မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်ပြန်ထမြောက်ခြင်း—သင့်အတွက်အမှန်တကယ်ဖြစ်သလော

ရှင်ပြန်ထမြောက်ခြင်း—သင့်အတွက်အမှန်တကယ်ဖြစ်သလော

ရှင်ပြန်ထမြောက်ခြင်း—သင့်အတွက်အမှန်တကယ်ဖြစ်သလော

“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်။”—⁠တမန်တော် ၂၄:၁၅

၁။ သေခြင်းတရားကို အဘယ်ကြောင့် ရှောင်လွှဲနိုင်ပုံ မရသနည်း။

“ဤလောကတွင် သေခြင်းနှင့် အခွန်ဆောင်ခြင်းမှလွဲ၍ သေချာသည့်အရာ မရှိပါ။” ၁၇၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံခေါင်းဆောင် ဘင်ဂျမင်ဖရန်ကလင် ရေးသားခဲ့သော ထိုစကားများ မှန်ကန်လှသည်ဟု အချို့ယူမှတ်ကြ၏။ သို့သော် မရိုးသားသူများသည် လိမ်လည်ခြင်းဖြင့် အခွန်ကို ရှောင်လွှဲနိုင်ကြသည်။ သေခြင်းတရားကိုမူ လုံးဝရှောင်လွှဲနိုင်ပုံမရပေ။ နောက်ဆုံးတွင် ကျွန်ုပ်တို့အားလုံး သေခြင်းနှင့် မုချရင်ဆိုင်ကြရမည်ပင်။ ယင်းသည် ကျွန်ုပ်တို့နောက်မှ တကောက်ကောက်လိုက်နေ၏။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများကို ဝါးမျိုနေသောသင်္ချိုင်းသည် ဘယ်သောအခါမျှမရောင့်ရဲနိုင်ပေ။ (သု. ၂၇:၂၀) သို့သော် နှစ်သိမ့်မှုဖြစ်စေသော အချက်တစ်ချက်ကို သုံးသပ်ကြည့်ပါလေ။

၂၊ ၃။ (က) သေခြင်းတရားသည် လူအများယူဆသကဲ့သို့ မရှောင်လွှဲနိုင်သည့်အရာ အဘယ်ကြောင့်မဟုတ်သနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်မည်နည်း။

ယေဟောဝါ၏နှုတ်မြွက်တော်တွင် သေချာသော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ပေးထား၏။ ယင်းသည် စိတ်ကူးယဉ်အိပ်မက်မျှသာ မဟုတ်ပါ။ ထိုမျှော်လင့်ချက် အမှန်တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ရာတွင် စကြဝဠာရှိမည်သူမျှ ယေဟောဝါကို တားဆီးနိုင်မည်မဟုတ်ပေ။ သို့သော် အချို့အတွက်မူ သေခြင်းတရားသည် လူအများယူဆသကဲ့သို့ မရှောင်လွှဲနိုင်သည့်အရာ မဟုတ်ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ မရေမတွက်နိုင်သော ‘လူအုပ်ကြီး’ သည် လာမည့် “ကြီးစွာသောဆင်းရဲ” မှလွတ်မြောက်ကြမည်ဖြစ်သောကြောင့်တည်း။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄) ထို့နောက် သူတို့သည် ထာဝစဉ်အသက်ရှင်ကြပါလိမ့်မည်။ ထို့ကြောင့် သူတို့အတွတ် သေခြင်းသည် မရှောင်လွှဲနိုင်သောအရာ မဟုတ်ပေ။ ထို့ပြင် “သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။”—⁠၁ ကောရိန္သု ၁၅:၂၆

“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟုပြောခဲ့သည့် တမန်တော်ပေါလုနည်းတူ ကျွန်ပ်တို့လည်း ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်စိတ်ချဖို့လိုသည်။ (တမန်တော် ၂၄:၁၅) ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ မေးခွန်းသုံးခုကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ ထိုမျှော်လင့်ချက်ကို အဘယ်အရာက အမှန်တကယ်ဖြစ်စေသနည်း။ ဒုတိယ၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မှ သင် မည်သို့နှစ်သိမ့်မှုရနိုင်သနည်း။ တတိယ၊ ထိုမျှော်လင့်ချက်က ယခု သင့်အသက်တာကို မည်သို့အကျိုးသက်ရောက်သနည်း။

