မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်လော့

လူငယ်တို့—ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်လော့

လူငယ်တို့—⁠ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်လော့

‘ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုလေ့ကျင့်လျက်နေလော့။’—⁠၁ တိမောသေ ၄:၇၊ ကဘ။

၁၊ ၂။ (က) ပေါလုသည် တိမောသေကို အဘယ်ကြောင့်ချီးမွမ်းခဲ့သနည်း။ (ခ) ယနေ့ လူငယ်များစွာသည် မည်သို့သောအားဖြင့် ‘ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုလေ့ကျင့်’ ကြသူတို့ဖြစ်ကြသနည်း။

“ထိုသူသည် သင်တို့အကျိုးကိုကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသောသူတစ်ယောက်မျှ ငါတို့၌မရှိ။ သို့သော်လည်း သားသည် အဘနှင့်အတူဆောင်ရွက်သကဲ့သို့၊ သူသည် ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်။” (ဖိလိပ္ပိ ၂:၂၀၊ ၂၂) တမန်တော်ပေါလုသည် ဖိလိပ္ပိမြို့ရှိ ပထမရာစုခရစ်ယာန်များထံရေးသော သူ၏စာထဲတွင် အဆိုပါလှိုက်လှဲ နွေးထွေးသော  ချီးမွမ်းစကားပါရှိသည်။ မည်သူ့ကိုရည်ညွှန်းနေခြင်းနည်း။ သူ၏နယ်လှည့်ဖော်ဖြစ်သော လူငယ်တိမောသေကိုဖြစ်သည်။ ပေါလု၏ချစ်မြတ်နိုးမှု၊ ယုံကြည်စိတ်ချမှုပါရှိသော ယင်းဖော်ပြချက်က တိမောသေအား အလွန်အားပေးမှုဖြစ်ခဲ့မည်ကို မြင်ယောင်ကြည့်ပါ။

တိမောသေကဲ့သို့ ဘုရားသခင်ကိုကြောက်ရွံ့သည့် လူငယ်များစွာသည် ယေဟောဝါ၏လူမျိုးအလယ်တွင် အဖိုးထိုက်သောအရာ အစဉ်ဖြစ်ခဲ့သည်။ (ဆာလံ ၁၁၀:၃) ယနေ့ ဘုရားသခင့်အဖွဲ့အစည်းသည် ရှေ့ဆောင်များ၊ ခရစ်ယာန်သာသနာပြုများ၊ ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်းများနှင့် ဗေသလအိမ်သားလူငယ်များအားဖြင့် ကောင်းချီးခံစားနေရသည်။ အခြားတာဝန်များကိုလုပ်ဆောင်နေရင်း အသင်းတော်လုပ်ငန်းဆောင်တာများတွင် ဇွဲဖြင့်ပါဝင်နေကြသူတို့လည်း အမှန်ချီးမွမ်းခံထိုက်ပါသည်။ ထိုသို့သောလူငယ်များသည် ကောင်းကင်ခမည်းတော် ယေဟောဝါအား ဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ခြင်းမှရရှိသည့် စစ်မှန်သောကျေနပ်ပျော်ရွှင်မှုကို ခံစားကြရသည်။ သူတို့သည် အမှန်ပင် ‘ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုလေ့ကျင့်’ ကြသူတို့ဖြစ်ကြသည်။—⁠၁ တိမောသေ ၄:၇၊ ၈ကဘ။

၃။ ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

လူငယ်တစ်ဦးအနေနှင့် သင်သည် ဘုရားသခင်အားဂုဏ်တင်သော သတ်သတ်မှတ်မှတ်ပန်းတိုင်များကို မီအောင်လိုက်နေပါသလော။ ထိုသို့ပြုရန် အကူအညီနှင့် အားပေးမှုကို အဘယ်နေရာမှ ရှာယူနိုင်သနည်း။ ရုပ်ပစ္စည်းကိုအဓိကထားသော ဤလောကဖိအားများကို သင်မည်သို့ခုခံတွန်းလှန်နိုင်သနည်း။ ဘုရားသခင်အား ဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ခြင်းဖြင့် အဘယ်ကောင်းချီးများရိတ်သိမ်းရန် မျှော်လင့်နိုင်သနည်း။ တိမောသေ၏အသက်တာနှင့် သူ၏အလုပ်အကြောင်း ဆင်ခြင်သုံးသပ်ခြင်းဖြင့် ယင်းမေးခွန်းများ၏အဖြေများကို ရှာကြည့်ကြစို့။

