မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရက်စက်ကြမ်းကြုတ်မှု အဆုံးတိုင်ပါမည်လော

ရက်စက်ကြမ်းကြုတ်မှု အဆုံးတိုင်ပါမည်လော

ရက်စက်ကြမ်းကြုတ်မှု အဆုံးတိုင်ပါမည်လော

ယနေ့လောကရှိ ရက်စက်ကြမ်းကြုတ်မှုများ၏ အဓိကအကြောင်းရင်းမှာ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ဖြစ်ကြောင်း လူများစွာ သဘောတူပေမည်။ လွန်ခဲ့သောနှစ်များစွာမှ ငါသာပဓာန လူမျိုးဆက်ကြောင့် ယနေ့ ကိုယ်ကျိုးကိုသာအဓိကထားသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာသည်။ လူတို့သည် မိမိတို့လိုချင်ရာများရရှိရန် မည်သည့်အရာကိုမဆို ပြုလုပ်ဝံ့ပြီး ရက်စက်ကြမ်းကြုတ်ဖို့လည်း ဝန်မလေးကြပေ။ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ လူသားထုတစ်ရပ်လုံး ထိုသို့ဖြစ်နေသည်။

လူလူချင်း၏အသက်ကို တန်ဖိုးမထားတော့ပေ။ အချို့မှာ ရက်စက်ရသည်ကိုပင် နှစ်သက်ကြသည်။ စိတ်ကျေနပ်မှုရရှိရန် သူတစ်ပါးကို အနာတရဖြစ်စေခဲ့သည်ဟုဝန်ခံသော ရာဇဝတ်ကောင်များနည်းတူ လူအများစုမှာ ရက်စက်ရသည်ကို ပျော်မွေ့ ကြ၏။ ထို့ပြင် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်ရုပ်ရှင်များကို ကြိုက်နှစ်သက်သူ သန်းပေါင်းများစွာနှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ သူတို့ကြောင့် ထိုသို့သောရုပ်ရှင်လုပ်ငန်းများ အမြတ်ရနေသည်။ ဖျော်ဖြေမှုများနှင့် သတင်းမီဒီယာများက လူမဆန်သောလုပ်ရပ်များကို အဆက်မပြတ်တင်ဆက်နေသောကြောင့် လူတို့ စိတ်ထုံထိုင်းလာသည်။

ရက်စက်ကြမ်းကြုတ်မှုက လူတို့ကို စိတ်ဒဏ်ရာရစေပြီး အခြားသူများကိုလည်း ထိုနည်းတူဆက်ဆံစေသဖြင့် သံသရာလည်နေတော့သည်။ ရက်စက်ကြမ်းကြုတ်မှုကြောင့် ပေါ်ပေါက်လာသောအကြမ်းဖက်မှုကို ရည်ညွှန်းကာ မက္ကဆီကိုနိုင်ငံရှိ အမျိုးသားပုဂ္ဂလိကတက္ကသိုလ်မှ ဆရာမနောမိဒီယပ်စ်မာရိုကီန်က ဤသို့ဆို၏– “လူတို့သည် အကြမ်းဖက်မှုကို တတ်မြောက်လာကြပြီး ယင်းသည် ဘဝပုံစံတစ်ရပ်ဖြစ်လာပြီ။ . . . အကြမ်းဖက်ရန် အခြေအနေက ခွင့်ပြုပြီး အားပေးလှုံ့ဆော်သည့်အခါ မည်သို့အကြမ်းဖက်ရမည်ကို တတ်သိလာကြသည်။” ထို့ကြောင့် စော်ကားခံရသူများသည် မိမိတို့စော်ကားခံခဲ့ရသည့် ပုံစံအတိုင်း သူတစ်ပါးကို ပြန်စော်ကားပေမည်။

