မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်မတို့ရဲ့ရတနာရှာဖွေရေးက တည်မြဲတဲ့ဥစ္စာအင်ခွင်တွေကိုဖြစ်စေ

ကျွန်မတို့ရဲ့ရတနာရှာဖွေရေးက တည်မြဲတဲ့ဥစ္စာအင်ခွင်တွေကိုဖြစ်စေ

ဘဝအတ္ထုပ္ပတ္တိ

ကျွန်မတို့ရဲ့ရတနာရှာဖွေရေးက တည်မြဲတဲ့ဥစ္စာအင်ခွင်တွေကိုဖြစ်စေ

ဒိုရိုသီယာ စမစ်နှင့် ဒိုရာဝပ်တ်ပြောပြသည်

ဘယ်လိုရတနာမျိုးကို ကျွန်မတို့ရှာဖွေနေကြတာလဲ။ ကျွန်မတို့ဟာ ‘သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလော့’ ဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကိုလုပ်ဆောင်ဖို့ စိတ်ထက်သန်နေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးနှစ်ယောက်ဖြစ်ပါတယ်။ (မဿဲ ၂၈:၁၉) ဒီရှာဖွေရေးက တည်မြဲတဲ့ဥစ္စာအင်ခွင်တွေ ဘယ်လိုဖြစ်စေတယ်ဆိုတာကို ရှင်းပြပါရစေ။

ဒိုရိုသီယာ– ပထမကမ္ဘာစစ်စတင်ပြီးနောက် မကြာခင်ဖြစ်တဲ့ ၁၉၁၅ ခုနှစ်မှာ ကျွန်မတို့မိသားစုထဲမှာ တတိယမြောက်ကလေးအဖြစ် ကျွန်မမွေးဖွားလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်၊ ဟောင်းဝဲလ်မြို့အနီးမှာ ကျွန်မတို့နေထိုင်ခဲ့တယ်။ အဖေဟာ [ခရစ်ယာန်] ဘာသာရေးသမားမဟုတ်ပေမဲ့ အမေကတော့ ဘုရားသခင်ကိုကြောက်ရွံ့တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အမေက ကျွန်မတို့ကို ပညတ်တော်ဆယ်ပါးကိုလိုက်လျှောက်ဖို့ ကြိုးစားသင်ပေးတယ်၊ ဒါပေမဲ့ ကျွန်မရဲ့မောင်လေး ဝေးလစ္စ၊ အစ်မ ဗိုင်အိုလာနဲ့ ကျွန်မတို့ဟာ ဘယ်ချာ့ခ်ျမှာမှ အသင်းဝင်မဖြစ်တာကိုတော့ အမေစိုးရိမ်ခဲ့တယ်။

ကျွန်မအသက် ၁၂ နှစ်အရွယ်မှာ ပရက်စ်ဘီတေးရီးယန်းချာ့ခ်ျရဲ့ အသင်းသားတစ်ဦးအနေနဲ့ ကျွန်မနှစ်ခြင်းခံသင့်တယ်လို့ အမေဆုံးဖြတ်လိုက်တယ်။ ကျွန်မနှစ်ခြင်းခံတဲ့နေ့ကို ကောင်းကောင်းမှတ်မိတယ်။ ကျွန်မနှစ်ခြင်းခံတဲ့အချိန်မှာ မိခင်နှစ်ယောက်ပွေ့ချီထားတဲ့ နို့စို့အရွယ်ကလေးနှစ်ယောက်လည်း နှစ်ခြင်းခံခဲ့ကြတယ်။ နို့စို့အရွယ်ကလေးတွေနဲ့အတူ နှစ်ခြင်းခံရတာ ကျွန်မတော်တော်ရှက်မိတယ်။ ဓမ္မဆရာက ကျွန်မခေါင်းပေါ်မှာ ရေစက်တွေပက်ဖျန်းပြီး ကျွန်မနားမလည်တဲ့စကားတချို့ ရွတ်ဆိုသွားတယ်။ နှစ်ခြင်းအကြောင်းနဲ့ပတ်သက်ပြီး အဲဒီနို့စို့အရွယ်ကလေးတွေထက် ကျွန်မဘာမှပိုမသိခဲ့ဘူး။

၁၉၃၂ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ကျွန်မတို့ရဲ့ခြံဝင်းထဲ ကားတစ်စီးဝင်လာလို့ အမေက တံခါးဖွင့်ပြီး သွားကြည့်လိုက်တယ်။ အဲဒီမှာ ဘာသာရေးစာအုပ်တွေကို ကမ်းလှမ်းကြတဲ့ လူငယ်နှစ်ယောက်ရပ်နေကြတယ်။ တစ်ယောက်က သူ့ကိုယ်သူ အဲလ်ဘတ် ရှရိုးဒါပါလို့ မိတ်ဆက်တယ်။ သူက ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ စာပေတချို့ကို အမေ့ကိုပြတယ်။ အမေက စာအုပ်တွေကို လက်ခံလိုက်တယ်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကနေ အမှန်တရားတွေလက်ခံအောင် အဲဒီစာအုပ်တွေက အမေ့ကို ကူညီပေးခဲ့တယ်။

ရတနာရှာဖွေရေး စတင်

နောက်ပိုင်းမှာ ကျွန်မရဲ့အစ်မနဲ့အတူနေဖို့ ဒက်ထရွိုက်မြို့ကို ကျွန်မပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာ အစ်မကို ကျမ်းစာသင်ပေးဖို့လာတဲ့ အသက်ကြီးအမျိုးသမီးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ သူတို့ရဲ့ဆွေးနွေးချက်တွေက အိမ်မှာအမေနဲ့ကျွန်မနေခဲ့တုန်းက နားထောင်ခဲ့ဖူးတဲ့ ပတ်စဉ်ရေဒီယိုအစီအစဉ်တစ်ခုကို သွားသတိရစေခဲ့တယ်။ အဲဒီအစီအစဉ်မှာ ကျမ်းစာထဲကအကြောင်းအရာတစ်ခုပေါ်အခြေခံတဲ့ ၁၅ မိနစ်ကြာဟောပြောချက်တစ်ခု ပါဝင်ပြီး အဲဒီအချိန်တုန်းက ယေဟောဝါသက်သေတွေကို ဦးဆောင်ခဲ့တဲ့ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က ဟောပြောခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ ဒက်ထရွိုက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ပထမဆုံးအသင်းတော်နဲ့ ကျွန်မတို့စပူးပေါင်းခဲ့တယ်။ နောက်နှစ်မှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်။

