မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှုအားလုံးအဆုံးတိုင်လုနီးသည့်အကြောင်းရင်း

ဆင်းရဲခက်ခဲမှုအားလုံးအဆုံးတိုင်လုနီးသည့်အကြောင်းရင်း

ဆင်းရဲခက်ခဲမှုအားလုံးအဆုံးတိုင်လုနီးသည့်အကြောင်းရင်း

“ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။”—⁠တရားဟောရာ ၃၂:၄

၁၊ ၂။ (က) ထာဝရအသက်မျှော်လင့်ချက်ကို သင် အဘယ်ကြောင့်တန်ဖိုးထားမြတ်နိုးသနည်း။ (ခ) အနာဂတ်တွင် ကောင်းမွန်သောအရာများ ဆောင်ကြဉ်းပေးမည်ဟုကတိပြုသော ဘုရားသခင်ကို လူတို့ အဘယ်ကြောင့် မယုံကြည်ကြသနည်း။

ပရဒိသုအသက်တာအကြောင်း စိတ်ကူးရသည်ကို သင် ပျော်မွေ့သလော။ အံ့ဖွယ်ကမ္ဘာဂြိုဟ်အနှံ့ ခရီးဆန့်ရင်း မကုန်ခမ်းနိုင်သောသက်ရှိမျိုးစုံကို လေ့လာနေသည်ဟု မြင်ယောင်ကြည့်နိုင်သည်။ ကမ္ဘာမြေကို ဥယျာဉ်ခြံအဖြစ် အသွင်ပြောင်းရန် အခြားသူများနှင့်အတူ ပျော်ရွှင်စွာလုပ်ဆောင်နေသည်ဟု တွေးကြည့်နိုင်သည်။ သို့မဟုတ် အလုပ်များလှသော ယနေ့လောကတွင် သင် အချိန်မပေးနိုင်သော အနုပညာ၊ ဗိသုကာ၊ တေးဂီတနှင့် အခြားအရာများကို ကျွမ်းကျင်တတ်မြောက်နေသည်ဟု စိတ်ကူးကြည့်နိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက် ယေဟောဝါရည်ရွယ်ထားသော “မှန်သောအသက်” ဖြစ်သည့် ထာဝရအသက်မျှော်လင့်ချက်ကို သင် တန်ဖိုးထားမြတ်နိုးပေမည်။—⁠၁ တိမောသေ ၆:၁၉

ထိုကျမ်းစာအခြေပြုမျှော်လင့်ချက်အကြောင်း အခြားသူတို့ကို ဝေမျှရခြင်းသည် အမှန်ပင်ကြည်နူးစရာအခွင့်ထူး မဟုတ်ပေလော။ သို့သော် လူများစွာသည် ထိုမျှော်လင့်ချက်ကို လက်မခံကြပေ။ ယင်းသည် ယုံလွယ်သူများအတွက်သာဖြစ်ပြီး လက်တွေ့မကျသောစိတ်ကူးဖြစ်သည်ဟု ရှုမြင်ကြ၏။ ပရဒိသုတွင် ထာဝရအသက်ပေးမည်ဟုကတိပြုသော ဘုရားသခင်ကိုပင် ယုံကြည်ရန် ခက်နေပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ ဆိုးသွမ်းမှုများကြောင့်ဖြစ်၏။ တန်ခိုးကြီးသော မေတ္တာရှင်ဘုရားသခင်တစ်ပါးသာ ရှိမည်ဆိုလျှင် ကမ္ဘာပေါ်တွင် ဆိုးသွမ်းမှုနှင့်ဆင်းရဲခက်ခဲမှုများ ဖြစ်လာနိုင်စရာအကြောင်းမရှိဟု သူတို့ယူဆကြသည်။ ဆိုးသွမ်းမှုများကိုခွင့်ပြုထားသော ဘုရားဟူ၍မရှိနိုင်၊ ရှိခဲ့မည်ဆိုလျှင်လည်း တန်ခိုးမရှိသော၊ လူတို့ကိုဂရုမစိုက်သော ဘုရားသာဖြစ်သည်ဟု သူတို့ယူဆကြသည်။ အချို့က ယင်းယူဆချက်ကို လက်ခံကြသည်။ စာတန်သည် လူတို့၏ဉာဏ်မျက်စိကို အမှန်တကယ်ကွယ်စေခဲ့ပြီ။—⁠၂ ကောရိန္သု ၄:၄

၃။ အဘယ်ခက်ခဲသည့်မေးခွန်း၏အဖြေကို လူအများသိရှိရန် ကျွန်ုပ်တို့ကူညီနိုင်သနည်း။ ထိုသို့ကူညီရန် ကျွန်ုပ်တို့သည် အဘယ်ကြောင့် အကောင်းဆုံးအနေအထားတွင် ရှိကြသနည်း။

ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် စာတန်နှင့် ဤလောကပညာ၏ လှည့်ဖြားမှုခံနေရသူများကို ကူညီပေးနိုင်ရန် အကောင်းဆုံးအနေအထားတွင် ရှိကြသည်။ (၁ ကောရိန္သု ၁:၂၀; ၃:၁၉) ကျမ်းစာကတိတော်များကို လူအများစု အဘယ်ကြောင့် မယုံကြည်ရကြောင်း ကျွန်ုပ်တို့သဘောပေါက်ကြသည်။ ထိုသူတို့သည် ယေဟောဝါအကြောင်း လုံးဝမသိကြပေ။ သူတို့သည် ကိုယ်တော့်နာမတော်နှင့် ယင်း၏အဓိပ္ပာယ်ကို မသိခြင်း၊ ကိုယ်တော့်ဂုဏ်ရည်တော်များနှင့် ကတိတော်များအတိုင်း လုပ်ဆောင်ခဲ့ပုံမှတ်တမ်းများကို လုံးဝမသိခြင်း သို့မဟုတ် အနည်းအကျဉ်းသာ သိထားခြင်းဖြစ်ပေမည်။ ကျွန်ုပ်တို့မူ ထိုအကြောင်းများကို ကောင်းစွာသိထားကြသည်။ ထို့ကြောင့် “ဆိုးသွမ်းမှုနှင့်ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားသနည်း” ဟူသော အခက်ခဲဆုံးမေးခွန်း၏အဖြေကို “ဉာဏ်အလင်းကွယ်” နေသူတို့ သိရှိလာရန် မည်သို့ကူညီနိုင်ကြောင်း သုံးသပ်ခြင်းက အကျိုးရှိသည်။ (ဧဖက် ၄:၁၈) ဦးဆုံးအနေဖြင့်၊ ကျွန်ုပ်တို့ မည်သို့ထိရောက်စွာဖြေဆိုနိုင်ကြောင်း သုံးသပ်ကြမည်။ ထို့နောက် ဆိုးသွမ်းမှုများကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းရာတွင် ကိုယ်တော်၏ဂုဏ်ရည်တော်များ မည်သို့ပေါ်လွင်ကြောင်း သုံးသပ်ကြမည်။

ထိရောက်မှန်ကန်စွာဖြေဆိုခြင်း

၄၊ ၅။ ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားကြောင်း လူတစ်ဦးမေးသည့်အခါ ဦးဆုံး သင်အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ ရှင်းပြပါ။

ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားသနည်းဟု တစ်စုံတစ်ဦးမေးမြန်းလာလျှင် ကျွန်ုပ်တို့ မည်သို့ဖြေဆိုမည်နည်း။ ချက်ချင်းပင် ဧဒင်ဥယျဉ်တွင် ဖြစ်ပျက်ခဲ့ရာမှအစချီ၍ အသေးစိတ်ရှင်းပြလိုပေမည်။ အခြေအနေအချို့တွင် ထိုသို့ရှင်းပြခြင်းက သင့်လျော်သည်။ သို့သော် သတိပြုသင့်သည်မှာ ချက်ချင်းအဖြေမပေးဘဲ လမ်းခင်းပေးဖို့လိုပေမည်။ (သု. ၁၅:၂၃; ကောလောသဲ ၄:၆) အဖြေမပေးမီ ထိုသူအတွက် အကူအညီဖြစ်စေမည့် အချက်သုံးချက်ကို သုံးသပ်ကြည့်ကြစို့။

ဦးဆုံးနေနှင့် ကမ္ဘာပေါ်ရှိ ဆိုးသွမ်းမှုများကြောင့် လူတစ်ဦး အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသည်ဆိုလျှင် ထိုသူ သို့မဟုတ် သူချစ်ရသူများသည် ဆိုးသွမ်းမှုများကို ခံစားခဲ့ရ၍ဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် အမှန်ကိုယ်ချင်းစာကြောင်း ဖော်ပြခြင်းဖြင့် အစပျိုးပါက ပညာရှိရာရောက်ပေမည်။ ‘ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုပြုကြလော့’ ဟုခရစ်ယာန်များကို တမန်တော်ပေါလုတိုက်တွန်းခဲ့၏။ (ရောမ ၁၂:၁၅) ကိုယ်ချင်းစာနာကြောင်းပြခြင်း သို့မဟုတ် “စိတ်ကြင်နာခြင်း” ကလူတစ်ဦး၏နှလုံးကိုထိမိစေသည်။ (၁ ပေတရု ၃:၈) ကျွန်ုပ်တို့သည် သူ့ကိုဂရုစိုက်နားလည်ပေးကြောင်း သူသိရှိပါက ကျွန်ုပ်တို့ပြောဆိုရာကို ပို၍နားထောင်လိုပေမည်။