တိမောသေ၏ဘဝနောက်ခံ

၄။ ခရစ်ယာန်တစ်ဦးအနေနှင့် တိမောသေ၏အသက်တာကို အကျဉ်းချုံးဖော်ပြပါ။

ရောမလက်အောက်ခံဖြစ်သော ဂလာတိပြည်ရှိ လုတ္တရမြို့ငယ်လေးတွင် တိမောသေကြီးပြင်းလာခဲ့သည်။ ဆယ်ကျော်သက်အရွယ်—⁠လုတ္တရမြို့၌ ပေါလုဟောပြောခဲ့ချိန် အေဒီ ၄၇ တွင် ခရစ်ယာန်ဘာသာကို သူသိရှိခဲ့ပုံရသည်။ တိမောသေသည် ဒေသခံခရစ်ယာန်ညီအစ်ကိုများကြားတွင် မြန်မြန်ဆန်ဆန်ပင် နာမည်ကောင်းရလာခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် လုတ္တရမြို့သို့ ပေါလုပြန်ရောက်လာပြီး တိမောသေ၏တိုးတက်မှုအကြောင်း ကြားသိရပြီးနောက် ပေါလုသည် တိမောသေကို မိမိ၏ ခရစ်ယာန်သာသနာပြုအဖော်အဖြစ်အမှုဆောင်ရန် ရွေးချယ်ခဲ့သည်။ (တမန်တော် ၁၄:၅-၂၀; ၁၆:၁-၃) တိမောသေသည် ရင့်ကျက်လာသည်နှင့်အမျှ ညီအစ်ကိုများကို သွားရောက်အားပေးခြင်းဖြစ်သည့် အရေးကြီးတာဝန်များအပါအဝင် သာ၍ကြီးလေးသောတာဝန်များ အပ်နှင်းခံခဲ့ရသည်။ ပေါလုသည် ရောမအကျဉ်းထောင်မှနေ၍ တိမောသေထံစာရေးခဲ့သော အေဒီ ၆၅ ခန့်တွင် တိမောသေသည် ဧဖက်မြို့တွင် ခရစ်ယာန်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

၅။ ၂ တိမောသေ ၃:၁၄၊ ၁၅ အရ ဘုရားသခင်အားဂုဏ်တင်သော ပန်းတိုင်များကို မီအောင်လိုက်ရန်ဟူသော တိမောသေ၏ဆုံးဖြတ်ချက်ကို အဘယ်အချက်နှစ်ချက်က လှုံ့ဆော်ပေးခဲ့သနည်း။

တိမောသေသည် ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ရန် ရွေးချယ်ခဲ့သည်မှာ ထင်ရှားသည်။ အဘယ်အရာက ထိုသို့လုပ်ဆောင်စေခဲ့သနည်း။ တိမောသေထံသို့ရေးသော ဒုတိယစာစောင်တွင် ထင်ရှားပေါ်လွင်သော အချက်နှစ်ချက်ကို ပေါလုဖော်ပြခဲ့သည်။ သူဤသို့ရေးခဲ့၏– ‘သင်သည် အဘယ်သူထံ၌နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ သန့်ရှင်းသောကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့် အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့။’ (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေရွေးချယ်မှုများပြုလုပ်ရာတွင် ဩဇာလွှမ်းမိုးခဲ့ကြသော ခရစ်ယာန်ချင်းများ၏အခန်းကဏ္ဍကို ဦးဆုံးသုံးသပ်ကြည့်ကြစို့။

အပြုသဘောပါသောသြဇာလွှမ်းမိုးမှုမှ အကျိုးခံစားရ

၆။ အဘယ်လေ့ကျင့်ပေးမှုကို တိမောသေရရှိခဲ့သနည်း၊ သူမည်သို့တုံ့ပြန်ခဲ့သနည်း။

တိမောသေသည် ယုံကြည်ခြင်းမတူသော အိမ်ထောင်တွင် ကြီးပြင်းလာခဲ့သည်။ သူ၏ဖခင်မှာ ဂရိလူမျိုးဖြစ်ပြီး သူ၏မိခင်ဥနိတ်နှင့် အဘွားလောဣတို့မှာ ဂျူးလူမျိုးဖြစ်သည်။ (တမန်တော် ၁၆:၁) တိမောသေနို့စို့အရွယ်ကတည်းက ဥနိတ်နှင့် လောဣတို့သည် ဟေဗြဲကျမ်းစောင်များမှ အမှန်တရားများကို သူ့အားသင်ပေးခဲ့ကြသည်။ သူတို့သည် ခရစ်ယာန်ဘာသာတရားသို့ပြောင်းလဲကြပြီးနောက် ခရစ်ယာန်ယုံကြည်ချက်များကို တိမောသေယုံကြည်လက်ခံလာစေရန် သွန်သင်ပေးခဲ့မည်မှာသေချာသည်။ အလွန်ကောင်းမွန်သော ယင်းလေ့ကျင့်ပေးမှုတို့မှ တိမောသေ အကျိုးအပြည့်အဝရရှိခဲ့သည်မှာ ရှင်းပါသည်။ ပေါလုဤသို့ရေးခဲ့၏– “သင်၏အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သောယုံကြည်ခြင်းတည်းဟူသော ငါသဘောကျသည်အတိုင်း သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကိုမှတ်မိ” သည်။—⁠၂ တိမောသေ ၁:⁠၅

၇။ လူငယ်များစွာသည် အဘယ်ကောင်းချီးများရရှိကြသနည်း၊ ယင်းက သူတို့ကို ဘယ်အကျိုးဖြစ်စေနိုင်သနည်း။

