မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ

အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ

အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ

“အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။”—⁠တမန်တော် ၉:၃၁

၁။ “ဘုရားသခင်၏အသင်းတော်” နှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ပေါ်ပေါက်လာနိုင်သနည်း။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေဟောဝါသည် ခရစ်တော်၏တပည့်တစ်စုကို “ဘုရားသခင်၏ဣသရေလအမျိုး၊” လူမျိုးသစ်အဖြစ် သတ်မှတ်ခဲ့သည်။ (ဂလာတိ ၆:၁၆) ထိုဝိညာဉ်တော်ဖွားခရစ်ယာန်များသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသော “ဘုရားသခင်၏အသင်းတော်” လည်း ဖြစ်လာသည်။ (၁ ကောရိန္သု ၁၁:၂၂) ယင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။ “ဘုရားသခင်၏အသင်းတော်” ကို မည်သို့ဖွဲ့စည်းထားသနည်း။ အသင်းသားများသည် မည်သည့်နေရာတွင်ပင်နေထိုင်ပါစေ မြေကြီးပေါ်တွင် ယင်း၏လုပ်ဆောင်မှုများကား အဘယ်နည်း။ ယင်းသည် ကျွန်ုပ်တို့၏အသက်တာနှင့် ပျော်ရွှင်မှုအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

၂၊ ၃။ အသင်းတော်ကို စနစ်တကျဖွဲ့စည်းစီစဉ်ထားမည်ဖြစ်ကြောင်း ယေရှု မည်သို့ဖော်ပြသနည်း။

ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း ယေရှုသည် ဝိညာဉ်တော်ဖွားနောက်လိုက်များ၏ အသင်းတော်တည်ရှိမည့်အကြောင်း တင်ကူးမိန့်ဆိုရာတွင် ပေတရုကို ဤသို့ပြောသည်– ‘ဤကျောက်[ယေရှု]ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။’ (မဿဲ ၁၆:၁၈) ထို့ပြင် ယေရှုသည် တမန်တော်များနှင့်အတူရှိနေစဉ် ဖွဲ့စည်းတည်ထောင်တော့မည့် အသင်းတော်၏ လုပ်ငန်းနှင့်အစီအစဉ်အကြောင်း ညွှန်ကြားချက်များပေးခဲ့သည်။

အသင်းတော်ကိုဦးစီးမည့်သူအချို့ ရှိမည်ဖြစ်ကြောင်း အပြောဖြင့်ရော၊ အလုပ်ဖြင့်ပါ ယေရှုဖော်ပြခဲ့သည်။ ထိုသူတို့သည် အသင်းတော်တွင် သူတစ်ပါး၏အစေကိုခံခြင်းဖြင့် ဦးဆောင်ကြမည်ဖြစ်သည်။ ‘သင်တို့သိသည်အတိုင်း လောကမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည်။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာကျွန်ဖြစ်ရမည်’ ဟုယေရှုမိန့်ဆိုခဲ့သည်။ (မာကု ၁၀:၄၂-၄၄) “ဘုရားသခင်၏အသင်းတော်” သည် ကစဉ့်ကလျားပျံ့ နှံ့နေသော၊ တစ်ယောက်တစ်ကွဲဖြစ်နေသော၊ စနစ်တကျဖွဲ့စည်းထားခြင်းမရှိသော အသင်းတော်မဟုတ်သည်မှာ ရှင်းနေပါသည်။ ယင်းအစား စနစ်တကျဖွဲ့စည်းစီစဉ်ထားပြီး အသင်းသားများသည်လည်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကြမည်။