၆၊ ၇။ စိတ်ရှုပ်စေသောမေးခွန်း မေးလာသူတစ်ဦးကို အဘယ်ကြောင့်ချီးမွမ်းသင့်သနည်း။

ဒုတိယ၊ ထိုသို့စိတ်ရင်းမှန်ဖြင့်မေးသည့်အတွက် သူ့ကိုချီးမွမ်းနိုင်သည်။ အချို့က ထိုသို့မေးမြန်းခြင်းသည် ဘုရားသခင်အပေါ် အယုံအကြည်ကင်းမဲ့ပြီး မရိုမသေပြုခြင်းဖြစ်သည်ဟု ယူဆကြသည်။ ဘာသာရေးခေါင်းဆောင်များက သူတို့ကို ထိုသို့ပင်ပြောဆိုကောင်းပြောဆိုခဲ့ပေမည်။ သို့သော် ယင်းသည် အယုံအကြည်ကင်းမဲ့၍မဟုတ်ပေ။ အမှန်မှာ ကျမ်းစာခေတ်မှ သစ္စာရှိသူများစွာလည်း အလားတူမေးခဲ့ကြသည်။ ဥပမာ၊ ဆာလံဆရာဒါဝိဒ်က ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍နေတော်မူသနည်း။ ဘေးအန္တရာယ်ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း’ ဟုမေးခဲ့သည်။ (ဆာလံ ၁၀:၁) အလားတူ၊ ပရောဖက်ဟဗက္ကုတ်လည်း ဤသို့မေးခဲ့၏– ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် မကောင်းမှုကိုခံ၍ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း။ မကောင်းမှုကို အဘယ်ကြောင့်မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။’—⁠ဟဗက္ကုတ် ၁:၂၊ ၃

ထိုသစ္စာရှိပုဂ္ဂိုလ်များသည် ဘုရားသခင်ကို အလွန်ကြောက်ရွံ့ရိုသေသူများဖြစ်ကြသည်။ ထိုသို့မေးမြန်းသည့်အတွက် သူတို့အပြစ်တင်ခံရသလော။ ယေဟောဝါရှင်သည် သူတို့ကိုအပြစ်တင်မည့်အစား ထိုမေးခွန်းများကို ကျမ်းစာတွင် မှတ်တမ်းတင်စေခဲ့သည်။ ယနေ့လည်း ဆိုးသွမ်းမှုများအတွက် စိတ်အနှောင့်အယှက်ဖြစ်နေသူတစ်ဦးသည် အမှန်အားဖြင့် ဝိညာဉ်ရေးတွင် ဆာမွတ်နေခြင်း၊ ကျမ်းစာတွင်သာ ရှာတွေ့ နိုင်သောအဖြေများကို သိလိုခြင်းဖြစ်ပေမည်။ ဝိညာဉ်ရေးတွင်ဆာမွတ်သူများ သို့မဟုတ် “ဘုရားသခင်ကိုမှီခိုရန်လိုကြောင်း သိမှတ်သူတို့” ကိုယေရှုချီးမွမ်းခဲ့သည်။ (မဿဲ ၅:၃ကဘ) ယေရှုကတိပြုခဲ့သည့်ပျော်ရွှင်မှုကို သူတို့ခံစားနိုင်ရန် ကူညီပေးရခြင်းက အခွင့်ထူးလိုက်လေခြင်း။

၈။ စိတ်ရှုပ်စေသော အဘယ်သွန်သင်ချက်များကြောင့် ဆင်းရဲခက်ခဲမှုများကို ဘုရားသခင်ဖြစ်ပေါ်စေသည်ဟု လူတို့ယူဆကြသနည်း။ သူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။

