မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ

အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ

အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ

‘သတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ပရိသတ် [“အသင်းတော်၊” ကဘ] အလယ်မှာ ကိုယ်တော်ကိုချီးမွမ်းပါမည်။’—⁠ဟေဗြဲ ၂:၁၂

၁၊ ၂။ အသင်းတော်သည် အဘယ်ကြောင့် အလွန်အကျိုးပြုသနည်း။ ယင်း၏အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။

သမိုင်းတစ်လျှောက် လူတို့သည် မိသားစုတည်းဟူသောအနှောင်အဖွဲ့အတွင်း ပေါင်းသင်းမှုနှင့်လုံခြုံမှု ရရှိခံစားခဲ့ကြပြီ။ သို့သော် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် နောက်အနှောင်အဖွဲ့တစ်ခုအတွင်း ပေါင်းသင်းမှုနှင့်လုံခြုံမှု ရရှိခံစားနေကြကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ယင်းမှာ ခရစ်ယာန်အသင်းတော်ပေတည်း။ * သင်၌ ချစ်ခင်နွေးထွေးသော မိသားစုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသင်းတော်အစီအစဉ်အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးသောအရာများကို ကျေးဇူးတင်လေးမြတ်နိုင်ပါသည်။ သင်သည် ယေဟောဝါသက်သေများ၏ အသင်းတော်နှင့် ပေါင်းသင်းနေပါက ထိုတွင် နွေးထွေးသောပေါင်းသင်းမှုနှင့်လုံခြုံမှု ရရှိခံစားနေရကြောင်း အတိအလင်းပြောဆိုနိုင်ပေမည်။

အသင်းတော်သည် လူမှုရေးအဖွဲ့တစ်ရပ်မျှ မဟုတ်ပါ။ ယင်းသည် နောက်ခံတူသူများ သို့မဟုတ် အားကစားနှင့်ဝါသနာတို့တွင် အကြိုက်တူသူများ ပေါင်းစုထားသော အသိုင်းအဝိုင်းတစ်ခုမဟုတ်ပါ။ ယင်းအစား အသင်းတော်အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ယေဟောဝါဘုရားသခင်ကို ချီးမွမ်းရန်ဖြစ်သည်။ ရှေးအချိန်ကတည်းက ယင်းသို့ဖြစ်ကြောင်း ဆာလံကျမ်းက အလေးပေးဖော်ပြသည်။ ဆာလံ ၃၅:၁၈ တွင် “ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်[“အသင်းတော်၊” ကဘ]အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်” ဟုဆိုထားသည်။ ဆာလံ ၁၀၇:၃၁၊ ၃၂ တွင်လည်း ‘လူသားတို့၌ပြုတော်မူသောကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍ ထာဝရဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ လူပရိသတ်[“အသင်းတော်၊” ကဘ]၏ အလယ်မှာ ထာဝရဘုရားသခင်ကိုချီးမြှောက် . . . ကြစေ’ ဟုတိုက်တွန်းထားသည်။

၃။ ပေါလု၏စကားအရ အသင်းတော်၏ကဏ္ဍတစ်ရပ်ကား အဘယ်နည်း။

‘ထိုအိမ်တော်ကား အသက်ရှင်တော်မူသောဘုရားသခင်၏ အသင်းတော်ဖြစ်၏။ ထိုအသင်းတော်ကား အမှန်တရား၏အမှီတံကဲဖြစ်၏။ အမှန်တရား၏တည်ရာလည်းဖြစ်၏’ ဟုတမန်တော်ပေါလုဆိုသည့်အခါ အသင်းတော်၏ အရေးပါသောနောက်အခန်းကဏ္ဍအကြောင်း အလေးပေးဖော်ပြခဲ့သည်။ (၁ တိမောသေ ၃:၁၅) အဘယ်အသင်းတော်အကြောင်း ပေါလုရည်ညွှန်းနေခြင်းဖြစ်သနည်း။ ကျမ်းစာတွင် “အသင်းတော်” ဟူသောအသုံးအနှုန်းကို အဘယ်သဘောဖြင့် အသုံးပြုထားသနည်း။ ယင်းသည် ကျွန်ုပ်တို့၏အသက်တာနှင့် အနာဂတ်အပေါ် အဘယ်သြဇာသက်ရောက်သင့်သနည်း။ အဖြေရရန် သမ္မာကျမ်းစာမှ “အသင်းတော်” ဟူသော စကားလုံး၏အသုံးပြုပုံကို ဦးစွာဆန်းစစ်ကြည့်ကြစို့။

