မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ နှုတ်မြွက်တရားတော်သည် သင့်ခြေလှမ်းများကို လမ်းညွှန်ပါစေ

ဘုရားသခင်၏ နှုတ်မြွက်တရားတော်သည် သင့်ခြေလှမ်းများကို လမ်းညွှန်ပါစေ

ဘုရားသခင်၏ နှုတ်မြွက်တရားတော်သည် သင့်ခြေလှမ်းများကို လမ်းညွှန်ပါစေ

‘နှုတ်မြွက်တရားတော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’—⁠ဆာလံ ၁၁၉:၁၀၅

၁၊ ၂။ လူသားအများစုသည် စစ်မှန်သောငြိမ်သက်မှုနှင့် ပျော်ရွှင်မှုရှာဖွေရာတွင် အဘယ်ကြောင့် မအောင်မြင်ကြသနည်း။

တစ်ခါက မည်သည့်ဘက်သို့သွားရမည်ကို မသိသောကြောင့် တစ်စုံတစ်ဦးအားမေးခဲ့ရသည့်အဖြစ်ကို သင်အမှတ်ရပါသလော။ လိုရာခရီးသို့ရောက်လုပြီဖြစ်သော်လည်း နောက်ဆုံးလမ်းချိုးတို့တွင် မသေမချာဖြစ်နေခြင်း ဖြစ်ပေမည်။ သို့မဟုတ် လုံးလုံးလမ်းပျောက်သွားပြီး သင်၏လမ်းကြောင်းကို လုံးလုံးပြောင်းလိုက်ဖို့လိုခြင်းလည်း ဖြစ်ပေမည်။ မည်သည့်အခြေအနေပင်ဖြစ်ပါစေ ထိုနေရာဒေသကိုကျွမ်းကျင်သူ တစ်ဦးဦး၏ လမ်းညွှန်မှုကိုယူခြင်းသည် ပညာရှိရာရောက်သည်မဟုတ်လော။ ထိုသူသည် သင့်လိုရာခရီးရောက်အောင် အကူအညီပေးနိုင်ပါသည်။

နှစ်ပေါင်းထောင်နှင့်ချီကာ လူသားထုတစ်ရပ်လုံးနီးပါးသည် ဘုရားသခင်၏အကူအညီမယူဘဲ မိမိတို့၏ဘဝလမ်းကိုရှာတွေ့ရန် ကြိုးစားခဲ့ကြသည်။ သို့သော် မစုံလင်သောလူသားတို့သည် ဘုရားသခင်၏လမ်းညွှန်မှုမယူကြသောကြောင့် လုံးလုံးလမ်းပျောက်ခဲ့ကြသည်။ သူတို့သည် စစ်မှန်သောငြိမ်သက်မှုနှင့် ပျော်ရွှင်မှုရှိရာလမ်းကို ရှာမတွေ့နိုင်ကြပါ။ အဘယ်ကြောင့်မတွေ့နိုင်ကြသနည်း။ လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်က ပရောဖက်ယေရမိ ဤသို့ဆိုခဲ့၏– “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” (ယေရမိ ၁၀:၂၃) တတ်စွမ်းနိုင်သောသူ၏အကူအညီကို လက်မခံဘဲ မိမိဘာသာလမ်းညွှန်ရန်ကြိုးစားသူ မည်သူမဆိုသည် စိတ်ပျက်ဖွယ်အခြေအနေနှင့် မလွဲဧကန်ကြုံတွေ့ကြရသည်။ မှန်ပါသည်၊ လူသားတို့သည် လမ်းညွှန်မှုလိုအပ်သည်။

၃။ လူသားတို့ကိုလမ်းညွှန်ရာတွင် ယေဟောဝါဘုရားသခင်သည် အဘယ်ကြောင့် အရည်အသွေးအပြည့်ဝဆုံးအရှင် ဖြစ်တော်မူသနည်း။ ကိုယ်တော်မည်သို့ကတိပြုတော်မူသနည်း။