လောဣနှင့် ဥနိတ်ကဲ့သို့ ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များ၏ အရေးကြီးမှုကို အသိအမှတ်ပြုကြသည့် ဘုရားသခင်ကိုကြောက်ရွံ့သောမိဘနှင့် အဘိုးအဘွားတို့ရှိခြင်းကောင်းချီးကို ယနေ့ လူငယ်များစွာ ခံစားကြရသည်။ ဥပမာ၊ စာမီရသည် ဆယ်ကျော်သက်အရွယ်က သူ၏မိဘနှင့် အချိန်ကြာကြာစကားစမြည်ပြောဆိုခဲ့ရာများကို သတိရဆဲဖြစ်သည်။ “အမေနဲ့အဖေက ကိစ္စရပ်တွေကို ယေဟောဝါရှုမြင်သလိုရှုမြင်ဖို့နဲ့ ဟောပြောခြင်းလုပ်ငန်းကို ကျွန်မရဲ့ဦးစားထားရာဖြစ်ဖို့ သွန်သင်ပေးခဲ့တယ်။ အချိန်ပြည့်အမှုတော်ဆောင်လုပ်ငန်းမှာပါဝင်ဖို့ အမြဲအားပေးခဲ့ကြတယ်” ဟုသူပြန်ပြောပြသည်။ စာမီရသည် မိဘတို့အားပေးသည့်အတိုင်းလုပ်ဆောင်ခဲ့ပြီး ယခုသူသည် သူ့နိုင်ငံရှိဗေသလအိမ်တွင် မိသားစုဝင်တစ်ဦးအဖြစ် အမှုဆောင်လျက်ရှိသည်။ သင့်မိဘများသည် သင့်အား ဘုရားသခင်အားဂုဏ်တင်သော ပန်းတိုင်ထားရန်အားပေးပါက သူတို့၏အကြံဉာဏ်ကို အသေအချာဆင်ခြင်သုံးသပ်ပါ။ သူတို့သည် သင့်အား အကောင်းဆုံးဘဝလမ်းစဉ်ကို ရစေလိုကြသည်။—⁠သု. ၁:၅

၈။ တိမောသေသည် တည်ဆောက်မှုဖြစ်စေသော ခရစ်ယာန်ပေါင်းသင်းမှုမှ မည်သို့အကျိုးရရှိခဲ့သနည်း။

ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတွင် တည်ဆောက်မှုဖြစ်စေသော အပေါင်းအဖော်များရရှိရန်လည်း အရေးကြီးသည်။ တိမောသေသည် သူ၏အသင်းတော်ရှိခရစ်ယာန်အကြီးအကဲများအပြင် မိုင် ၂၀ ခန့်ဝေးသော ဣကောနိမြို့ရှိအကြီးအကဲများနှင့် ကောင်းစွာသိကျွမ်းလာသည်။ (တမန်တော် ၁၆:၁၊ ၂) သူသည် အင်တိုက်အားတိုက်နှင့်တက်တက်ကြွကြွရှိသော ပေါလုနှင့်လည်း ရင်းနှီးသောမိတ်ဆွေဖြစ်လာခဲ့သည်။ (ဖိလိပ္ပိ ၃:၁၄) တိမောသေသည် အကြံပေးချက်ကို တလိုတလားလက်ခံပြီး ယုံကြည်ခြင်းပုံသက်သေများကို တုပရန်အသင့်ရှိကြောင်း ပေါလု၏စာများတွင် ဖော်ပြထားသည်။ (၁ ကောရိန္သု ၄:၁၇; ၁ တိမောသေ ၄:၆၊ ၁၂-၁၆) ပေါလုဤသို့ရေးခဲ့၏– ‘ငါဆုံးမသွန်သင်ခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို . . . သင်သည် အနီးကပ်လိုက်လျှောက်ခဲ့ပြီ။’ (၂ တိမောသေ ၃:၁၀ကဘ) မှန်ပါသည် တိမောသေသည် ပေါလု၏ပုံသက်သေကို အနီးကပ်လိုက်လျှောက်ခဲ့သည်။ အလားတူပင် သင်သည် အသင်းတော်တွင်ရှိသော ဘုရားသခင်ကိုကြောက်ရွံ့သူတို့ထံ ချဉ်းကပ်မည်ဆိုပါက ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ရန် အထောက်အကူရရှိမည်။—⁠၂ တိမောသေ ၂:၂၀-၂၂

‘သန့်ရှင်းသောကျမ်းစာ’ ကိုလေ့လာပါ

၉။ မှန်သောအပေါင်းအသင်းရွေးချယ်ခြင်းအပြင် ‘ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုလေ့ကျင့်ရန်’ အဘယ်အရာ ပြုလုပ်ရမည်နည်း။