၄။ ဟေဗြဲကျမ်းတွင် “အသင်းတော်” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးကို များသောအားဖြင့် မည်သို့အသုံးပြုသနည်း။

“အသင်းတော်” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးသည် ‘စုဝေးခြင်း’ သို့မဟုတ် ‘စည်းဝေးခြင်း’ ဟုအဓိပ္ပာယ်ရှိသည်။ (တရားဟောရာ ၄:၁၀; ၉:၁၀) ဆာလံဆရာသည် ယင်းစကားလုံးကို ကောင်းကင်တမန်များနှင့်ပတ်သက်၍လည်းကောင်း၊ မတရားသောသူတို့နှင့်ပတ်သက်၍လည်းကောင်း အသုံးပြုခဲ့သည်။ (ဆာလံ ၂၆:၅; ၈၉:၅-၇) သို့သော် ဟေဗြဲကျမ်းစာတွင် ယင်းစကားလုံးသည် များသောအားဖြင့် ဣသရေလလူမျိုးကို ရည်ညွှန်းသည်။ ဣသရေလလူမျိုးသည် ‘ထာဝရဘုရားသခင်၏ပရိသတ် [“အသင်းတော်၊” ကဘ]’ ဖြစ်လာရန် ရွေးချယ်ခံခဲ့ရသည်။—⁠နေဟမိ ၁၃:၁; ယောရှု ၈:၃၅; ၁ ဓမ္မရာဇဝင် ၁၇:၄၇; မိက္ခာ ၂:၅

၅။ အဘယ်ဂရိစကားလုံးကို “အသင်းတော်” ဟုပြန်ဆိုလေ့ရှိသနည်း။ ယင်းသည် အဘယ်အရာကိုရည်ညွှန်းနိုင်သနည်း။

ယင်းနှင့်ဆက်နွှယ်သော ဂရိစကားလုံးမှာ အက်ခ်.လီ.စီ.အာဖြစ်ပြီး အတူတကွစုဝေးသော ဘာသာရေးနှင့်မဆိုင်သည့် အုပ်စုတစ်စုကို ရည်ညွှန်းနိုင်သည်။ ယင်းသည် ဧဖက်မြို့တွင် ဒေမေတရိက ပေါလုကိုဆန့်ကျင်ရန် လှုံ့ဆော်ပေးခဲ့သည့် ‘လူအစုအဝေး’ ကဲ့သို့သော အုပ်စုတစ်ခုဖြစ်နိုင်သည်။ (တမန်တော် ၁၉:၃၂၊ ၃၉၊ ၄၁) သို့သော် သမ္မာကျမ်းစာက ယင်းစကားလုံးကို အများအားဖြင့် ခရစ်ယာန်အသင်းတော်အတွက် အသုံးပြုသည်။ ဘာသာပြန်ကျမ်းအချို့က ယင်းစကားလုံးကို “ချာ့ခ်ျ ” ဟုပြန်ဆိုကြသော်လည်း တော်ဝင်သမ္မာကျမ်းစာအဘိဓာန်က ယင်းသည် “ဝတ်ပြုရေးအတွက် ခရစ်ယာန်များစုဝေးသော ပကတိအဆောက်အအုံကို လုံးဝရည်ညွှန်းခြင်းမဟုတ်” ဟုဆိုသည်။ သို့သော် စိတ်ဝင်စားစရာမှာ “အသင်းတော်” ဟူသောစကားလုံးကို ခရစ်ယာန်ဂရိကျမ်းတွင် အနည်းဆုံး အဓိပ္ပာယ်လေးမျိုးဖြင့် အသုံးပြုထားသည်။

