မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ယေရှု၏ ဇွဲမလျှော့သောအိမ်ရှင်ပုံဥပမာမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (လုကာ ၁၁:၅-၁၀)

ထိုဥပမာက ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ရှိသင့်သောသဘောထားကို ဖော်ပြသည်။ ကျွန်ပ်တို့သည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ဇွဲမလျှော့ဘဲ ဆက်၍ဆုတောင်းနေသင့်သည်။ (လုကာ ၁၁:၁၁-၁၃)—⁠၁၂/၁၅၊ စာမျက်နှာ ၂၀-၂။

• ယေရှုခရစ်၏ မုဆိုးမနှင့်တရားသူကြီးပုံဥပမာမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။ (လုကာ ၁၈:၁-၈)

ယင်းက ဆုတောင်းဖို့လိုကြောင်း အလေးပေးနေခြင်းဖြစ်သည်။ တရားသူကြီးနှင့်မတူဘဲ ယေဟောဝါသည် ဖြောင့်မတ်ပြီး ကျွန်ုပ်တို့ကိုကူညီလိုသည်။ ထို့ပြင် ထိုဥပမာမှ မုဆိုးမ၏ယုံကြည်ခြင်းမျိုးကို ကျွန်ုပ်တို့တင်ပြသင့်သည်။—⁠၁၂/၁၅၊ စာမျက်နှာ ၂၆-၈။

• တမန်တော်ပေါလုသည် ကောရိန္သုမြို့သားများအား “ကျယ်ဝန်းသောစိတ်ရှိကြ” ရန် အဘယ်ကြောင့်အားပေးခဲ့သနည်း။ (၂ ကောရိန္သု ၆:၁၁-၁၃)

ကောရိန္သုအသင်းတော်ရှိ အချို့သူတို့သည် ယုံကြည်သူချင်းများအပေါ် လေးမြတ်တန်ဖိုးထားစိတ်မရှိဘဲ သဘောထားသေးသိမ်နေပုံရသည်။ ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများကို ကျေးဇူးတင်လေးမြတ်ရန်၊ မိတ်ဆွေသစ်များဖွဲ့ရန်ပင် ကြိုးစားသင့်သည်။—⁠၁/၁၊ စာမျက်နှာ ၉-၁၁။

ဗျာ. ၇:၃ တွင် ဖော်ပြထားသော တံဆိပ်ခတ်ခြင်းသည် အဘယ်နည်း။

ဘုရားသခင်သည် ခရစ်ယာန်များကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးသည့်အခါ ကနဦးတံဆိပ်ခတ်ခြင်းဖြစ်သည်။ သို့သော် ဗျာ. ၇:၃ တွင် ဖော်ပြသော နောက်ဆုံးတံဆိပ်ခတ်ခြင်းမှာ ထိုဝိညာဉ်တော်ဖွားများသည် တည်ကြည်မှုကို အပြည့်အဝတင်ပြခဲ့ကြောင်း အတည်ပြုခံရသောအခါတွင် ဖြစ်သည်။—⁠၁/၁၊ စာမျက်နှာ ၃၀-၁။

• ရှမွေလ၏ ကျမ်းမှတ်တမ်းမှ မိဘများ အဘယ်အရာသင်ယူနိုင်သနည်း။

မိဘများသည် ရှမွေလ၏မိဘများနည်းတူ ဘုရားသခင့်နှုတ်မြွက်တော်ကို သားသမီးများအား သွန်သင်ပေးသင့်သည်။ ထို့ပြင် ယေဟောဝါ၏အမှုဆောင်လုပ်ငန်းကို အသက်မွေးလုပ်ငန်းဖြစ်စေရန် သားသမီးများကို အားပေးသင့်သည်။—⁠၁/၁၅၊ စာမျက်နှာ ၁၆။

• ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ပျော်ရွှင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

ကျွန်ုပ်တို့သည် “ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တ” ကာ လူဆိုးတို့ကိုဖျက်ဆီးပြီးနောက်တွင် ရရှိမည့်သက်သာမှုကို စောင့်မျှော်နေကြသည်။ (၂ ပေတရု ၃:၇၊ ၁၂) ဆိုးသွမ်းမှုရှိသမျှကို အဆုံးသတ်ရန် ယေဟောဝါကိုယ်တော်တိုင် ဆန္ဒပြင်းပြသည်၊ သို့သော် မိမိနာမတော်ဂုဏ်တင်စေမည့်နည်းဖြင့် ခရစ်ယာန်များ၏ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးရန် စောင့်ဆိုင်းတော်မူသည်။ ယေဟောဝါသည် မိမိလူတို့ကိုကင်တင်ရန် အကောင်းဆုံးအချိန်ကို သိတော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချသင့်သည်။ ထို့ကြောင့် ယခုအချိန်တွင် ကိုယ်တော့်ကို တက်ကြွစွာချီးမွမ်းနေသင့်သည်။ (ဆာလံ ၇၁:၁၄၊ ၁၅)—⁠၃/၁၊ စာမျက်နှာ ၁၇-၁၈။

• နောဧသည် သင်္ဘောထဲသို့ စင်ကြယ်သောသားမျိုးတစ်မျိုးလျှင် အထီးအမခုနစ်စုံစီ သို့မဟုတ် အထီးအမခုနှစ်ကောင်စီ သွင်းခဲ့သလော။

စင်ကြယ်သောသားမျိုး တစ်မျိုးလျှင် “ခုနစ်ကောင်စီ” သွင်းရန် နောဧ မှာကြားခံရသည်။ (ကမ္ဘာဦး ၇:၁၊ ၂ကဘ) ဟေဗြဲစကားတွင် “ခုနစ်” ဟူသောဂဏန်းသည် စာသားအရ “ခုနစ်၊ ခုနစ်” ဟူသောအဓိပ္ပာယ်ရှိသည်။ ယင်းသည် အခြားကျမ်းစာများတွင် ပြန်ဆိုထားသကဲ့သို့ ခုနစ်စုံဟုဆိုလိုနေခြင်းမဟုတ်ပါ။ နောဧသည် တစ်မျိုးလျှင် ခုနစ်ကောင်စီသွင်းခဲ့ပြီး အထီးအမသုံးစုံမှာ မျိုးပွားရန်၊ ကျန်တစ်ကောင်မှာ ယဇ်ပူဇော်ရန်ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၀)—⁠၃/၁၅၊ စာမျက်နှာ ၃၁။

• ခရစ်ယာန်များသည် ဦးဆောင်နေသော အကြီးအကဲများ၏ယုံကြည်ခြင်းကို အဘယ်ကြောင့် “စေ့စေ့ဆင်ခြင်” သင့်သနည်း။

တမန်တော်ပေါလုက အကြီးအကဲများ၏ တည်ကြည်သောအကျင့်အကြံကြောင့်ရရှိသည့် အကျိုးကျေးဇူးကို “စေ့စေ့ဆင်ခြင်” သို့မဟုတ် အသေအချာဂရုပြုရန်နှင့် ထိုယုံကြည်ခြင်းပုံသက်သေများကို လိုက်လျှောက်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ထားသည်။ (ဟေဗြဲ ၁၃:၇) သမ္မာကျမ်းစာက ထိုသို့ပြုရန် ညွှန်ကြားထားသောကြောင့် ယင်းကို ကျွန်ုပ်တို့ လိုက်နာကြသည်။ ထို့ပြင် အကြီးအကဲများသည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားနှင့် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက် လုပ်ဆောင်နေကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။—⁠၄/၁၊ စာမျက်နှာ ၂၈။