၄၊ ၅။ အသင်းတော်သည် ဝိညာဉ်ရေးညွှန်ကြားချက် လိုအပ်မည်ဖြစ်ကြောင်း မည်သို့သိရသနည်း။

“ဘုရားသခင်၏အသင်းတော်” တွင် ဦးခေါင်းဖြစ်လာမည့်ယေရှုက မိမိထံမှသင်ယူခွင့်ရခဲ့သော တမန်တော်များနှင့်အခြားသူများသည် အသင်းတော်တွင် သတ်သတ်မှတ်မှတ်တာဝန်များရရှိမည်ဟု မိန့်ဆိုသည်။ အဘယ်တာဝန်များ ထမ်းဆောင်ကြမည်နည်း။ အဓိကတာဝန်တစ်ခုမှာ အသင်းတော်ရှိသူများကို ဝိညာဉ်ရေးညွှန်ကြားချက်များပေးရန် ဖြစ်သည်။ ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် တမန်တော်အချို့ရှေ့ ကိုယ်ယောင်ထင်ရှားစဉ် ပေတရုကို “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဟုမေးခဲ့ကြောင်း အမှတ်ရပါလေ။ ထိုအခါ ပေတရုက “ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟု ဖြေလေသော် ယေရှုက “ငါ၏သိုးသငယ်တို့ကိုကျွေးမွေးလော့ . . . ငါ၏သိုးတို့ကိုထိန်းလော့ . . . ငါ၏သိုးတို့ကိုကျွေးမွေးလော့” ဟုမိန့်ဆိုသည်။ (ယောဟန် ၂၁:၁၅-၁၇) ကြီးမားလှသောတာဝန်ပါတကား!

အသင်းတော်တွင် စုသိမ်းခံရသူများသည် သိုးခြံထဲမှသိုးများနှင့်တူကြောင်း ယေရှု၏စကားများမှ သိရှိနိုင်သည်။ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများဖြစ်သော အဆိုပါသိုးများကို ဝိညာဉ်အစာကျွေးမွေးရန်နှင့် ကောင်းစွာထိန်းကျောင်းရန် လိုအပ်သည်။ ထို့ပြင် အခြားသူများကို သွန်သင်ရန်နှင့် တပည့်ဖြစ်စေရန် နောက်လိုက်အားလုံးကို ယေရှုမိန့်မှာခဲ့သောကြောင့် ကိုယ်တော်၏သိုးဖြစ်လာသူ လူသစ်တိုင်းသည် ထိုတာဝန်ထမ်းဆောင်နိုင်ဖို့ ကောင်းစွာလေ့ကျင့်ခံရရန် လိုအပ်မည်ဖြစ်သည်။—⁠မဿဲ ၂၈:၁၉၊ ၂၀

၆။ တည်ထောင်ခါစ “ဘုရားသခင်၏အသင်းတော်” အသစ်တွင် အဘယ်အစီအစဉ်များ ပြုလုပ်ခဲ့သနည်း။

“ဘုရားသခင်၏အသင်းတော်” ဖွဲ့စည်းတည်ထောင်ပြီးသည်နှင့် အသင်းသားများသည် ညွှန်ကြားချက်၊ အပြန်အလှန်အားပေးမှုရရှိရန် မှန်မှန်စည်းဝေးခဲ့ကြသည်။ ‘ထိုသူများသည် တမန်တော်တို့၏ ဆုံးမသွန်သင်မှုကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏’ ဟုကျမ်းစာကဆိုသည်။ (တမန်တော် ၂:၄၂၊ ၄၆၊ ၄၇) ကျမ်းစာပါ မှတ်သားဖွယ်နောက်တစ်ချက်မှာ အချို့သောကိစ္စရပ်များကို ကိုင်တွယ်ရန် အရည်အချင်းပြည့်မီသူအချို့ကို ခန့်အပ်ခြင်းဖြစ်သည်။ သူတို့ကို ကျောင်းပညာရေး သို့မဟုတ် နည်းပညာကျွမ်းကျင်မှုများကြောင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ပါ။ သူတို့သည် “ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်း ပြည့်စုံ” သူများဖြစ်ကြ၏။ တစ်ဦးမှာ သတေဖန်ဖြစ်ပြီး “ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံ” သောသူဖြစ်သည်ဟု ကျမ်းစာက အလေးပေးဖော်ပြသည်။ ထိုသို့သောအစီအစဉ်ကြောင့်ရရှိသော ရလဒ်တစ်ခုမှာ အသင်းတော်များတွင် “ဘုရားသခင်၏သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ . . . ကြ၏။”—⁠တမန်တော် ၆:၁-၇