၁၉၄၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ ခရစ်ယာန်သာသနာပြုတွေကို လေ့ကျင့်ဖို့ နယူးယောက်၊ တောင်လန်စင်းမှာ ဂိလဒ်လို့ခေါ်တဲ့ကျောင်းတစ်ခု ဖွင့်လှစ်ကြောင်း ကြေညာခဲ့တယ်။ အဲဒီကျောင်းရဲ့ သင်တန်းဆင်းတချို့ဟာ တိုင်းတစ်ပါးမှာ အမှုထမ်းဆောင်ဖို့ ဖိတ်ခေါ်ခံရနိုင်တယ်ဆိုတာကို ကျွန်မသိတော့ ‘ကျွန်မလည်း တက်ချင်လိုက်တာ’ လို့စဉ်းစားမိတယ်! ဂိလဒ်တက်ဖို့ ကျွန်မပန်းတိုင်ထားတော့တယ်။ ခရစ်တော်ယေရှုရဲ့တပည့်ဖြစ်ချင်တဲ့သူ “ရတနာတွေ” ကို တိုင်းတစ်ပါးမှာ ရှာဖွေရတာ ဘယ်လောက်အခွင့်ထူးဖြစ်မလဲ!—⁠ဟဂ္ဂဲ ၂:၆၊ ၇

ကျွန်မရဲ့ပန်းတိုင်ဆီ တဖြည်းဖြည်းတက်လှမ်းခြင်း

၁၉၄၂ ခုနှစ်၊ ဧပြီလမှာ ကျွန်မအလုပ်ကနေထွက်လိုက်ပြီး အိုဟိုင်အိုပြည်နယ်၊ ဖိုင်လေးမြို့မှာ ရှေ့ဆောင် ဒါမှမဟုတ် အချိန်ပြည့်သတင်းကောင်းဟောသူတစ်ဦးအဖြစ် ဝိညာဉ်ရေးညီအစ်မငါးယောက်အုပ်စုနဲ့အတူ စပြီးအမှုဆောင်ခဲ့တယ်။ အစည်းအဝေးတွေကို စနစ်တကျပုံမှန်ကျင်းပတဲ့ အသင်းတော်တစ်ခုမှမရှိခဲ့ဘူး၊ ဒါပေမဲ့ ခရစ်ယာန်စာပေစာတမ်းတွေထဲက ဆောင်းပါးတွေကို အုပ်စုလိုက်ဖတ်ပြီး ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်အားပေးခဲ့ကြတယ်။ ကျွန်မရှေ့ဆောင်လုပ်တဲ့ပထမဆုံးလမှာ စိတ်ဝင်စားတဲ့သူတွေကို စာအုပ် ၉၅ အုပ် ဝေငှနိုင်ခဲ့တယ်! တစ်နှစ်ခွဲကျော်လောက်ကြာပြီးတဲ့နောက်မှာ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ချမ်ဘားဘတ်မြို့မှာ အထူးရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်ဖို့ ကျွန်မခန့်စာရခဲ့တယ်။ အဲဒီမှာ အိုင်အိုဝါမြို့ကနေလာတဲ့ ခရစ်ယာန်ညီအစ်မ ဒိုရာဝပ်တ် အပါအဝင် တခြားရှေ့ဆောင်ငါးယောက်အုပ်စုနဲ့ပူးပေါင်းပြီး ကျွန်မအမှုဆောင်ခဲ့တယ်။ ဒိုရာနဲ့ ကျွန်မဟာ ရှေ့ဆောင်လုပ်ဖော်ဆောင်ဖက်တွေဖြစ်လာတယ်။ ကျွန်မတို့က တစ်နှစ်တည်းမှာ နှစ်ခြင်းခံခဲ့ကြသူတွေဖြစ်တယ်၊ ဂိလဒ်ကျောင်းတက်ပြီး သာသနာပြုတွေအနေနဲ့ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ နှစ်ယောက်စလုံးဆန္ဒရှိကြတယ်။

၁၉၄၄ ခုနှစ်အစောပိုင်းမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့တစ်နေ့ရောက်လာခဲ့တယ်! စတုတ္ထအကြိမ်မြောက်ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ်ချက်ကို ကျွန်မတို့နှစ်ယောက်စလုံး လက်ခံရရှိခဲ့ကြတယ်။ အဲဒီနှစ်၊ ဩဂုတ်လမှာ ကျွန်မတို့သင်တန်းစတက်ခဲ့ကြတယ်။ ကျွန်မအကြောင်းဆက်မပြောခင် ဒိုရာဟာ ကျွန်မရဲ့နှစ်ရှည်ကြာရတနာရှာဖွေတဲ့ အဖော်တစ်ယောက် ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာကို သူပြောပြပါစေ။

