မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရမိမြည်တမ်းစကားမှ ပေါ်လွင်ချက်များ

ယေရမိမြည်တမ်းစကားမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယေရမိမြည်တမ်းစကားမှ ပေါ်လွင်ချက်များ

ပရောဖက်ယေရမိသည် အနှစ် ၄၀ လုံးလုံး သူပြောဆိုခဲ့သည့် တရားစီရင်ခြင်းသတင်းစကားပြည့်စုံသည်ကို တွေ့မြင်ခဲ့ရသည်။ မိမိချစ်မြတ်နိုးသောမြို့တော် ပျက်စီးသည်ကို ကိုယ်တိုင်မြင်တွေ့ရသည့်အခါ ပရောဖက် မည်သို့ခံစားရသနည်း။ “ယေရမိသည် ထိုင်ငိုကာ ဤမြည်တမ်းစကားဖြင့် ငိုကြွေးမြည်တမ်းခဲ့သည်” ဟု ဂရိစက်ပ်တွားဂျင့်ကျမ်းမှ ယေရမိမြည်တမ်းစကား ကျမ်းဦးအဖွင့်စကား၌ ဆိုထားသည်။ ၁၈ လကြာ ဝိုင်းရံတိုက်ခိုက်ပြီးနောက် ယေရုရှလင်မြို့မီးလောင်ပြာကျသည်ကို ပရောဖက်စိတ်ထဲတွင် ကွင်းကွင်းကွက်ကွက်မြင်နေဆဲဖြစ်သည့် ဘီစီ ၆၀၇ တွင်စပ်ဆိုခဲ့သော ယေရမိမြည်တမ်းစကားကျမ်းသည် ယေရမိ၏အလွန်အမင်းဝမ်းနည်းကြေကွဲမှုကို အထင်အရှားဖော်ပြသည်။ (ယေရမိ ၅၂:၃-၅၊ ၁၂-၁၄) အလွန်ရင်နင့်စရာကောင်းပြီး နှလုံးထိမိစေသည့်ဖော်ပြချက်များဖြင့် မြည်တမ်းခဲ့သည့် အခြားအဘယ်မြို့မျှ သမိုင်းတွင်မရှိခဲ့ဖူးချေ။

မြည်တမ်းစကားကျမ်းသည် လင်္ကာငါးပိုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ ပထမလေးပုဒ်သည် မြည်တမ်းစကားများ သို့မဟုတ် ငိုချင်းဖြစ်ပြီး ပဉ္စမအပုဒ်မှာ အသနားခံဆုတောင်းချက်တစ်ခုဖြစ်သည်။ ပထမလေးပုဒ်မှာ ထိပ်စီးအက္ခရာယူစနစ်ဖြင့် သီကုံးထားသော လင်္ကာများဖြစ်ပြီး အခန်းငယ်တိုင်း၏အစ,စကားလုံးကို ဟေဗြဲအက္ခရာ ၂၂ လုံးဖြင့် အက္ခရာစဉ်အတိုင်း သီကုံးထားသည်။ ပဉ္စမမြောက်လင်္ကာမှာမူ ဟေဗြဲအက္ခရာအရေအတွက်နှင့် အတူတူပင်ဖြစ်သော အခန်းငယ် ၂၂ ခုပါရှိသော်လည်း အက္ခရာစဉ်အတိုင်း သီကုံးစပ်ဆိုထားခြင်းမဟုတ်ချေ။

“ငါသည် မျက်ရည်ကျ၍ မျက်စိပျက်လေပြီ”

(မြည်တမ်းစကား ၁:၁–၂:၂၂)

“စည်ပင်ခဲ့သောမြို့သည် လူဆိတ်ညံလျက် ထိုင်လေပြီတကား။ လူမျိုးတို့တွင် ကြီးမြတ်ဖူးသောသတို့သမီးသည် မုဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏သခင်မသည် အခွန်ပေးရ၏။” ပရောဖက်ယေရမိသည် ယေရုရှလင်မြို့နှင့်ပတ်သက်၍ ယင်းသို့ မြည်တမ်းစကားစ၍ဆိုသည်။ ယင်းဘေးဆိုးဖြစ်ရသည့်အကြောင်းရင်းကို ပရောဖက်က ဤသို့ဖော်ပြ၏– ‘သူပြစ်မှားသောအပြစ် များပြားသောကြောင့် ထာဝရဘုရားသခင်သည် ဒဏ်ခတ်တော်မူ’ ပြီ။—⁠မြည်တမ်းစကား ၁:၁၊