ထို့ပြင် အရက်နှင့်မူးယစ်ဆေးဝါးကို အလွဲသုံးသူများသည် ရက်စက်ကြမ်းကြုတ်စွာပြုမူလေ့ရှိသည်။ လူထု၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သောကြောင့် အစိုးရကို မကျေမနပ်ဖြစ်နေသူများလည်း ရှိသည်။ သူတို့ထဲမှအချို့က မိမိတို့၏သဘောထားကို အများသိစေရန် ရက်စက်ကြမ်းကြုတ်စွာ ပြုမူကြပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုကြသဖြင့် အပြစ်မဲ့သူတို့၏အသက် ဆုံးရှုံးရသည်။

‘လူတို့သည် မိမိတို့ဘာသာ ရက်စက်ကြမ်းကြုတ်တတ်ခဲ့သလော၊ လက်ရှိအခြေအနေ၏နောက်ဝယ် အဘယ်အရာရှိသနည်း’ ဟု သင်သိလိုပေမည်။

ရက်စက်ကြမ်းကြုတ်မှုနောက်ဝယ် မည်သူရှိသနည်း

စာတန်သည် ‘လောကကိုအစိုးရသောဘုရားသခင်’ ဖြစ်ပြီး လူတို့ကို အကြီးအကျယ်သြဇာလွှမ်းမိုးထားသည်ဟု ကျမ်းစာကဖော်ပြသည်။ (၂ ကောရိန္သု ၄:⁠၄) သူသည် စကြဝဠာတွင် တစ်ကိုယ်ကောင်းအဆန်ဆုံး၊ အရက်စက်ဆုံးပုဂ္ဂိုလ်ဖြစ်၏။ ထို့ကြောင့် ယေရှုက စာတန်ကို “လူအသက်ကိုသတ်သောသူ၊” “မုသာ၏အဘ” ဟူ၍ခေါ်ဆိုထားသည်။—⁠ယောဟန် ၈:၄၄

အာဒံနှင့်ဧဝတို့ နာခံမှုကင်းမဲ့ချိန်မှစ၍ လူတို့သည် စာတန်၏တန်ခိုးကြီးဩဇာအောက် ကျရောက်ခဲ့ရသည်။ (ကမ္ဘာဦး ၃:၁-၇၊ ၁၆-၁၉) ပထမလူသားမောင်နှံတို့ ယေဟောဝါကို ကျောခိုင်းပြီး ၁၅ ရာစုခန့်ကြာချိန်တွင် ပုန်ကန်သောကောင်းကင်တမန်များသည် လူ့ခန္ဓာယူဆောင်ကာ မိန်းမများနှင့်စုံဖက်၍ နက်ဖလင်ဟုခေါ်သော ကပြားများမွေးဖွားလာသည်။ သူတို့၏သိသာထင်ရှားသော စရိုက်ကား အဘယ်နည်း။ “လဲကျစေသူများ” ဟုအဓိပ္ပာယ်ရသော သူတို့အမည်က သူတို့၏စရိုက်ကိုဖော်ပြပါသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်၊ အကျင့်ပျက်ပြီး အကြမ်းဖက်သူများဖြစ်ရာ ဘုရားသခင်သာ ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးနိုင်ခဲ့သည်။ (ကမ္ဘာဦး ၆:၄၊ ၅၊ ၁၇) နက်ဖလင်များသည် ရေလွှမ်းမိုးဘေးတွင် ဖျက်ဆီးခံခဲ့ရသော်လည်း ၎င်းတို့၏ဖခင်များမှာ မျက်မြင်မရနတ်ဆိုးများအဖြစ် ဝိညာဉ်ဘုံသို့ပြန်သွားကြသည်။—⁠၁ ပေတရု ၃:၁၉၊ ၂၀

ယေရှုခေတ်တွင် နတ်ဆိုးပူးခံရသော လူငယ်လေး၏အဖြစ်က ပုန်ကန်သောကောင်းကင်တမန်များ၏ ရက်စက်ကြမ်းကြုတ်သောသဘောထားကို ဖော်ပြသည်။ နတ်ဆိုးသည် သူငယ်ကိုတုန်တက်စေ၍ ပျက်စီးစေရန် မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ်လဲစေတတ်၏။ (မာကု ၉:၁၇-၂၂) ရှင်းနေသည်မှာ ထို“နတ်ဆိုးတို့” သည်တို့၏ ရက်စက်ကြမ်းကြုတ်သော ခေါင်းဆောင်ကြီး စာတန်၏ အကြင်နာကင်းမဲ့သောသဘောထားကို ထင်ဟပ်နေခြင်းဖြစ်သည်။—⁠ဧဖက် ၆:၁၂