တတိယ၊ ကမ္ဘာပေါ်ပျံ့ နှံ့နေသော ဆိုးသွမ်းမှုများသည် ဘုရားသခင်ကြောင့်မဟုတ်ကြောင်းသိရှိလာရန် ကူညီပေးဖို့လိုပေမည်။ ဘုရားသခင်သည် ဤကမ္ဘာကိုအုပ်စိုးနေပြီး ကျွန်ုပ်တို့ကြုံတွေ့ရမည့်အရာများကို ကြာမြင့်စွာကတည်းက ကြိုတင်သတ်မှတ်ထားသည်၊ လူသားများကို ဆင်းရဲခက်ခဲမှုများဖြင့် ကိုယ်တော် ဒဏ်ခတ်ရသည့်အကြောင်းရင်းများရှိသည်ဟု လူတို့သွန်သင်ခံရ၏။ ထိုသွန်သင်ချက်များသည် မှား၏။ ယင်းတို့သည် ဘုရားသခင်ကိုဂုဏ်ဖျက်ရာရောက်ပြီး ကမ္ဘာပေါ်ရှိ ဆိုးသွမ်းမှုနှင့်ဆင်းရဲခက်ခဲမှုများအတွက် ကိုယ်တော်၌တာဝန်ရှိကြောင်း ဖော်ပြရာရောက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျမ်းစာသုံး၍ အမှန်တရားကို ရှင်းပြဖို့လိုပေမည်။ (၂ တိမောသေ ၃:၁၆) ဖောက်ပြန်ယိုယွင်းနေသောဤလောက၏ အုပ်စိုးရှင်မှာ ယေဟောဝါမဟုတ်၊ စာတန်ဖြစ်၏။ (၁ ယောဟန် ၅:၁၉) ယေဟောဝါသည် အသိဉာဏ်ရှိသတ္တဝါများ၏အနာဂတ်ကို ကြိုတင်စီမံထားခြင်းမရှိဘဲ ကောင်းမကောင်း၊ အမှန်အမှားကို တစ်ဦးစီ လွတ်လပ်စွာရွေးချယ်နိုင်ခွင့်ပေးထားသည်။ (တရားဟောရာ ၃၀:၁၉) ယေဟောဝါသည် ဆိုးသွမ်းမှု၏တရားခံ လုံးဝမဟုတ်ချေ။ ကိုယ်တော်သည် ဆိုးသွမ်းမှုကိုရွံမုန်းပြီး မတရားမှုခံစားနေရသူများကို ဂရုစိုက်တော်မူသည်။—⁠ယောဘ ၃၄:၁၀; သု. ၆:၁၆-၁၉; ၁ ပေတရု ၅:⁠၇

၉။ ဆင်းရဲခက်ခဲမှုများကို ယေဟောဝါဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားကြောင်း လူတို့နားလည်နိုင်ရန် ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် အဘယ်စာပေများ ပြင်ဆင်ပေးထားသနည်း။

ထိုသို့လမ်းခင်းပေးသည့်အခါ ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားကြောင်း ထိုသူ ဆက်သင်ယူရန် အသင့်ဖြစ်နေပေမည်။ ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် အထောက်အကူပြုစာပေများစွာ ပြင်ဆင်ပေးထားသည်။ (မဿဲ ၂၄:၄၅-၄၇) ဥပမာ ၂၀၀၅/၀၆ ခုနှစ် “ဘုရားရေးရာနာခံမှု” ခရိုင်စည်းဝေးကြီးတွင် ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ!ဟူသောဝေစာကို ထုတ်ဝေခဲ့သည်။ ယင်းတွင်ပါသောအကြောင်းအရာကို ကောင်းစွာဖတ်ရှုပါ။ အလားတူ၊ ယခု ဘာသာစကားပေါင်း ၁၅၇ ဘာသာဖြင့်ရရှိနိုင်သော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၏ အခန်းတစ်ခန်းတွင် ဤအရေးကြီးမေးခွန်းကို ဖြေဆိုထားသည်။ ထိုစာပေများကို အပြည့်အဝအသုံးပြုပါ။ ယင်းတို့တွင် ဧဒင်ဥယျာဉ်၌ပေါ်ပေါက်ခဲ့သော စကြဝဠာပိုင်သအုပ်စိုးမှုအရေးကိစ္စနှင့် ယင်းကို ဘုရားသခင် အဘယ်ကြောင့် ထိုသို့ဖြေရှင်းခဲ့ကြောင်း ကျမ်းစာဖြင့် ရှင်းလင်းဖော်ပြထားသည်။ ဤအကြောင်းအရာကို ဆွေးနွေးသည့်အခါ အရေးကြီးဆုံးအသိပညာကို ထိုသူအား သင်ရှင်းပြနေကြောင်း စိတ်စွဲမှတ်ထားပါ။ ယင်းသည် ယေဟောဝါ၊ ကိုယ်တော်၏အံ့ဖွယ်ဂုဏ်ရည်တော်များနှင့်ဆိုင်သော အသိပညာပေတည်း။

ယေဟောဝါ၏ဂုဏ်ရည်တော်များကို အာရုံစိုက်ပါ

၁၀။ ဆင်းရဲခက်ခဲမှုများကို ဘုရားသခင်ခွင့်ပြုထားခြင်းနှင့်စပ်လျဉ်း၍ အဘယ်အရာကို လူအများနားလည်ရခက်နေကြသနည်း။ အဘယ်အရာကို သိရှိထားခြင်းက အကူအညီဖြစ်စေမည်နည်း။