ခင်ပွန်းနှင့် သားသမီးများသေဆုံးသွားသည့် မုဆိုးမတစ်ဦးနှင့်ပုံဖော်ခြင်းခံရသော ယေရုရှလင်မြို့က ဤသို့မေး၏– ‘ငါ့ကိုညှဉ်းဆဲ၍ ဖြစ်စေတော်မူသော ဆင်းရဲခြင်းနှင့်တူသော ဆင်းရဲမှုရှိသလော။’ ရန်သူများနှင့်ပတ်သက်၍ ဘုရားသခင်ထံ သူဤသို့ဆုတောင်း၏– ‘သူတို့၏မကောင်းမှုအလုံးစုံတို့ကို စစ်ကြောတော်မူပါ။ အကျွန်ုပ်ပြစ်မှားမိသမျှသောအပြစ်တို့ကြောင့် အကျွန်ုပ်၌ပြုတော်မူသကဲ့သို့ သူတို့၌ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက်လျက်ရှိပါ၏။’—⁠မြည်တမ်းစကား ၁:၁၂၊ ၂၂

အလွန့်အလွန်နာကျင်ကြေကွဲကာ ယေရမိ ဤသို့ဆို၏– “[ယေဟောဝါသည်] ပြင်းစွာအမျက်တော်ထွက်၍ ဣသရေလ၏ဦးချိုရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံးတော်ကိုရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သောမီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။” မိမိအလွန်ဝမ်းနည်းကြေကွဲကြောင်း ပရောဖက် ဤသို့မြည်တမ်း၏– “ငါ၏လူမျိုးသတို့သမီး ပျက်စီးသောကြောင့် ငါသည် မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက်ခြင်းရှိ၍ အသည်းလည်း မြေပေါ်မှာသွန်းလျက်ရှိ၏။” ဖြတ်သွားဖြတ်လာများကပင် “ဂုဏ်အသရေအထွတ်၊ မြေတစ်ပြင်လုံးရွှင်လန်းရာဘွဲ့ရှိသောမြို့ကား ဤမြို့လော” ဟုမိမိတို့၏အံ့အားသင့်မှုကို ဖော်ပြကြ၏။—⁠မြည်တမ်းစကား ၂:၃၊ ၁၁၊ ၁၅

ကျမ်းစာမေးခွန်းများ၏အဖြေ

၁:၁၅—⁠ယေဟောဝါသည် “ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း၌” မည်သို့ “နင်းနယ်တော်မူ” ခဲ့သနည်း။ သတို့သမီးကညာအဖြစ် ဖော်ပြခံရသောမြို့ကို ဖျက်ဆီးရာတွင် ဗာဗုလုန်လူမျိုးတို့သည် စပျစ်သီးနယ်ရာကျင်းတစ်ခုမှရရှိသော စပျစ်ရည်ပမာဏမျှရှိသည့် သွေးများကို သွန်းခဲ့ကြသည်။ ယင်းကို ယေဟောဝါကြို၍မိန့်တော်မူခဲ့ပြီး ယင်းသို့ဖြစ်ရန် ခွင့်ပြုတော်မူခြင်းဖြင့် ကိုယ်တော်သည် “စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူ” သည်ဟုဆိုနိုင်သည်။

၂:၁—⁠မည်သို့သောအားဖြင့် “ဣသရေလအမျိုး၏ဂုဏ်အသရေကို ကောင်းကင်မှ မြေကြီးတိုင်အောင် ချတော်မူ” ခဲ့သနည်း။ “မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်” သောကြောင့် ချီးမြှောက်ခြင်းခံရသောအရာများအား အောက်သို့နှိမ့်ချခြင်းကို “ကောင်းကင်မှ မြေကြီးတိုင်အောင် ချတော်မူ” သည်ဟု များသောအားဖြင့် ဖော်ပြတတ်ကြသည်။ ယေဟောဝါ၏ကောင်းချီးမင်္ဂလာရရှိချိန်တွင် ပိုင်ဆိုင်ခဲ့သော ဘုန်းအသရေနှင့်တန်ခိုးဖြစ်သည့် “ဣသရေလအမျိုး၏ ဂုဏ်အသရေ” သည် ယေရုရှလင်မြို့ပျက်စီးချိန်၊ ယုဒပြည်သိမ်းရုံးဖျက်ဆီးခံရချိန်တွင် အောက်သို့ချခြင်းခံခဲ့ရသည်။—⁠ဟေရှာယ ၅၅:၉