အချိန်ပြည့်သက်သေခံခြင်းစတင်ရန် စိတ်ထက်သန်

ဒိုရာ– ကျွန်မအမေဟာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နားလည်ဖို့ အမြဲဆုတောင်းတဲ့သူတစ်ယောက်ပါ။ တစ်နေ့သောတနင်္ဂနွေနေ့မှာ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ပေးတဲ့ ဟောပြောချက်ကို ရေဒီယိုကနေတစ်ဆင့်ကြားတဲ့အချိန်မှာ ကျွန်မဟာ အမေနဲ့အတူရှိနေတယ်။ ဟောပြောချက်ပြီးတော့ အမေက “ဒါ အမှန်တရားပဲ” လို့ ပြောခဲ့တယ်! အဲဒီနောက်မကြာခင်မှာ ယေဟောဝါသက်သေတွေရဲ့စာပေတွေကို ကျွန်မတို့လေ့လာခဲ့ကြတယ်။ ၁၉၃၅ ခုနှစ်၊ ကျွန်မ ၁၂ နှစ်အရွယ်မှာ ယေဟောဝါသက်သေတစ်ယောက်ပေးတဲ့ နှစ်ခြင်းဟောပြောချက်တစ်ခုကို ကျွန်မတက်ရောက်ခဲ့ပြီး ကျွန်မဘဝကို ယေဟောဝါဆီမှာ ဆက်ကပ်အပ်နှံချင်တယ်လို့ ကျွန်မလှိုက်လှိုက်လှဲလှဲခံစားမိခဲ့တယ်။ နောက်သုံးနှစ်အကြာမှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်။ ကျောင်းတက်နေစဉ်နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မရဲ့ပန်းတိုင်တွေ ရှင်သန်နေပြီး ဆက်တည်ကြည်နေဖို့ ကျွန်မရဲ့ဆက်ကပ်အပ်နှံနှစ်ခြင်းခံမှုက ကျွန်မကို ကူညီပေးခဲ့တယ်။ ရှေ့ဆောင်တစ်ယောက်အဖြစ်အမှုထမ်းဆောင်နိုင်ဖို့အတွက် ကျွန်မ မြန်မြန်ကျောင်းပြီးချင်လှပြီ။

အဲဒီအချိန်မှာ ကျွန်မတို့ပူးပေါင်းခဲ့တဲ့သက်သေခံအုပ်စုဟာ အိုင်အိုဝါမြို့၊ ဖော့တ်ဒေါ့ဂ်ျဒေသက အသင်းတော်တစ်ခုအဖြစ် စုဝေးခဲ့ကြတယ်။ ခရစ်ယာန်အစည်းအဝေးတွေတက်ရောက်ဖို့ တော်တော့်ကိုကြိုးစားအားထုတ်ရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာဆွေးနွေးဖို့ ကင်းမျှော်စင် လေ့လာရန်ဆောင်းပါးတွေမှာ မေးခွန်းတွေမပါခဲ့ဘူး။ မေးခွန်းတွေကိုပြင်ဆင်ပြီး ကင်းမျှော်စင်သင်တန်းကိုင်တဲ့ ညီအစ်ကို,ကို ပေးဖို့ ကျွန်မတို့တောင်းဆိုခံရကြတယ်။ တနင်္လာနေ့ညတွေမှာ အမေနဲ့ကျွန်မက စာပိုဒ်တစ်ခုစီအတွက် မေးခွန်းတွေပြင်ဆင်ပြီး အဲဒါကို သင်တန်းကိုင်တဲ့ညီအစ်ကို,ကို ကျွန်မတို့ပေးရတယ်၊ ဒါမှ အသုံးပြုမယ့်မေးခွန်းတွေကို သူရွေးချယ်နိုင်မှာ။

ကျွန်မတို့ရဲ့အသင်းတော်ကို နယ်လှည့်ကြီးကြပ်မှူးတစ်ယောက် အခါအားလျော်စွာ လာလည်ပတ်လေ့ရှိတယ်။ အဲဒီညီအစ်ကိုတွေထဲမှာ ကျွန်မ ၁၂ နှစ်အရွယ် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာ ကျွန်မကိုကူညီပေးခဲ့တဲ့ ဂျွန် ဘုသ်လည်းပါတယ်။ ကျွန်မ ၁၇ နှစ်အရွယ်မှာ ရှေ့ဆောင်ခန့်အပ်လွှာစာရွက် ဘယ်လိုဖြည့်ရမယ်ဆိုတာ သူ့ကိုမေးတော့ သူကျွန်မကို ကူညီပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်ပြန်တွေ့ကြပြီး သူဟာ ရာသက်ပန်မိတ်ဆွေဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်မ,မသိခဲ့ဘူး။

ရှေ့ဆောင်တစ်ယောက်အနေနဲ့ မကြာခဏဆိုသလို ကျွန်မထက် အသက် ၁၅ နှစ်ပိုကြီးတဲ့ အချိန်ပြည့်သတင်းကောင်းဟောသူ ညီအစ်မဒေါရသီ အရိုစန်နဲ့ တွဲအမှုဆောင်ခဲ့ရတယ်။ ၁၉၄၃ ခုနှစ်မှာ ပထမဆုံးဂိလဒ်သင်တန်းတက်ဖို့ သူဖိတ်ခေါ်မခံရခင်အထိ ကျွန်မတို့ဟာ ရှေ့ဆောင်လုပ်ဖော်ဆောင်ဖက်တွေဖြစ်ကြတယ်။ နောက်တော့ ကျွန်မတစ်ယောက်တည်း ရှေ့ဆောင်ဆက်လုပ်ခဲ့တယ်။

ဆန့်ကျင်မှုက ကျွန်မတို့ကို မရပ်တန့်စေနိုင်

ဒုတိယကမ္ဘာစစ်ကြောင့် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေတဲ့အတွက် ၁၉၄၀ ပြည့်လွန်နှစ်တွေဟာ ကျွန်မတို့အတွက် ခက်ခဲတဲ့နှစ်တွေဖြစ်ခဲ့တယ်။ ကျွန်မတို့တစ်အိမ်မှတစ်အိမ်ဟောပြောတဲ့အခါ ကျွန်မတို့ကို ကြက်ဥပုပ်တွေ၊ ခရမ်းချဉ်သီးမှည့်တွေ၊ တစ်ခါတလေဆိုရင် ကျောက်ခဲတွေနဲ့တောင် ပစ်ပေါက်တတ်ကြတယ်! ကင်းမျှော်စင်နဲ့ နှစ်သိမ့်မှု (အခု နိုးလော့!) မဂ္ဂဇင်းတွေကို လမ်းထောင့်တွေမှာ ဝေငှတဲ့အခါ ပိုပြီးကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်ခဲ့တယ်။ ဘာသာရေးဆန့်ကျင်သူတွေရဲ့လှုံ့ဆော်မှုခံရတဲ့ ရဲတွေဟာ ကျွန်မတို့ဆီလာပြီး လူတွေကို ထပ်ပြီးဟောပြောနေမယ်ဆိုရင် အဖမ်းခံရမယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်။