ဘုရားသခင်၏ ဝိညာဉ်တော်ဖွားအသင်းတော်

၆။ ဒါဝိဒ်နှင့် ယေရှုသည် ပရိသတ်[အသင်းတော်]အလယ်တွင် အဘယ်အရာပြုလုပ်ခဲ့သနည်း။

တမန်တော်ပေါလုက ဆာလံ ၂၂:၂၂ ပါ ဒါဝိဒ်၏စကားများကို ကိုးကားပြီး ယင်းသည် ယေရှုနှင့်သက်ဆိုင်ကြောင်း ဤသို့ရေးခဲ့သည်– “‘သတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ် [“အသင်းတော်၊” ကဘ] အလယ်မှာ ကိုယ်တော်ကိုချီးမွမ်း . . . ပါမည်’ ဟုလာသတည်း။ ထို့ကြောင့် ခရစ်တော်သည် လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့ ၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှာ မိမိ ‘ညီအစ်ကိုတို့’ နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။” (ဟေဗြဲ ၂:၁၂၊ ၁၇) ရှေးဣသရေလပရိသတ်ဖြစ်သော အသင်းတော်အလယ်တွင် ဘုရားသခင်ကို ဒါဝိဒ်ချီးမွမ်းခဲ့သည်။ (ဆာလံ ၄၀:⁠၉) သို့သော် “ပရိသတ်အလယ်” ၌ ဘုရားသခင်ကို ယေရှုချီးမွမ်းသည်ဟု ပေါလုဆိုရာတွင် အဘယ်အရာကိုဆိုလိုသနည်း။ အဘယ်ပရိသတ် [အသင်းတော်] နည်း။

၇။ ခရစ်ယာန်ဂရိကျမ်းစာတွင် “အသင်းတော်” ဟူသောစကားလုံးကို အဘယ်အဓိကအဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသနည်း။

ဟေဗြဲ ၂:၁၂၊ ၁၇ ပါစကားသည် အလွန်ထူးခြား၏။ ယင်းက ခရစ်တော်သည် အသင်းတော်သားတစ်ဦးဖြစ်ပြီး အသင်းတော်တွင် ဘုရားသခင့်နာမတော်ကို ညီအစ်ကိုတို့အားကြားပြောကြောင်း ဖော်ပြထားသည်။ ထိုညီအစ်ကိုများကား မည်သူတို့နည်း။ သူတို့သည် “အာဗြဟံအမျိုး” ဖြစ်ပြီး ခရစ်တော်၏ ဝိညာဉ်တော်ဖွားညီအစ်ကိုများ၊ “ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကိုခံရသောသူ” များဖြစ်ကြသည်။ (ဟေဗြဲ ၂:၁၆-၃:၁; မဿဲ ၂၅:၄၀) ထို့ကြောင့် ခရစ်ယာန်ဂရိကျမ်းစာမှ “အသင်းတော်” ဟူသောစကားလုံး၏ အဓိကအဓိပ္ပာယ်မှာ ခရစ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက်များဖြင့် ဖွဲ့စည်းထားသောအုပ်စု ဖြစ်သည်။ ဤဝိညာဉ်တော်ဖွား ၁၄၄,၀၀၀ ကို “ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏အသင်းတော်” အဖြစ် ဖွဲ့စည်းထားသည်။—⁠ဟေဗြဲ ၁၂:၂၃

၈။ ခရစ်ယာန်အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်းအကြောင်း ယေရှု မည်သို့တင်ကူးမိန့်ဆိုခဲ့သနည်း။

ထိုခရစ်ယာန် “အသင်းတော်” ဖွဲ့စည်းတည်ထောင်ခြင်းအကြောင်း ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော်မသေဆုံးမီ တစ်နှစ်ခန့်တွင် တမန်တော်တစ်ပါးကို ဤသို့မိန့်ဆိုခဲ့သည်– ‘ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။’ (မဿဲ ၁၆:၁၈) ထိုကျောက်မှာ ယေရှုဖြစ်ကြောင်း ပေတရုနှင့်ပေါလုတို့ ကောင်းစွာသဘောပေါက်ခဲ့ကြသည်။ ခရစ်တော်တည်းဟူသော ကျောက်ပေါ်တွင် ဝိညာဉ်ရေးအိမ်တော်ကို တည်ဆောက်ရာ၌ “အသက်ကျောက်များ” အဖြစ် တည်ဆောက်ခံရသူတို့သည် “ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကို ဖော်ပြ” သော “ပိုင်ထိုက်တော်မူသောအပေါင်းအသင်း” ဖြစ်၏ဟု ပေတရုရေးသားခဲ့သည်။—⁠၁ ပေတရု ၂:၄-၉; ဆာလံ ၁၁၈:၂၂; ဟေရှာယ ၈:၁၄; ၁ ကောရိန္သု ၁၀:၁-၄

၉။ ဘုရားသခင်၏အသင်းတော်ကို အဘယ်အချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သနည်း။

