လည်း အသုံးပြုကြသည်။” ယဇ်ပလ္လင်များ၊ ဝတ်ကျောင်းများကို တည်ဆောက်ပြီး ဧကရာဇ်ထံ ယဇ်ပူဇော်ကြသည်။ အားကစား၊ အနုပညာနှင့် စာပေပြိုင်ပွဲများပါဝင်သော ဧကရာဇ်ဝတ်ပြုမှုပွဲတော်များကို ဧကရာဇ်များပင် တက်ရောက်ကြသည်။

ဗေရိမြို့သည် အဘယ်ကြောင့် နတ်ဘုရားဝတ်ပြုမှု၏ဗဟို ဖြစ်ခဲ့ရသနည်း။ အကြောင်းမှာ ထိုမြို့တွင် မက်စီဒိုးနီးယားမြို့များမှ ကိုယ်စားလှယ်များစုရုံးပြီး ကီနွန်ညီလာခံကျင်းပသောကြောင့်တည်း။ ထိုကိုယ်စားလှယ်များသည် မြို့နှင့်ပြည်နယ်ရေးရာများကို ရောမကွပ်ကဲမှုအောက်တွင် ဆွေးနွေးဖြေရှင်းရန် ဗေရိမြို့တွင် မှန်မှန်စုရုံးကြသည်။ ကီနွန်ညီလာခံ၏ အဓိကလုပ်ဆောင်မှုတစ်ခုမှာ ဧကရာဇ်ဝတ်ပြုမှုပွဲတော်များကို ကြီးကြပ်ပေးရန်ဖြစ်သည်။

ယင်းတို့မှာ သက်သာလောနိတ်မြို့မှ ပေါလုနှင့်သိလတို့ ထွက်လာပြီးနောက်ပိုင်း ဗေရိမြို့၏အခြေအနေဖြစ်၏။ ထိုအချိန်တွင် ဗေရိမြို့သည် ရောမလက်အောက်ရောက်နေသည်မှာ နှစ်ပေါင်းနှစ်ရာရှိနေပြီဖြစ်သည်။

ဗေရိမြို့သို့ သတင်းကောင်းရောက်ရှိ

ပေါလုသည် ဗေရိမြို့တရားဇရပ်တွင် စတင်ဟောပြောလေသည်။ လူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ထိုမြို့ရှိဂျူးများသည် ‘သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့် အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်မြွက်တော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏’ ဟုကျမ်းစာကဖော်ပြသည်။ (တမန်တော် ၁၇:၁၀၊ ၁၁) သူတို့သည် ‘ထူးမြတ်သောစိတ်ထား’ ရှိသဖြင့် ထုံးတမ်းစဉ်လာများကိုသာ ခေါင်းမာမာဖြင့် မစွဲကိုင်ထားကြပေ။ သူတို့အတွက် အသစ်အဆန်းဖြစ်သောအရာများကို ကြားရသော်လည်း သံသယမဖြစ်ကြ၊ စိတ်အနှောင့်အယှက်မဖြစ်ကြပါ။ ပေါလု၏သတင်းစကားကို ငြင်းပယ်မည့်အစား စိတ်စွန်းကွက်မှုမရှိဘဲ သဘောထားကြီးကြီးဖြင့် အာရုံစိုက်နားထောင်ခဲ့ကြသည်။

ပေါလု၏သွန်သင်ချက်များ မှန်ကန်ကြောင်း ထိုဂျူးများ မည်သို့သိနိုင်ခဲ့ကြသနည်း။ သူတို့ကြားနာရာများကို ယုံကြည်အားထားရဆုံးမှတ်ကျောက်သုံးပြီး စစ်ဆေးခြင်းဖြင့်ဖြစ်သည်။ ကျမ်းစာကို လုံ့လစိုက်ထုတ်ကာ စေ့စေ့ကြည့်ရှုစစ်ဆေးခဲ့သည်။ ကျမ်းပညာရှင် မက်သယူးဟင်နရီက ဤသို့ဆို၏– “ပေါလုသည် ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ပြီး သူပြောဆိုရာကို ဓမ္မဟောင်းကျမ်းမှ ကိုးကားခဲ့သည်။ ထို့ကြောင့် သူတို့သည် ကျမ်းစာကိုလက်ကိုင်ပြုကာ ပေါလုကိုးကားသောကျမ်းချက်များကို လိုက်ဖွင့်ဖတ်သည်။ ရှေ့နောက်စကားများနှင့် ဆိုလိုရင်းကို သုံးသပ်ကာ အခြားကျမ်းချက်များနှင့် နှိုင်းယှဉ်သည်။ ကျမ်းချက်များကို ပေါလုကောက်ချက်ချပုံသည် သဘာဝကျမကျ၊ မှန်မမှန်၊ ကျိုးကြောင်းခိုင်လုံမှုရှိမရှိ ဆန်းစစ်သည်။ ထို့နောက် ယင်းတို့ပေါ်မူတည်ပြီး သူတို့ ဆုံးဖြတ်ချက်ချကြသည်။”