ရှင်ပြန်ထမြောက်ခြင်း—⁠အမှန်တကယ်ဖြစ်

၄။ ယေဟောဝါ၏ရည်ရွယ်ချက်တွင် ရှင်ပြန်ထမြောက်ခြင်းသည် မည်သို့အဓိကကျသနည်း။

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အမှန်တကယ်ဖြစ်စေသော အချက်များစွာရှိပါသည်။ အထူးသဖြင့် ယင်းသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ပြည့်စုံလာရေးတွင် အဓိကကျသည်။ စာတန်သည် လူသားများကို အပြစ်နှင့် ယင်း၏မရှောင်လွှဲနိုင်သော အကျိုးဆက်ဖြစ်သည့် သေခြင်းသို့ပို့ဆောင်ခဲ့ကြောင်း သတိရပါ။ ထို့ကြောင့် ယေရှုက စာတန်သည် “ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏” ဟုဆိုခဲ့သည်။ (ယောဟန် ၈:၄၄) သို့သော် ယေဟောဝါသည် မိမိ၏ “မိန်းမ” ဖြစ်သော ကောင်းကင်အဖွဲ့အစည်းမှ “အမျိုးအနွယ်” ပေါ်ထွက်စေမည်ဟု ကတိပြုတော်မူခဲ့သည်။ ထိုအမျိုးအနွယ်သည် “ရှေးမြွေဟောင်း” စာတန်၏ခေါင်းကိုကြိတ်၍ အစတုံးဖျက်ဆီးလိမ့်မည်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၅; ဗျာ. ၁၂:၉၊ ၁၀; ၂၀:၁၀) ယေဟောဝါသည် မေရှိယမျိုးနွယ်အပါအဝင် မိမိရည်ရွယ်ချက်ကို တဖြည်းဖြည်းအကောင်အထည်ဖော်လာရာ အမျိုးအနွယ်သည် စာတန်ကိုဖျက်ဆီးခြင်းထက်မက လုပ်ဆောင်မည်ဖြစ်ကြောင်း ထင်ရှား၏။ ကျမ်းစာဤသို့ဆိုသည်– ‘စာတန်အမှုတို့ကိုပယ်ဖျက်ခြင်းငှာ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။’ (၁ ယောဟန် ၃:၈) အာဒံထံမှအမွေရခဲ့သော အပြစ်နှင့်သေခြင်းသည် စာတန်၏အမှုများတွင် အဓိကဖြစ်ပြီး ယင်းကို ယေရှုခရစ်အားဖြင့် ပယ်ဖျက်ရန် ယေဟောဝါ ရည်ရွယ်တော်မူသည်။ ထိုသို့ပြုရာတွင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာနှင့် ရှင်ပြန်ထမြောက်ခြင်းသည် အလွန်အရေးပါ၏။—⁠တမန်တော် ၂:၂၂-၂၄; ရောမ ၆:၂၃

၅။ ရှင်ပြန်ထမြောက်ခြင်းက ယေဟောဝါ၏နာမတော်ကို အဘယ်ကြောင့် ချီးမြှောက်မည်နည်း။

ယေဟောဝါသည် မိမိ၏သန့်ရှင်းမြင့်မြတ်သောနာမကို ချီးမြှောက်တော်မူသည်။ စာတန်သည် ဘုရားသခင့်နာမတော်ကို ရှုတ်ချ၍ မုသားပြောဆိုခဲ့သည်။ ဘုရားသခင်တားမြစ်ထားသော အသီးကိုစားလျှင် အာဒံနှင့်ဧဝ “ဧကန်အမှန်သေရမည်မဟုတ်” ဟုသူလိမ်လည်ခဲ့၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၄) ထိုအချိန်မှစ၍ စာတန်သည် လူသေလျှင် ဝိညာဉ်မသေ စသောအယူမှားများကို ပျံ့နှံ့စေခဲ့ပြီ။ သို့သော် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထိုမုသားများမှားကြောင်း ယေဟောဝါ ဖော်ထုတ်တော်မူမည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် အသက်ရှင်စေသော၊ ထမြောက်စေသောအရှင်ဖြစ်တော်မူကြောင်း သက်သေထူပါလိမ့်မည်။