ကျွန်မတို့ဆက်ပြီးသက်သေခံတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ရဲဌာနကို ကျွန်မတို့ကိုခေါ်သွားတယ်။ ပြန်လွတ်လာပြီးတဲ့နောက် စောစောကသက်သေခံတဲ့လမ်းထောင့်ကို ပြန်သွားပြီး အဲဒီမဂ္ဂဇင်းတွေကိုပဲ ပြန်ဝေငှခဲ့ကြတယ်။ တာဝန်ရှိတဲ့ညီအစ်ကိုတွေ အကြံပေးတဲ့အတိုင်း ကျွန်မတို့ရဲ့ရပ်တည်ချက်အတွက် ဟေရှာယ ၆၁:၁၊ ၂ ကို ကျွန်မတို့အသုံးပြုခဲ့ကြတယ်။ တစ်ခါမှာဆိုရင် ငယ်ရွယ်တဲ့ရဲတစ်ယောက် ကျွန်မဆီလာတော့ သူ့ကို ကျွန်မကြောက်ကြောက်နဲ့ ကျမ်းချက်ရွတ်ပြလိုက်တယ်။ အံ့ဩစရာကောင်းတာက ရုတ်တရက်သူပြန်လှည့်ထွက်သွားတယ်! ကျွန်မအတွက်တော့ ဒါဟာ ကောင်းကင်တမန်တွေ ကျွန်မတို့ကို ကာကွယ်ပေးနေတယ်လို့ ယူဆတယ်။

မမေ့နိုင်သော နေ့တစ်နေ့

၁၉၄၁  ခုနှစ်မှာ  မစ်ဆူရီပြည်နယ်  စိန့်လူးဝစ္စမြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ ငါးရက်ကြာစည်းဝေးကြီးကို တက်ရောက်ရတဲ့အတွက် ကျွန်မပျော်ရွှင်ခဲ့တယ်။ အဲဒီစည်းဝေးကြီးအတွင်းမှာ ညီအစ်ကို ရပ်သဖော့ဒ်က အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြားရှိကလေးတွေအားလုံးကို အားကစားကွင်းရဲ့ပင်မနေရာမှာ စုရုံးကြဖို့ပြောတယ်။ ထောင်နဲ့ချီတဲ့ကလေးတွေ စုရုံးခဲ့ကြတယ်။ ညီအစ်ကို ရပ်သဖော့ဒ်က သူ့ရဲ့လက်ကိုင်ပဝါကို ဝှေ့ယမ်းပြီး ကျွန်မတို့ကို နှုတ်ဆက်တယ်။ ကျွန်မတို့အားလုံးလည်း ပြန်ပြီးနှုတ်ဆက်ကြတယ်။ တစ်နာရီကြာဟောပြောချက်ပေးပြီးတဲ့နောက်မှာ သူက ဒီလိုပြောတယ်– “ဘုရားသခင့်အလိုတော်ထမ်းဆောင်ဖို့ သဘောတူခဲ့ကြပြီး ခရစ်တော်အားဖြင့်တည်ထောင်တဲ့ သီအိုကရက်တစ်အစိုးရဘက်မှာ ရပ်တည်ခဲ့ကြတဲ့အတွက်ကြောင့် ဘုရားသခင်နဲ့ ကိုယ်တော့်ဘုရင်ကို နာခံဖို့ သဘောတူခဲ့ကြတဲ့ကလေးတွေ၊ ကျေးဇူးပြု၍ မတ်တတ်ရပ်ကြပါ။” တစ်ပြိုင်တည်းမတ်တတ်ရပ်ခဲ့ကြတဲ့ ၁၅,၀၀၀ ရှိတဲ့ ကလေးတွေထဲမှာ ကျွန်မလည်းတစ်ယောက်အပါအဝင်ပေါ့! ဟောပြောသူက ဒီလိုဆက်ပြောခဲ့တယ်– “ဘုရားသခင့်နိုင်ငံတော်အကြောင်း တခြားသူတွေကို တတ်နိုင်သလောက်ပြောပြဖို့ သဘောတူတဲ့သင်တို့အားလုံး၊ ကျေးဇူးပြု၍ တူပါတယ် လို့ပြောကြပါ။” တူပါတယ် လို့ကျွန်မတို့ပြောပြီးနောက် မိုးခြိမ်းသံပမာ လက်ခုပ်တီးသံတွေ ထွက်ပေါ်လာခဲ့တယ်။

အဲဒီနောက် ကလေးများ *ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပြီး လူငယ်တသီတတန်းကြီးဟာ ညီအစ်ကို ရပ်သဖော့ဒ်ရှိတဲ့ စင်မြင့်ပေါ်လျှောက်သွားကြပြီး သူ့ဆီက စာအုပ်အသစ်တစ်အုပ်စီ ရရှိခဲ့ကြတယ်။ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ! အဲဒီအချိန်တုန်းက စာအုပ်ရရှိခဲ့တဲ့သူတော်တော်များများဟာ အခုချိန်မှာ ယေဟောဝါရဲ့နိုင်ငံတော်နဲ့ ကိုယ်တော့်ဖြောင့်မတ်ခြင်းအကြောင်းကို ကမ္ဘာတစ်ဝန်းမှာ ဟောပြောပြီး ဘုရားသခင့်အမှုတော်ကို စိတ်ထက်သန်စွာ ထမ်းဆောင်နေကြတုန်းပဲ။—⁠ဆာလံ ၁၄၈:၁၂၊ ၁၃