လမ်းညွှန်မှုပေးရာတွင် ယေဟောဝါဘုရားသခင်သည် အရည်အသွေးအပြည့်ဝဆုံးအရှင်ဖြစ်တော်မူသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကိုယ်တော်သည် လူသားများ၏တည်ဆောက်ဖွဲ့စည်းပုံကို အခြားမည်သူမဆိုထက် ပို၍နားလည်သောကြောင့်ဖြစ်သည်။ ထို့ပြင် လူသားတို့ မည်သို့လမ်းလွဲခဲ့၊ လမ်းပျောက်ခဲ့ပုံတို့ကို ကိုယ်တော်အပြည့်အဝ သိတော်မူသည်။ လမ်းမှန်ပေါ်ပြန်ရောက်ရန် အဘယ်အရာလိုအပ်သည်ကိုလည်း ကိုယ်တော်သိတော်မူသည်။ ထို့ပြင်၊ ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါသည် ကျွန်ုပ်တို့အတွက် အဘယ်အရာအကောင်းဆုံးဖြစ်သည်ကို အမြဲသိရှိတော်မူသည်။ (ဟေရှာယ ၄၈:၁၇) ထို့ကြောင့် ဆာလံ ၃၂:၈ တွင်မှတ်တမ်းတင်ထားသော ကိုယ်တော်၏ဤကတိတော်ကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချနိုင်ပါသည်– “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည်လမ်းကိုပြညွှန်မည်။ သင့်ကိုကြည့်ရှု ပြုစုမည်။” ယေဟောဝါသည် အကောင်းဆုံးလမ်းညွှန်မှုကိုပေးတော်မူသည် ဟူသည့်အချက်ကို လုံးလုံးယုံကြည်စိတ်ချနိုင်ပါသည်။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သို့လမ်းညွှန်တော်မူသနည်း။

၄၊ ၅။ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ကျွန်ုပ်တို့ကို မည်သို့လမ်းညွှန်နိုင်သနည်း။

ဆာလံဆရာ ယေဟောဝါထံဆုတောင်းရာတွင် ‘နှုတ်မြွက်တရားတော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏’ ဟုဆိုခဲ့သည်။ (ဆာလံ ၁၁၉:၁၀၅) ဘုရားသခင်၏မိန့်တော်မူချက်များနှင့် သတိပေးချက်များကို သမ္မာကျမ်းစာတွင်တွေ့ရှိရပြီး ယင်းတို့သည် ကျွန်ုပ်တို့၏လမ်းခရီးတွင် ကြုံတွေ့နိုင်သော အတားအဆီးများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကူညီပေးသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုဖတ်ရှုပြီး ယင်းကို ကျွန်ုပ်တို့အား လမ်းညွှန်ရန်ခွင့်ပြုသည့်အခါ ဟေရှာယ ၃၀:၂၁ တွင်ဖော်ပြထားသည့် ဤအချက်ကို ကိုယ်တွေ့ခံစားကြရသည်– “‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့’ ဟုသင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။”

သို့သော် ဆာလံ ၁၁၉:၁၀၅ တွင် ဘုရားသခင့်နှုတ်မြွက်တရားတော်၏ ဆက်စပ်မှုရှိသောလုပ်ဆောင်ချက်နှစ်ရပ် ဖော်ပြထားသည်ကို သတိပြုပါ။ ပထမ၊ ကျွန်ုပ်တို့ခြေရှေ့တွင် မီးခွက်ပမာ ဆောင်ရွက်ခြင်းဖြစ်သည်။ ဖြစ်ရိုးဖြစ်စဉ်ပြဿနာများ ရင်ဆိုင်ရသည့်အခါ သမ္မာကျမ်းစာတွင်တွေ့ရသောမူများဖြင့် ကျွန်ုပ်တို့ခြေလမ်းများကို လမ်းညွှန်စေသင့်သည်၊ သို့ဖြင့် ကျွန်ုပ်တို့သည် ပညာရှိဆုံးဖြတ်ချက်များချပြီး ဤလောက၏ ကျော့ကွင်းနှင့် ထောင်ချောက်များကို ရှောင်နိုင်မည်။ ဒုတိယ၊ ဘုရားသခင်၏သတိပေးချက်များက ကျွန်ုပ်တို့၏လမ်းခရီးကို အလင်းပေးသည်၊ ဘုရားသခင်ကတိထားရာ ပရဒိသုတွင် ထာဝရအသက်ရမည်ဟူသည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့်အညီ ရွေးချယ်မှုများပြုလုပ်စေရန် အကူအညီပေးခြင်းအားဖြင့်ဖြစ်သည်။ လမ်း၏အရှေ့ကိုကောင်းကောင်းမြင်နိုင်သည့်အလင်းရောင်က တစ်စုံတစ်ခုသောလမ်းစဉ်သည် အကျိုးရှိ၏လော၊ အကျိုးယုတ်၏လော စသည့်အကျိုးဆက်ကို ကောင်းစွာခွဲခြားသိနိုင်စေမည်။ (ရောမ ၁၄:၂၁; ၁ တိမောသေ ၆:၉; ဗျာ. ၂၂:၁၂) သမ္မာကျမ်းစာတွင်တွေ့ရသည့် ဘုရားသခင်၏နှုတ်မြွက်စကားတော်များသည် ကျွန်ုပ်တို့ခြေရှေ့ရှိမီးခွက်နှင့် ကျွန်ုပ်တို့လမ်းခရီး၏အလင်း မည်သို့ဖြစ်နိုင်ပုံကို ပို၍အသေးစိတ်ကြည့်ကြစို့။