ဘုရားသခင်အားဂုဏ်တင်သော ပန်းတိုင်များကို မီအောင်လိုက်ရာတွင် မှန်သောအပေါင်းအသင်းရွေးချယ်ခြင်းဖြင့် လုံလောက်ပြီလော။ မလုံလောက်သေးပါ။ တိမောသေကဲ့သို့ သင်သည် ‘သန့်ရှင်းသောကျမ်းစာ’ ကို အသေအချာဆန်းစစ်ဖို့လိုသည်။ ဖတ်ရှုလေ့လာခြင်းသည် သင်နှစ်သက်သောလုပ်ဆောင်မှု ဖြစ်မည်မဟုတ်သော်လည်း တိမောသေသည် ‘ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုလေ့ကျင့်’ ခဲ့သည်ကို သတိရပါ။ အားကစားသမားများသည် မိမိတို့၏ပန်းတိုင်ရောက်ရန် လပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြလေ့ရှိသည်။ အလားတူပင် ဘုရားသခင်အား ဂုဏ်တင်သောပန်းတိုင်ရောက်ရန် ကိုယ်ကျိုးစွန့်မှုနှင့် ပြင်းစွာကြိုးစားအားထုတ်မှု လိုအပ်သည်။ (၁ တိမောသေ ၄:၇၊ ၈၊ ၁၀) ‘ဒါပေမဲ့ သမ္မာကျမ်းစာကိုလေ့လာခြင်းက ပန်းတိုင်ရောက်အောင် ဘယ်လိုကူညီပေးနိုင်မှာလဲ’ ဟုသင်မေးပေမည်။ နည်းသုံးနည်းကို သုံးသပ်ကြည့်ကြစို့။

၁၀၊ ၁၁။ ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်ရောက်အောင် သမ္မာကျမ်းစာက မည်သို့လှုံ့ဆော်ပေးမည်နည်း။ နမူနာတစ်ခု ဖော်ပြပါ။

၁၀ ဦးဆုံး သမ္မာကျမ်းစာသည် သင့်အား မှန်သောစိတ်လှုံ့ဆော်မှုရှိစေရန် အထောက်အကူပြုသည်။ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ အလွန်ကောင်းမြတ်သောပင်ကိုစရိုက်လက္ခဏာများ၊ ကျွန်ုပ်တို့အကျိုးအတွက် ကိုယ်တော်၏အလွန်ကောင်းမွန်သောလုပ်ဆောင်မှုများ၊ တည်ကြည်သောကျေးကျွန်များအတွက် သိုမှီးထားသော ထာဝရကောင်းချီးများအကြောင်း ဖော်ပြပေးသည်။ (အာမုတ် ၃:၇; ယောဟန် ၃:၁၆; ရောမ ၁၅:၄) ယေဟောဝါနှင့်ပတ်သက်သောအသိပညာ တိုးများလာသည်နှင့်အမျှ သင်သည် ကိုယ်တော်အား ချစ်မြတ်နိုးလာပြီး သင်၏အသက်တာကို ကိုယ်တော်ထံအပ်နှံလိုစိတ်ရှိလာသည်။

၁၁ ခရစ်ယာန်လူငယ်များစွာက အမှန်တရား သူတို့၏ကိုယ်ပိုင်ဖြစ်လာစေရန် သမ္မာကျမ်းစာကို ပုံမှန်ကိုယ်ပိုင်လေ့လာမှုပြုခြင်းသည် မရှိမဖြစ်အရေးကြီးသည်ဟု ဆိုကြ၏။ ဥပမာ၊ အဒဲလ်သည် ခရစ်ယာန်မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့သော်လည်း ဘုရားသခင်အားဂုဏ်တင်သော မည်သည့်ပန်းတိုင်မျှ မရှိခဲ့ပါ။ “မိဘတွေကတော့ ကျွန်မကို ဘုရားသခင့်နိုင်ငံတော်ခန်းမကို ခေါ်သွားကြတယ်၊ ဒါပေမဲ့ ကျွန်မ ကိုယ်ပိုင်လေ့လာမှုမလုပ်ဘူး၊ အစည်းအဝေးတွေမှာလည်း နားမထောင်ခဲ့ဘူး” ဟူသူပြန်ပြောပြသည်။ သူ၏အစ်မ နှစ်ခြင်းခံသည့်အခါ အဒဲလ်သည် အမှန်တရားအကြောင်း လေးလေးနက်နက် စတင်စဉ်းစားလာသည်။ “ကျွန်မ ကျမ်းစာစဖတ်ခဲ့တယ်။ နည်းနည်းလောက်ပဲဖတ်ပြီး ကျွန်မဖတ်ခဲ့တဲ့အကြောင်းကို မှတ်ချက်တစ်ခုချရေးတယ်။ အဲ့ဒီမှတ်ချက်တွေအားလုံး ရှိနေတုန်းပဲ။ တစ်နှစ်အတွင်း ကျမ်းစာဖတ်ပြီးခဲ့တယ်။” ရလဒ်မှာ အဒဲလ်သည် မိမိ၏အသက်တာကို ယေဟောဝါထံအပ်နှံရန် လှုံ့ဆော်ခံခဲ့ရသည်။ ကာယပိုင်းတွင် အလွန်အမင်းမသန်မစွမ်းဖြစ်နေသည့်ကြားမှ ယခုသူသည် အချိန်ပြည့်သတင်းကောင်းဟောသူဖြစ်နေပြီ။