ထို “ပိုင်ထိုက်တော်မူသောအပေါင်းအသင်း” ကို အဘယ်အချိန်တွင် ခရစ်ယာန်အသင်းတော်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သနည်း။ ဘုရားသခင်သည် ယေရုရှလင်မြို့၌စုဝေးနေသော တပည့်များအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းသော အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဖြစ်သည်။ ထိုနေ့နောက်ပိုင်းတွင် ပေတရုသည် ဂျူးများနှင့် ဘာသာပြောင်းဝင်လာသူများပါဝင်သော လူအုပ်ကြီးကို ထိရောက်သော ဟောပြောချက်ပေးခဲ့သည်။ ယေရှုသေခြင်းကြောင့် စိတ်ထိခိုက်ရသူများစွာသည် နောင်တယူပြီး နှစ်ခြင်းခံကြသည်။ လူသုံးထောင်သည် ထိုသို့ပြုလုပ်ခဲ့ကြပြီးနောက် တိုးပွားလျက်ရှိသော ဘုရားသခင့်အသင်းတော်အသစ်၏ အသင်းဝင်များဖြစ်လာကြသည်ဟု ကျမ်းစာမှတ်တမ်းတင်ထား၏။ (တမန်တော် ၂:၁-၄၊ ၁၄၊ ၃၇-၄၇) ထိုသို့တိုးပွားရခြင်းမှာ ဇာတိဣသရေလလူမျိုးသည် ဘုရားသခင်၏အသင်းတော်မဟုတ်တော့ကြောင်း ဂျူးနှင့်ဘာသာပြောင်းဝင်လာသူများစွာ လက်ခံကြသောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “ဘုရားသခင်၏ဣသရေလအမျိုး” အဖြစ်ဖွဲ့စည်းခံရပြီး ဘုရားသခင်၏အသင်းတော်ဖြစ်လာသည်။—⁠ဂလာတိ ၆:၁၆; တမန်တော် ၂၀:၂၈

၁၀။ ဘုရားသခင်၏အသင်းတော်နှင့် ယေရှု၏ဆက်ဆံရေး မည်သို့ရှိသနည်း။

၁၀ ယေရှုနှင့်ဝိညာဉ်တော်ဖွားများသည် ကွဲပြားခြားနားကြောင်း “ခရစ်တော်နှင့် အသင်းတော်” ဟူသောစကားစုဖြင့် ကျမ်းစာဖော်ပြလေ့ရှိသည်။ ယေရှုသည် ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်သည် ခရစ်တော်ကို “အသင်းတော်တည်းဟူသောကိုယ်၏ ဦးခေါင်း” ဖြစ်စေသည်ဟု ပေါလုရေးသားခဲ့သည်။ (ဧဖက် ၁:၂၂၊ ၂၃; ၅:၂၃၊ ၃၂; ကောလောသဲ ၁:၁၈၊ ၂၄) ယနေ့ ဤအသင်းတော်၏ ဝိညာဉ်တော်ဖွားအဖွဲ့ဝင်များထဲမှ အကြွင်းအကျန်သာ ကမ္ဘာပေါ်တွင်ရှိသည်။ သို့သော် ၎င်းတို့၏ဦးခေါင်းဖြစ်သော ယေရှုခရစ်သည် သူတို့ကိုချစ်မြတ်နိုးကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်ပါသည်။ သူတို့အပေါ် ယေရှု၏သဘောထားကို ဧဖက် ၅:၂၅ က ဤသို့ဖော်ပြသည်– “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။” သူတို့ကို ကိုယ်တော် ချစ်မြတ်နိုးရခြင်းမှာ သူတို့သည် ယေရှုမြေကြီးပေါ်ရှိစဉ်က ပြုလုပ်ခဲ့သည့်နည်းတူ “ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို” အစဉ်ပူဇော်နေကြသောကြောင့် ဖြစ်၏။—⁠ဟေဗြဲ ၁၃:၁၅

“အသင်းတော်”—⁠အခြားအဓိပ္ပာယ်များ

၁၁။ ခရစ်ယာန်ဂရိကျမ်းစာတွင် “အသင်းတော်” ဟူသောစကားလုံးကို အဘယ်ဒုတိယအဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသနည်း။

