မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျှော်လင့်ချက်များဖြစ်မလာသောအခါ

မျှော်လင့်ချက်များဖြစ်မလာသောအခါ

မျှော်လင့်ချက်များဖြစ်မလာသောအခါ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ရည်းစားဘဝတွင် အလွန်လိုက်ဖက်ညီသည်ဟုထင်ရသည့်တိုင် အိမ်ထောင်ပြုပြီးနောက် အထင်နှင့်အမြင် တလွဲစီဖြစ်သွားနိုင်၏။ သို့သော် အိမ်ထောင်ကတိသစ္စာမပြုမီက လိုက်ဖက်ညီသည်ဟုထင်ရသူနှစ်ဦးသည် နောက်ပိုင်းတွင် မည်သို့ လုံးဝသဘောထားကွဲလွဲသွားနိုင်သနည်း။

အိမ်ထောင်သည်များသည် “လောကညှဉ်းဆဲခြင်း” ခံရကြမည်ဟု ကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၇:၂၈) ထိုသို့ညှဉ်းဆဲခံရခြင်းမှာ လူ့မစုံလင်မှုကြောင့်ဖြစ်လေ့ရှိ၏။ (ရောမ ၃:၂၃) ထို့ပြင် အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးက ကျမ်းစာမူများကို မလိုက်နာခြင်းကြောင့် ဖြစ်ပေမည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) တစ်ခါတစ်ရံ၊ အမျိုးသား သို့မဟုတ် အမျိုးသမီးသည် စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်ချက်များဖြင့် အိမ်ထောင်ပြုခြင်းကြောင့်ဖြစ်သည်။ သို့ဆိုလျှင် နားလည်မှုလွဲခြင်းမှ ပြဿနာ အကြီးအကျယ်တက်သည်အထိ ဖြစ်သွားနိုင်သည်။

စိတ်ကူးယဉ်ဆန်သော မျှော်လင့်ချက်များ

သင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပါက လူအများစုကဲ့သို့ပင် မျှော်လင့်ချက်များစွာဖြင့် အိမ်ထောင်ပြုခဲ့ပေမည်။ သင်မျှော်လင့်သောဘဝမျိုးကို ခေတ္တမျှစဉ်းစားကြည့်လိုက်ပါ။ သင့်အိမ်ထောင်သည် သင်စိတ်ကူးထားသောပုံစံနှင့် မကိုက်ညီဘဲဖြစ်နေသလော။ ထိုသို့ဖြစ်နေလျှင် ပြဿနာကို မဖြေရှင်းနိုင်တော့ဟု မထင်လိုက်ပါနှင့်။ သမ္မာကျမ်းစာမူများအတိုင်း လိုက်နာခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ * (၂ တိမောသေ ၃:၁၆) ဤအတောအတွင်း အိမ်ထောင်ရေးနှင့်ပတ်သက်သော သင့်မျှော်လင့်ချက်များကို ဆန်းစစ်သင့်သည်။

ဥပမာ၊ နတ်သမီးပုံပြင်များတွင် ဖော်ပြသည့်အတိုင်း အိမ်ထောင်သည်ဘဝသည် ရင်ခုန်စရာအချစ်များဖြင့် ပြည့်နှက်နေသည်ဟု အချို့ယူဆကြ၏။ သို့မဟုတ် သင်နှင့်သင့်အိမ်ထောင်ဖက်သည် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးကြ၊ သဘောထားမတိုက်ဆိုင်မှုများကို ကောင်းစွာဖြေရှင်းနိုင်ကြမည်ဟု စိတ်ကူးထားပေမည်။ အိမ်ထောင်ကျသောအခါ လိင်ကိစ္စတွင် ချုပ်တည်းစရာမလိုတော့ဟု လူများစွာယူဆကြသည်။ ထိုမျှော်လင့်ချက်အားလုံးသည် အနည်းနှင့်အများဆိုသလို လက်တွေ့မကျသောကြောင့် စိတ်ပျက်ရမည်မှာ သေချာသည်။—⁠ကမ္ဘာဦး ၃:၁၆

လက်တွေ့မကျသော နောက်မျှော်လင့်ချက်တစ်ခုမှာ အိမ်ထောင်ပြုခြင်းက လူတစ်ဦးကို ပျော်ရွှင်စေမည်ဟူသည့်အချက်ဖြစ်၏။ ဘဝလက်တွဲဖော်တစ်ဦးရှိခြင်းက ပျော်ရွှင်ကြည်နူးစေနိုင်သည်မှာ အမှန်ပင်။ (သု. ၁၈:၂၂; ၃၁:၁၀; ဒေ. ၄:၉) သို့သော် အိမ်ထောင်ပြုလိုက်လျှင် သဘောထားမတိုက်ဆိုင်မှုမှန်သမျှ အလိုအလျောက်ပြေလည်သွားမည်ဟု မျှော်လင့်နိုင်သလော။ ထိုသို့မျှော်လင့်ထားသူများသည် အဖြစ်မှန်နှင့်တိုးသောအခါ လန့်ဖျပ်သွားလေတော့သည်!