“အကျွန်ုပ်ခြေရှေ့မှာ မီးခွက်”

၆။ အဘယ်အခြေအနေမျိုးအောက်တွင် ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ကျွန်ုပ်တို့ခြေရှေ့တွင် မီးခွက်ဖြစ်နိုင်သနည်း။

ကျွန်ုပ်တို့သည် နေ့စဉ် ဆုံးဖြတ်ချက်များချကြသည်။ ဆုံးဖြတ်ချက်အချို့သည် အသေးအဖွဲဖြစ်ပုံရသည်၊ သို့သော် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ကိုယ်ကျင့်တရား၊ ကျွန်ုပ်တို့၏ရိုးသားမှု၊ ကျွန်ုပ်တို့၏ကြားနေမှုကိုစမ်းသပ်သည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရပေမည်။ ထိုသို့သော စုံစမ်းနှောင့်ယှက်မှုကို အောင်မြင်စွာရင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့တွင် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ရှိရမည်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ဘုရားသခင့်နှုတ်မြွက်တရားတော်မှ တိကျမှန်ကန်သောအသိပညာကိုရယူပြီး ယင်းတွင်ပါသောမူများကို နားလည်သဘောပေါက်အောင်ကြိုးစားခြင်းဖြင့် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကိုလေ့ကျင့်ကာ ယေဟောဝါနှစ်သက်သော ဆုံးဖြတ်ချက်များချကြသည်။—⁠သု. ၃:၂၁

၇။ ခရစ်ယာန်တစ်ဦးသည် ယုံကြည်ခြင်းမတူသူ အလုပ်ဖော်များနှင့် ပေါင်းသင်းဆက်ဆံသွားစေနိုင်သည့် အခြေအနေတစ်ခုကို ဖော်ပြပါ။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သင်သည် ယေဟောဝါ၏စိတ်ကိုရွှင်လန်းစေရန် စိတ်ရိုးမှန်နှင့်ကြိုးစားနေသည့် အရွယ်ရောက်ပြီးသူတစ်ဦးလော။ (သု. ၂၇:၁၁) သို့ဖြစ်လျှင် သင့်ကိုချီးမွမ်းပါသည်။ သင့်အလုပ်ဖော်တချို့က အားကစားပွဲတစ်ခုသို့သွားရန် သူတို့နှင့်အတူလိုက်ဖို့ သင့်အားလက်မှတ်တစ်စောင်ပေးသည်ဟု မြင်ယောင်ကြည့်ပါ။ သူတို့သည် သင်နှင့်အတူ အလုပ်လုပ်ရသည်ကို ပျော်မွေ့ကြပြီး အလုပ်ပြင်ပပေါင်းသင်းမှုတွင်လည်း သင့်အားပါဝင်လိုကြပေမည်။ ထိုသူတို့တစ်ဦးစီသည် လူကောင်းများဖြစ်သည်ဟု သင်စိတ်စွဲနေနိုင်သည်။ သူတို့တွင် ကောင်းသည့်စည်းမျဉ်းမူတချို့ပင် ရှိပေမည်။ သင်ဘာလုပ်မည်နည်း။ သူတို့၏ဖိတ်ခေါ်ချက်ကိုလက်ခံခြင်းဖြင့် အန္တရာယ်တစ်စုံတစ်ရာရှိပါမည်လော။ ဤကိစ္စတွင် ဆုံးဖြတ်ချက်ကောင်းချနိုင်ရန် ဘုရားသခင့်နှုတ်မြွက်တရားတော်က မည်သို့ကူညီနိုင်သနည်း။

၈။ ပေါင်းသင်းဆက်ဆံခြင်းကိစ္စနှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ရန် အဘယ်ကျမ်းစာမူများက အထောက်အကူပြုသနည်း။