ယနေ့လည်း နတ်ဆိုးသည် ရက်စက်ကြမ်းကြုတ်မှုများကို အားပေးအားမြှောက်ပြုနေသည်။ သမ္မာကျမ်းစာတွင် ဤသို့ဆိုထား၏– ‘နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ . . . ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ . . . ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေ ကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကိုသာ၍နှစ်သက်သောသူ၊ ဘုရားသခင်ဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။’—⁠၂ တိမောသေ ၃:၁-၅

၁၉၁၄ တွင် ယေရှုခရစ်အားဖြင့် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီးနောက် စာတန်နှင့်နတ်ဆိုး များကို ကောင်းကင်မှနှင်ချလိုက်သဖြင့် ကျွန်ုပ်တို့ခေတ်သည် အထူးသဖြင့် ခဲယဉ်းရကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ဖော်ပြသည်။ ‘မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ စာတန်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ’ ဟုကျမ်းစာဆို၏။—⁠ဗျာ. ၁၂:၅-၉၊ ၁၂

ယင်းက အခြေအနေမကောင်းလာနိုင်တော့ဟု ဆိုလိုသလော။ အထက်တွင်ဖော်ပြခဲ့သော ဒီယပ်စ်မာရိုကီန်က အကျင့်ဆိုးများကို လူတို့ “ပယ်ဖျောက်နိုင်စွမ်းရှိသည်” ဟုဆို၏။ သို့သော် ယနေ့လောကတွင် စာတန့်သြဇာပြည့်နှက်နေ၏။ ထို့ကြောင့် လူတစ်ဦးသည် တွေးခေါ်ပြုမူရာတွင် စာတန့်သြဇာထက် တန်ခိုးကြီးသောစွမ်းအား၏ ဩဇာလွှမ်းမိုးမှု ခံယူမှသာ အကြမ်းဖက်မှုကို တွန်းလှန်နိုင်မည်ဖြစ်သည်။ ယင်းစွမ်းအားမှာ အဘယ်နည်း။

ပြောင်းလဲနိုင်—⁠မည်သို့အားဖြင့်နည်း

ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် တန်ခိုးအကြီးဆုံးစွမ်းအားဖြစ်ပြီး မည်သည့်နတ်ဆိုးသြဇာလွှမ်းမိုးမှုကိုမဆို တွန်းလှန်နိုင်သည်။ ယင်းသည် မေတ္တာပွားများစေပြီး လူတို့၏ကောင်းကျိုးကို ဖြစ်ပေါ်စေသည်။ ယေဟောဝါ၏နှစ်သက်မှုရလိုသူတိုင်းသည် ဘုရားသခင့်ဝိညာဉ်တော်နှင့်ပြည့်နေရန် ရက်စက်ကြမ်းကြုတ်မှုနှင့်ဆင်တူသော အမူအကျင့်များကိုပင် ရှောင်ရမည်။ ထိုသို့ဖြစ်နိုင်ရန် လူတစ်ဦး၏ဥပဓိရုပ်ကို ဘုရားသခင့်အလိုတော်နှင့်အညီ ပြောင်းလဲရန် လိုအပ်သည်။ ယင်းအလိုတော်မှာ အဘယ်နည်း။ ဘုရားသခင့်နည်းလမ်းကို အတတ်နိုင်ဆုံး တုပခြင်းဖြစ်သည်။ ယင်းတွင် အခြားသူများအား ဘုရားသခင့်နည်းတူ ရှုမြင်ခြင်း ပါဝင်သည်။—⁠ဧဖက် ၅:၁၊ ၂; ကောလောသဲ ၃:၇-၁၀