၁၁ သမ္မာကျမ်းစာတွင် “အသင်းတော်” ဟူသောစကားလုံးကို “ဘုရားသခင့်အသင်းတော်” ဖြစ်သော ၁၄၄,၀၀၀ ဝိညာဉ်တော်ဖွားတစ်အုပ်စုလုံးကိုမဟုတ်ဘဲ ပို၍တိကျသောအဓိပ္ပာယ်ဖြင့်လည်း သုံးနှုန်းထားသည်။ ဥပမာ၊ ပေါလုက ခရစ်ယာန်အုပ်စုတစ်စုကို “သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကိုမပြု” နှင့်ဟုရေးခဲ့သည်။ (၁ ကောရိန္သု ၁၀:၃၃) ကောရိန္သုမြို့ရှိ ခရစ်ယာန်တစ်ဦးသည် မတော်မလျော်ပြုမူကျင့်ကြံပါက အခြားသူများကို ထိမိလဲစေနိုင်သည်။ သို့သော် ထိုမတော်မလျော်သောအပြုအမူက ထိုခေတ်မှစ၍ ယနေ့ထိတိုင် ဂရိ၊ ဂျူး၊ ဝိညာဉ်တော်ဖွားအားလုံးကို ထိမိလဲစေနိုင်သလော။ မဟုတ်ပါ။ ထို့ကြောင့် ထိုအခန်းငယ်တွင်ပါသော “ဘုရားသခင်၏အသင်းတော်” သည် အချိန်တစ်ချိန်တွင်အသက်ရှင်ခဲ့သော ခရစ်ယာန်များကို ဆိုလိုသည်။ တစ်စုံတစ်ဦးသည် အသင်းတော်အပေါ် ဘုရားသခင့်လမ်းညွှန်မှု၊ ထောက်မပေးမှု၊ ကောင်းချီးပေးမှုအကြောင်း ပြောသောအခါ မည်သည့်နေရာတွင်နေထိုင်ပါစေ အချိန်တစ်ချိန်တွင်အသက်ရှင်ခဲ့သော ခရစ်ယာန်အားလုံးကို ဆိုလိုသည်။ သို့မဟုတ် ယနေ့ ဘုရားသခင့်အသင်းတော်ခံစားနေရသော ပျော်ရွှင်မှု၊ ငြိမ်သက်မှုအကြောင်းပြောသောအခါ ယင်းအသင်းတော်သည် ကမ္ဘာချီ ညီအစ်ကိုအသင်းပင်းတစ်ရပ်လုံးကို ဆိုလိုသည်။

၁၂။ ကျမ်းစာတွင် “အသင်းတော်” ကို အဘယ်တတိယအဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသနည်း။

၁၂ ကျမ်းစာတွင် “အသင်းတော်” ဟူသောစကားလုံး၏ တတိယအဓိပ္ပာယ်မှာ အရပ်ဒေသတစ်ခုရှိ ခရစ်ယာန်အားလုံးဖြစ်သည်။ “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်အရပ်ရပ်တို့တွင် အသင်းတော်သည် ငြိမ်သက်၍တည်ဆောက်ခြင်းရှိကြ၏” ဟုကျမ်းစာဖော်ပြသည်။ (တမန်တော် ၉:၃၁သမ္မာ) ယုဒ၊ ဂါလိလဲ၊ ရှမာရိနယ်များတွင် ခရစ်ယာန်အုပ်စု တစ်ခုထက်မကရှိသော်လည်း ထိုခရစ်ယာန်အုပ်စုအားလုံးကို စုပေါင်းကာ “အသင်းတော်” ဟုခေါ်ဆိုခြင်းဖြစ်သည်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့နှင့် ယင်းနောက်ပိုင်းတွင် နှစ်ခြင်းခံသောအရေအတွက်က ယေရုရှလင်အနီးတဝိုက်ဒေသတွင် ပုံမှန်စုရုံးသောအုပ်စု တစ်စုထက်မကရှိနိုင်ကြောင်း ဖော်ပြသည်။ (တမန်တော် ၂:၄၁၊ ၄၆၊ ၄၇; ၄:၄; ၆:၁၊) ဟေရုဒ်အဂြိပ္ပ ၁ သည် သူသေဆုံးသော အေဒီ ၄၄ အထိ ယုဒနယ်ကိုအုပ်စိုးပြီး ၁ သက်သာလောနိတ် ၂:၁၄ အရ အေဒီ ၅၀ ခန့်အထိ ယုဒနယ်တွင် အသင်းတော်များစွာရှိခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ဟေရုဒ်မင်းကြီးသည် “သင်းဝင်သူအချို့တို့ကို ညှဉ်းဆဲ” ခြင်းက ယေရုရှလင်အနီးတစ်ဝိုက်ရှိ အုပ်စုများစွာကို ဆိုလိုခြင်းဖြစ်နိုင်သည်။—⁠တမန်တော် ၁၂:၁

၁၃။ ကျမ်းစာတွင် “အသင်းတော်” ကို အဘယ် အသုံးများသောစတုတ္ထအဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသနည်း။