ကျမ်းစာမူတချို့ကို သုံးသပ်ကြည့်ပါ။ စိတ်ထဲပေါ်လာနိုင်သည့် ဦးဆုံးအချက်မှာ ၁ ကောရိန္သု ၁၅:၃၃ တွင်တွေ့ရသော “မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဖြစ်ပေမည်။ ဤမူက ယုံကြည်ခြင်းမတူသူတို့ကို လုံးလုံးရှောင်ကြဉ်ရမည်ကို ဆိုလိုသလော။ ဤမေးခွန်းအတွက် ကျမ်းစာအဖြေမှာ မဟုတ်ပါဟူ၍ဖြစ်သည်။ အမှန်တကယ်တွင် တမန်တော်ပေါလုကိုယ်တိုင် မယုံကြည်သောသူတို့အပါအဝင် “ခပ်သိမ်းသောသူတို့” အတွက် မေတ္တာပါစိုးရိမ်ပူပန်မှုကို တင်ပြခဲ့သည်။ (၁ ကောရိန္သု ၉:၂၂) ခရစ်ယာန်ဘာသာ၏သဘောသဘာဝအရ ကျွန်ုပ်တို့နှင့် အယူဝါဒမတူသူများအပါအဝင် အခြားသူများကို စိတ်ဝင်စားမှုတင်ပြရန် တောင်းဆိုထားသည်။ (ရောမ ၁၀:၁၃-၁၅) ကျွန်ုပ်တို့၏အကူအညီ လိုအပ်နေနိုင်သူတို့နှင့် ကျွန်ုပ်တို့သီးခြားနေမည်ဆိုလျှင် “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ဟူသောဆုံးမစကားကို မည်သို့လိုက်လျှောက်နိုင်မည်နည်း။—⁠ဂလာတိ ၆:၁၀

၉။ အလုပ်ဖော်များနှင့် ကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံရာတွင် မျှတမှုရှိရန် အဘယ်ကျမ်းစာအကြံပေးချက်က အထောက်အကူပြုသနည်း။

သို့သော် အလုပ်ဖော်တစ်ဦးနှင့်ခင်မင်ခြင်းနှင့် တစ်စုံတစ်ဦး၏ အရင်းနှီးဆုံးအပေါင်းအဖော်ဖြစ်ခြင်းတို့အကြားတွင် သိသာထင်ရှားသည့်ကွာခြားချက်ရှိပါသည်။ ဤတွင် နောက်ထပ်ကျမ်းစာမူတစ်ခု ပါဝင်ပတ်သက်လာသည်။ ခရစ်ယာန်များအား တမန်တော်ပေါလု ဤသို့သတိပေးခဲ့၏– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။” (၂ ကောရိန္သု ၆:၁၄) “ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်” ဟူသောစကားစု၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘာသာပြန်ကျမ်းတချို့တွင် ယင်းစကားစုကို “ပူးပေါင်းမလုပ်ဆောင်နှင့်၊” “တူညီသည့်အလား အတူတကွလုပ်ဆောင်ရန် မကြိုးစားနှင့်၊” “မတော်မတန်ပေါင်းသင်းဆက်ဆံမှုပြုခြင်းကို ရပ်တန့်ပါ” စသဖြင့်ပြန်ဆိုကြသည်။ အလုပ်ဖော်တစ်ဦးနှင့် ပေါင်းသင်းဆက်ဆံမှုသည် အဘယ်အချိန်တွင် မတော်မတန်ဖြစ်လာသနည်း။ အဘယ်အချိန်တွင် ဆန့်ကျင်ဘက်ထမ်းပိုးကို ထမ်းသည့်အခြေအနေဖြစ်လာသနည်း။ ဤအခြေအနေမျိုးတွင် ဘုရားသခင့်နှုတ်မြွက်တရားတော် သမ္မာကျမ်းစာသည် သင်၏ခြေလှမ်းကို လမ်းညွှန်ပေးနိုင်သည်။

၁၀။ (က) ယေရှုသည် အပေါင်းအဖော်များကို မည်သို့ရွေးချယ်တော်မူခဲ့သနည်း။ (ခ) ပေါင်းသင်းဆက်ဆံခြင်းနှင့်ပတ်သက်၍ ကောင်းသောဆုံးဖြတ်ချက်များချရာတွင် အဘယ်မေးခွန်းများက အထောက်အကူပြုနိုင်သနည်း။