သုံးနှစ်ကြာ ရှေ့ဆောင်လုပ်ပြီးတဲ့နောက် ချမ်ဘားဘတ်မြို့မှာ အထူးရှေ့ဆောင်တစ်ယောက်အဖြစ် တာဝန်ခန့်အပ်ခံရတဲ့အချိန်မှာ ကျွန်မအရမ်းပျော်တယ်! အဲဒီမှာ ဒိုရိုသီယာနဲ့ဆုံတွေ့ခဲ့ပြီး မကြာခင်မှာ ကျွန်မတို့ဟာ အရမ်းကိုရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာကြတယ်။ ကျွန်မတို့ဟာ လူငယ်ပီပီ စိတ်ထက်သန်မှုအပြည့်ရှိပြီး အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ များများပါဝင်ဖို့ ကျွန်မတို့စိတ်ထက်သန်ကြတယ်။ ဘဝသက်တမ်းတစ်လျှောက်လုံးလုပ်ဆောင်ခဲ့တဲ့ ရတနာရှာဖွေရေးကို ကျွန်မတို့အတူ စပြီးလုပ်ဆောင်ကြတယ်။—⁠ဆာလံ ၁၁၀:⁠၃

အထူးရှေ့ဆောင်အဖြစ် ကျွန်မတို့စအမှုဆောင်ပြီး လအနည်းငယ်အကြာမှာ ပထမအကြိမ်ဂိလဒ်ကျောင်းဆင်း အဲလ်ဘတ် မဲန်းနဲ့ ကျွန်မတို့ဆုံတွေ့ခဲ့ကြတယ်။ တိုင်းတစ်ပါးမှာတာဝန်ကျတဲ့အတွက် သူ အခုသွားရတော့မယ်။ ကျွန်မတို့ ရရှိကောင်းရရှိမယ့် ဘယ်တိုင်းတစ်ပါးတာဝန်ခန့်အပ်မှုကိုမဆို လက်ခံဖို့ သူအားပေးခဲ့တယ်။

သင်တန်းကျောင်းတွင် အတူတူ

ဒိုရာနှင့် ဒိုရိုသီယာ– ခရစ်ယာန်သာသနာပြုလေ့ကျင့်ရေး စတင်တဲ့အခါ ကျွန်မတို့ရဲ့ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါ! လွန်ခဲ့တဲ့ ၁၂ နှစ်က ကျမ်းစာစောင်များမှ လေ့လာစရာများစာအုပ်ကို ဒိုရိုသီယာရဲ့အမေကို ပေးခဲ့တဲ့ ညီအစ်ကိုအဲလ်ဘတ် ရှရိုးဒါးက ပထမကျောင်းတက်တဲ့နေ့မှာ ကျွန်မတို့ကို စာရင်းသွင်းပေးခဲ့တယ်။ အဲဒီမှာ ဂျွန်ဘုသ်လည်းရှိတယ်။ အဲ့ဒီတုန်းက သူဟာ ကျောင်းတည်ရှိတဲ့ ဘုရားသခင့်နိုင်ငံတော်ခြံမှာ ခြံအမှုထမ်းတစ်ယောက်ဖြစ်နေပြီ။ နောက်ပိုင်းမှာ အဲဒီညီအစ်ကိုနှစ်ယောက်စလုံးဟာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအဖြစ် အမှုထမ်းခဲ့ကြတယ်။

ဂိလဒ်ကျောင်းမှာ သမ္မာကျမ်းစာရဲ့နက်နဲတဲ့အမှန်တရားတွေကို ကျွန်မတို့လေ့လာခဲ့ကြတယ်။ ကောင်းမွန်လှတဲ့လေ့ကျင့်မှုပါပဲ။ ကျွန်မတို့သင်တန်းကျောင်းမှာ မက္ကဆီကိုနိုင်ငံကလာတဲ့ ပထမဦးဆုံးနိုင်ငံခြားကျောင်းသားအပါအဝင် ကျောင်းသား ၁၀၄ ယောက်ရှိတယ်။ ကျွန်မတို့က စပိန်ဘာသာစကားကို ကြိုးစားလေ့လာနေတဲ့အချိန်မှာ သူကတော့ အင်္ဂလိပ်စာတိုးတက်ဖို့ ကြိုးစားနေတယ်။ ညီအစ်ကို နေသန် အိပ်ခ်ျ. နောရ်က ကျောင်းသားတွေကို တိုင်းတစ်ပါးတာဝန်ခန့်အပ်လွှာပေးတဲ့နေ့ဟာ ကျွန်မတို့အတွက် ရင်ခုန်စရာကောင်းလိုက်တာ! ကျောင်းသားအများစုဟာ ဗဟိုအမေရိကနဲ့ တောင်အမေရိကမှာ တာဝန်ကျခဲ့ကြတယ်၊ ကျွန်မတို့တာဝန်ကျတဲ့နေရာက ချီလီနိုင်ငံဖြစ်တယ်။

ချီလီနိုင်ငံတွင် ရတနာရှာဖွေခြင်း

ချီလီနိုင်ငံကို ကျွန်မတို့ဝင်ဖို့ ပြည်ဝင်ခွင့်ဗီဇာလိုတယ်၊ အဲ့ဒါရဖို့ အချိန်တော်တော်ကြာတယ်။ ဒါကြောင့် ၁၉၄၅၊ ဇန်နဝါရီလမှာ သင်တန်းဆင်းပြီးနောက် ဝါရှင်တန်၊ ဒီ.စီ.မှာ တစ်နှစ်ခွဲအထိ ရှေ့ဆောင်တွေအဖြစ် အမှုဆောင်ခဲ့ကြတယ်။ ပြည်ဝင်ခွင့်ဗီဇာရတဲ့အခါ ချီလီနိုင်ငံကိုသွားကြမယ့် ခရစ်ယာန်သာသနာပြုကိုးယောက်အုပ်စုထဲမှာ ကျွန်မတို့လည်းပါဝင်ခဲ့တယ်။ ခုနစ်ယောက်ဟာ ကျွန်မတို့ထက်စောပြီး ဂိလဒ်သင်တန်းဆင်းတဲ့သူတွေဖြစ်ကြတယ်။