ကိစ္စရပ်များကို ယေဟောဝါ မည်သို့ကိုင်တွယ်ကြောင်း လေ့လာခြင်းက ကိုယ်တော်သည် အခြားသူများ၏အကျိုးကို မည်သည့်အခါမျှ လျစ်လျူမရှုကြောင်း ယုံကြည်စိတ်ချလာစေသည်။ ကိုယ်တော်သည် လူတိုင်းကိုသာမက တိရစ္ဆာန်များကိုပင် တရားမျှတစွာဆက်ဆံတော်မူသည်။ * (တရားဟောရာ ၂၂:၁၀; ဆာလံ ၃၆:၇; သု. ၁၂:၁၀) ကိုယ်တော်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်သူများကို စက်ဆုပ်ရွံရှာတော်မူသည်။ (သု. ၃:၃၁၊ ၃၂) ယေဟောဝါသည် ခရစ်ယာန်များကို ဥပဓိရုပ်သစ်ဝတ်ဆင်ရန် တောင်းဆိုထားသည်။ ယင်းက အခြားသူများကို မိမိတို့ထက် သာ၍ကောင်းမြတ်သည်ဟု ရှုမြင်စေပြီး လေးစားစေနိုင်သည်။ (ဖိလိပ္ပိ ၂:၂-၄) ထိုခရစ်ယာန်ဥပဓိရုပ်သစ်တွင် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း” တို့ပါဝင်သည်။ “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာ” ကိုလည်း ထပ်၍ယူတင်ဝတ်ဆင်ရမည်။ (ကောလောသဲ ၃:၁၂-၁၄) ထိုအရည်အသွေးများ တင်ပြကြမည်ဆိုလျှင် ကမ္ဘာကြီးသည် ယခုနှင့်အလွန်ခြားနားမည်ကို သင်သဘောမတူပေလော။

သို့သော် ဥပဓိရုပ်ကို အမှန်ပင် လုံးလုံးပြောင်းလဲနိုင်မည်လောဟု သင်တွေးမိပေမည်။ ဘဝဖြစ်ရပ်မှန်တစ်ခုကို သုံးသပ်ကြည့်ပါ။ မာတင်သည် * သားသမီးများရှေ့တွင် ဇနီးကို အော်ဟစ်ငေါက်ငေါ်ပြီး ရိုက်နှက်လေ့ရှိသည်။ တစ်ကြိမ်တွင် အခြေအနေအလွန်ဆိုးရာ သားသမီးများက အိမ်နီးချင်းများထံ အပြေးအလွှား အကူအညီတောင်းခဲ့ရသည်။ နှစ်များစွာကြာပြီးနောက် သူတို့မိသားစုသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာလေသည်။ ထိုအခါ မိမိသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သင့်ကြောင်း၊ အခြားသူများကို မည်သို့ဆက်ဆံသင့်ကြောင်း မာတင်သိရှိလာသည်။ သူပြောင်းလဲနိုင်ခဲ့သလော။ သူ၏ဇနီးက ဤသို့ဆိုသည်– “အရင်တုန်းက ကျွန်မယောက်ျား ဒေါသထွက်ပြီဆိုရင် လူစိတ်လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ကျွန်မတို့ဘဝ အတော်ကြာကြာ ဖရိုဖရဲဖြစ်ခဲ့ရတယ်။ သူအခုလိုပြောင်းလဲလာတဲ့အတွက် ယေဟောဝါကို ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး။ အခုဆို သူဟာ ဖခင်ကောင်းနဲ့ အတော်ဆုံးခင်ပွန်းတစ်ဦးဖြစ်နေပြီ။”

ယင်းသည် သာဓကတစ်ခုမျှသာဖြစ်၏။ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသူ သန်းပေါင်းများစွာသည် ရက်စက်ကြမ်းကြုတ်မှုကို စွန့်ပယ်နိုင်ခဲ့ကြပြီ။ သို့ ဖြစ်၍ အမှန်ပင် ပြောင်းလဲနိုင်ပါသည်။