၆၊ ၇။ သေလွန်သူများကို ရှင်ပြန်ထမြောက်ပေးခြင်းနှင့်ပတ်သက်၍ ယေဟောဝါမည်သို့ခံစားရသနည်း။ ကိုယ်တော်၏ခံစားချက်ကို ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။

ယေဟောဝါသည် သေလွန်သူများကို ရှင်ပြန်ထမြောက်ပေးလိုသည်။ ယင်းနှင့်ပတ်သက်သော ယေဟောဝါ၏ခံစားချက်ကို ကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ ဥပမာ၊ သစ္စာရှိသူယောဘ၏ ဤစကားများကို သုံးသပ်ကြည့်ပါ– “လူသည်သေလျှင် အသက်ရှင်ဦးမည်လော။ အကျွန်ုပ်အလှည့်ကျသည်တိုင်အောင် ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး စောင့်မျှော်လျက်နေပါမည်။ အကျွန်ုပ်ကိုခေါ်တော်မူ၍ အကျွန်ုပ်ပြန်လျှောက်ပါမည်။ လက်တော်ဖြင့်ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်။” (ယောဘ ၁၄:၁၄၊ ၁၅သမ္မာ) ထိုစကားများက အဘယ်အဓိပ္ပာယ်ရှိသနည်း။

သေဆုံးပြီးနောက် သေခြင်းတွင်အိပ်ပျော်ကာ စောင့်မျှော်နေရမည့်အချိန်ရှိကြောင်း ယောဘသိသည်။ ထိုအချိန်ကို “ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလ၊” ပြန်အသက်ရှင်လာရန် သည်းခံစောင့်ဆိုင်းရသောအချိန်အဖြစ် သူရှုမြင်ခဲ့သည်။ ထိုမျှော်လင့်ချက်သည် ယောဘအတွက် အမှန်တကယ်ဖြစ်သောကြောင့် မိမိအလှည့်ရောက်လာမည်ကို သူသိသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါ၏ခံစားချက်ကို သူသိသောကြောင့်ဖြစ်၏။ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို တစ်ဖန်ပြန်တွေ့ရန် “တောင့်တ” တော်မူသည်။ မှန်ပါသည်၊ ဖြောင့်မတ်သူအားလုံး အသက်ပြန်ရှင်စေရန် ဘုရားသခင်လိုလားသည်။ ထို့ပြင် အခြားသူများကိုလည်း ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခွင့် ပေးတော်မူသည်။ (လုကာ ၂၃:၄၃; ယောဟန် ၅:၂၈၊ ၂၉) ထိုရည်ရွယ်ချက်သည် ဘုရားသခင့်အလိုတော်ဖြစ်သောကြောင့် မည်သူဟန့်တားနိုင်မည်နည်း။