၁၀ ဖန်ဆင်းချိန်မှစ၍ လူသားတို့ကို ချစ်မြတ်နိုးတော်မူခဲ့သော ယေရှု၏ပုံသက်သေကို သုံးသပ်ပါ။ (သု. ၈:၃၁) မြေကြီးပေါ်ရှိစဉ် ကိုယ်တော်သည် နောက်တော်လိုက်များနှင့် ရင်းနှီးသောနှောင်ကြိုးကို တည်ဆောက်ခဲ့သည်။ (ယောဟန် ၁၃:၁) ဂျူးဘာသာတရား၏ လွဲမှားသောသွန်သင်ခြင်းခံထားရသူတစ်ဦးကိုပင် ကိုယ်တော်သည် “ချစ်သောစိတ်” ရှိတော်မူခဲ့သည်။ (မာကု ၁၀:၁၇-၂၂) သို့သော် ကိုယ်တော်သည် ရင်းနှီးသောအပေါင်းအဖော်များကို ရွေးချယ်ရာတွင် ထင်ရှားသိသာသည့်စည်းများထားခဲ့သည်။ ခမည်းတော်၏အလိုတော်ကိုဆောင်ရန် စိတ်ရိုးမှန်ဖြင့်စိတ်ဝင်စားမှုမရှိသူတို့နှင့် ရင်းနှီးသည့်နှောင်ကြိုးမဖွဲ့ခဲ့ပါ။ “သင်တို့သည် ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏” ဟု တစ်ခါက ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၄) မှန်ပါသည်၊ သင်သည် အလုပ်ဖော်တစ်ဦးနှင့် ခင်မင်လိုပေမည်။ သို့သော် မိမိကိုယ်ကို ဤသို့မေးပါ– ‘ထိုသူသည် ယေရှု၏မိန့်မှာတော်မူချက်များကို တလိုတလား လုပ်ဆောင်လိုစိတ်ရှိပါသလော။ ယေရှုက ယေဟောဝါကိုကိုးကွယ်ရန် သွန်သင်ခဲ့သည်၊ ထိုသူသည် ယေဟောဝါအကြောင်း သင်ယူလိုစိတ် ရှိပါသလော။ ခရစ်ယာန်တစ်ဦးအနေနှင့် ကျွန်ုပ်တွင်ရှိသော ကိုယ်ကျင့်တရားစံနှုန်းများ ထိုသူတွင်ရှိသလော။’ (မဿဲ ၄:၁၀) သင်၏အလုပ်ဖော်များနှင့် စကားစမြည်ပြောကာ ကျမ်းစာစံနှုန်းများကို ကျင့်သုံးခြင်းအကြောင်းပြောဆိုသည့်အခါ ယင်းမေးခွန်းများ၏အဖြေများ ထင်ရှားလာပေမည်။

၁၁။ ဘုရားသခင့်နှုတ်မြွက်စကားများ ကျွန်ုပ်တို့ခြေလှမ်းကို လမ်းညွှန်စေသင့်သည့် အခြေအနေများကို ဖော်ပြပါ။

၁၁ ဘုရားသခင့်နှုတ်မြွက်စကားများသည် ကျွန်ုပ်တို့ခြေရှေ့မီးခွက်ဖြစ်နိုင်သည့် အခြားအနေအနေများစွာရှိပါသည်။ ဥပမာ၊ အလုပ်မရှိသောခရစ်ယာန်တစ်ဦးသည် အရေးတကြီးလိုအပ်နေသော အလုပ်တစ်ခုလုပ်ရန် ကမ်းလှမ်းခံရပေသည်။ သို့သော် အလုပ်အချိန်ဇယားအရ အချိန်နှင့်အားစိုက်မှုလိုအပ်သည်၊ အလုပ်ကိုလက်ခံမည်ဆိုပါက ခရစ်ယာန်အစည်းအဝေးများစွာ ပျက်ကွက်မည်ဖြစ်ပြီး မှန်သောဝတ်ပြုရေးနှင့် ဆက်နွှယ်သည့် အခြားလုပ်ဆောင်မှုများကိုလည်း လက်လွတ်မည်ဖြစ်သည်။ (ဆာလံ ၃၇:၂၅) နောက်ခရစ်ယာန်တစ်ဦးမှာမူ သမ္မာကျမ်းစာမူများကို သိသိသာသာချိုးဖောက်သည့် အပန်းဖြေမှုကိုကြည့်ရှုရန် အပြင်းအထန်သွေးဆောင်ခံရပေမည်။ (ဧဖက် ၄:၁၇-၁၉) အခြားသူတစ်ဦးမှာ ယုံကြည်သူချင်းတို့၏မစုံလင်မှုကို စိတ်အနှောင့်အယှက်ဖြစ်လွယ်သူ ဖြစ်နိုင်သည်။ (ကောလောသဲ ၃:၁၃) ထိုအခြေအနေအားလုံးတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့၏ခြေရှေ့တွင် မီးခွက်ဖြစ်စေသင့်သည်။ ကျမ်းစာမူများကိုလိုက်လျှောက်ခြင်းဖြင့် မည်သည့်ဘဝပြဿနာကိုမဆို ကျွန်ုပ်တို့အောင်မြင်စွာရင်ဆိုင်နိုင်ပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ‘သွန်သင်ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။’—⁠၂ တိမောသေ ၃:၁၆-၁၇

“လမ်းခရီးကိုလင်းစေပါ၏”