မျိုသိပ်ထားသော မျှော်လင့်ချက်များ

မျှော်လင့်ချက်အားလုံး လက်တွေ့မကျဟူ၍ မဆိုလိုပေ။ လက်တွေ့ကျသော အလိုဆန္ဒများလည်း ရှိသည်။ သို့သော် မျှော်လင့်ချက်အချို့ကြောင့် ပြဿနာများပေါ်ပေါက်နိုင်သည်။ “အိမ်ထောင်ဖက်တစ်ဦးက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ ပြည့်ဝမယ့်နေ့ကို မျှော်တလင့်လင့်စောင့်နေချိန်မှာ နောက်တစ်ဦးကတော့ ဒါကို လုံးဝမရိပ်မိတဲ့အတွက် လင်နဲ့မယား ဒေါသပေါက်ကွဲတော့တာပဲ” ဟု အိမ်ထောင်အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဆို၏။ ထိုသို့ဖြစ်နိုင်ပုံကို သဘောပေါက်ရန် အောက်ပါဇာတ်လမ်းကို သုံးသပ်ကြည့်ပါ–

မေရီသည် ဇာတိမြို့မှ မိုင်ရာချီဝေးသောဒေသတွင် နေထိုင်သော ဒေးဗစ်နှင့်လက်ထပ်ခဲ့သည်။ တစ်နယ်တစ်ကျေးတွင် သွားရောက်နေထိုင်ရမည်ဖြစ်ရာ မိမိကဲ့သို့ရှက်တတ်သူတစ်ဦးအတွက် အထူးခက်ခဲမည်ကို မေရီသိသည်။ သို့သော် ထိုတွင်နေသားကျရန် ဒေးဗစ်ကူညီပေးမည်ဟု သူအပြည့်အဝယုံကြည်ခဲ့သည်။ ဥပမာ၊ ဒေးဗစ်သည် မိမိဘေးတွင်ရှိနေကာ သူ၏မိတ်ဆွေများကိုသိကျွမ်းရန် ကူညီပေးမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ထိုသို့ဖြစ်မလာပေ။ ဒေးဗစ်သည် သူ၏မိတ်ဆွေများနှင့် စကားဖောင်ဖွဲ့နေပြီး မျက်နှာစိမ်းဖြစ်သောမေရီကို တစ်ကိုယ်တည်းပစ်ထားလေသည်။ ထို့ကြောင့် မိမိကိုလျစ်လျူရှုထားသည်၊ ပစ်ထားသည်ဟုပင် ခံစားခဲ့ရကာ ‘သူ ဘာကြောင့် ဒီလောက်တောင် အလိုက်မသိရတာလဲ’ ဟု မေရီတွေးနေမိသည်။

မေရီ၏မျှော်လင့်ချက်သည် လက်တွေ့မကျဘဲဖြစ်နေသလော။ လုံးဝမဟုတ်။ ဝန်းကျင်သစ်တွင် နေသားကျရန် ခင်ပွန်းဖြစ်သူထံမှ အကူအညီရလိုခြင်းသာဖြစ်သည်။ မေရီသည် ရှက်တတ်သူဖြစ်ရာ သူစိမ်းများစွာနှင့်တွေ့ဆုံရသည့်အတွက် စိတ်ပင်ပန်းနေသည်။ သို့သော် မေရီသည် မိမိခံစားချက်ကို ဒေးဗစ်အား လုံးဝဖွင့်မပြောဘဲ မျိုသိပ်ထားတတ်သည်။ ထို့ကြောင့် မေရီ၏ခံစားချက်ကို ဒေးဗစ်လုံးဝမရိပ်မိပေ။ ထိုသို့ဆက်ဖြစ်နေလျှင် အဘယ်အရာဖြစ်လာမည်နည်း။ မေရီ စိတ်နာကြည်းလာနိုင်ပြီး အချိန်ကုန်လွန်လာသည်နှင့်အမျှ မိမိခံစားချက်များကို ခင်ပွန်းဖြစ်သူ လုံးဝဂရုမစိုက်ဟူ၍ တွေးမိပေမည်။