၁၃ “အသင်းတော်” ဟူသောစကားလုံး၏ ပိုတိကျပြီး အသုံးများသော စတုတ္ထအဓိပ္ပာယ်မှာ အိမ်ကဲ့သို့သော နေရာမျိုးတွင်စုဝေးသည့် ဒေသခံအသင်းတော်တစ်ခုရှိ ခရစ်ယာန်များကို ဆိုလိုသည်။ ပေါလုသည် “ဂလာတိပြည်၌ အသင်းတော်များ” အကြောင်းဖော်ပြသည်။ ထိုရောမနယ်တွင် အသင်းတော်များစွာရှိခဲ့သည်။ အန္တိအုတ်မြို့၊ ဒေရဗေမြို့၊ လုတ္တရမြို့၊ ဣကောနိမြို့တို့ပါဝင်သော ဂလာတိပြည်အကြောင်း ဖော်ပြရာတွင် “အသင်းတော်များ” ဟူသောအများကိန်းကို နှစ်ကြိမ်တိုင် ပေါလုအသုံးပြုခဲ့သည်။ အရည်အချင်းပြည့်မီသော အကြီးအကဲများ သို့မဟုတ် ကြီးကြပ်မှူးများကို ထိုဒေသခံအသင်းတော်များတွင် ခန့်အပ်ထားသည်။ (၁ ကောရိန္သု ၁၆:၁; ဂလာတိ ၁:၂; တမန်တော် ၁၄:၁၉-၂၃) ကျမ်းစာအရ ထိုသူတို့သည် “ဘုရားသခင်၏အသင်းတော်များ” ဖြစ်ကြသည်။—⁠၁ ကောရိန္သု ၁၁:၁၆; ၂ သက်သာလောနိတ် ၁:⁠၄

၁၄။ ကျမ်းချက်အချို့မှ “အသင်းတော်” ဟူသောစကားလုံးအသုံးပြုပုံအရ အဘယ်ကောက်ချက်ချနိုင်သနည်း။

၁၄ အချို့အခြေအနေတွင် ခရစ်ယာန်အစည်းအဝေးများသည် နေအိမ်တစ်ခုတွင် စုဝေးနိုင်လောက်သည့်အထိ လူနည်းစုဖြစ်သည်။ သို့တိုင် “အသင်းတော်” ဟူသောအသုံးအနှုန်းက ထိုလူနည်းစုနှင့်လည်း သက်ဆိုင်သည်။ ပြစ်ကိလနှင့်အာကုလ၊ နုံဖ၊ ဖိလေမုန်တို့၏ အိမ်၌ရှိသော အသင်းတော်များအကြောင်း ကျမ်းစာတွင်ဖော်ပြသည်။ (ရောမ ၁၆:၃-၅; ကောလောသဲ ၄:၁၅; ဖိလေမုန် ၂) ထိုအချက်က အိမ်တွင်မှန်မှန်စည်းဝေးကြပြီး လူနည်းစုဖြစ်သော ယနေ့အချိန်ရှိ ဒေသခံအသင်းတော်များအတွက် အားပေးရာရင်းမြစ်တစ်ခုဖြစ်သင့်သည်။ ပထမရာစုရှိ ထိုအသင်းတော်ငယ်များကို ဘုရားသခင်အသိအမှတ်ပြုခဲ့သကဲ့သို့ ယနေ့လည်း အသိအမှတ်ပြုကာ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းညွှန်ထောက်မနေသည်။

အသင်းတော်တို့သည် ယေဟောဝါကို ချီးမွမ်းကြ

၁၅။ ကနဦးအသင်းတော်အချို့တွင် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှု မည်သို့ပေါ်လွင်ထင်ရှားသနည်း။

၁၅ ဆာလံ ၂၂:၂၂ ပြည့်စုံမှုတွင် တွေ့ရသည့်အတိုင်း ယေရှုသည် ပရိသတ်အလယ်တွင် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ (ဟေဗြဲ ၂:၁၂) ယေရှု၏သစ္စာရှိကျေးကျွန်များလည်း အလားတူချီးမွမ်းကြသည်။ ပထမရာစုမှ ခရစ်ယာန်စစ်များသည် ဘုရားသခင်၏သားများနှင့် ခရစ်တော်၏ညီအစ်ကိုများဖြစ်လာရန် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရသည့်အခါ အချို့က ထပ်ဆင့်အခွင့်ထူးများရရှိကြသည်။ သူတို့သည် ဝိညာဉ်တော်၏အံ့ဖွယ်ဆုကျေးဇူးများ ရရှိခဲ့ကြသည်။ ထိုဆုကျေးဇူးအချို့မှာ ဉာဏ်ပညာနှင့်ထိုးထွင်းသိမြင်မှုဖြင့် ဟောပြောခြင်း၊ ရောဂါကုသပေးနိုင်စွမ်းရှိခြင်း၊ ပရောဖက်ပြုနိုင်ခြင်း၊ ဘာသာခြားစကားပြောဆိုနိုင်ခြင်းတို့ဖြစ်သည်။—⁠၁ ကောရိန္သု ၁၂:၄-၁၁