၁၀ စာတန့်သြဇာလွှမ်းမိုးမှုအောက်တွင်  လူ့အုပ်စိုးမှုကို ယေဟောဝါ အဘယ်ကြောင့်ခွင့်ပြုထားကြောင်း နားလည်နိုင်ရန် ကူညီပေးသည့်အခါ ကိုယ်တော်၏အံ့ဖွယ်ဂုဏ်ရည်တော်များကို အာရုံစိုက်စေပါ။ ဘုရားသခင်သည် တန်ခိုးကြီးသည်ဟု လူအများလက်ခံထားပြီး ကိုယ်တော်ကို အတိုင်းအဆမဲ့တန်ခိုးရှင်ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ သို့ရာတွင် ထိုတန်ခိုးဖြင့် မတရားမှုနှင့်ဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့် ချက်ချင်းမဖယ်ရှားပစ်ကြောင်း သူတို့နားလည်ရခက်နေကြသည်။ သန့်ရှင်းခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာ၊ မေတ္တာအစရှိသော ယေဟောဝါ၏ဂုဏ်ရည်တော်များကို သူတို့နားမလည်သောကြောင့် ဖြစ်နိုင်သည်။ ယေဟောဝါသည် ထိုဂုဏ်ရည်တော်များကို စုံလင်ပြည့်ဝ၍ မျှတသောနည်းဖြင့် တင်ပြတော်မူသည်။ ထို့ကြောင့် “အမှုတော်သည် စုံလင်ပေ၏” ဟုကျမ်းစာဆိုထားခြင်းဖြစ်သည်။ (တရားဟောရာ ၃၂:၄) ယင်းနှင့်ပတ်သက်သောမေးခွန်းများကို ဖြေဆိုသည့်အခါ ထိုဂုဏ်ရည်တော်များကို မည်သို့အလေးပေးဖော်ပြနိုင်သနည်း။ ဥပမာအချို့ကို သုံးသပ်ကြစို့။

၁၁၊ ၁၂။ (က) အာဒံနှင့်ဧဝတို့၏အပြစ်ကို ခွင့်လွှတ်ရန် အဘယ်ကြောင့်မဖြစ်နိုင်သနည်း။ (ခ) ယေဟောဝါသည် အပြစ်ကို အဘယ်ကြောင့် ထာဝရသည်းခံခွင့်ပြုမည်မဟုတ်သနည်း။

၁၁ အာဒံနှင့်ဧဝကို ယေဟောဝါ ခွင့်လွှတ်နိုင်မည်လော။ ဤကိစ္စတွင် ခွင့်လွှတ်ရန် လုံးဝမဖြစ်နိုင်ပေ။ စုံလင်သူများဖြစ်သော အာဒံနှင့်ဧဝသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို တမင်တကာငြင်းဆန်ပြီး စာတန်နှင့်ပူးပေါင်းခဲ့ကြသည်။ ထိုပုန်ကန်သူများသည် နောင်တရသောလက္ခဏာ လုံးဝမပြခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် သူတို့ကို ယေဟောဝါ အဘယ်ကြောင့်ခွင့်မလွှတ်ကြောင်း လူတို့မေးသောအခါ အမှန်အားဖြင့် ယေဟောဝါသည် မိမိစံနှုန်းများကိုလျှော့ချပြီး အပြစ်နှင့်ပုန်ကန်မှုကို အဘယ်ကြောင့် ခွင့်မလွှတ်လိုက်ရသနည်းဟု သိလိုခြင်းဖြစ်ပေမည်။ အဖြေတွင် ယေဟောဝါ၏ပင်ကိုအရည်အသွေးတစ်ခုဖြစ်သော သန့်ရှင်းခြင်းပါဝင်ပတ်သက်လာသည်။—⁠ထွက်မြောက်ရာ ၂၈:၃၆; ၃၉:၃၀

၁၂ ကျမ်းစာတွင် ယေဟောဝါ၏သန့်ရှင်းမှုအကြောင်း အကြိမ်ပေါင်းများစွာ အလေးပေးဖော်ပြထားသည်။ ဝမ်းနည်းစရာမှာ ဖောက်ပြန်ယိုယွင်းနေသော ဤလောကတွင် ထိုဂုဏ်ရည်တော်အကြောင်း နားလည်သူမရှိသလောက်ပင်။ ယေဟောဝါသည် စင်ကြယ်သန့်ရှင်းပြီး အပြစ်မှန်သမျှနှင့် ကင်းရှင်းတော်မူသည်။ (ဟေရှာယ ၆:၃; ၅၉:၂) အပြစ်ဖြေနိုင်မည့်နည်းလမ်းတစ်ခုကို ကိုယ်တော်စီစဉ်ပေးခဲ့သော်လည်း အပြစ်ကို ထာဝရသည်းခံခွင့်ပြုထားမည်မဟုတ်ပေ။ ယေဟောဝါရှင်သာ အပြစ်ကို ထာဝရသည်းခံခွင့်ပြုထားပါက ကျွန်ုပ်တို့၏အနာဂတ်အတွက် အဘယ်မျှော်လင့်ချက်မျှ ရှိနိုင်မည်မဟုတ်ပါ။ (သု. ၁၄:၁၂) ယေဟောဝါသည် သတ်မှတ်ထားချိန်ရောက်လျှင် ဖန်ဆင်းရာခပ်သိမ်းကို သန့်ရှင်းသောအနေအထားသို့ ပြန်ရောက်စေပေလိမ့်မည်။ ယင်းသည် သန့်ရှင်းတော်မူသောအရှင်၏ အလိုတော်ဖြစ်သောကြောင့် ဧကန်အမှန်ဖြစ်လာမည်။