၁၂။ ဘုရားသခင့်နှုတ်မြွက်စကားများသည် မည်သို့အားဖြင့် ကျွန်ုပ်တို့လမ်းခရီးအတွက် အလင်းဖြစ်သနည်း။

၁၂ ဆာလံ ၁၁၉:၁၀၅ တွင်ဘုရားသခင့်နှုတ်မြွက်စကားများသည် ကျွန်ုပ်တို့၏လမ်းအရှေ့ကို အလင်းထွန်းလင်းပေးနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် အနာဂတ်နှင့်ပတ်သက်၍ အမှောင်ထဲတွင် ပစ်ထားမခံရကြပါ၊ သမ္မာကျမ်းစာက စိတ်ပျက်ဖွယ်လောကအခြေအနေများ၏ အဓိပ္ပာယ်နှင့် ဖြစ်လာမည့်အကျိုးဆက်များကို ရှင်းပြပေးသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဆိုးယုတ်သောဤလောကစနစ်၏ “နောက်ဆုံးသောနေ့ရက်များ” တွင်အသက်ရှင်နေရကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (၂ တိမောသေ ၃:၁-၅သမ္မာ) အဘယ်အရာဖြစ်ပျက်လာမည်ကိုသိထားခြင်းက ယခု ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်ပုံပေါ် များစွာအကျိုးသက်ရောက်သင့်သည်။ တမန်တော်ပေတရု ဤသို့ရေးခဲ့၏– “ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။”—⁠၂ ပေတရု ၃:၁၁၊ ၁၂

၁၃။ အချိန်ကာလ၏အရေးတကြီးဖြစ်မှုသည် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်ပုံနှင့် ဘဝပုံစံတို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၃ ကျွန်ုပ်တို့၏ စဉ်းစားတွေးတောပုံနှင့် ဘဝပုံစံတို့က ‘လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်’ တော့မည်ကို အခိုင်အမာယုံကြည်စိတ်ချကြောင်း ထင်ရှားပေါ်လွင်စေသင့်သည်။ (၁ ယောဟန် ၂:၁၇) ကျမ်းစာလမ်းညွှန်ချက်များကို လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့၏အနာဂတ်ပန်းတိုင်များနှင့်ပတ်သက်၍ ပညာရှိဆုံးဖြတ်ချက်များချရန် အထောက်အကူပြုမည်။ ဥပမာ၊ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃) အချိန်ပြည့်အမှုဆောင်လုပ်ငန်းကိုလုပ်ဆောင်ခြင်းအားဖြင့် ယေရှု၏မိန့်တော်မူချက်ကို ယုံကြည်ကြောင်းတင်ပြသော လူငယ်များစွာကိုတွေ့ရခြင်းသည် ချီးမွမ်းဖွယ်ပင်။ အခြားသူတို့—⁠မိသားစုလိုက်—⁠သည် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ အထူးလိုအပ်သော ဒေသများသို့ စေတနာ့ဝန်ထမ်းပြောင်းရွှေ့သွားကြသည်။

၁၄။ ခရစ်ယာန်မိသားစုတစ်စုသည် အမှုတော်ဆောင်လုပ်ငန်းကို မည်သို့တိုးချဲ့ခဲ့သနည်း။

၁၄ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံရှိ လူဦးရေ ၅၀,၀၀၀ ရှိပြီး အသင်းတော်တစ်ခုရှိသည့် မြို့တစ်မြို့တွင် အမှုတော်ဆောင်ရန် အမေရိကန်ပြည်ထောင်စုမှပြောင်းရွှေ့သွားသော မိသားစုဝင်လေးယောက်ရှိသည့် ခရစ်ယာန်မိသားစုတစ်စုကို သုံးသပ်ကြည့်ပါ။ ထိုအသင်းတော်တွင် ကြေညာသူ ၁၃၀ ခန့်ရှိသည်။ သို့သော် ဧပြီ ၁၂၊ ၂၀၀၆၊ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲတွင် ၁,၃၀၀ ခန့်တက်ရောက်ခဲ့သည်။ ထိုဒေသရှိလယ်ကွင်းသည် “စပါးရိတ်ခြင်းအလို့ငှာ . . . ယခုပင်ဝင်းဝင်းရှိ” သောကြောင့် ငါးလအတွင်း ယင်းမိသားစုမှ ဖခင်၊ မိခင်၊ သားနှင့် သမီးဖြစ်သူတို့သည် စုစုပေါင်းကျမ်းစာသင်အံမှု ၃၀ ကျင်းပနေကြသည်။ (ယောဟန် ၄:၃၅) ဖခင်ဖြစ်သူက ဤသို့ဆို၏– “အသင်းတော်မှာ ဒီဒေသကိုအကူအညီပေးဖို့ ပြောင်းရွှေ့လာကြတဲ့ ညီအစ်ကိုညီအစ်မ အယောက် ၃၀ ရှိတယ်။ အယောက် ၂၀ လောက်က အမေရိကန်ပြည်ထောင်စုကဖြစ်ပြီး ကျန်တဲ့သူတွေက ဗဟားမားစ်၊ ကနေဒါ၊ အီတလီ၊ နယူးဇီလန်နဲ့ စပိန်ကဖြစ်တယ်။ သူတို့တွေဟာ အမှုတော်ဆောင်ခြင်းလုပ်ငန်းမှာပါဝင်ဖို့ စိတ်ထက်သန်စွာနဲ့ ရောက်လာကြတဲ့သူတွေဖြစ်ပြီး ဒေသခံညီအစ်ကိုတွေရဲ့ စိတ်အားထက်သန်မှုအပေါ် ထိထိမိမိအကျိုးသက်ရောက်ခဲ့တယ်။”