ဘုရားသခင်အသုံးပြုသော အမျိုးသားများ

၇၊ ၈။ (က) ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် သင်းအုပ်များသည် အစောပိုင်းခရစ်ယာန်များကြား အဘယ်တာဝန်ထမ်းဆောင်ခဲ့သနည်း။ (ခ) အသင်းတော်များသို့ ညွှန်ကြားချက်ပေးပို့သောအခါ အဘယ်ရလဒ်ရရှိခဲ့သနည်း။

အစောပိုင်း အသင်းတော်အစီအစဉ်များကို တမန်တော်များသာ ဦးဆောင်ခဲ့ခြင်း မဟုတ်ပါ။ တစ်ခါက ပေါလုနှင့်သူ၏အပေါင်းပါများသည် ရှုရိပြည်၊ အန္တိအုတ်မြို့သို့ ပြန်လာကြသည်။ “ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကိုစုဝေးစေ၍ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြန်ကြားကြ၏” ဟု တမန်တော် ၁၄:၂၇ ကဆိုသည်။ ထိုအသင်းတော်တွင်ရှိစဉ်ပင် တစ်ပါးအမျိုးသားယုံကြည်သူများ အရေဖျားလှီးဖို့ လို,မလိုဟူသောကိစ္စ ပေါ်လာသည်။ ထိုကိစ္စကိုဖြေရှင်းရန် ပေါလုနှင့်ဗာနဗသည် အုပ်ချုပ်ရေးအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်သည့် “ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွား” ခဲ့ကြသည်။—⁠တမန်တော် ၁၅:၁-၃

“တမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှာ စည်းဝေးကြ” သောအခါ ယေရှု၏ညီဝမ်းကွဲ၊ ခရစ်ယာန်အကြီးအကဲယာကုပ်သည် တမန်တော်တစ်ပါးမဟုတ်သော်လည်း ကြီးကြပ်ပေးခဲ့သည်။ (တမန်တော် ၁၅:⁠၆) ဂရုတစိုက်ဆွေးနွေးသုံးသပ်ပြီးနောက် သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် ကျမ်းစာနှင့်ညီသော ဆုံးဖြတ်ချက်ချပြီး ဒေသခံအသင်းတော်များထံ စာပို့ခဲ့သည်။ (တမန်တော် ၁၅:၂၂-၃၂) ထိုစာကိုရရှိသူတို့သည် ယင်းညွှန်ကြားချက်ကို လက်ခံလိုက်နာခဲ့ကြ၏။ အဘယ်ရလဒ်ရရှိသနည်း။ ညီအစ်ကိုညီအစ်မများအတွက် အားပေးတည်ဆောက်မှုဖြစ်ခဲ့၏။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ထိုသို့ အသင်းတော်တို့သည် ယုံကြည်ခြင်း၌တည်ကြည်မြဲမြံသည်ဖြစ်၍ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။”—⁠တမန်တော် ၁၆:၅

၉။ အရည်အချင်းပြည့်မီသောအမျိုးသားများအတွက် သမ္မာကျမ်းစာတွင် အဘယ်တာဝန်များ ဖော်ပြထားသနည်း။

သို့သော် ဒေသခံအသင်းတော်များသည် ပုံမှန်အားဖြင့် မည်သို့လည်ပတ်နေသနည်း။ ဥပမာ၊ ကရေတေကျွန်းရှိ အသင်းတော်များအကြောင်း သုံးသပ်ကြည့်ပါ။ ထိုကျွန်းသားအများစုမှာ နာမည်ဆိုးရှိသော်လည်း အချို့မှာ ပြုပြင်ပြောင်းလဲပြီး ခရစ်ယာန်စစ်များဖြစ်လာကြသည်။ (တိတု ၁:၁၀-၁၂; ၂:၂၊ ၃) သူတို့သည် မြို့အသီးသီးတွင်နေထိုင်ကြပြီး ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် အလှမ်းဝေးလှသည်။ သို့သော် ယင်းသည် အဓိကပြဿနာမဟုတ်ပေ၊ အကြောင်းမှာ အခြားနေရာများတွင်ကဲ့သို့ပင် ကရေတေကျွန်းရှိ အသင်းတော်တိုင်းတွင် “သင်းအုပ်တို့” ကို ခန့်အပ်ထား၍ဖြစ်၏။ ထိုသူတို့သည် ကျမ်းစာတွင်တောင်းဆိုထားသော အရည်အချင်းများပြည့်မီကြသည်။ ‘စင်ကြယ်သောတရားစကားအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှာလည်းကောင်း၊ ငြင်းခုံသောသူတို့၏ စကားကိုချေခြင်းငှာလည်းကောင်း တတ်နိုင်’ သောသူတို့ကို အကြီးအကဲများ သို့မဟုတ် ကြီးကြပ်မှူးများအဖြစ် ခန့်အပ်ခဲ့သည်။ (တိတု ၁:၅-၉; ၁ တိမောသေ ၃:၁-၇) အခြားအမျိုးသားများမှာ ဓမ္မအမှုထမ်းများ သို့မဟုတ် သင်းထောက်များအဖြစ် ခန့်အပ်ခံရရန် အရည်အချင်းပြည့်မီကြသည်။—⁠၁ တိမောသေ ၃:၈-၁၀၊ ၁၂၊ ၁၃