မြို့တော်စန်တီယာဂိုကို ကျွန်မတို့ရောက်တော့ ခရစ်ယာန်ညီအစ်ကိုတော်တော်များများက ကျွန်မတို့ကို ကြိုဆိုခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မတို့ကိုအားပေးခဲ့တဲ့ ဂိလဒ်ကျောင်းဆင်း အဲလ်ဘတ် မဲန်းဖြစ်တယ်။ သူဟာ ဒုတိယအကြိမ်ဂိလဒ်သင်တန်းဆင်း ဂျိုးဇက် ဖက်ရာရီနဲ့အတူ မနှစ်က ချီလီနိုင်ငံကို ရောက်လာခဲ့ကြတယ်။ ချီလီနိုင်ငံကို ကျွန်မတို့ရောက်တဲ့အချိန်မှာ ကြေညာသူစုစုပေါင်း ၁၀၀ တောင်မရှိသေးဘူး။ ကျွန်မတို့တာဝန်ကျတဲ့နေရာသစ်မှာ စိတ်နှလုံးရိုးဖြောင့်တဲ့သူ ရတနာတွေကို ကျွန်မတို့ ထပ်ပြီးရှာဖွေတွေ့ချင်ကြတယ်။

စန်တီယာဂိုမြို့မှာရှိတဲ့ ခရစ်ယာန်သာသနာပြုအိမ်မှာနေပြီး အမှုတော်ထမ်းဆောင်ဖို့ ကျွန်မတို့တာဝန်ရခဲ့တယ်။ ခရစ်ယာန်သာသနာပြုမိသားစုကြီးနဲ့အတူနေရတာ ကျွန်မတို့အတွက် တွေ့ကြုံမှုအသစ်ပေါ့။ ဟောပြောခြင်းလုပ်ငန်းမှာ သတ်မှတ်နာရီကို ပြည့်မီရမယ့်အပြင် မိသားစုအတွက် တစ်ပတ်မှာတစ်ခါချက်ပြုတ်ဖို့ ခရစ်ယာန်သာသနာပြုအားလုံးကို တာဝန်ပေးထားတယ်။ ရှက်စရာလေးတွေဖြစ်ခဲ့တဲ့ တွေ့ကြုံမှုတွေကို ကျွန်မတို့တစ်တွေ ကြုံတွေ့ရတယ်။ တစ်ချိန်မှာဆိုရင် ဆာနေကြပြီဖြစ်တဲ့ ကျွန်မတို့ ခရစ်ယာန်သာသနာပြုမိသားစုအတွက် ဘီစကစ်မုန့်ပူပူလေးကို မနက်စာအဖြစ် ကျွန်မတို့ပြင်ဆင်တယ်၊ ဒါပေမဲ့ ဘီစကစ်တွေကို မီးဖိုကနေထုတ်လိုက်တော့ အတော့်ကိုအနံ့ဆိုးနေတာကို ကျွန်မတို့သတိထားမိကြတယ်။ မုန့်ဖုတ်တဲ့ဆော်ဒါအစား ဆိုဒါမှုန့်ကိုမှားပြီးသုံးမိကြတယ်။ တစ်ယောက်ယောက်က ဆော်ဒါပုလင်းအလွတ်ထဲကို ဆိုဒါမှုန့်တွေထည့်ထားလို့ဖြစ်တယ်။

စပိန်ဘာသာစကားကို သင်ယူတုန်းက ကျွန်မတို့လုပ်မိတဲ့အမှားအယွင်းတွေဟာ ပိုလို့တောင် ရှက်စရာကောင်းတယ်။ ကျွန်မတို့နဲ့ကျမ်းစာသင်အံမှုလုပ်နေတဲ့ မိသားစုကြီးတစ်စုဆိုရင် ကျွန်မတို့ပြောတာကို နားမလည်နိုင်တဲ့အတွက် သင်အံမှုရပ်ခါနီးနီးပဲ။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျမ်းစာထဲက ကျမ်းချက်တွေကိုကြည့်ပြီး အမှန်တရားကို သူတို့သင်ယူနိုင်ခဲ့ကြတယ်၊ သူတို့ထဲက ငါးယောက်ဟာ သက်သေခံတွေဖြစ်လာတယ်။ အဲဒီတုန်းက ခရစ်ယာန်သာသနာပြုအသစ်တွေအတွက် ဘာသာစကားသင်တန်းဆိုတာ မရှိခဲ့ဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ စပြီးပါဝင်လိုက်ကြတာပဲ၊ ကျွန်မတို့သက်သေခံတဲ့လူတွေဆီကနေ ဘာသာစကားကို ကြိုးစားပြီးသင်ယူခဲ့ကြရတယ်။