၁၅။ သင့်ဘဝအသက်တာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ပထမနေရာတွင်ထားသောကြောင့် အဘယ်ကောင်းချီးများကို သင်ခံစားရမည်နည်း။

၁၅ များစွာသောသူတို့သည် သာ၍လိုအပ်သောအခြားဒေသများသို့ ပြောင်းရွှေ့အမှုတော်ဆောင်နိုင်သည့် အခြေအနေမရှိကြသည်ကို နားလည်နိုင်ပါသည်။ သို့သော် မိမိတို့ကိုယ်ကိုအသုံးတော်ခံရန် မိမိတို့၏အခြေအနေများကို ပြုပြင်ပြောင်းလဲကြသူတို့—⁠သို့မဟုတ် ပြောင်းလဲနိုင်ကြသူတို့သည် ဤအခြေအနေတွင်အမှုဆောင်ခြင်းမှ အကျိုးကျေးဇူးများစွာခံစားရမည်မှာ သေချာသည်။ မည်သည့်နေရာ၌သင်အမှုဆောင်ပါစေ သင်၏အစွမ်းခွန်အားရှိသမျှဖြင့် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းမှရနိုင်သည့် ရွှင်လန်းမှုကို သင်ခံစားရသည်။ သင့်ဘဝအသက်တာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ပထမနေရာတွင်ထားမည်ဆိုပါက “လိုလျက်မနေရအောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်” ဟုယေဟောဝါကတိပြုတော်မူ၏။—⁠မာလခိ ၃:၁၀သမ္မာ။

ယေဟောဝါ၏လမ်းညွှန်မှုမှ အကျိုးခံစားခြင်း

၁၆။ ဘုရားသခင့်နှုတ်မြွက်စကားများဖြင့် ကျွန်ုပ်တို့ကို လမ်းညွှန်ရန်ခွင့်ပြုပါက အကျိုးကျေးဇူးမည်သို့ရရှိမည်နည်း။

၁၆ သင်တွေ့ရှိခဲ့ပြီးဖြစ်သည့်အတိုင်း ယေဟောဝါ၏နှုတ်မြွက်စကားများသည် ဆက်စပ်မှုရှိသောနည်းနှစ်နည်းဖြင့် ကျွန်ုပ်တို့အား လမ်းညွှန်ပေးသည်။ ကျွန်ုပ်တို့၏ခြေရှေ့တွင် မီးခွက်ပမာ မှန်ကန်သောလမ်းညွှန်ချက်အတိုင်း ရှေ့ဆက်လျှောက်ရန်အထောက်အကူပြုပြီး ဆုံးဖြတ်ချက်များချသည့်အခါ လမ်းညွှန်ပေးသည်။ ထို့ပြင် ကျွန်ုပ်တို့၏လမ်းခရီးကို အလင်းထွန်းလင်းပေးပြီး ရှေ့တွင်ဖြစ်ပျက်လာမည့်အရာကို ရှင်းလင်းစွာတွေ့မြင်နိုင်သည်။ သို့ဖြင့် ပေတရု၏ဤတိုက်တွန်းချက်ကို လိုက်လျှောက်ရန် အထောက်အကူဖြစ်စေသည်– ‘သင်တို့စိတ်နှလုံးကိုခါးပန်းစည်း၍ ကောင်းသောသတိရှိကြလော့။ ယေရှု ခရစ်ပေါ်ထွန်းတော်မူသောအခါ သင်တို့ဆီသို့ရောက်လတ္တံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင်မျှော်လင့်ကြလော့။’—⁠၁ ပေတရု ၁:၁၃