၁၀။ မဿဲ ၁၈:၁၅-၁၇ အရ ကြီးလေးသောပြဿနာများကို မည်သို့ဖြေရှင်းရမည်နည်း။

၁၀ ထိုသို့သောအစီအစဉ် တည်ရှိမည်ဖြစ်ကြောင်း ယေရှုလည်း ဖော်ပြသည်။ ဘုရားသခင့်လူမျိုးကြားတွင် တစ်ဦးကိုတစ်ဦး တစ်နည်းနည်းဖြင့် ပြစ်မှားမိ၍ ပြဿနာပေါ်ပေါက်နိုင်သည်ဟု မဿဲ ၁၈:၁၅-၁၇ ပါမှတ်တမ်းတွင် ကိုယ်တော်ဖော်ပြခဲ့ကြောင်း အမှတ်ရပါ။ ထိုအခါ ပြစ်မှားခံရသူက အခြားသူထံချဉ်းကပ်ကာ နှစ်ယောက်တည်းချင်း “သူ၏အပြစ်ကိုပြ၍ ဆုံးမ” ရမည်။ ထိုလုပ်ဆောင်မှုဖြင့် ပြဿနာမပြေလည်ပါက သက်သေတစ်ဦး၊ နှစ်ဦးကို အကူအညီတောင်းနိုင်သည်။ ပြဿနာ ဆက်တင်းမာနေလျှင်ကော။ “ထိုသူတို့၏စကားကိုနားမထောင်လျှင် အသင်းတော်ကိုကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင် သာသနာပ လူကဲ့သို့၊ အခွန်ခံကဲ့သို့ ထိုသူကိုမှတ်လော့” ဟုယေရှုမိန့်ဆိုသည်။ ထိုသို့မိန့်ဆိုခဲ့ချိန်က “ဘုရားသခင်၏အသင်းတော်” ကို ဂျူးလူမျိုးတို့ဖြင့် ဖွဲ့စည်းထားဆဲဖြစ်သောကြောင့် ထိုစကားများသည် သူတို့နှင့် ဦးစွာသက်ဆိုင်သည်။ * သို့သော် ခရစ်ယာန်အသင်းတော်တည်ထောင်လိုက်သည့်အခါ ယေရှု၏လမ်းညွှန်ချက်မှာ ယင်းနှင့် သက်ဆိုင်လာမည်ဖြစ်သည်။ ထိုအချက်က ခရစ်ယာန်တစ်ဦးစီကို တည်ဆောက်ပေးပြီး လမ်းညွှန်ပေးရန် အသင်းတော်အစီအစဉ်ရှိမည်ဖြစ်ကြောင်း နောက်သာဓကတစ်ခုဖြစ်၏။

၁၁။ ပြဿနာများဖြေရှင်းရာတွင် အကြီးအကဲများသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။