သင့်အိမ်ထောင်ဖက်သည် သင့်လိုအပ်ရာများကို မသိတတ်ပုံရပါက သင်လည်း စိတ်ပျက်မိပေမည်။ သို့ဆိုလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။

ဖွင့်ဟပြောပြလိုက်ပါ

မျှော်လင့်ချက်များ ဖြစ်မလာခြင်းက စိတ်ပူပန်စေသည်။ (သု. ၁၃:၁၂) သို့တိုင် သင်လုပ်ဆောင်နိုင်သည့်အရာအချို့ ရှိပါသည်။ “အသိဉာဏ်ရှိသူတို့သည် စကားမပြောမီ စဉ်းစားဆင်ခြင်တတ်ကြ၏။ သို့ဖြစ်၍ သူတို့ပြောသောစကားများသည် လူတို့စိတ်ကို ပို၍ဆွဲဆောင်နိုင်လေသည်” ဟု ကျမ်းစာကဖော်ပြသည်။ (သု. ၁၆:၂၃ခမ) ထို့ကြောင့် သင့်မျှော်လင့်ချက်သည် လက်တွေ့ကျသော်လည်း ဖြစ်မလာပါက ယင်းကို သင့်အိမ်ထောင်ဖက်နှင့် ဆွေးနွေးပါ။

သင့်တော်သောအချိန်၊ သင့်တော်သောနေရာနှင့် လျောက်ပတ်သောစကားကိုသုံး၍ သင့်ခံစားချက်များကို ရင်ဖွင့်ပါ။ (သု. ၂၅:၁၁) အေးဆေးတည်ငြိမ်စွာ၊ လေးစားစွာပြောပြပါ။ သင့်ရည်ရွယ်ချက်မှာ သင့်အိမ်ထောင်ဖက်ကို ပြစ်တင်စွပ်စွဲရန်မဟုတ်ဘဲ သင့်မျှော်လင့်ချက်နှင့် ခံစားချက်များကို အသိပေးရန်သာဖြစ်ကြောင်း အမှတ်ရပါ။—⁠သု. ၁၅:၁

ထိုသို့ အဘယ်ကြောင့်ပြုလုပ်သင့်သနည်း။ ထောက်ထားစာနာတတ်သော အိမ်ထောင်ဖက်တစ်ဦးသည် သင့်လိုအပ်ရာများကို ပိုင်းခြားသိမြင်သင့်သည်မဟုတ်လော။ အမှန်မှာ သင့်အိမ်ထောင်ဖက်သည် ကိစ္စရပ်များကို အခြားရှုထောင့်တစ်မျိုးမှ ရှုမြင်ခြင်းဖြစ်နိုင်သော်လည်း သင့်လိုအပ်ချက်များကို ဖွင့်ဟပြောပြပါက သူ ဝမ်းမြောက်ဝမ်းသာ လက်ခံပေမည်။ သင်လိုချင်ရာ သို့မဟုတ် လိုအပ်ရာကို ဖွင့်ပြောရခြင်းက သင့်အိမ်ထောင်ရေး မသာယာဟူသည့်သဘောမဟုတ်သကဲ့သို့ သင့်အိမ်ထောင်ဖက်မှာ အလိုက်မသိဟူသည့်သဘောလည်း မဟုတ်ချေ။

ထို့ကြောင့် သင့်အိမ်ထောင်ဖက်နှင့် ဆွေးနွေးပြောဆိုရန် တွန့်ဆုတ်မနေပါနှင့်။ ဥပမာ၊ အထက်ပါအခြေအနေမျိုးတွင် မေရီက “သူစိမ်းတွေနဲ့ တွေ့ဆုံဆက်ဆံရတာ ကျွန်မအတွက်တော့ တကယ်မလွယ်ဘူး။ လူတိုင်းနဲ့ရင်းနှီးပြီး နေသားကျလာတဲ့အထိ ကျွန်မကို ကူညီပေးနိုင်မလား” ဟုပြောနိုင်သည်။

“နားကြားခြင်းငှာ လျင်မြန်စေ”