ကျမ်းစာသင်အံမှုတော်တော်များများကို ကျွန်မတို့ကျင်းပခဲ့ကြတယ်၊ ကျွန်မတို့ရဲ့သင်သားတချို့ဟာ အလျင်အမြန်တုံ့ပြန်ခဲ့ကြတယ်။ တခြားသင်အံမှုတွေကျတော့ တော်တော့်ကိုစိတ်ရှည်ရတယ်။ ထရီဇာ တဲလ်လိုဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ အမှန်တရားသတင်းကို နားထောင်ပြီး ဒီလိုပြောခဲ့တယ်– “ကျေးဇူးပြုပြီး နောက်ပြန်လာပါ၊ ကျွန်မကိုထပ်ပြီးသင်ပေးပါ။” သူ့ဆီကို ၁၂ ကြိမ် ပြန်သွားခဲ့ပေမဲ့ သူနဲ့တစ်ခါမှမတွေ့ဘူး။ သုံးနှစ်ကြာသွားပြီ။ အဲဒီနောက် စန်တီယာဂိုမြို့၊ ပြဇာတ်ရုံတစ်ခုမှာကျင်းပတဲ့ စည်းဝေးပွဲတစ်ခုကို ကျွန်မတို့တက်ရောက်ခဲ့ကြတယ်။ တနင်္ဂနွေနေ့ စည်းဝေးပွဲကနေ ကျွန်မတို့ထွက်လာတဲ့အချိန်မှာ “ဒိုရာ၊ ဒိုရာ” လို့ လူတစ်ယောက်က ခေါ်တယ်! ကျွန်မတို့လှည့်ကြည့်တော့ ထရီဇာဖြစ်နေတယ်။ သူက တစ်ဖက်လမ်းမှာရှိတဲ့ သူ့အစ်မဆီလာလည်ရင်းနဲ့ စည်းဝေးပွဲကျင်းပတဲ့ပြဇာတ်ရုံမှာ ဘာတွေဖြစ်နေသလဲဆိုတာကိုသိဖို့ လာတာဖြစ်တယ်။ သူ့ကို ပြန်တွေ့ရတော့ ဝမ်းသာလိုက်တာ! ကျမ်းစာသင်အံမှုကျင်းပဖို့ အစီအစဉ်တွေပြန်လုပ်ပြီး အဲဒီနောက် မကြာခင်မှာ သူနှစ်ခြင်းခံခဲ့တယ်။ နောက်ပိုင်းမှာ အထူးရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။ ၄၅ နှစ်လောက်ကြာပြီဖြစ်တဲ့ ယနေ့အချိန်မှာ ထရီဇာဟာ အထူးအချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နေတုန်းပါပဲ။—⁠ဒေ. ၁၁:⁠၁

“သဲသောင်ပြင်” တွင် ရတနာများကို ရှာဖွေခြင်း

၁၉၅၉ ခုနှစ်မှာ မိုင်ပေါင်း ၂,၇၀၀ ရှည်လျားတဲ့ ချီလီနိုင်ငံပင်လယ်ကမ်းရိုးတန်း တောင်ဘက်စွန်းမှာရှိတဲ့ “သဲသောင်ပြင်အမှတ်” လို့အဓိပ္ပာယ်ရှိတဲ့ ပွန်တာ အရီနာစ်မှာ ကျွန်မတို့တာဝန်ကျတယ်။ ပွန်တာ အရီနာစ်ဟာ ထူးခြားတဲ့နယ်မြေဖြစ်တယ်။ နွေရာသီမှာ နေ့တာရှည်တယ်၊ ည ၁၁:၃၀ အထိ နေရောင်ကိုမြင်ရတယ်။ နွေရာသီမှာ ကြမ်းတမ်းတဲ့အန္တာတိတ်လေတွေ တိုက်ခတ်တတ်ပေမဲ့လည်း ဓမ္မအမှုကို အတားအဆီးမဖြစ်စေဘဲ နေ့ရက်တော်တော်များများကျွန်မတို့အမှုတော်ဆောင်နိုင်ခဲ့တယ်။ ဆောင်းရာသီမှာတော့ အေးတယ်၊ နေ့တာတိုတယ်။

အဲဒီလိုအခက်အခဲတွေရှိပေမဲ့လည်း ပွန်တာ အရီနာစ်မှာ နှစ်လို့ဖွယ်ကောင်းတဲ့အရာတွေလည်းရှိတယ်။  နွေရာသီမှာဆိုရင် အနောက်ဘက်ကောင်းကင်ယံမှာ အဆက်မပြတ်ရွေ့လျားသွားနေတဲ့ တိမ်စိုင်တိမ်လိပ်တွေရှိတယ်။ တစ်ခါတလေ အဲဒီမိုးတိမ်တွေက  ရေတွေဒလဟောရွာသွန်းချတယ်၊ ဒါပေမဲ့ လေတိုက်လာပြီး ပြန်ခြောက်သွားတာပဲ။  တိမ်တိုက်တွေကြားကနေ နေမင်းကြီးထွက်လာတဲ့အခါ လှပတဲ့သက်တံ့လည်း ပေါ်လာတယ်။ မိုးတိမ်တိုက်တွေကြားကနေ နေရောင်ခြည်ထွက်လာတဲ့အခါ အဲဒီသက်တံ့ဟာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ တစ်ခါတလေ နာရီတော်တော်ကြာတဲ့အထိ ရှိတတ်တယ်။—⁠ယောဘ ၃၇:၁၄

အဲဒီအချိန်တုန်းက ပွန်တာ အရီနာစ်မှာ ကြေညာသူနည်းနည်းလေးပဲရှိတယ်။ ဒေသခံအသင်းတော်ငယ်လေးမှာ ကျွန်မတို့ညီအစ်မတွေက အစည်းအဝေးကို ဦးဆောင်ခဲ့ကြရတယ်။ ကျွန်မတို့ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေးခဲ့တယ်။ နောက်သုံးဆယ့်ခုနစ်,နှစ်အကြာမှာ အဲဒီနေရာကို အလည်တစ်ခေါက်သွားခဲ့ကြတယ်။ ကျွန်မတို့ဘာတွေ့ခဲ့ရသလဲ။ တိုးတက်တဲ့အသင်းတော်ခြောက်ခုနဲ့ လှပတဲ့နိုင်ငံတော်ခန်းမသုံးခုကို တွေ့ရတယ်။ အဲဒီတောင်ပိုင်းသဲသောင်ပြင်မှာ ဝိညာဉ်ရေးရတနာတွေကို ရှာတွေ့ဖို့ ကျွန်တို့ကို ယေဟောဝါခွင့်ပြုတဲ့အတွက် ရွှင်လန်းအားရစရာပဲ!—⁠ဇာခရိ ၄:၁၀