၁၁ အကြီးအကဲများ သို့မဟုတ် ကြီးကြပ်မှူးများသည် ပြစ်မှုများ၊ ပြဿနာများကို ဒေသခံအသင်းတော်၏ကိုယ်စား ကိုင်တွယ်ဖြေရှင်းပေးမည်။ ယင်းသည် တိတု ၁:၉ တွင်ဖော်ပြထားသော အကြီးအကဲများပြည့်မီရမည့် အရည်အချင်းများနှင့် ကိုက်ညီသည်။ သို့သော် “မစုံလင်သမျှတို့ကိုပြင်ဆင်” ရန် အသင်းတော်များသို့ ပေါလုစေလွှတ်သော တိတုနည်းတူ အကြီးအကဲများလည်း မစုံလင်သူများဖြစ်ကြသည်။ (တိတု ၁:၄၊ ၅) ယနေ့ အကြီးအကဲအဖြစ်ခန့်အပ်ခံရရန် ထောက်ခံချက်ရရှိထားသူများသည် မိမိတို့၏ယုံကြည်ခြင်း၊ ဆည်းကပ်ဝတ်ပြုခြင်းကို အတန်ကြာတင်ပြပြီးဖြစ်ရမည်။ ထို့ကြောင့် အသင်းသားများသည် ထိုအစီအစဉ်မှတစ်ဆင့်ရရှိသော လမ်းညွှန်မှုနှင့်ဦးဆောင်မှုကို ယုံကြည်ကိုးစားနိုင်စရာ အကြောင်းရှိပါသည်။

၁၂။ အသင်းတော်တွင် အကြီးအကဲများ၏တာဝန်ကား အဘယ်နည်း။

၁၂ ဧဖက်အသင်းတော်ရှိအကြီးအကဲများကို ပေါလု ဤသို့ဆိုသည်– ‘သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိသားတော်၏အသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။’ (တမန်တော် ၂၀:၂၈) ယနေ့ အသင်းတော်ကြီးကြပ်မှူးများလည်း “အသင်းတော်ကို လုပ်ကျွေး” ရန် ခန့်အပ်ခံရကြသည်။ သူတို့သည် သိုးတော်စုကို အာဏာဖြင့် အစိုးတရမပြုဘဲ မေတ္တာဖြင့် ထိန်းကျောင်းရန်ဖြစ်သည်။ (၁ ပေတရု ၅:၂၊ ၃) ကြီးကြပ်မှူးများသည် “သိုးစုတစ်စုလုံးကို” တည်ဆောက်ကူညီပေးရန် ကြိုးစားသင့်သည်။

အသင်းတော်နှင့် အနီးကပ်ပူးပေါင်းနေခြင်း

၁၃။ အသင်းတော်တွင် တစ်ခါတစ်ရံ အဘယ်အရာပေါ်ပေါက်နိုင်သနည်း။ အဘယ်ကြောင့်နည်း။

၁၃ အသင်းတော်ရှိ အကြီးအကဲများနှင့် အခြားသူများသည် မစုံလင်ကြသောကြောင့် တစ်ခါတစ်ရံ သဘာထားကွဲလွဲမှုများ၊ ပြဿနာများ ပေါ်ပေါက်နိုင်သည်။ ပထမရာစုရှိ တမန်တော်များလက်ထက်တွင်ပင် ထိုသို့ဖြစ်ခဲ့သည်။ (ဖိလိပ္ပိ ၄:၂၊ ၃) ကြီးကြပ်မှူးတစ်ဦး သို့မဟုတ် အခြားသူတစ်ဦး၏စကားသည် ကြမ်းတမ်းရိုင်းစိုင်းပြီး မဟုတ်မမှန်ဖြစ်ပုံရပေမည်။ သို့မဟုတ် ကျမ်းစာနှင့်မညီသောကိစ္စတစ်ခု ဖြစ်ပျက်နေပြီး ယင်းကို အကြီးအကဲများသိသော်လည်း မဖြေရှင်းပေးဟု ကျွန်ုပ်တို့ယူဆနိုင်သည်။ သို့သော် ယင်းကို ကျမ်းစာနှင့်အညီ၊ ကျွန်ုပ်တို့မသိသော အချက်များနှင့်အညီ ဖြေရှင်းနေဆဲ သို့မဟုတ် ဖြေရှင်းပြီးဖြစ်နိုင်သည်။ အကယ်၍ ကျွန်ုပ်တို့ထင်ထားသည့်အတိုင်း ကျမ်းစာနှင့်မညီသောကိစ္စဖြစ်ပျက်နေသည့်တိုင် ဤအချက်ကိုသုံးသပ်ကြည့်ပါ– ဘုရားသခင်ကြည့်ရှုအုပ်ထိန်းနေသည့် ကောရိန္သုအသင်းတော်တွင် ကြီးလေးသောအမှားတစ်ခုကို အချိန်အတန်ကြာ ပြုကျင့်နေကြသည်။ အချိန်တန်သော် ကိုယ်တော်သည် ထိုအမှားကိုကိုင်တွယ်ကာ ခိုင်မာပြတ်သားစွာ တည့်မတ်ပေးခဲ့၏။ (၁ ကောရိန္သု ၅:၁၊ ၅၊ ၉-၁၁) ထို့ကြောင့် ‘အဲဒီတုန်းက ကောရိန္သုမြို့မှာ ငါရှိခဲ့မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲ’ ဟုကိုယ့်ကိုယ်ကို မေးနိုင်သည်။