၁၃၊ ၁၄။ ဧဒင်တွင် ပုန်ကန်သူများကို ယေဟောဝါ အဘယ်ကြောင့်မဖျက်ဆီးခဲ့သနည်း။

၁၃ ယေဟောဝါသည် ဧဒင်တွင် ပုန်ကန်သူများကိုဖျက်ဆီးပစ်ပြီး အသစ်ပြန်စနိုင်မည်လော။ ကိုယ်တော်၌ ထိုသို့ပြုနိုင်သည့်တန်ခိုး အမှန်ရှိ၏။ မကြာမီ၊ ထိုတန်ခိုးတော်ကိုသုံး၍ ဆိုးသွမ်းမှုအားလုံးကို အစတုံးဖျက်ဆီးပစ်တော့မည်။ သို့ဆိုလျှင် “စကြဝဠာမှာ အပြစ်သားသုံးယောက်ပဲရှိချိန်တုန်းက ဘုရားသခင် ဘာကြောင့်ဒီလိုမလုပ်ခဲ့သလဲ။ လောကမှာတွေ့နေရတဲ့ စိတ်မချမ်းမြေ့စရာတွေနဲ့ အပြစ်ကို ကြိုတင်တားဆီးလို့မရဘူးလား’ ဟုအချို့က သိလိုပေမည်။ ယေဟောဝါ အဘယ်ကြောင့် ထိုသို့မဖြေရှင်းခဲ့သနည်း။ တရားဟောရာ ၃၂:၄ တွင် ကိုယ်တော် “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” သည်ဟုဖော်ပြ၏။ ယေဟောဝါသည် တရားမျှတမှုအရှိဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသည်။ အမှန်မှာ၊ ‘ထာဝရဘုရားသခင်သည် တရားကိုနှစ်သက်တော်မူ၏။’ (ဆာလံ ၃၇:၂၈) ယေဟောဝါသည် တရားမျှတမှုကိုနှစ်သက်သဖြင့် ဧဒင်တွင် ပုန်ကန်သူများကို မဖျက်ဆီးခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်နည်း။

၁၄ စာတန်၏ပုန်ကန်မှုကြောင့် ဘုရားသခင့်ပိုင်သအုပ်စိုးခွင့်နှင့်စပ်လျဉ်း၍ မေးခွန်းတစ်ခုပေါ်ပေါက်လာသည်။ ယေဟောဝါသည် တရားမျှတသောကြောင့် စာတန်၏စိန်ခေါ်ချက်ကို တရားမျှတစွာအဖြေပေးခဲ့သည်။ ပုန်ကန်သူများကို ချက်ချင်း ဖျက်ဆီးထိုက်သော်လည်း ယင်းက ဖြေရှင်းနည်းမဟုတ်ပေ။ ထိုသို့ဖျက်ဆီးခြင်းဖြင့် ယေဟောဝါ၏တန်ခိုးကြီးမားမှုကို သက်သေထူနိုင်သော်လည်း ပြဿနာမှာ ကိုယ်တော်၏တန်ခိုးတော်နှင့်မပတ်သက်ပေ။ ထို့ပြင် မိမိရည်ရွယ်ချက်ကို အာဒံနှင့်ဧဝတို့အား မိန့်ဆိုခဲ့ပြီးဖြစ်၏။ သူတို့သည် များပြားစွာမွေးဖွားပြီး မြေကြီးကိုပြည့်စေ၍ တိရစ္ဆာန်အပေါင်းကိုအုပ်စိုးရမည်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈) အာဒံနှင့်ဧဝကိုသာ ဖျက်ဆီးလိုက်ပါက ကိုယ်တော်မိန့်ဆိုခဲ့သော ထိုရည်ရွယ်ချက်မှာ အချည်းနှီးဖြစ်သွားပေမည်။ တရားမျှတသောအရှင် ယေဟောဝါသည် ထိုသို့ဖြစ်ခွင့်ပြုမည်မဟုတ်။ အကြောင်းမှာ ကိုယ်တော့်ရည်ရွယ်ချက်များ အမြဲပြည့်စုံသောကြောင့်တည်း။—⁠ဟေရှာယ ၅၅:၁၀၊ ၁၁