၁၂၊ ၁၃။ (က) သမ္မာကျမ်းစာလေ့လာမှုက လူငယ်တစ်ဦးအား အဘယ်ပြောင်းလဲမှုများပြုလုပ်ရန် အထောက်အကူပြုမည်နည်း၊ မည်သို့အားဖြင့်နည်း။ (ခ) ဘုရားသခင့်နှုတ်မြွက်စကားတွင် လက်တွေ့ကျအကြံဉာဏ်ပါရှိကြောင်း ဥပမာများပေးပါ။

၁၂ ဒုတိယ၊ သမ္မာကျမ်းစာက ပြုပြင်ပြောင်းလဲဖို့လိုသော သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲရန် အထောက်အကူပြုမည်။ ပေါလုက တိမောသေအား ‘သန့်ရှင်းသောကျမ်းစာ’ က ‘ဘုရားသခင်၏လူကို စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း သွန်သင်ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်’ သည်ဟု ဆိုခဲ့၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ဆက်နွှယ်သော ကိစ္စရပ်များကို ပုံမှန်တွေးတောဆင်ခြင်ခြင်း၊ သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်၏စွမ်းအားတော်က သင်၏ပင်ကိုစရိုက်ကို ပြုပြင်တည့်မတ်ရန် ခွင့်ပြုပါ။ ယင်းက နှိမ့်ချခြင်း၊ ဇွဲထက်သန်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ခရစ်ယာန်ချင်းများကို အမှန်ချစ်မြတ်နိုးခြင်းစသည့် အရေးပါသောအရည်အသွေးများကို ပြုစုပျိုးထောင်ရန် ထောက်ကူပေးမည်။ (၁ တိမောသေ ၄:၁၅) တိမောသေသည် ထိုအရည်အသွေးများကို ပိုင်ဆိုင်ခဲ့သောကြောင့် ပေါလုအတွက်နှင့် တိမောသေအမှုဆောင်သော အသင်းတော်များအတွက် အဖိုးထိုက်သောသူတစ်ဦးဖြစ်လာခဲ့သည်။—⁠ဖိလိပ္ပိ ၂:၂၀-၂၂

၁၃ တတိယ၊ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် လက်တွေ့ကျအကြံဉာဏ်သိုမှီးထားသည်။ (ဆာလံ ၁:၁-၃; ၁၉:၇; ၂ တိမောသေ ၂:၇; ၃:၁၅) ယင်းက မိတ်ဆွေများကိုပညာရှိရှိရွေးချယ်ရာတွင်၊ အကျိုးပြုသောအပန်းဖြေမှုရွေးချယ်ရာတွင်နှင့် အခြားမရေမတွက်နိုင်သော ခက်ခဲသည့်ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူပြုမည်။ (ကမ္ဘာဦး ၃၄:၁၊ ၂; ဆာလံ ၁၁၉:၃၇; ၁ ကောရိန္သု ၇:၃၆) ယနေ့အချိန်တွင် ပညာရှိသောဆုံးဖြတ်ချက်များချခြင်းသည် ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို လိုက်မီရန် အရေးပါသည်။

“ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့”

၁၄။ ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ခြင်းသည် အဘယ်ကြောင့် အလွယ်ကူဆုံးလမ်းစဉ်မဟုတ်သနည်း။

၁၄ ယေဟောဝါအားဂုဏ်တင်သော ပန်းတိုင်များကိုဦးစားထားခြင်းသည် အလွယ်ကူဆုံးလမ်းစဉ်မဟုတ်သော်လည်း ပညာအရှိဆုံးလမ်းစဉ်ဖြစ်သည်။ ဥပမာ၊ အလုပ်တစ်ခုရွေးချယ်ဖို့ ပေါ်လာသည့်အခါ အဆင့်မြင့်ပညာရေးနှင့် ဝင်ငွေကောင်းသောအလုပ်သည် စစ်မှန်သောအောင်မြင်မှုနှင့် ပျော်ရွှင်မှုအတွက် သော့ချက်ဖြစ်သည်ဟု ယူမှတ်ကြသော ဆွေမျိုးများ၊ ရွယ်တူများနှင့် စိတ်ရင်းကောင်းသောကျောင်းဆရာများထံမှ အကြီးအကျယ်ဖိအားပေးမှုကို ရင်ဆိုင်ရပေမည်။ (ရောမ ၁၂:၂) တိမောသေကဲ့သို့ပင် သင်သည် ယေဟောဝါကတိပြုထားသော “ထာဝရအသက်ကိုကိုင်ယူ” ရန်အလို့ငှာ “ကောင်းစွာသောတိုက်လှန်ခြင်းကိုပြု” ဖို့လိုအပ်ပေမည်။—⁠၁ တိမောသေ ၆:၁၂; ၂ တိမောသေ ၃:၁၂