၁၆။ အံ့ဖွယ်ဝိညာဉ်တော်ဆုကျေးဇူးရရှိခြင်း၏ ရည်ရွယ်ချက်တစ်ခုကား အဘယ်နည်း။

၁၆ ဘာသာစကားတစ်မျိုးပြောဆိုခြင်းနှင့်ပတ်သက်၍ ပေါလုဤသို့ရေးခဲ့သည်– “ဝိညာဉ်တော်ဆုကျေးဇူးနှင့်လည်းကောင်း၊ ဉာဏ်နှင့်လည်းကောင်း သီချင်းဆိုမည်။” (၁ ကောရိန္သု ၁၄:၁၅ကဘ) မိမိစကားကို အခြားသူများနားလည်၍ သွန်သင်ခံရရန် အရေးကြီးကြောင်း သူသိမြင်ခဲ့သည်။ ပေါလု၏ရည်ရွယ်ချက်မှာ အသင်းတော်တွင် ယေဟောဝါကိုချီးမွမ်းရန် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်ဆုကျေးဇူးများရရှိသူတို့ကို ပေါလုဤသို့တိုက်တွန်းခဲ့သည်– “အသင်းတော်ကိုတည်ဆောက်ခြင်းငှာ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။” ထိုအသင်းတော်မှာ ဒေသခံအသင်းတော်တစ်ခုကိုဆိုလိုပြီး ထိုတွင် သူတို့သည် အံ့ဖွယ်ဆုကျေးဇူးကို ဖော်ပြကြသည်။ (၁ ကောရိန္သု ၁၄:၄၊ ၅၊ ၁၂၊ ၂၃) ရှင်းနေသည်မှာ ပေါလုသည် ဒေသခံအသင်းတော်များကို စိတ်ဝင်စားပြီး အသင်းတော်တစ်ခုစီရှိ ခရစ်ယာန်များသည် ဘုရားသခင်ကိုချီးမွမ်းရန် အခွင့်အရေးများရရှိမည်ဖြစ်ကြောင်း သူကောင်းစွာသိရှိထားသည်။

၁၇။ ယနေ့ ဒေသခံအသင်းတော်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာစိတ်ချနိုင်သနည်း။

၁၇ ယေဟောဝါသည် အသင်းတော်ကို ဆက်၍အသုံးပြုပြီး ထောက်မကူညီလျက်ရှိသည်။ ယနေ့ ဘုရားသခင့်လူမျိုးရရှိနေသည့် ဝိညာဉ်အစာအလျှံပယ်ကိုကြည့်ခြင်းဖြင့် မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်အုပ်စုကို ကိုယ်တော်ကောင်းချီးပေးနေကြောင်း သိရှိနိုင်သည်။ (လုကာ ၁၂:၄၂) ကိုယ်တော်သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကိုလည်း ကောင်းချီးပေးနေသည်။ ထို့ပြင် အကျင့်အားဖြင့်လည်းကောင်း၊ တည်ဆောက်မှုဖြစ်စေသော မှတ်ချက်များပေးခြင်းဖြင့်လည်းကောင်း ဖန်ဆင်းရှင်ကိုချီးမွမ်းနေကြသော ဒေသခံအသင်းတော်များကို ကိုယ်တော်ကောင်းချီးပေးနေသည်။ ထိုတွင် ကျွန်ုပ်တို့သည် ကျမ်းစာအသိပညာနှင့် လေ့ကျင့်မှုရရှိကြသည်၊ သို့ဖြင့် ဒေသခံအသင်းတော်တွင် ရောက်ရှိမနေသည့်အချိန်များတွင် ဘုရားသခင်ကို ချီးမွမ်းနိုင်စေသည်။

၁၈၊ ၁၉။ ဒေသခံအသင်းတော်တိုင်းရှိ စိတ်ရင်းမှန်သောခရစ်ယာန်များသည် အဘယ်အရာလုပ်ဆောင်လိုကြသနည်း။