ယင်းသည် တစ်ကြိမ်မျှ အကြမ်းဖျင်းဖတ်လိုက်ခြင်းမဟုတ်ပေ။ ဗေရိမြို့သားများသည် ဥပုသ်နေ့တွင်သာမဟုတ်ဘဲ နေ့စဉ်ရက်ဆက် လုံ့လစိုက်ထုတ်ကာ အချိန်ယူလေ့လာကြသည်။

ရလဒ်ကို သုံးသပ်ကြည့်ပါ။ ဗေရိမြို့ရှိဂျူးများစွာသည် သတင်းတရားကိုလက်ခံပြီး ယုံကြည်သူများဖြစ်လာသည်။ ဂျူးဘာသာပြောင်းဝင်လာသူများအပါအဝင် ဂရိလူမျိုးတို့လည်း ယုံကြည်သူများဖြစ်လာသည်။ ယင်းတို့သည် လူသိရှင်ကြားဖြစ်ခဲ့ရာ သက်သာလောနိတ်မြို့မှဂျူးတို့သည် ဗေရိမြို့သို့လာပြန်၍ အတိုက်အခံပြုရန် “လူများတို့ကို တိုက်တွန်းနှိုးဆော်ကြ၏။”—⁠တမန်တော် ၁၇:၄၊ ၁၂၊ ၁၃

ထို့ကြောင့် ပေါလုသည် ဗေရိမြို့မှ ချက်ချင်းထွက်ခွာပြီး အခြားဒေသများတွင် ဆက်ဟောပြောခဲ့သည်။ ဤတစ်ကြိမ်တွင် အေသင်မြို့သို့ သင်္ဘောဖြင့်ခရီးနှင်လေသည်။ (တမန်တော် ၁၇:၁၄၊ ၁၅) သို့သော် သူ၏လုပ်ဆောင်မှုကြောင့် ဗေရိမြို့တွင် ခရစ်ယာန်ဘာသာ တည်ထောင်နိုင်သဖြင့် သူဝမ်းမြောက်ခဲ့၏။ ယင်းသည် ယနေ့အချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိ၏။

မှန်ပါသည်၊ ခြေမြစ်၍ စစ်မှန်သောအရာကို “စုံစမ်း” ပြီး “ကိုင်စွဲ” နိုင်ရန် ကျမ်းစာကိုစေ့စေ့ကြည့်ရှုဆင်ခြင်သူများ ဗေရိ (ဗဲရိုယား) မြို့တွင် ယနေ့တိုင်ရှိဆဲပင်။ (၁ သက်သာလောနိတ် ၅:၂၁) ထိုမြို့ရှိ ယေဟောဝါသက်သေများ၏ တိုးတက်နေသောအသင်းတော်နှစ်ခုသည် ပေါလုနည်းတူ ကျမ်းစာသတင်းတရားကို အခြားသူများအား ဟောပြောဝေမျှနေကြ၏။ သူတို့သည် စိတ်နှလုံးရိုးဖြောင့်သူများကို ရှာဖွေပြီး ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ကြသည်။ ဤနည်းဖြင့် စစ်မှန်သောဘုရားသခင် ယေဟောဝါအကြောင်း သိလိုသူတိုင်းကို ကျမ်းစာ၏စေ့ဆော်နိုင်စွမ်းက ကူညီပေးနေပါသည်။—⁠ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ပေါလု၏ဒုတိယသာသနာပြုခရီးစဉ် တစ်စိတ်တစ်ပိုင်း

မက်ဆီဒိုးနီးယား

ဂရိ

အခါယ

ဗေရိ

အံဖိပေါလိ

ဖိလိပ္ပိ

သက်သာလောနိတ်

နာပေါလိ

ကောရိန္သု

အေသင် 

တရောမြို့

မုသိ

အာရှ

ဧဖက်

ရောဒုကျွန်း

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ငွေဒ င်္ဂါးပေါ်တွင် မဟာအလက်ဇန္ဒြားကိုဂရိနတ်ဘုရားအဖြစ် ပုံဖော်ထား

[Credit Line]

Coin: Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဗေရိ (ဗဲရိုယား) မြို့ရှိ ဂျူးရပ်ကွက်တစ်ခု၏အဝင်ဝ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ်ဗေရိ (ဗဲရိုယား) မြို့ရှိ တရားဇရပ်ဟောင်း