၁၅။ တိမောသေသည် အဘယ်ဆန့်ကျင်မှုကို ကြုံတွေ့ရဖွယ်ရှိသနည်း။

၁၅ မယုံကြည်သူသင့်မိသားစုဝင်များက သင့်ရွေးချယ်မှုကို သဘောမတူသည့်အခါ စမ်းသပ်မှုသည် အထူးသဖြင့် ပို၍ပြင်းထန်နိုင်သည်။ ဖြစ်နိုင်သည်မှာ တိမောသေသည် ထိုဆန့်ကျင်မှုကို အောင်မြင်ကျော်လွှားခဲ့သည်။ စာအုပ်တစ်အုပ်အဆိုအရ တိမောသေ၏မိသားစုသည် ‘ပညာတတ်ကြပြီး ချမ်းသာသောလူတန်းစားထဲမှ’ ဖြစ်ပုံရသည်။ သူ၏ဖခင်သည် တိမောသေအား အဆင့်မြင့်ပညာကိုသင်ယူစေလိုပြီး မိသားစုစီးပွားရေးကို ဆက်ဦးစီးသွားဖို့ မျှော်လင့်ခဲ့ပေမည်။ * အန္တရာယ်ရှိပြီး ငွေရေးကြေးရေးတွင် သေချာရေရာမှုမရှိသည့် ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် ပေါလုနှင့်အတူလုပ်ဆောင်ရန် တိမောသေစိတ်သန်နေမှုကို ဖခင်ဖြစ်သူသိရှိသည့်အခါ မည်သို့ဖြစ်မည်ကို မြင်ယောင်ကြည့်ပါ။

၁၆။ မိဘ၏ဆန့်ကျင်မှုကို လူငယ်တစ်ဦး မည်သို့ရင်ဆိုင်ခဲ့သနည်း။

၁၆ ယနေ့ ခရစ်ယာန်လူငယ်များသည် အလားတူစိန်ခေါ်ချက်များကို ရင်ဆိုင်ရသည်။ ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးတစ်ခုတွင် အမှုဆောင်နေသော မက်သရူး ဤသို့ပြန်ပြောပြ၏– “ကျွန်တော်စပြီး ရှေ့ဆောင်လုပ်တဲ့အခါ ကျွန်တော့်အဖေ အရမ်းစိတ်ဓာတ်ကျသွားတယ်။ ကျွန်တော့်ရဲ့အမှုတော်ဆောင်လုပ်ငန်းကို ထောက်ပံ့ဖို့ အစောင့်တာဝန်ကို လုပ်တဲ့အတွက် ကျွန်တော့်ပညာရေးကို “အချည်းနှီးဖြစ်အောင်လုပ်တာ” လို့အဖေယူမှတ်ခဲ့တယ်။ အလုပ်ကိုအချိန်ပြည့်သာလုပ်မယ်ဆိုရင် ငွေဘယ်လောက်ရနိုင်တယ်ဆိုတာကို ပြောပြောပြီး ကျွန်တော့်ကိုဆူတတ်တယ်။” ယင်းဆန့်ကျင်မှုကို မက်သရူး မည်သို့ရင်ဆိုင်ခဲ့သနည်း။ “ကျမ်းစာဖတ်ရှုခြင်းဇယားကို တိတိကျကျလိုက်တယ်၊ မပြတ်ဆုတောင်းတယ်၊ အထူးသဖြင့် ကျွန်တော်အလျော့ပေးလုနီးပါးဖြစ်တဲ့အခါတွေမှာဖြစ်တယ်။” မက်သရူး၏ဇွဲသည် အကျိုးဖြစ်ခဲ့သည်။ အချိန်ကြာလာသည့်အခါ သူ့ဖခင်နှင့် သူ၏ဆက်ဆံရေးသည် အဆင်ပြေလာသည်။ မက်သရူးသည် ယေဟောဝါနှင့် ပို၍ရင်းနှီးလာခဲ့သည်။ “ယေဟောဝါဟာ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်၊ ခွန်အားပေးပြီး မှားတဲ့ဆုံးဖြတ်ချက်မချမိအောင် ကာကွယ်ပေးတာတွေကို ကျွန်တော်တွေ့မြင်ခဲ့ရတယ်။ ဘုရားသခင်ကိုဂုဏ်တင်တဲ့ပန်းတိုင်တွေကို ကျွန်တော်လက်လှမ်းမယူခဲ့ဘူးဆိုရင် အဲ့ဒါတွေဘာတစ်ခုမှ ခံစားရမှာမဟုတ်ဘူး” ဟုမက်သရူးပြောသည်။

ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို ဆက်အာရုံစိုက်ပါ

၁၇။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် ပါဝင်ရန်ပန်းတိုင်ထားသူတို့ကို အချို့က မည်သို့တလွဲသွေးဆောင်နိုင်သနည်း။ (မဿဲ ၁၆:၂၂)