ရက်စက်ကြမ်းကြုတ်မှုအားလုံး၏အဆုံး နီးပြီ

ကောင်းကင်တွင် တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်၏ဘုရင်၊ သနားကြင်နာသောအရှင် ယေရှုခရစ်သည် လာမည့်အနာဂတ်၌ ကမ္ဘာမြေကို အပြည့်အဝအာဏာဖြန့်ကျက် အုပ်စိုးတော့မည်။ ထိုနိုင်ငံတော်သည် ရက်စက်မှုအားလုံး၏ဇာစ်မြစ်ဖြစ်သော စာတန်နှင့်နတ်ဆိုးများကို ကောင်းကင်မှ နှင်ချပြီးဖြစ်၏။ မကြာမီ ဘုရားသခင့်နိုင်ငံတော်သည် ငြိမ်သက်အေးချမ်းမှုကို ချစ်မြတ်နိုးသော ကမ္ဘာသူကမ္ဘာသားများ၏လိုအပ်ရာကို ဖြည့်ဆည်းပေးတော့မည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဟေရှာယ ၁၁:၂-၅) ယင်းသည် လူ့ပြဿနာများအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည်။ သို့သော် ထိုနိုင်ငံတော်ကိုစောင့်မျှော်စဉ် သင်သည် ရက်စက်ကြမ်းကြုတ်မှုများကို ခါးစည်းခံနေရလျှင်ကော။

ရက်စက်ကြမ်းကြုတ်မှုကို ကလဲ့စားချေခြင်းသည် အချည်းနှီးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုကိုသာ တန်ပြန်ဖြစ်ပေါ်စေပေမည်။ ထို့ကြောင့် အချိန်တန်လျှင် “လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေး” တတ်သော ယေဟောဝါရှင်ကို ကိုးစားရန် ကျမ်းစာက အားပေးထားသည်။ (ယေရမိ ၁၇:၁၀) (“ရက်စက်ကြမ်းကြုတ်မှုကို တုံ့ပြန်နိုင်ပုံ” ဟူသောပူးတွဲပါလေးထောင့်ကွက်ကိုရှု။) သင်သည် ရက်စက်ကြမ်းကြုတ်မှုများကို ခါးစည်းခံနေရသောကြောင့် ဆင်းရဲဝေဒနာခံစားရမည်မှာ မှန်ပါသည်။ (ဒေ. ၉:၁၁) သို့တိုင် ဘုရားသခင်သည် ရက်စက်ကြမ်းကြုတ်မှုအပေါင်း၏ အကျိုးဆက်များနှင့် သေခြင်းကိုပင် ဖယ်ရှားပေးနိုင်သည်။ ရက်စက်ကြမ်းကြုတ်မှုများကြောင့် သေဆုံးခဲ့ရပြီး ကိုယ်တော့်မှတ်ဉာဏ်တွင် ရှိနေသူများသည် ကိုယ်တော့်ကတိတော်အတိုင်း အသက်ပြန်ရှင်လာပေလိမ့်မည်။—⁠ယောဟန် ၅:၂၈၊ ၂၉

ရက်စက်ကြမ်းကြုတ်မှုကို ခံစားရနိုင်စရာအကြောင်းရှိနေသည့်တိုင် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်း၊ ကိုယ်တော်၏ကတိတော်များကို အခိုင်အမာယုံကြည်ခြင်းဖြင့် စိတ်သက်သာမှုရနိုင်ပါသည်။ ခင်ပွန်း၏ထောက်ပံ့မှုမပါဘဲ သားနှစ်ဦးကို ပညာတတ်ဖြစ်သည့်အထိ ကျွေးမွေးပြုစုခဲ့သော စာရာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူအသက်ကြီးလာသောအခါ သားများသည် စားဝတ်နေရေးနှင့် ဆေးဖိုးဝါးခပင် မထောက်ပံ့ပေးဘဲ သူ့ကိုပစ်ထားလေသည်။ သို့သော် ယခုခရစ်ယာန်တစ်ဦးဖြစ်သော စာရာ ဤသို့ဆိုသည်– “ကျွန်မ အရမ်းဝမ်းနည်းပေမဲ့ ယေဟောဝါ ကျွန်မကို ပစ်မထားပါဘူး။ ကျွန်မကို အမြဲဂရုစိုက်ပြုစုပေးတဲ့ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေကတစ်ဆင့် ကိုယ်တော်ထောက်မပေးတယ်။ မကြာခင် ကျွန်မရဲ့ပြဿနာကိုသာမက ကိုယ်တော့်တန်ခိုးတော်ကို ယုံကြည်ကိုးစားပြီး ပညတ်တော်တွေကို လိုက်နာသူအားလုံးရဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးမယ်ဆိုတာ လုံးဝယုံကြည်တယ်။”