၈။ ကျွန်ုပ်တို့၏ အနာဂတ်မျှော်လင့်ချက်အတွက် ယေဟောဝါ မည်သို့အာမခံချက်ပေးခဲ့သနည်း။

ယေရှု၏ရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့၏အနာဂတ်မျှော်လင့်ချက်အတွက် အာမခံချက်ဖြစ်သည်။ အာသင်မြို့တွင် ပေါလုဟောပြောစဉ် သူဤသို့ဆို၏– ‘ခန့်ထားတော်မူသောသူအားဖြင့် လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို [ဘုရားသခင်]ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေကို ပြတော်မူပြီ။’ (တမန်တော် ၁၇:၃၁) ပရိသတ်ထဲမှအချို့သည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကြားသောအခါ ပေါလုကို လှောင်ပြောင်ကြ၏။ သို့သော် အချို့မူ ယုံကြည်သူများဖြစ်လာကြသည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အတွက် အာမခံချက်၊ သက်သေရှိသည်ဟူသောအချက်ကြောင့် ဖြစ်နိုင်သည်။ ယေရှုကို ယေဟောဝါ ရှင်ပြန်ထမြောက်ပေးခြင်းသည် အကြီးမားဆုံးအံ့ဖွယ်အမှုဖြစ်၏။ ကိုယ်တော်သည် မိမိသားတော်ကို တန်ခိုးကြီးဝိညာဉ်သတ္တဝါအဖြစ် အသက်ပြန်ရှင်စေခဲ့သည်။ (၁ ပေတရု ၃:၁၈) ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် လူသားဘဝမတိုင်မီကထက် ပို၍မြင့်မြတ်သောအနေအထားကို ရရှိခဲ့သည်။ သေခြင်းနှင့်ကင်းလွတ်သည့်အပြင် ယေဟောဝါပြီးလျှင် ဒုတိယတန်ခိုးအာဏာအရှိဆုံးဖြစ်သော ယေရှုသည် ယခု မိမိခမည်းတော်ထံမှ ကြီးမားသောတာဝန်များကို ထမ်းဆောင်နိုင်ပေပြီ။ ယေဟောဝါသည် ယေရှုကိုအသုံးပြု၍ အခြားသူတို့ကို ကောင်းကင်နှင့်မြေကြီးအသက်တာသို့ ရှင်ပြန်ထမြောက်စေသည်။ ထို့ကြောင့် “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏” ဟုယေရှုကိုယ်တိုင် မိန့်တော်မူသည်။ (ယောဟန် ၅:၂၅; ၁၁:၂၅) ယေဟောဝါသည် မိမိသားတော်ကို ရှင်ပြန်ထမြောက်စေခြင်းဖြင့် သစ္စာရှိသူအားလုံးအတွက် အာမခံချက်ပေးတော်မူသည်။

၉။ ရှင်ပြန်ထမြောက်ခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း ကျမ်းစာမှတ်တမ်းက မည်သို့ထောက်ခံသနည်း။

ရှင်ပြန်ထမြောက်ခြင်းကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများစွာရှိပြီး ကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ မြေကြီးပေါ် ရှင်ပြန်ထမြောက်လာကြသူရှစ်ဦး၏အကြောင်းကို ကျမ်းစာတွင် အသေးစိတ်မှတ်တမ်းတင်ထားသည်။ ထိုအံ့ဖွယ်အမှုများကို ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ မျက်မြင်သက်သေများရှေ့တွင် ပြုလုပ်ခဲ့သည်။ လေးရက်ကြာသေနေသော လာဇရုကို သူ့မိသားစု၊ မိတ်ဆွေများနှင့် အိမ်နီးချင်းများရှေ့တွင် ယေရှု ရှင်ပြန်ထမြောက်ပေးခဲ့သည်။ ယင်းက ယေရှုကို ဘုရားသခင်စေလွှတ်တော်မူကြောင်း ခိုင်လုံသောသက်သေဖြစ်ရာ ယေရှု၏ရန်သူများပင် လာဇရုထမြောက်ခြင်းကို လုံးဝမငြင်းနိုင်ကြပေ။ ယင်းအစား သူတို့သည် ယေရှုကိုသာမက လာဇရုကိုပင် သတ်ရန်ကြံစည်ကြလေ၏။ (ယောဟန် ၁၁:၁၇-၄၄၊ ၅၃; ၁၂:၉-၁၁) မှန်ပါသည်၊ ရှင်ပြန်ထမြောက်ခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးရန်နှင့် ယုံကြည်ခြင်းတည်ဆောက်ပေးရန် အတိတ်က ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းများကို ဘုရားသခင် ပေးသနားထားသည်။

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က နှစ်သိမ့်မှုပေး

၁၀။ ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းများမှ နှစ်သိမ့်မှုရရန် အဘယ်အရာက ကူညီပေးမည်နည်း။