၁၇ ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင် မီအောင်လိုက်နေခြင်းကို မသိမသာအနှောင့်အယှက်ပေးမှုသည် ယုံကြည်သူချင်းများထံမှပင် လာနိုင်သည်။ တချို့က ဤသို့ပြောကြပေမည်– ‘ဘာလို့ရှေ့ဆောင်လုပ်တာလဲ။ သာမန်ဘဝနဲ့နေပြီးလည်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နိုင်တာပဲ။ အလုပ်ကောင်းကောင်းတစ်ခုရှာပြီး ငွေကြေးအာမခံချက်ရှိအောင် လုပ်စမ်းပါ။” ယင်းက လက်တွေ့ကျအကြံဉာဏ်ဖြစ်ပုံရသည်၊ သို့သော် ယင်းအကြံဉာဏ်အတိုင်းလုပ်ပါက ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုအမှန်တကယ်လေ့ကျင့်နေခြင်း ဖြစ်ပါမည်လော။

၁၈၊ ၁၉။ (က) ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မည်သို့ မပြတ်အာရုံစိုက်နိုင်သနည်း။ (ခ) လူငယ်တစ်ဦးအနေနှင့် ဘုရားသခင့်နိုင်ငံတော်အကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်သည့်အရာကို ရှင်းပြပါ။

၁၈ တိမောသေခေတ်က ခရစ်ယာန်တချို့တွင်လည်း အလားတူအတွေးမျိုးရှိခဲ့ကြပုံရသည်။ (၁ တိမောသေ ၆:၁၇) ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို တိမောသေဆက်အာရုံစိုက်ရန် ပေါလု ဤသို့အားပေးခဲ့၏– “စစ်သူရဲမည်သည်ကား မိမိကိုစစ်သူရဲအရာ၌ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ လောကီမှုရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။” (၂ တိမောသေ ၂:၄) တာဝန်ကိုတက်ကြွစွာဆောင်ရွက်သော စစ်သားတစ်ဦးသည် ပြည်သူပြည်သားတို့လိုက်စားရာများကြောင့် စိတ်ပျံ့လွင့်၍မရပါ။ သူ၏အသက်နှင့် အခြားသူတို့၏အသက်သည် အထက်အရာရှိအမိန့်ကိုလုပ်ဆောင်ရန် သူ၏အမြဲအသင့်အနေအထားတွင်ရှိခြင်းပေါ်တွင် မူတည်သည်။ ခရစ်တော်လက်အောက်ရှိစစ်သားတစ်ဦးအနေနှင့် သင်သည် တစ်ခုတည်းကိုသာ အာရုံစိုက်ရမည်ဖြစ်ပြီး အသက်ကယ်တင်ပေးသော အမှုဆောင်ခြင်းလုပ်ငန်းကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းကို အနှောင့်အယှက်ဖြစ်နိုင်သော မလိုလားအပ်သော ရုပ်ပစ္စည်းလိုက်စားမှုများနှင့် ရောပြွမ်းခြင်းကို ရှောင်ရမည်။—⁠မဿဲ ၆:၂၄; ၁ တိမောသေ ၄:၁၆; ၂ တိမောသေ ၄:၂၊

၁၉ သက်သောင့်သက်သာဘဝပန်းတိုင်ကို လိုက်စားမည့်အစား ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို မွေးမြူပါ။ ‘ယေရှုခရစ်၏ စစ်သူရဲတစ်ဦးအနေနှင့် သက်သောင့်သက်သာမရှိသော အသက်တာအတွက် အသင့်ရှိပါ။’ (၂ တိမောသေ ၂:၃၊ The English Bible in Basic English) ပေါလု၏အဖော်တစ်ဦးအဖြစ် တိမောသေသည် အခက်ခဲဆုံးအခြေအနေများ၌ပင် ကျေနပ်ရောင့်ရဲမှု၏လျှို့ဝှက်ချက်ကို သိရှိခဲ့ရသည်။ (ဖိလိပ္ပိ ၄:၁၁၊ ၁၂; ၁ တိမောသေ ၆:၆-၈) သင်လည်းထိုသို့ဖြစ်နိုင်ပါသည်။ ဘုရားသခင့်နိုင်ငံတော်အကျိုးအတွက် တလိုတလားကိုယ်ကျိုးစွန့်မည်လော။

ယခုနှင့် အနာဂတ်တွင်ရရှိမည့် ကောင်းချီးများ

၂၀၊ ၂၁။ (က) ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ခြင်းမှခံစားရသော ကောင်းချီးအချို့ကို ဖော်ပြပါ။ (ခ) သင်အဘယ်အရာပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသနည်း။

