မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့ သင်တို့သည် မိဘတို့၏နှလုံးကိုထိမိစေနိုင်သည်

လူငယ်တို့ သင်တို့သည် မိဘတို့၏နှလုံးကိုထိမိစေနိုင်သည်

လူငယ်တို့ သင်တို့သည် မိဘတို့၏နှလုံးကိုထိမိစေနိုင်သည်

‘ငါ ၏သားသမီးတို့သည် အမှန်တရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ’ ဟု သက်ကြီးရွယ်အို တမန်တော်ယောဟန်က ရေးခဲ့သည်။ (၃ ယောဟန် ၄) ဤကျမ်းချက်တွင်ညွှန်းဆိုထားသောသားသမီးတို့သည် ခရစ်ယာန်တပည့်များကိုဆိုလိုသော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောမိဘတို့သည် ယောဟန်ဖော်ပြသောသဘောထားကို လွယ်ကူစွာနားလည်နိုင်သည်။ မိဘတို့သည် မိမိတို့သားသမီးများ၏အသက်တာတွင် အရေးပါသောထူးခြားမှုရှိစေသကဲ့သို့ သားသမီးများကလည်း မိမိတို့မိဘများ၏အသက်တာတွင် အထူးအရေးပါအရာရောက်စေသည်။

ဣသရေလဘုရင်ရှောလမုန်က သားသမီးတို့သည် မိဘတို့အပေါ်များစွာအကျိုးသက်ရောက်နိုင်ပုံကို သတိပြုမိခဲ့သည်။ သူဤသို့ရေးခဲ့၏– “ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။” (သု. ၁၀:⁠၁) ထို့ကြောင့် အသက်အရွယ်ကြီးသူပင်ဖြစ်ပါစေ မိမိတို့၏အပြုအမူသည် မိဘများအပေါ် သက်ရောက်မှုရှိကြောင်း သားသမီးအားလုံး ဆင်ခြင်သုံးသပ်သင့်သည်။ ယင်းသို့ဆင်ခြင်သုံးသပ်ရန် အဘယ်ကြောင့် သင့်လျော်ပါသနည်း။

ဘုရားသခင်အားကြောက်ရွံ့သောသင့်မိဘတို့သည် သင့်ကိုကျွေးမွေးပြုစုရာတွင် သူတို့ပေးဆက်ခဲ့ရာအားလုံးကို စဉ်းစားကြည့်ပါ။ သင်မမွေးလာမီကတည်းက သင့်အတွက်စိုးရိမ်ကြောင့်ကြပြီး ဆုတောင်းပေးခဲ့ကြသည်။ သင်မွေးလာပြီးနောက် မိဘနှစ်ပါးစလုံးသည် သင်နှင့်မေတ္တာနှောင်ကြိုးဖွဲ့ရခြင်းကိုပျော်မွေ့ခဲ့ကြပြီး အလေးအနက်ထားရမည်ဖြစ်သော မိဘဖြစ်ခြင်းအခွင့်ထူးနှင့် တာဝန်တို့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ခဲ့ပေမည်။ လူမမယ်ကလေးငယ်လေးသည် ယခုသူတို့၏ပြုစုစောင့်ရှောက်မှုအောက်တွင်ရှိပြီး၊ ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများအနေနှင့် သူတို့သည် ယင်းကိုလေးလေးနက်နက်သဘောထားခဲ့သည်။

သင့်မိဘများသည် စစ်မှန်သောခရစ်ယာန်များဖြစ်သောကြောင့် သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေကို ယုံကြည်စိတ်ချရသောလမ်းညွှန်အဖြစ် အသုံးပြုခဲ့ကြသည်၊ သားသမီးများကို ပြုစုပျိုးထောင်ခဲ့သူများထံမှ အကြံဉာဏ်ကိုလည်းတောင်းခံခဲ့သည်။ သူတို့၏စိုးရိမ်ကြောင့်ကြမှုများကို ဘုရားသခင်ထံဆုတောင်းရာတွင် ဆက်၍လည်း ဖော်ပြခဲ့ကြသည်။ (တရားသူကြီး ၁၃:⁠၈) သင်ကြီးပြင်းလာသည်နှင့်အမျှ သင့်မိဘတို့သည် သင်၏ကောင်းသောအရည်အသွေးများကို သိရှိခဲ့သည့်အပြင် သင်၏အားနည်းချက်များကိုလည်း မသိဘဲမနေပါ။ (ယောဘ ၁:⁠၅) ဆယ်ကျော်သက်ရောက်ချိန်တွင် အသစ်သောစိန်ခေါ်ချက်များပေါ်ပေါက်လာ၏။ တစ်ခါတစ်ရံ သင်သည် ပုန်ကန်သောအပြုအမူပြုပေမည်၊ ထိုအခါ မိဘတို့သည် သင်၏ကောင်းကင်ခမည်းတော်ယေဟောဝါအား သင်ဆက်လက်ဝတ်ပြုရန် မည်သို့ကူညီပေးရမည်နှင့်ပတ်သက်ပြီးသိရှိဖို့ ပို၍ဆုတောင်း၊ ပို၍ဖတ်ရှု၊ ပို၍စဉ်းစားမှုများပြုခဲ့ကြသည်။