၁၀ သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်တွင် သင် နှစ်သိမ့်မှုရလိုသလော။ ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းများက အမှန်ပင် နှစ်သိမ့်မှုပေးသည်။ ထိုမှတ်တမ်းများကို ဖတ်ရှုဆင်ခြင်၍ မြင်ယောင်ကြည့်ခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် သင့်အတွက် ပို၍အမှန်တကယ်ဖြစ်နိုင်ပါသည်။ (ရောမ ၁၅:၄) ယင်းတို့သည် ဒဏ္ဍာရီမျှမဟုတ်ပါ။ တကယ်တည်ရှိခဲ့သောနေရာနှင့်အချိန်တွင် အမှန်ဖြစ်ပျက်ခဲ့သည်။ ကျမ်းစာပါ ဦးဆုံးရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းကို သုံးသပ်ကြည့်ကြစို့။

၁၁၊ ၁၂။ (က) ဇရတ္တမြို့မှ မုဆိုးမ အဘယ်အဖြစ်ဆိုးကြုံခဲ့ရသနည်း။ အစပိုင်းတွင် သူမည်သို့တုံ့ ပြန်သနည်း။ (ခ) ယေဟောဝါသည် ပရောဖက်ဧလိယကို အဘယ်အရာပြုစေခဲ့ကြောင်း ဖော်ပြပါ။

၁၁ ဤဖြစ်ရပ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ပရောဖက်ဧလိယသည် ဇရတ္တမြို့မှ မုဆိုးမအိမ်တွင် တည်းခိုနေသည်မှာ အပတ်အနည်းငယ်ရှိပေပြီ။ မြို့၏အခြေအနေသည် ဝမ်းနည်းဖွယ်ပင်။ မိုးခေါင်၍ အငတ်ဘေးဆိုက်နေသဖြင့် လူများစွာ သေဆုံးနေသည်။ ယေဟောဝါသည် ထိုဆင်းရဲသောမုဆိုးမ၏ သစ္စာရှိမှုကို ဆုချသည့်အနေဖြင့် ဧလိယအား အံ့ဖွယ်အမှုပြုစေခဲ့သည်။ သူနှင့်သူ့သားအတွက် တစ်နပ်စာသာကျန်တော့ချိန်တွင် ဧလိယသည် ဂျုံနှင့်ဆီ မကုန်သွားစေရန် အံ့ဖွယ်နည်းဖြင့် ပြုလုပ်ပေးခဲ့သည်။ သို့သော် ယခု ထိုမုဆိုးမသည် အဖြစ်ဆိုးကြုံနေရ၏။ သူ့သားသည် ရုတ်တရက်ဖျားပြီး သေဆုံးသွားသည်။ သူဝမ်းနည်းလိုက်မည်ဖြစ်ခြင်း! လင်ယောက်ျား၏ အထောက်အပံ့မရှိဘဲ အသက်ရှင်ရခြင်းကပင် ခက်ခဲလွန်းနေပြီ။ ယခု တစ်ဦးတည်းသောသားလေးက သေဆုံးသွားပြန်သည်။ ပူဆွေးသောကရောက်လွန်းသဖြင့် ဧလိယနှင့် ယေဟောဝါဘုရားသခင်ကိုပင် သူအပြစ်တင်လေတော့သည်။ ပရောဖက် ဘာလုပ်မည်နည်း။

၁၂ မုဆိုးမ၏ မှားယွင်းသောစွပ်စွဲချက်ကို ဧလိယအပြစ်မတင်ခဲ့ပေ။ ယင်းအစား “သင်၏သားကို ငါ့အားပေးလော့” ဟုဆိုပြီး သူငယ်ကို အထက်ခန်းသို့ ဆောင်သွားလေ၏။ ထို့နောက် သူငယ်အသက်ပြန်ရှင်လာစေရန် အကြိမ်ကြိမ်ဆုတောင်းသည်။ နောက်ဆုံး သူငယ်ကို ယေဟောဝါ ရှင်ပြန်ထမြောက်စေသည်။ သူငယ် အသက်ရှူကြောင်း ဧလိယမြင်သော် မည်မျှဝမ်းသာပီတိဖြစ်မည်ကို မြင်ယောင်ကြည့်ပါ။ သူငယ်၏မျက်လွှာပွင့်လာပြီး မျက်လုံးများ အသက်ဝင်လာလေသည်။ ဧလိယသည် သူငယ်ကို မိခင်ထံယူသွား၍ “ကြည့်လော့။ သင်၏သားအသက်ရှင်ပြီ” ဟုဆိုလေ၏။ ပြောမပြနိုင်လောက်အောင် ဝမ်းသာလွန်း၍ မိခင်ဖြစ်သူ ဤသို့ဆိုသည်– ‘ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရားသခင်၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း ကျွန်မသိပါ၏။’ (၃ ဓမ္မရာဇဝင် ၁၇:၈-၂၄) ယေဟောဝါနှင့် ကိုယ်တော့်ပရောဖက်ကို သူပို၍ယုံကြည်လာလေသည်။