၁၈ မာကေဒေါနိပြည်၊ ဖိလိပ္ပိအသင်းတော်ရှိ ခရစ်ယာန်များအား ပေါလု ဤသို့တိုက်တွန်းခဲ့ကြောင်း အမှတ်ရပါ– ‘ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့် ပြည့်စုံမည်အကြောင်း ငါဆုတောင်း၏။’ ယင်းတွင် ယေရှုနှင့်ပတ်သက်သော မိမိတို့၏ယုံကြည်ချက်အကြောင်း၊ အံ့ဖွယ်မျှော်လင့်ချက်အကြောင်း အခြားသူများကို ပြောပြခြင်းပါဝင်သည်။ (ဖိလိပ္ပိ ၁:၉-၁၁; ၃:၈-၁၁) ထို့ကြောင့် ခရစ်ယာန်များကို ပေါလု ဤသို့တိုက်တွန်းခဲ့သည်– “ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။”—⁠ဟေဗြဲ ၁၃:၁၅

၁၉ သင်သည် ယေရှုခရစ်နည်းတူ “ပရိသတ်အလယ်မှာ” ဘုရားသခင်အား ချီးမွမ်းရသည်ကို နှစ်သက်ပါသလော။ ဘုရားသခင်ကို မသိသေးသူ၊ မချီးမွမ်းသူများရှေ့တွင် သင့်နှုတ်ခမ်းဖြင့် ကိုယ်တော်အား ချီးမွမ်းလိုသလော။ (ဟေဗြဲ ၂:၁၂; ရောမ ၁၅:၉-၁၁) ကျွန်ုပ်တို့တစ်ဦးစီ၏အဖြေသည် ဘုရားသခင့်ရည်ရွယ်ချက်တွင် ဒေသခံအသင်းတော်၏အခန်းကဏ္ဍကို ကျွန်ုပ်တို့မည်သို့သဘောထားသနည်းဟူသည့် အချက်အပေါ် အတော်အသင့်မူတည်ပေမည်။ ဒေသခံအသင်းတော်ကို ယေဟောဝါမည်သို့လမ်းညွှန်၍ အသုံးပြုနေကြောင်း၊ ယင်းသည် ယနေ့ ကျွန်ုပ်တို့အသက်တာ၏ အဘယ်အခန်းကဏ္ဍတွင် ရှိသင့်ကြောင်း နောက်ဆောင်းပါးတွင် သုံးသပ်ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 1 အသင်းတော်ဟုပြန်ဆိုသော ဟေဗြဲနှင့်ဂရိစကားလုံးကို မြန်မာကျမ်းစာတွင် ‘အသင်းတော်၊’ ‘ပရိသတ်၊’ ‘စည်းဝေးခြင်း၊’ ‘အသင်း’ စသဖြင့်ပြန်ဆိုထားသည်။ သို့သော် အထူးရည်ရွယ်ချက်အတွက် စုဝေးသောလူအုပ်စုဟူသော မူရင်းအဓိပ္ပာယ်ကို ဤဆောင်းပါးတွင် အဓိကရည်ညွှန်းသည်။

သင်မှတ်မိသလော

• ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသော “ဘုရားသခင့်အသင်းတော်” သည် မည်သို့  ဖြစ်ပေါ်လာသနည်း။

• သမ္မာကျမ်းစာတွင် “အသင်းတော်” ဟူသောအသုံးအနှုန်းကို အဘယ်အဓိပ္ပာယ်သုံးမျိုးဖြင့် ထပ်မံသုံးနှုန်းထားသနည်း။

• အသင်းတော်နှင့်စပ်လျဉ်း၍ ဒါဝိဒ်၊ ယေရှုနှင့် ပထမရာစုခရစ်ယာန်များ အဘယ်အရာလုပ်ဆောင်လိုကြပြီး ယင်းက ကျွန်ုပ်တို့ကို အဘယ်အကျိုးသက်ရောက်စေသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေရှုသည်အဘယ်အသင်းတော်၏အုတ်မြစ်ဖြစ်သနည်း

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဒေသခံခရစ်ယာန်အုပ်စုများသည် “ဘုရားသခင်၏အသင်းတော်များ” အဖြစ် စည်းဝေးကြ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘီနင်ရှိ ခရစ်ယာန်များကဲ့သို့ကျွန်ုပ်တို့လည်း လူစုလူဝေးအလယ်တွင် ယေဟောဝါကို ချီးမွမ်းနိုင်ကြ