နောက်ရှုထောင့်တစ်မျိုးမှ သုံးသပ်ကြည့်ကြစို့။ သင့်အိမ်ထောင်ဖက်၏ လက်တွေ့ကျသော မျှော်လင့်ချက်တစ်ခုကို သင်မဖြည့်ဆည်းပေးနိုင်သောကြောင့် သူစိတ်ပျက်လက်ပျက်ဖြစ်ကာ သင့်ထံ ချဉ်းကပ်လာသည်ဆိုပါစို့။ သို့ဆိုလျှင် သူပြောသည်ကို နားထောင်ပါလေ။ ဆင်ခြင်ပေးအကြောင်းပြခြင်း မပြုပါနှင့်။ ယင်းအစား ‘နားကြားခြင်းငှာလျင်မြန်ပြီး စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးပါ။’ (ယာကုပ် ၁:၁၉; သု. ၁၈:၁၃) “ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ” ဟု ခရစ်ယာန်များကို တမန်တော်ပေါလု တိုက်တွန်းခဲ့၏။—⁠၁ ကောရိန္သု ၁၀:၂၄

သင့်အိမ်ထောင်ဖက်၏နေရာတွင်ဝင်၍ ခံစားပေးခြင်းဖြင့် ထိုသို့လုပ်ဆောင်နိုင်ပါသည်။ ‘ယောက်ျားတို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေလော့’ ဟုကျမ်းစာကဆို၏၊ ဂျေ.ဘီ.ဖိလစ်၏ဘာသာပြန်ကျမ်းက ‘ယောက်ျားတို့သည် အတူနေသောဇနီးကို နားလည်မှုရှိသင့်သည်’ ဟုပြန်ဆို၏။ (၁ ပေတရု ၃:⁠၇) ဇနီးများလည်း ထို့အတူပြုသင့်သည်။

သင်နှင့် သင့်အိမ်ထောင်ဖက်သည် မည်မျှပင်လိုက်ဖက်ညီပါစေ ကိစ္စရပ်တိုင်းတွင် အမြင်တစ်ထပ်တည်းမကျနိုင်ကြောင်း အမှတ်ရပါလေ။ (“ရှုခင်းသာတစ်ခု၊ ရှုမြင်ပုံအဖုံဖုံ” လေးထောင့်ကွက်ကိုရှု။) ကိစ္စရပ်များအပေါ် အခြားသူ၏အမြင်ကို ထည့်တွက်စဉ်းစားခြင်းက အမှန်အကျိုးရှိသည်။ မိသားစုနောက်ခံ၊ ယဉ်ကျေးမှုစသည်တို့အပေါ် မူတည်ပြီး သင်နှင့်သင့်အိမ်ထောင်ဖက်တွင် မျှော်လင့်ချက်ကိုယ်စီ ရှိကြသည်။ ထို့ကြောင့် သင့်အိမ်ထောင်ဖက်ကို သင်အလွန်ချစ်မြတ်နိုးမည်ဖြစ်သော်လည်း မျှော်လင့်ချက်များမှာ ကွာခြားနိုင်ပေသည်။

ဥပမာ၊ ခရစ်ယာန်မောင်နှံစုံများသည် ဦးစီးမှုဆိုင်ရာကျမ်းစာမူကို ကောင်းစွာသိပေမည်။ (ဧဖက် ၅:၂၂၊ ၂၃) သို့သော် သင့်မိသားစုတွင် မည်သို့ဦးစီးပြီး မည်သို့လက်အောက်ခံမည်နည်း။ သင်တို့နှစ်ဦးစလုံးသည် ထိုကျမ်းစာမူကိုကျင့်သုံးရန် အမှန်ကြိုးစားနေသလော။

နေ့စဉ်အသက်တာ၏အခြားကဏ္ဍများတွင်လည်း အမြင်ကွဲပြားပေမည်။ အိမ်မှုကိစ္စအချို့ကို မည်သူလုပ်ဆောင်မည်နည်း။ ဆွေမျိုးများနှင့် အဘယ်အချိန်တွင်တွေ့ဆုံပြီး အချိန်မည်မျှပေးမည်နည်း။ ဘဝတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဦးစားထားကြောင်း မည်သို့တင်ပြမည်နည်း။ (မဿဲ ၆:၃၃) အလွယ်တကူအကြွေးတင်နိုင်သောကြောင့် ငွေကိုချွေတာသုံးစွဲပြီး စုဆောင်းထားခြင်းက ပညာရှိရာရောက်သည်။ သို့သော် ငွေကိုချွေတာသုံးစွဲပြီး စုဆောင်းခြင်းက အဘယ်အရာကိုဆိုလိုသနည်း။ ထိုကိစ္စမျိုးကို ပွင့်ပွင့်လင်းလင်း၊ လေးလေးစားစား ဆွေးနွေးခြင်းက အလွန်အကျိုးရှိသည်။