၁၃။ မုဆိုးမ၏သားကို ဧလိယအသက်ပြန်ရှင်စေသည့်မှတ်တမ်းက ယနေ့ ကျွန်ုပ်တို့ကို အဘယ်ကြောင့် နှစ်သိမ့်မှုပေးသနည်း။

၁၃ ထိုမှတ်တမ်းကို စဉ်းစားဆင်ခြင်ခြင်းက အမှန်နှစ်သိမ့်မှုပေးသည်။ ယေဟောဝါသည် ရန်သူသေခြင်းကို ရှုံးနိမ့်စေနိုင်ကြောင်း ထင်ရှားလှသည်တကား! သေလွန်သူများ ရှင်ပြန်ထမြောက်လာသောကြောင့် လူထောင်ပေါင်းများစွာသည် မုဆိုးမနည်းတူ ဝမ်းသာပီတိဖြစ်ကြမည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ကမ္ဘာတစ်ဝန်းရှိသေလွန်သူများကို ရှင်ပြန်ထမြောက်ပေးရန် သားတော်အား ယေဟောဝါညွှန်ကြားသည့်အခါ ကောင်းကင်တွင်လည်း ကြီးစွာသောဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခဲ့သလော။ သေလွန်သူများ အသက်ပြန်ရှင်လာရန် ယေဟောဝါပြုလုပ်ပေးနိုင်ပြီး ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရခြင်းက အားရှိစရာပါတကား!

သင့်မျှော်လင့်ချက်နှင့် ယခု သင့်အသက်တာ

၁၄။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က သင့်အသက်တာကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

၁၄ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က ယခု သင့်အသက်တာကို မည်သို့အကျိုးသက်ရောက်သနည်း။ အခက်အခဲများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ အန္တရာယ်များရင်ဆိုင်ရချိန်တွင် ထိုမျှော်လင့်ချက်မှ ခွန်အားယူနိုင်ပါသည်။ စာတန်သည် သင့်အား သေခြင်းတရားကို အလွန်ကြောက်ရွံ့စေလိုသည်။ သို့မှသာ သင်သည် အသက်ချမ်းသာရာရမည်ဟူသော အချည်းနှီးကတိများကို ယုံစားပြီး သမာဓိချိုးဖောက်ပေလိမ့်မည်။ “လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်” ဟုယေဟောဝါကို စာတန်ပြောဆိုခဲ့ကြောင်း သတိရပါ။ (ယောဘ ၂:⁠၄) ဤနည်းဖြင့် သင်အပါအဝင် ကျွန်ုပ်တို့အားလုံးကို စာတန် သွားပုပ်လေလွင့်ပြောဆိုခဲ့သည်။ သင်သည် အသက်အန္တရာယ်ကြုံရချိန်တွင် ဘုရားသခင်ကို အမှန်ပင် စွန့်သွားမည်လော။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို တွေးတောဆင်ခြင်ခြင်းဖြင့် ကောင်းကင်ခမည်းတော်၏အလိုကို ထမ်းဆောင်သွားမည်ဟူသောသန္နိဋ္ဌာန် ခိုင်မာစေနိုင်သည်။

၁၅။ မဿဲ ၁၀:၂၈ ပါယေရှု၏စကားများက အသက်အန္တရာယ်ကြုံရချိန်တွင် မည်သို့နှစ်သိမ့်မှုပေးနိုင်သနည်း။