“ကျယ်ပြန့်သောကမ်းခြေ ” တစ်ခုတွင်ရတနာများထပ်ရှာဖွေခြင်း

ပွန်တာ အရီနာစ်ဒေသမှာ သုံးနှစ်ခွဲကြာအမှုထမ်းဆောင်ပြီးတဲ့နောက် ဗဲလ်ပါရေဇိုဆိပ်ကမ်းမြို့မှာ အမှုဆောင်ဖို့ ကျွန်မတို့တာဝန်ရခဲ့ကြတယ်။ ပင်လယ်အော်တစ်ခုကို ဝန်းရံထားတဲ့ တောင်ကုန်း ၄၁ ခုနဲ့ ဖွဲ့စည်းထားတဲ့မြို့ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာကို အပေါ်စီးကနေ မြင်ရတယ်။ အဲဒီတောင်တွေထဲက တစ်ခုဖြစ်ပြီး “ကျယ်ပြန့်သောကမ်းခြေ” လို့အဓိပ္ပာယ်ရှိတဲ့ ပလီယာ အန်ခါတောင်ကုန်းပေါ်မှာ ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီမှာ ၁၆ နှစ်ကြာ နေထိုင်စဉ်အတွင်း ဝိညာဉ်ရေးမှာတိုးတက်နေတဲ့ လူငယ်ခရစ်ယာန်ညီအစ်ကိုအုပ်စုတစ်စုကို ကျွန်မတို့တွေ့ခဲ့ကြတယ်၊ အခုတော့ သူတို့ဟာ ချီလီနိုင်ငံတစ်လျှောက်မှာရှိတဲ့ အသင်းတော်တွေမှာ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ခရစ်ယာန်အကြီးအကဲတွေအဖြစ် အမှုထမ်းဆောင်နေကြတယ်။

နောက်ထပ်ကျွန်မတို့ရဲ့ သာသနာပြုတာဝန်ကျတဲ့နေရာက ဗီးနာ ဒဲလ်မာဖြစ်ပါတယ်။ ငလျင်တစ်ခုကြောင့် ခရစ်ယာန်သာသနာပြုအိမ် မပျက်စီးခင်အထိ သုံးနှစ်ခွဲကြာ အဲဒီမှာ ကျွန်မတို့အမှုဆောင်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ် ၄၀ က ကျွန်မတို့ရဲ့ခရစ်ယာန်သာသနာပြုလုပ်ငန်းကို စတင်ခဲ့တဲ့နေရာ စန်တီယာဂိုမြို့ကို ကျွန်မတို့ပြန်သွားခဲ့တယ်။ တော်တော်လေးပြောင်းလဲနေပြီ။ ဌာနခွဲအဆောက်အဦသစ်တစ်ခု ဆောက်ထားတယ်၊ အရင်ဌာနခွဲအဆောက်အအုံဟောင်းကို နိုင်ငံအတွင်းမှာကျန်ရှိနေတဲ့ ခရစ်ယာန်သာသနာပြုတွေအားလုံးနေထိုင်ဖို့ အသုံးပြုလိုက်တယ်။ နောက်ပိုင်းမှာ အဲဒီအိမ်ကို ဓမ္မအမှုသင်တန်းကျောင်းအတွက် အသုံးပြုခဲ့ကြတယ်။ အဲဒီအချိန်မှာ ယေဟောဝါရဲ့မေတ္တာကရုဏာကို ကျွန်မတို့ပြန်ခံစားရတယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ကျွန်မတို့သာသာနာပြုငါးယောက်ဟာ ဗေသလမှာနေဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ တာဝန် ၁၅ မျိုးထမ်းဆောင်ရတဲ့ ချီလီနိုင်ငံမှာ အမှုဆောင်စဉ်ကာလအတွင်း ကြေညာသူ ၁၀၀ မရှိတဲ့အခြေအနေကနေ ၇၀,၀၀၀ လောက်အထိ တိုးတက်လာတာကို ကျွန်မတို့မြင်တွေ့ခဲ့ရတယ်! ချီလီနိုင်ငံမှာ ၅၇ နှစ်ကြာ ရတနာတွေကို ရှာဖွေရတဲ့အတွက် ရွှင်လန်းစရာကောင်းလိုက်တာ!

ရတနာတွေဖြစ်တဲ့ အဲဒီလောက်များတဲ့လူတွေကို ယေဟောဝါက ကျွန်မတို့ကိုရှာတွေ့ခွင့်ပေးတဲ့အတွက် အလွန်ကောင်းချီးခံစားရတယ်လို့ ကျွန်မတို့ခံစားမိတယ်၊ သူတို့ဟာ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကိုယ်တော်ရဲ့အသုံးတော်ကို ဆက်ခံနေကြတုန်းပဲ။ နှစ်ပေါင်း ၆၀ ထက်မက ယေဟောဝါရဲ့အမှုတော်ကို ကျွန်မတို့အတူတကွအမှုဆောင်တဲ့ကာလကို ပြန်ကြည့်တဲ့အခါ ဘုရင်ဒါဝိဒ်ဖော်ပြတဲ့သဘောထားကို ကျွန်မတို့နှလုံးအပြည့်နဲ့သဘောတူကြတယ်၊ ဒါဝိဒ် ဒီလိုရေးခဲ့တယ်– “ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြသူတို့အတွက် သိုမှီးထားတော်မူသော ကောင်းသောအရာများကား အလွန်ပင်များပြားလှပါသည်တကား!”—⁠ဆာလံ ၃၁:၁၉ကဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 24 ယေဟောဝါသက်သေများထုတ်ဝေခဲ့သည်၊ သို့သော် ယခု ပုံမနှိပ်တော့ပါ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဒိုရိုသီယာ ၂၀၀၂ ခုနှစ်ကနှင့်၁၉၄၃ ခုနှစ်က ဟောပြောခြင်းလုပ်ငန်းတွင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၉၄၂ ခုနှစ်၊ အိုင်အိုဝါမြို့၊ ဖော့တ်ဒေါ့ဂ်ျဒေသ လမ်းပေါ်သက်သေခံလုပ်ငန်းတွင် ပါဝင်စဉ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဒိုရာ၊ ၂၀၀၂

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဒိုရိုသီယာနှင့် ဒိုရာ၊ ၁၉၄၆ ခုနှစ်၊ချီလီနိုင်ငံရှိသူတို့၏ပထမဆုံးခရစ်ယာန်သာသနာပြုအိမ် အပြင်ဘက်တွင်