သင့်မိဘတို့က မိမိတို့သည် မိခင်၊ ဖခင်ဖြစ်သည်ဟူသောခံစားချက် အမြဲရှိနေသည်။ သင်အသက်အရွယ်ကြီးလာသည့်တိုင် သင်၏ကာယရေး၊ စိတ်ဓာတ်ရေး၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးအတွက် သူတို့သည်ဆက်ပြီးစိုးရိမ်ပူပန်ကြသည်။ သို့သော် ထိုအချိန်တစ်လျှောက်လုံးတွင် သင့်မိဘတို့က သင်သည် လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူဖြစ်ကြောင်းနှင့် သင့်ဘဝအသက်တာ မည်သို့ဖြစ်လာမည်နှင့်ပတ်သက်၍ အာမခံချက်များမရှိကြောင်း သိမှတ်ကြသည်။ နောက်ဆုံးတွင် မည်သည့်လမ်းစဉ်လိုက်လျှောက်မည်ကို သင်ကိုယ်တိုင်ဆုံးဖြတ်ရပါလိမ့်မည်။

ထို့ကြောင့် မိမိတို့သားသမီးများ ‘အမှန်တရား၌ကျင်လည်’ သည်ကိုကြားရခြင်းထက် “သာ၍ဝမ်းမြောက်ခြင်းမရှိ” ဟူသည့်စကားကို ပြောင်းပြန်ပြောလျှင်လည်း မှန်ကန်သည်မဟုတ်ပေလော။ မိုက်မဲစွာပြုမူသောသားသမီးတို့သည် မိမိတို့မိဘများကို အမှန်ပင်ဝမ်းနည်းစေသည်။ ရှောလမုန်က ဤသို့ဆိုသည်– “မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်းဖြစ်၏။” (သု. ၁၇:၂၅) ကလေးငယ်တစ်ဦး စစ်မှန်သောဘုရားသခင့်ဝတ်ပြုရေးကို စွန့်သွားသောအခါ မိဘတို့သည် မည်မျှဝမ်းနည်းလိုက်မည်ဖြစ်ခြင်း။

ရှင်းနေပါသည်၊ သင်သည် သင့်မိသားစုအတွင်းနှင့်ပြင်ပရှိသူတို့အပေါ် အတော်အတန်အကျိုးသက်ရောက်မှုရှိနိုင်သည်။ သင်၏အပြုအမူသည် သင့်မိဘတို့၏နှလုံးကို အလွန်ထိမိစေနိုင်သည်။ ဘုရားသခင်နှင့်ကိုယ်တော့်မူများကို သင်ငြင်းပယ်ပါက သင့်မိဘတို့သည် စိတ်ထိခိုက်ပေမည်။ သို့သော် ပြောင်းပြန်ပြောလျှင်လည်း မှန်ပါသည်။ သင်သည် ယေဟောဝါအပေါ် တည်ကြည်ပြီးနာခံမှုရှိပါက သင့်မိဘတို့သည် ရွှင်လန်းပေမည်။ သင့်မိဘစိတ်နှလုံးရွှင်လန်းစေရန် သန္နိဋ္ဌာန်ချပါလေ။ သင့်ကို ကျွေးမွေးပြုစု၊ ကာကွယ်စောင့်ရှောက်၊ မြတ်နိုးသောသူတို့အား သင်ပေးဆပ်နိုင်သော ယင်းထက်ပို၍အဖိုးတန်သည့် မည်သည့်လက်ဆောင်ရှိနိုင်ပါသနည်း။