၁၅ “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို [“ဂေဟင်နာ၊” ကဘ] ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့” ဟုယေရှုဆို၏။ (မဿဲ ၁၀:၂၈) စာတန်နှင့် သူ့လူများကို ကျွန်ုပ်တို့ ကြောက်စရာမလိုပါ။ အချို့သည် ကျွန်ုပ်တို့ကို အန္တရာယ်ပြုပြီး အသေသတ်နိုင်သည်မှာ မှန်ပါသည်။ သို့သော် အဆုံးစွန်အထိ သူတို့လုပ်နိုင်သည့်အရာပင် ယာယီသာဖြစ်၏။ ယေဟောဝါသည် သစ္စာရှိကျေးကျွန်များ၏ ထိခိုက်နစ်နာမှုများကို ဖယ်ရှားပေးနိုင်ပြီး ဖယ်ရှားပေးတော့မည်။ သေခြင်းမှပင် ရှင်ပြန်ထမြောက်စေမည်။ ထို့ကြောင့် ယေဟောဝါတစ်ပါးတည်းကိုသာ ကြောက်ရွံ့ရိုသေထိုက်သည်။ ကိုယ်တော်တစ်ပါးတည်းသာ ကိုယ်ခန္ဓာနှင့်အသက်ကို ဂေဟင်နာတွင်ဖျက်ဆီးခြင်းဖြင့် ယခုအသက်နှင့် အနာဂတ်အသက်မျှော်လင့်ချက်အားလုံးကို အစတုံးပစ်နိုင်စွမ်းရှိသည်။ ဝမ်းသာစရာမှာ ယေဟောဝါသည် သင့်ကို ထိုသို့မဖြစ်စေလိုပါ။ (၂ ပေတရု ၃:⁠၉) ဘုရားသခင့်ကျေးကျွန်များသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် လုံခြုံမှုရှိသည်ဟု အမြဲစိတ်ချနိုင်သည်။ ကျွန်ုပ်တို့ သစ္စာရှိနေသရွေ့ ထာဝရအသက်မျှော်လင့်ချက်ကို ပိုင်ဆိုင်နိုင်ပြီး ယင်းကို စာတန်နှင့် သူ့နောက်လိုက်များ ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။—⁠ဆာလံ ၁၁၈:၆; ဟေဗြဲ ၁၃:၆

၁၆။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ရှုမြင်ပုံက ဦးစားထားရာများ ချမှတ်ရာတွင် မည်သို့အကျိုးသက်ရောက်သနည်း။

၁၆ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ကျွန်ုပ်တို့အတွက် အမှန်တကယ်ဖြစ်မည်ဆိုလျှင် ယင်းက ကျွန်ုပ်တို့၏အသက်တာကို ပုံသွင်းပေးနိုင်သည်။ ‘အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ယေဟောဝါဆိုင်တော်မူ’ ကြောင်း ကျွန်ုပ်တို့သိကြသည်။ (ရောမ ၁၄:၇၊ ၈) ထို့ကြောင့် ဦးစားထားရာများ ချမှတ်ရာတွင် ပေါလု၏ ဤအကြံပြုချက်ကို လိုက်နာကြသည်– ‘သင်တို့သည် လောကပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။’ (ရောမ ၁၂:⁠၂) လူများစွာသည် မိမိတို့အလိုဆန္ဒ၊ ရည်မှန်းချက်၊ စိတ်ကူးပေါက်ရာများကို အပူတပြင်း လုပ်ဆောင်နေကြသည်။ လူ့သက်တမ်းတိုတောင်းလှသည်ဟု ယူဆသောကြောင့် အပျော်အပါးနောက် တကောက်ကောက်လိုက်နေကြသည်။ သူတို့၏ဝတ်ပြုရေးသည်လည်း “စုံလင်သောအရာတည်းဟူသော ဘုရားသခင့်အလိုတော်” နှင့်မကိုက်ညီပေ။

၁၇၊ ၁၈။ (က) လူ့သက်တမ်းတိုတောင်းမှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ သို့သော် ကျွန်ုပ်တို့အတွက် ဘုရားသခင့်အလိုတော်မှာ အဘယ်နည်း။ (ခ) ယေဟောဝါကို အဘယ်ကြောင့် နေ့စဉ်ချီးမွမ်းသင့်သနည်း။