၂၀ တိမောသေသည် ပေါလုနှင့်အတူတွဲ၍ ၁၅ နှစ်ခန့်ကြာသည့်အထိ လုပ်ဆောင်ခဲ့သည်။ မြေထဲပင်လယ်မြောက်ပိုင်းဒေသတစ်ခုလုံးနီးပါးတွင် သတင်းကောင်းပျံ့နှံ့သည်နှင့်အမျှ အသင်းတော်အသစ်များဖွဲ့စည်းတည်ထောင်သည်ကို တိမောသေသည် ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့ရသည်။ သူ၏ဘဝအသက်တာသည် “သာမန်” အသက်တာကိုရွေးချယ်ခြင်းမှရရှိနိုင်သည့်အရာထက် သာလွန်ကောင်းမြတ်သော စိတ်လှုပ်ရှားမှုနှင့် စိတ်ကျေနပ်မှုကို ပိုင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်ကို မီအောင်လိုက်ခြင်းဖြင့် သင်လည်း တန်ဖိုးမဖြတ်နိုင်သော ဘုရားသခင်ထံမှကောင်းချီးများ ရိတ်သိမ်းရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ရင်းနှီးလာမည်ဖြစ်ပြီး ခရစ်ယာန်ချင်းတို့၏မေတ္တာနှင့် လေးမြတ်မှုကိုပါ ရရှိမည်။ ရုပ်ပစ္စည်းလိုက်စားမှုကြောင့် ခံစားရသော စိတ်ပျက်ဝမ်းနည်းမှုအစား ကိုယ်ကျိုးမရှာသောပေးကမ်းမှုမှရရှိသည့် စစ်မှန်သည့်ပျော်ရွှင်မှုကို ခံစားရမည်။ အဖိုးအထိုက်ဆုံးအရာမှာ သင်သည် မြေကြီးပရဒိသုတွင် ထာဝရအသက်ဖြစ်သော “မှန်သောအသက်ကိုဝင်စား” ရပါမည်။—⁠၁ တိမောသေ ၆:၉၊ ၁၀၊ ၁၇-၁၉; တမန်တော် ၂၀:၃၅

၂၁ ထို့ကြောင့် သင်သည် ယခုမလုပ်ဆောင်ရသေးပါက ဘုရားသခင်အားဆည်းကပ်မြှုပ်နှံခြင်းကို ရည်မှန်းချက်ထားကာ ကိုယ်ကိုလေ့ကျင့်ရန် ယခုပင်စတင်ဖို့ ကျွန်ုပ်တို့အားပေးပါသည်။ ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်ရောက်အောင် အကူအညီပေးနိုင်သော အသင်းတော်ရှိသူတို့ထံ ချဉ်းကပ်ကာ သူတို့၏လမ်းညွှန်မှုကို ရှာယူပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဦးစားပေးအဖြစ် မှန်မှန်ကိုယ်ပိုင်လေ့လာပါ။ ဤလောက၏ ရုပ်ပစ္စည်းအဓိကထားသည့်သဘောထားကို တွန်းလှန်ရန် စိတ်ဆုံးဖြတ်ထားပါ။ သင်သည် ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို ရွေးချယ်မည်ဆိုပါက “ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်” မူသော ဘုရားသခင်သည် ယခုရောအနာဂတ်တွင်ပါ သင်ခံစားရနိုင်သည့်ကောင်းချီးများ ကြွယ်ဝစွာသွန်းလောင်းကြောင်း အမြဲသတိရပါ။—⁠၁ တိမောသေ ၆:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ဂရိအသိုင်းအဝိုင်းသည် ပညာရေးကို အထူးအလေးထားကြသည်။ တိမောသေနှင့် တစ်ခေတ်တည်းသားဖြစ်သော ပလူးတားခ်က ဤသို့ရေးခဲ့၏– “တော်သင့်သောပညာရေးသည် ကောင်းမြတ်သောအရာမှန်သမျှကိုရရှိနိုင်သော ရင်းမြစ်ဖြစ်သည်။ . . . ယင်းက ကိုယ်ကျင့်တရားကောင်းစေရန် ထောက်ကူပေးပြီး ပျော်ရွှင်မှုခံစားရစေသည်။ . . . အခြားအရာများမူစိတ်မချရသော၊ အသေးအဖွဲ၊ အလေးအနက်မထားသင့်ရာများ ဖြစ်သည်။”—⁠Moralia, I, “The Education of Children.”

သင်မှတ်မိသလော

• လူငယ်များသည် ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်ကို မီအောင်လိုက်ရာတွင် အဘယ်နေရာမှ အထောက်အကူရှာတွေ့နိုင်သနည်း။

• သမ္မာကျမ်းစာကို သတိဝီရိယရှိရှိလေ့လာရန် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။

• လူငယ်များသည် ဤလောက၏ ရုပ်ပစ္စည်းအဓိကထားသည့်သဘောထားကို မည်သို့ခုခံတွန်းလှန်နိုင်သနည်း။

• ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကို မီအောင်လိုက်ခြင်းမှ အဘယ်ကောင်းချီးများရရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

တိမောသေသည် ကောင်းမွန်သောပန်းတိုင်များကို မီအောင်လိုက်ခဲ့

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

တိမောသေသည် အပြုသဘောပါသော အဘယ်သြဇာလွှမ်းမိုးမှုများမှ အထောက်အကူရခဲ့သနည်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သင်သည် ဘုရားသခင်အားဂုဏ်တင်သောပန်းတိုင်များကိုမီအောင်လိုက်နေပါသလော