၁၅၊ ၁၆။ ဧဒင်တွင်ပေါ်ပေါက်ခဲ့သော အရေးကိစ္စကိုဖြေရှင်းနိုင်မည့် အခြား “နည်းလမ်းများ” အကြောင်း ပြောဆိုသူတို့ကို မည်သို့ကူညီနိုင်သနည်း။

၁၅ ပုန်ကန်မှုကိုဖြေရှင်းရာ၌ ယေဟောဝါရှင်ထက် ဉာဏ်ပညာကြွယ်ဝသူ စကြဝဠာတွင် ရှိနိုင်မည်လော။ အချို့က ဧဒင်တွင်ပေါ်ပေါက်ခဲ့သော ပုန်ကန်မှုကိုဖြေရှင်းနိုင်မည့် ကိုယ်ပိုင် “နည်းလမ်းများ” ကိုပြောဆိုကြပေမည်။ ယင်းက ထိုအရေးကိစ္စကိုဖြေရှင်းရန် ပိုကောင်းသောနည်းလမ်းများ သူတို့တွင်ရှိသည်ဟု ဆိုလိုနေခြင်းမဟုတ်လော။ ထိုသို့ယူဆရခြင်းမှာ စိတ်ရင်းမှန်မရှိ၍မဟုတ်ပေ။ ယေဟောဝါရှင်နှင့် ကိုယ်တော်၏စိုးရွံ့ခန့်ညားဖွယ်ဉာဏ်ပညာအကြောင်း မသိခြင်းကြောင့် ဖြစ်နိုင်သည်။ ရောမမြို့ရှိခရစ်ယာန်များထံ တမန်တော်ပေါလုစာရေးရာတွင် ဘုရားသခင်၏ဉာဏ်ပညာအကြောင်း နှိုက်နှိုက်ချွတ်ချွတ် ရေးသားခဲ့သည်။ ယင်းတွင် မေရှိယနိုင်ငံတော်အားဖြင့် သစ္စာရှိလူသားများကို ရွေးနုတ်ရန်နှင့် နာမတော်မြတ်ကို သန့်ရှင်းမြင့်မြတ်စေမည့် ယေဟောဝါ၏ရည်ရွယ်ချက်နှင့်ဆိုင်သည့် “နက်နဲသောအရာ” လည်းပါဝင်သည်။ ထိုရည်ရွယ်ချက်ကို ဖြစ်ပေါ်စေသော ဘုရားသခင်၏ဉာဏ်ပညာနှင့်ပတ်သက်၍ ပေါလုမည်သို့ယူဆခဲ့သနည်း။ သူ၏စာကို ဤသို့နိဂုံးချုပ်၏– ‘တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးတော်ရှိစေသတည်း။ အာမင်။’—⁠ရောမ ၁၁:၂၅; ၁၆:၂၅-၂၇

၁၆ စကြဝဠာတွင် ယေဟောဝါသာလျှင် “တစ်ဆူတည်းသာလျှင်ပညာနှင့်ပြည့်စုံ” ကြောင်း ပေါလုသိနားလည်သည်။ ဘုရားသခင့်ဉာဏ်ပညာဖြင့် ဖြေရှင်းခဲ့သော ဤအခက်ခဲဆုံးပြဿနာကို မဆိုထားနှင့်၊ အခြားပြဿနာများကိုပင် မစုံလင်သူလူသားများ ကောင်းစွာဖြေရှင်းနိုင်သလော။ ထို့ကြောင့် “ထူးဆန်းသောဉာဏ်” နှင့်ပြည့်စုံသော ဘုရားသခင်ကို ကျွန်ုပ်တို့ကဲ့သို့ အခြားသူတို့ကြောက်ရွံ့ရိုသေလာရန် ကူညီပေးဖို့လိုသည်။ (ယောဘ ၉:၄) ယေဟောဝါ၏ဉာဏ်ပညာကို ပို၍သဘောပေါက်လေ ကိုယ်တော့်နည်းလမ်းသာ အကောင်းဆုံးဖြစ်ကြောင်း ပို၍ယုံကြည်စိတ်ချလေဖြစ်မည်။—⁠သု. ၃:၅၊ ၆

ယေဟောဝါ၏ အထူးခြားဆုံးဂုဏ်ရည်တော်ကိုလေးမြတ်ခြင်း

၁၇။ ယေဟောဝါ၏မေတ္တာကို ပို၍နားလည်ခြင်းက ဆင်းရဲခက်ခဲမှုများကို ဘုရားသခင်ခွင့်ပြုထားသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေသူများအား မည်သို့ကူညီပေးသနည်း။