၁၇ လူ့သက်တမ်းတိုတောင်းသည်မှာ မှန်ပါသည်။ အသက် ၇၀၊ ၈၀ အရွယ်တွင် ကျွန်ုပ်တို့ ‘အသက်သည် မြန်မြန်လွန်၍ စုတေ့ကြပါ၏။’ (ဆာလံ ၉၀:၁၀) လူတို့သည် မြက်ပင်၊ အရိပ်နှင့်အခိုးအငွေ့ကဲ့သို့ တစ်ခဏသာတည်သည်။ (ဆာလံ ၁၀၃:၁၅; ၁၄၄:၃၊ ၄) သို့သော် ကျွန်ုပ်တို့သည် ဆယ်စုနှစ်အနည်းငယ်အတွင်း ဉာဏ်ပညာနှင့်အတွေ့အကြုံများရယူပြီးနောက် နောက်ဆယ်စုနှစ်အနည်းငယ်တွင် အိုမင်းဖျားနာကာ သေဆုံးသွားရန် ဘုရားသခင် မရည်ရွယ်ပေ။ လူသားများကို ယေဟောဝါဖန်ဆင်းရာတွင် ထာဝစဉ်အသက်ရှင်လိုသောဆန္ဒ ထည့်သွင်းပေးခဲ့သည်။ ‘လူ့စိတ်နှလုံးကိုလည်း ထာဝရကာလ၌စွဲလမ်းစေတော်မူပြီ’ ဟုသမ္မာကျမ်းစာဆို၏။ (ဒေ. ၃:၁၁) ဘုရားသခင်သည် ထိုဆန္ဒကို ထည့်သွင်းပေးသော်လည်း မဖြည့်ဆည်းပေးခြင်းကြောင့် ရက်စက်ရာကျသလော။ မကျပါ။ အမှန်မှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ကိုယ်တော်သည် သေဆုံးသွားသူများကို ရှင်ပြန်ထမြောက်ပေးခြင်းဖြင့် ထာဝရအသက်ပြန်လည်ရရှိစေလိမ့်မည်။

၁၈ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် လုံခြုံစိတ်ချရသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ပါသည်။ ယခုအချိန်တွင် ကျွန်ုပ်တို့၏အစွမ်းအစရှိသမျှကို မဖြစ်မနေ အပူတပြင်း အသုံးချရန်မလိုပေ။ ရွေ့သွားကွယ်ပျောက်တော့မည့် ‘ဤလောကကို အပြည့်အဝသုံး’ ဖို့မလိုပါ။ (၁ ကောရိန္သု ၇:၂၉-၃၁; ၁ ယောဟန် ၂:၁၇) စစ်မှန်သောမျှော်လင့်ချက်မဲ့သူများနှင့်မတူဘဲ ကျွန်ုပ်တို့တွင် အံ့ဖွယ်ဆုကျေးဇူးရရှိထားကြသည်။ ယင်းမှာ ယေဟောဝါဘုရားသခင်ကို သစ္စာတည်ကြည်နေသရွေ့ ထာဝရအသက်ရှင်ခွင့်နှင့် ကိုယ်တော်အား ထာဝရချီးမွမ်းခွင့်ရရှိနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အမှန်တကယ်ဖြစ်စေသော ယေဟောဝါအား နေ့စဉ်ချီးမွမ်းကြပါစို့!

သင်မည်သို့ဖြေဆိုမည်နည်း

• ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ခံစားသင့်သနည်း။

• အဘယ်အချက်များက ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အမှန်တကယ်ဖြစ်စေသနည်း။

• ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မှ သင် မည်သို့နှစ်သိမ့်မှုရနိုင်သနည်း။

• ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က သင့်အသက်တာကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေဟောဝါသည် ဖြောင့်မတ်သူများကို ရှင်ပြန်ထမြောက်ပေးလိုစိတ် ပြင်းပြကြောင်း ယောဘသိနားလည်

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

“ကြည့်လော့။သင်၏သားအသက်ရှင်ပြီ”