၁၄၊ ၁၅။ အချို့သည် အဘယ်ကြောင့် ယေရှုနှင့်မပူးပေါင်းတော့ဘဲ နောက်ဆုတ်သွားကြသနည်း။ ယင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။

၁၄ အသင်းတော်တွင် ဖြစ်ပေါ်နိုင်သည့်အရာ နောက်တစ်ခုကို သုံးသပ်ကြည့်ပါ။ လူတစ်ဦးသည် ကျမ်းစာသွန်သင်ချက်တစ်ခုကို နားလည်လက်ခံရခက်နေသည် ဆိုပါစို့။ သူသည် ကျမ်းစာနှင့် အသင်းတော်ရှိစာပေစာတမ်းများတွင် ရှာဖွေလေ့လာပြီး ရင့်ကျက်သောခရစ်ယာန်များနှင့် အကြီးအကဲများထံမှပင် အကူအညီတောင်းခဲ့ပြီးဖြစ်ပေမည်။ သို့တိုင် ထိုအချက်ကို နားလည်လက်ခံရန် ခက်ခဲနေဆဲဖြစ်၏။ သူ အဘယ်အရာပြုလုပ်နိုင်သနည်း။ ယေရှုမသေဆုံးမီ တစ်နှစ်အလိုတွင် ထပ်တူအဖြစ်မျိုး ဖြစ်ပျက်ခဲ့သည်။ ယေရှုက မိမိသည် “အသက်မုန့်” ဖြစ်ပြီး ထာဝရအသက်ရလိုသူသည် “ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်းသောက်” ရမည်ဟုမိန့်ဆိုခဲ့သည်။ ထိုစကားကြောင့် ကိုယ်တော့်တပည့်များ ထိတ်လန့်သွားကြသည်။ တပည့်အများသည် အဖြေရှာခြင်း သို့မဟုတ် နားလည်လာသည့်အထိ ယုံကြည်စိတ်ဖြင့် စောင့်ဆိုင်းခြင်းပြုမည့်အစား “ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။” (ယောဟန် ၆:၃၅၊ ၄၁-၆၆) ထိုတွင် ကျွန်ုပ်တို့ရှိနေပါက အဘယ်အရာလုပ်ဆောင်မည်နည်း။

၁၅ ယနေ့အချိန်တွင် အချို့က မိမိတို့ဘာသာ ဘုရားသခင်ကိုဝတ်ပြုနိုင်သည်ဟုယူဆပြီး အသင်းတော်နှင့်အဆက်အသွယ်ဖြတ်သွားကြသည်။ အမှားတစ်ခုကို မတည့်မတ်ပေးခြင်းကြောင့် စိတ်နာကြည်းသည် သို့မဟုတ် သွန်သင်ချက်တစ်ခုကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည်ဟု သူတို့ဆိုကြပေမည်။ သူတို့၏လုပ်ရပ်သည် ကျိုးကြောင်းညီညွတ်ပါသလော။ ခရစ်ယာန်တိုင်းသည် ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိသင့်သည်မှာ မှန်သော်လည်း တမန်တော်များအချိန်ကနည်းတူ ယနေ့လည်း ကမ္ဘာချီအသင်းတော်ကို ဘုရားသခင်အသုံးပြုနေသည်မှာ မငြင်းနိုင်ပေ။ ထို့ပြင် ယေဟောဝါသည် ပထမရာစုတွင် ဒေသခံအသင်းတော်များကို အသုံးပြု၍ ကောင်းချီးပေးခဲ့ပြီး အသင်းတော်များ၏အကျိုးအတွက် အရည်အချင်းပြည့်မီသော အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို ခန့်အပ်ပေးခဲ့သည်။ ယနေ့အချိန်တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။