အချို့သောမျှော်လင့်ချက်များ ဖြစ်မလာသည့်တိုင် ထိုသို့ပြောဆိုဆွေးနွေးခြင်းက သင့်အိမ်ထောင်ကို ပို၍သာယာချမ်းမြေ့စေသည်။ သို့ဆိုလျှင် “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့” ဟူသော တမန်တော်ပေါလု၏တိုက်တွန်းချက်ကို ပို၍လိုက်နာနိုင်ပေလိမ့်မည်။—⁠ကောလောသဲ ၃:၁၃

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ယေဟောဝါသက်သေများထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်တွင် အိမ်ထောင်သည်များအတွက် အကြံဉာဏ်ကောင်းကို တွေ့နိုင်သည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ရှုမြင်ပုံအဖုံဖုံ

“ရှုခင်းသာတစ်ခုကို ရှုစားနေကြသော ကမ္ဘာလှည့်ခရီးသည်တစ်ဖွဲ့ကို မြင်ယောင်ကြည့်ပါ။ ရှုခင်းတစ်ခုတည်းကို တစ်ဖွဲ့လုံး ကြည့်ရှုနေသော်လည်း တွေ့ မြင်ပုံချင်း တူမည်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။ သူတို့ရပ်နေကြသည့်နေရာချင်း မတူကြ၍ဖြစ်သည်။ လူနှစ်ဦးသည် တစ်နေရာတည်းတွင် ရပ်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ရှုခင်း၏အစိတ်အပိုင်းတစ်ခုတည်းကိုသာ အားလုံး ကြည့်ရှုကြသည်မဟုတ်ပါ။ တစ်ဦးစီ၏အထူးစိတ်ဝင်စားရာသည် တူညီမည်မဟုတ်။ အိမ်ထောင်ရေးတွင်လည်း ထိုနည်းတူဖြစ်သည်။ အလွန်လိုက်ဖက်သူနှစ်ဦးဖြစ်သည့်တိုင် မည်သည့်စုံတွဲမျှ ကိစ္စရပ်များကို တစ်ပုံစံတည်း ရှုမြင်မည်မဟုတ်ပါ။ . . . ဆက်သွယ်ပြောဆိုခြင်းတွင် အမြင်မတူမှုများကို တစ်ထပ်တည်းဖြစ်စေရန် ကြိုးစားညှိနှိုင်းခြင်းလည်း ပါဝင်သည်။ ယင်းသို့ဖြစ်နိုင်ရန် စကားစမြည်ပြောဆိုချိန် ရှာယူဖို့လိုပါသည်။”—⁠၁၉၉၃၊ ဩဂုတ်လ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၄။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ယခု သင်လုပ်ဆောင်နိုင်သည့်အရာ

• သင့်မျှော်လင့်ချက်များကို ပြန်ဆန်းစစ်ပါ။ ယင်းတို့သည် လက်တွေ့ကျသလော။ သင့်အိမ်ထောင်ဖက်ထံမှ တရားလွန်မျှော်လင့်နေခြင်းလော။—⁠ဖိလိပ္ပိ ၂:၄; ၄:၅

• လက်တွေ့မကျသော မျှော်လင့်ချက်များကို ပြုပြင်ပြောင်းလဲရန် ကြိုးစားပါ။ ဥပမာ၊ “တို့တွေ ဘယ်တော့မှ သဘောထားမတိုက်ဆိုင်ဘူး” ဟုပြောမည့်အစား မတူညီမှုများကို အေးဆေးစွာဖြေရှင်းပါ။—⁠ဧဖက် ၄:၃၂

• သင့်မျှော်လင့်ချက်များကို ဆွေးနွေးပြောဆိုပါ။ မေတ္တာပြတတ်ရန်နှင့် အချင်းချင်းလေးစားတတ်ရန် ဆွေးနွေးပြောဆိုခြင်း အဓိကလိုအပ်သည်။—⁠ဧဖက် ၅:၃၃

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

သင့်အိမ်ထောင်ဖက်၏ခံစားချက်များကို “ကြားခြင်းငှာ လျင်မြန်” ပါ