၁၇။ ကျမ်းစာလေ့လာမှုက ဘုရားသခင်၏လမ်းညွှန်ချက်ကိုလိုက်လျှောက်ရန် မည်သို့အထောက်အကူပြုမည်နည်း။

၁၇ ယေဟောဝါလမ်းညွှန်ပေးသည်ဟူသည့်အချက်ကို သံသယဝင်စရာအကြောင်းမရှိပါ။ မေးစရာမှာ ကျွန်ုပ်သည် လမ်းညွှန်မှုကိုလိုက်နာမည်လော ဖြစ်သည်။ ယေဟောဝါပြင်ဆင်ပေးသော လမ်းညွှန်မှုကို နားလည်သဘောပေါက်ရန် နေ့စဉ် သမ္မာကျမ်းစာအပိုင်းတစ်ပိုင်းကိုဖတ်ရန် သန္နိဋ္ဌာန်ချထားပါ။ ဖတ်ရှုရာကို တွေးတောဆင်ခြင်ပါ၊ ကိစ္စရပ်များနှင့်ပတ်သက်၍ ယေဟောဝါ၏အလိုတော်ကိုသိရှိရန် ကြိုးစားပါ၊ အကြောင်းအရာကို သင့်အသက်တာတွင် ကျင့်သုံးနိုင်သည့် အခြားနည်းလမ်းများကို တွေးတောပါ။ (၁ တိမောသေ ၄:၁၅) ထို့နောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချသည့်အခါ သင်၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုပါ။—⁠ရောမ ၁၂: ၁ကဘ။

၁၈။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့အားလမ်းညွှန်ရန် ခွင့်ပြုသည့်အခါ အဘယ်ကောင်းချီးများကို ရရှိသနည်း။

၁၈ ယင်းတို့ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးပါက ကျွန်ုပ်တို့လိုက်လျှောက်ရမည့် သင့်လျော်သောလမ်းစဉ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချသည့်အခါ ဘုရားသခင့်နှုတ်မြွက်တရားတော်တွင်တွေ့ရသောမူများသည် ကျွန်ုပ်တို့ကိုအလင်းပေးပြီး လိုအပ်သောလမ်းညွှန်မှုကိုပေးမည်။ ယေဟောဝါ၏ ရေးမှတ်ထားသောနှုတ်မြွက်စကားများသည် ‘အတွေ့အကြုံမရှိသောသူကို ပညာရှိဖြစ်စေ’ ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၁၉:၇ကဘ) သမ္မာကျမ်းစာကို ကျွန်ုပ်တို့အား လမ်းညွှန်ရန်ခွင့်ပြုသည့်အခါ ယေဟောဝါ၏နှစ်သက်လက်ခံမှုမှခံစားရသော စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်နှင့် စိတ်ကျေနပ်မှုတို့ဖြင့် ကောင်းချီးခံစားရကြသည်။ (၁ တိမောသေ ၁:၁၈၊ ၁၉) ဘုရားသခင့်နှုတ်မြွက်စကားတော်များကို ကျွန်ုပ်တို့၏နေ့စဉ်ခြေလှမ်းများအား လမ်းညွှန်ရန်ခွင့်ပြုမည်ဆိုပါက ယေဟောဝါသည် နောက်ဆုံးတွင် ထာဝရအသက်ကောင်းချီးဖြင့် ဆုချတော်မူမည်။—⁠ယောဟန် ၁၇:၃

သင်မှတ်မိသလော

• ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့၏ခြေလှမ်းများကို လမ်းညွှန်ရန်ခွင့်ပြုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

• ဘုရားသခင်၏နှုတ်မြွက်စကားများသည် အဘယ်နည်းဖြင့် ကျွန်ုပ်တို့ခြေရှေ့တွင် မီးခွက်ဖြစ်နိုင်သနည်း။

• ဘုရားသခင့်နှုတ်မြွက်စကားများသည် ကျွန်ုပ်တို့၏လမ်းခရီးအတွက် မည်သို့အလင်းဖြစ်နိုင်သနည်း။

• ကျမ်းစာလေ့လာခြင်းသည် ဘုရားသခင့်လမ်းညွှန်ချက်ကိုလိုက်လျှောက်ရန် မည်သို့အထောက်အကူပြုမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယုံကြည်ခြင်းမတူသူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းသည်အဘယ်အချိန်တွင် ပညာမဲ့ဖြစ်လာသနည်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှု၏ရင်းနှီးသောအပေါင်းအဖော်များမှာယေဟောဝါ၏အလိုတော်ကိုဆောင်သောသူတို့ဖြစ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံများ]

ကျွန်ုပ်တို့၏ဘဝပုံစံက ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ပထမနေရာတွင်ထားကြောင်း တင်ပြပါသလော