၁၆။ အသင်းတော်နှင့်မပူးပေါင်းရန် သွေးဆောင်ခံရသောအခါ လူတစ်ဦး အဘယ်အရာကို ထည့်စဉ်းစားသင့်သနည်း။

၁၆ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်နှင့်မိမိဆက်ဆံရေးသာ အဓိကဖြစ်ပြီး အသင်းတော်နှင့်ပေါင်းသင်းစရာမလိုဟု ခံစားရပါက ကမ္ဘာချီအသင်းတော်နှင့် ဒေသခံအသင်းတော်ပါဝင်သော ဘုရားသခင့်အစီအစဉ်ကို ငြင်းပယ်ရာရောက်သည်။ လူတစ်ဦးသည် အသင်းတော်နှင့်မပေါင်းသင်းဘဲ မိမိဘာသာ ဘုရားသခင်ကိုကိုးကွယ်နိုင်ပေမည် သို့မဟုတ် ညီအစ်ကိုညီအစ်မအနည်းငယ်နှင့် ပေါင်းသင်းနိုင်ပေမည်။ သို့သော် အသင်းတော်ပြင်ပတွင် အကြီးအကဲနှင့် ဓမ္မအမှုထမ်းအစီအစဉ် မည်သို့ရှိနိုင်ပါမည်နည်း။ ထူးခြားသည်မှာ၊ ပေါလုသည် ကောလောသဲအသင်းတော်ထံ “ထိုသခင် [ခရစ်တော်] ၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း” အကြောင်း စာရေးကာ ထိုစာကို လောဒိကိအသင်းတော်ထံလည်းပို့ရန် ညွှန်ကြားခဲ့သည်။ အသင်းတော်နှင့်မပူးပေါင်းသူများသည် ထိုစာမှ အကျိုးရမည်မဟုတ်ဘဲ ပူးပေါင်းနေသူများသာ အကျိုးကျေးဇူးခံစားရပေမည်။—⁠ကောလောသဲ ၂:၆၊ ၇; ၄:၁၆

အမှန်တရား၏အမှီတံကဲနှင့် တည်ရာ

၁၇။ ၁ တိမောသေ ၃:၁၅ တွင် အသင်းတော်အကြောင်း အဘယ်အရာဖော်ပြသနည်း။

၁၇ ခရစ်ယာန်အကြီးအကဲ တိမောသေထံရေးသည့် တမန်တော်ပေါလု၏ ပထမစာစောင်တွင် အကြီးအကဲနှင့် ဓမ္မအမှုထမ်းများ ပြည့်မီရမည့် အရည်အချင်းများကိုဖော်ပြထားသည်။ ထို့နောက် ပေါလုသည် “အသက်ရှင်တော်မူသောဘုရားသခင်၏ အသင်းတော်” အကြောင်းဖော်ပြပြီး ယင်းသည် ‘အမှန်တရား၏အမှီတံကဲ၊ အမှန်တရား၏တည်ရာ’ ဖြစ်၏ဟု ပြောဆိုခဲ့သည်။ (၁ တိမောသေ ၃:၁၅) ပထမရာစုတွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ အသင်းတော်သည် ထိုသို့သောအမှီတံကဲဖြစ်ကြောင်း ထင်ရှားသည်။ ခရစ်ယာန်ယောက်တိုင်းသည် ထိုအမှန်တရားကို အဓိကအားဖြင့် အသင်းတော်မှတစ်ဆင့်ရရှိနိုင်ခဲ့သည်မှာ သေချာသည်။ ထိုတွင် သူတို့သည် အမှန်တရားကို ကြားနာ၍ ထောက်ခံပြောဆိုနိုင်ပြီး အားပေးတည်ဆောက်မှုခံစားရနိုင်ကြသည်။