စာရာသည် မည်သည့်ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများအကြောင်း ပြောနေခြင်းဖြစ်သနည်း။ ယေဟောဝါသက်သေများဖြစ်သော သူ၏ခရစ်ယာန်ရောင်းရင်းများဖြစ်၏။ သူတို့သည် သနားကြင်နာတတ်သူများဖြင့် ဖွဲ့စည်းထားသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုများ အဆုံးတိုင်တော့မည်ကို ယုံကြည်စိတ်ချသူများဖြစ်သည်။ (၁ ပေတရု ၂:၁၇) ရက်စက်ကြမ်းကြုတ်မှု၏အဓိကတရားခံ စာတန်ရော၊ သူ့နည်းတူပြုကျင့်သူများပါ တည်ရှိတော့မည်မဟုတ်ပေ။ စာရေးဆရာတစ်ဦး၏အခေါ်အရ ဤ “ရက်စက်ကြမ်းကြုတ်သောရာစုနှစ်” သည် လုံးဝပပျောက်သွားပေတော့မည်။ ထိုမျှော်လင့်ချက်အကြောင်း သင်ယူနိုင်ရန် ယေဟောဝါသက်သေတစ်ဦးနှင့်ဆက်သွယ်ပါလေ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 16 ဘုရားသခင့်ဂုဏ်ရည်တော်များနှင့် ဥပဓိရုပ်ကို အသေးစိတ်သိနိုင်ရန် ယေဟောဝါသက်သေများထုတ်ဝေသော ယေဟောဝါထံချဉ်းကပ်လော့စာအုပ်ကိုရှု။

^ အပိုဒ်၊ 17 နာမည်အချို့ပြောင်းထားသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ရက်စက်ကြမ်းကြုတ်မှုကို တုံ့ပြန်နိုင်ပုံ

ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်သည့် လက်တွေ့ကျအကြံဉာဏ်များကို သမ္မာကျမ်းစာတွင် တွေ့ ရှိနိုင်သည်။ အောက်ပါပညာရှိစကားများကို မည်သို့ကျင့်သုံးနိုင်ကြောင်း သုံးသပ်ကြည့်ပါ–

‘ငါသည် ရန်တုံ့ပြုမည်ဟုမဆိုနှင့်၊ ထာဝရဘုရားသခင်ကိုငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။’—⁠သု. ၂၀:၂၂

“ဆင်းရဲသားတို့ကိုညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍ မတရားသဖြင့် အနိုင်အထက်စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင် ထိုသို့သောအကြံရှိသည်ကို အံ့သြခြင်းမရှိနှင့်။ ကြီးမြင့်သောသူတစ်ယောက်ကို တစ်ယောက်ကြည့်မှတ်သကဲ့သို့ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။”—⁠ဒေ. ၅:⁠၈

“စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။”—⁠မဿဲ ၅:၅

“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။”—⁠မဿဲ ၇:၁၂

‘အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ “ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်” ဟု ထာဝရဘုရားသခင်မိန့်တော်မူ၏။’—⁠ရောမ ၁၂:၁၇-၁၉

“ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။ . . . ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏။”—⁠၁ ပေတရု ၂:၂၁-၂၃

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

လူတို့ ရက်စက်ကြမ်းကြုတ်မှုကိုစွန့်ပယ်နိုင်ရန် ယေဟောဝါ သွန်သင်ပေးခဲ့