၁၇ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:⁠၈) ထိုကျမ်းစကားက ယေဟောဝါ၏ဂုဏ်ရည်တော်များတွင် အထူးခြားဆုံး၊ ဆိုးသွမ်းမှုများကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူများကို နှစ်သိမ့်မှုအပေးဆုံး ဂုဏ်ရည်တော်အကြောင်း ဖော်ပြနေသည်။ လူသားတို့အား အကြီးအကျယ်ထိခိုက်စေသော အပြစ်၏ဆိုးကျိုးကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတွင် ယေဟောဝါ၏မေတ္တာ ပေါ်လွင်နေသည်။ ယေဟောဝါသည် မေတ္တာကြောင့် အာဒံနှင့်ဧဝ၏ အပြစ်ရှိသောသားစဉ်မြေးဆက်များကို မျှော်လင့်ချက်ပေးထားသည်။ (ကမ္ဘာဦး ၃:၁၅) ထို့ပြင် ဆုတောင်းခြင်းဖြင့် ကိုယ်တော့်ထံ ချဉ်းကပ်ခွင့်ပေးကာ ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရရှိစေသည်။ ထို့ပြင် မေတ္တာကြောင့် ရွေးနုတ်ဖိုးပြင်ဆင်ပေးခဲ့ပြီး အပြစ်မှလုံးဝလွတ်မြောက်၍ စုံလင်မှုနှင့်ထာဝရအသက် ပြန်လည်ရရှိရန် လမ်းဖွင့်ပေးခဲ့သည်။ (ယောဟန် ၃:၁၆) မေတ္တာကြောင့် လူသားတို့ကို သည်းခံစိတ်ရှည်ထားရာ လူများစွာသည် စာတန်ကိုတွန်းလှန်၍ ယေဟောဝါအား အုပ်စိုးရှင်အဖြစ်လက်ခံရန် အခွင့်အရေးရရှိစေသည်။—⁠၂ ပေတရု ၃:၉

၁၈။ မည်သည့်အရာကို သိထားခြင်းက ဝမ်းသာစရာဖြစ်သနည်း။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်း ဆွေးနွေးမည်နည်း။

၁၈ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု၏ နှစ်ပတ်လည်နေ့တွင် စုရုံးရောက်ရှိနေသော လူအုပ်ကို ခရစ်ယာန်ဓမ္မဆရာတစ်ဦး ဤသို့ပြောခဲ့၏– “ဆိုးသွမ်းမှုနဲ့ ဆင်းရဲခက်ခဲမှုကို ဘုရားသခင်ဘာကြောင့် ဆက်ခွင့်ပြုထားသလဲဆိုတာ ကျွန်တော်တို့မသိဘူး။” ဝမ်းနည်းဖွယ်ကောင်းလိုက်လေခြင်း! ထိုအကြောင်းအရာကို ကျွန်ုပ်တို့သိရှိထားသည့်အတွက် ဝမ်းသာစရာမဟုတ်လော။ (တရားဟောရာ ၂၉:၂၉) ယေဟောဝါသည် ဉာဏ်ပညာ၊ တရားမျှတမှု၊ မေတ္တာရှိသောကြောင့် ဆင်းရဲခက်ခဲမှုအားလုံးကို မကြာမီအဆုံးတိုင်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ အမှန်မှာ ထိုသို့ပြုလုပ်မည်ဟု ကိုယ်တော်ကတိပေးထား၏။ (ဗျာ. ၂၁:၃၊ ၄) သို့သော် ရာစုနှစ်များတစ်လျှောက် သေလွန်ခဲ့သူအားလုံးအတွက်ကော အသို့နည်း။ သူတို့ကို မျှော်လင့်ချက်မပေးဘဲ ဧဒင်တွင်ပေါ်ပေါက်ခဲ့သော အရေးကိစ္စကို ယေဟောဝါဖြေရှင်းခဲ့သလော။ မဟုတ်ပါ။ မေတ္တာကြောင့် သူတို့ကို ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ပေးခဲ့သည်။ ထိုအကြောင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားကြောင်း မေးမြန်းသူတစ်ဦးကို မည်သို့ရှင်းပြနိုင်သနည်း။

• ဧဒင်တွင်ပေါ်ပေါက်ခဲ့သော ပုန်ကန်မှုကိုဖြေ ရှင်းရာတွင် ယေဟောဝါ၏သန့်ရှင်းမှုနှင့် တရားမျှတမှု မည်သို့ပေါ်လွင်သနည်း။

• ယေဟောဝါ၏မေတ္တာတော်ကို လူတို့ ပို၍နားလည်ရန် အဘယ်ကြောင့် ကူညီပေးသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ကမ္ဘာပေါ်ရှိ ဆင်းရဲခက်ခဲမှုများကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေသူများကို ကူညီပေးပါ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

သစ္စာရှိသောဒါဝိဒ်နှင့်ဟဗက္ကုတ်တို့သည်ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် မေးခွန်းထုတ်ခဲ့