၁၈။ အသင်းတော်အစည်းအဝေးများသည် အဘယ်ကြောင့်အရေးပါသနည်း။

၁၈ ထိုနည်းတူ ကမ္ဘာချီခရစ်ယာန်အသင်းတော်သည် ဘုရားသခင်၏အိမ်တော်ဖြစ်ပြီး ‘အမှန်တရား၏အမှီတံကဲ၊ အမှန်တရား၏တည်ရာ’ ဖြစ်သည်။ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ပြီး ပါဝင်ခြင်းသည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်သော၊ ကိုယ်တော့်အလိုတော် ထမ်းဆောင်စေနိုင်သော အဓိကနည်းလမ်းဖြစ်သည်။ ပေါလုသည် ကောရိန္သုမြို့ရှိ အသင်းတော်ထံ စာရေးရာတွင် ထိုသို့သောအစည်းအဝေးများ၌ ဆွေးနွေးရာများကို အလေးပေးဖော်ပြခဲ့သည်။ အစည်းအဝေးများတွင် တင်ဆက်သောအရာသည် တက်ရောက်သူများကို “တည်ဆောက်” ပေးနိုင်ရန် ရှင်းလင်းပြီး နားလည်လွယ်စေဖို့ သူအလိုရှိသည်ဟု ရေးခဲ့၏။ (၁ ကောရိန္သု ၁၄:၁၂၊ ၁၇-၁၉) ယနေ့လည်း ယေဟောဝါသည် အသင်းတော်ကို အခွင့်အာဏာအပ်နှင်းထားပြီး ထောက်မနေကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြမည်ဆိုလျှင် ထိုသို့သောအားပေးတည်ဆောက်မှု ခံစားရနိုင်သည်။

၁၉။ အသင်းတော်ကို သင် အဘယ်ကြောင့်အလွန်ကျေးဇူးတင်သနည်း။

၁၉ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ခရစ်ယာန်များအဖြစ် တည်ဆောက်မှုရရှိလိုပါက အသင်းတော်အတွင်းရှိနေရမည်။ ယင်းသည် မှားယွင်းသောသွန်သင်ချက်များမှ ကာကွယ်ပေးကြောင်း ထင်ရှားခဲ့ပြီ။ ထို့ပြင် မေရှိယနိုင်ငံတော်နှင့်ပတ်သက်သော သတင်းကောင်းကို ကမ္ဘာတစ်ခွင် ဟောပြောစေရန် အသင်းတော်ကို ဘုရားသခင်အသုံးပြုနေသည်။ ကိုယ်တော်သည် ခရစ်ယာန်အသင်းတော်အားဖြင့် အရာများစွာပြီးမြောက်စေခဲ့သည်မှာ သေချာသည်။—⁠ဧဖက် ၃:၉၊ ၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 “အသင်းတော်ကိုကြားပြောလော့” ဟူသောယေရှု၏စကားက “ထိုသို့သောအမှုကိစ္စများကို ကိုင်တွယ်ရန် အခွင့်အာဏာရရှိထားသူများ၊ တစ်နည်းအားဖြင့် ချာ့ခ်ျ၏ကိုယ်စားလှယ်များကို ဆိုလိုခြင်းဖြစ်နိုင်သည်။ ဂျူးတရားဇရပ်များတွင် ထိုသို့သောအမှုကိစ္စများကို ကြားနာဖြေရှင်းရန် တရားသူကြီးများအဖြစ်ထမ်းဆောင်သော အကြီးအကဲများရှိသည်” ဟုကျမ်းပညာရှင် အဲလ်ဘတ်ဘားန်စ်ကဆို၏။

သင်မှတ်မိသလော

• ဘုရားသခင်သည် မြေကြီးပေါ်ရှိ အသင်းတော်များကို အသုံးပြုမည်ဟု အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။

• အကြီးအကဲများသည် မစုံလင်သူများဖြစ်သော်လည်း အသင်းတော်အတွက် အဘယ်အရာလုပ်ဆောင်ကြသနည်း။

• ဒေသခံအသင်းတော်အားဖြင့် သင် မည်သို့ အားပေးတည်ဆောက်မှုရရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် သင်းအုပ်များသည် အုပ်ချုပ်ရေးအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများသည် အသင်းတော်တာဝန်များကိုကျေပွန်နိုင်ရန် သွန်သင်ချက်များရရှိကြ