၂:၁၊ —⁠ယေဟောဝါ၏ ‘ခြေတင်ရာခုံ’ နှင့် “တောင်ယာခြံ [“တဲ၊” ကဘ]” တို့မှာ အဘယ်နည်း။ ‘ဝတ်ပြုရာတဲတော်ထဲသို့ဝင်၍ ခြေတင်ရာခုံအောက်၌ ပျပ်ဝပ်ကိုးကွယ်ကြကုန်အံ့’ ဟု ဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၁၃၂:၇) သို့ဖြစ်၍ မြည်တမ်းစကား ၂:၁ တွင်ပါသော ‘ခြေတင်ရာခုံ’ သည် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်ကို ရည်ညွှန်းသည်။ ဗာဗုလုန်လူမျိုးတို့သည် ဥယျာဉ်ထဲရှိတဲတစ်ခုအလား ‘ယေဟောဝါ၏အိမ်တော်ကို မီးရှို့ ခဲ့’ ကြသည်။—⁠ယေရမိ ၅၂:၁၂၊ ၁၃

၂:၁၇—⁠ယေရုရှလင်မြို့နှင့်ပတ်သက်၍ အဘယ်အထူး “စကားတော်” ကို ယေဟောဝါပြည့်စုံစေခဲ့သနည်း။ ဤတွင်ရည်ညွှန်းထားသည်မှာ ဝတ်ပြုရာ ၂၆:၁၇ ပါစကားများ ဖြစ်ပုံရသည်၊ ယင်းတွင် ဤသို့ဖော်ပြ၏– “သင်တို့ကိုငါမျက်နှာထား၍ ရန်သူရှေ့မှာဆုံးစေမည်။ သင်တို့သည် ရန်သူ၏အုပ်စိုးခြင်းကိုခံရ၍ အဘယ်သူမျှမလိုက်သော်လည်း ပြေးကြလိမ့်မည်။”

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

၁:၁-၉ယေရုရှလင်မြို့သည် ညအခါ ပြင်းစွာငိုကြွေး၍ သူ၏ပါးသည် မျက်ရည်နှင့် စိုစွတ်လေ၏။ သူ၏မြို့တံခါးတို့သည် လူဆိတ်ညံလျက်ရှိကြ၏။ သူ၏ယဇ်ပုရောဟိတ်တို့သည် ညည်းတွားကြ၏။ သူ၏သမီးကညာတို့သည် နာကြည်းသောစိတ်ရှိ၍ သူသည် ကိုယ်တိုင်ညှိုးငယ်လျက်နေရ၏။ အဘယ်ကြောင့်နည်း။ ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်ဖြစ်သည်။ သူ၏မစင်ကြယ်သောလက္ခဏာမှာ အထင်အရှားဖြစ်သည်။ အပြစ်ကျူးလွန်ခြင်း၏ရလဒ်မှာ ရွှင်လန်းခြင်းမဟုတ်ဘဲ မျက်ရည်ကျခြင်း၊ သက်ပြင်းချညည်းတွားခြင်း၊ နာကြည်းခြင်းနှင့် ညှိုးငယ်ခြင်းတို့ဖြစ်သည်။

၁:၁၈အပြစ်ကျူးလွန်သူတို့ကို အပြစ်ပေးရာတွင် ယေဟောဝါသည် အစဉ်အမြဲ တရားမျှတ၊ ဖြောင့်မတ်တော်မူသည်။

၂:၂၀ဣသရေလလူမျိုးသည် ယေဟောဝါ၏စကားတော်ကို နားမထောင်ပါက “သားသမီးတို့၏အသားကို” စားရခြင်းပါဝင်သည့် ကျိန်ခြင်းအမင်္ဂလာများကို တွေ့ကြုံခံစားရမည်ဟု သတိပေးခဲ့ပြီးဖြစ်သည်။ (တရားဟောရာ ၂၈:၁၅၊ ၄၅၊ ၅၃) ဘုရားသခင်အား မနာခံသည့်လမ်းစဉ်ကိုရွေးချယ်ခြင်းသည် အလွန်ပညာမဲ့ရာကျသည်။

“အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါနားတော်ကို လွှဲတော်မမူပါနှင့်”

(မြည်တမ်းစကား ၃:၁–၅:၂၂)

ယေရမိမြည်တမ်းစကား အခန်းကြီး ၃ တွင် ဣသရေလလူမျိုးကို ‘လူတစ်ဦး’ အနေနှင့် ဖော်ပြထားသည်။ အခက်အခဲဆင်းရဲကြုံရသော်လည်း ထိုသူဤသို့သီဆို၏– ‘ကိုယ်တော်ကိုမျှော်လင့်သောသူနှင့် ကိုယ်တော်ကိုရှာသောသူ၏စိတ်ဝိညာဉ်အား ထာဝရဘုရားသခင်သည် ကျေးဇူးပြုတော်မူ၏။’ စစ်မှန်သောဘုရားသခင်ထံ ဆုတောင်းရာတွင် သူဤသို့တောင်းဆို၏– “အကျွန်ုပ်ခေါ်သံကိုကြားတော်မူသည်ဖြစ်၍ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကိုလွှဲတော်မမူပါနှင့်။” ရန်သူတို့၏ကဲ့ရဲ့ရှုတ်ချမှုကို ဂရုပြုတော်မူရန် ယေဟောဝါအား သူဤသို့တောင်းဆို၏– ‘အိုထာဝရဘုရားသခင် သူတို့ကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။’—⁠မြည်တမ်းစကား ၃:၁၊ ၂၅၊ ၅၆၊ ၆၄

ယေရုရှလင်မြို့ကို ၁၈ လကြာ ဝိုင်းရံတိုက်ခိုက်ခဲ့သည့် ကြောက်မက်ဖွယ်အကျိုးဆက်များနှင့်ပတ်သက်၍ ယေရမိသည် မိမိ၏ခံစားချက်များကိုသွန်ချကာ ဤသို့မြည်တမ်း၏– “အဘယ်သူမျှအားမထုတ်ဘဲ ချက်ချင်းပျက်စီးခြင်းသို့ရောက်သော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ၏လူမျိုး သတို့သမီးခံရသောအပြစ်ဒဏ်သည် သာ၍ကြီးပေ၏။” ယေရမိ ဤသို့ဆက်ဆို၏– “ဓားဖြင့်သေသောသူသည် ငတ်မွတ်၍သေသောသူထက် သာ၍မင်္ဂလာရှိ၏။ ငတ်မွတ်၍သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖောက်၍ ပိန်ကြုံရ၏။”—⁠မြည်တမ်းစကား ၄:၆၊

ပဉ္စမမြောက်လင်္ကာကို ယေရုရှလင်မြို့သားများ ပြောဆိုကြသည့်အလား ဖော်ပြထားသည်။ သူတို့ဤသို့ဆို၏– ‘အိုထာဝရဘုရားသခင် အကျွန်ုပ်တို့၌ ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကို ကြည့်ရှု၍ ဆင်ခြင်တော်မူပါ။’ မိမိတို့နာကျင်ခံစားခဲ့ရာများကို ပြန်ပြောကာ ဤသို့အသနားခံ၏– ‘အိုထာဝရဘုရားသခင် ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင်ဖြစ်ပါ၏။ အိုထာဝရဘုရားသခင် အကျွန်ုပ်တို့ကို အထံတော်သို့လှည့်စေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ပြန်၍လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြုပြင်တော်မူပါ။’—⁠မြည်တမ်းစကား ၅:၁၊ ၁၉၊ ၂၁

ကျမ်းစာမေးခွန်းများ၏အဖြေ

၃:၁၆—⁠“ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော်မူ၏” ဟူသောဖော်ပြချက်က အဘယ်အရာကို ဆိုလိုသနည်း။ ရည်ညွှန်းစာအုပ်တစ်အုပ်တွင် ဤသို့ဆို၏– “ဂျူးတို့သည် ပြည်နှင်ခံလမ်းခရီးတွင် မြေတွင်းမီးဖိုများဖြင့် ပေါင်မုန့်ဖုတ်ခဲ့ရသည်၊ သို့ဖြင့် သူတို့၏မုန့်တွင် ကျောက်စရစ်ပါသွားသည်။” ထိုသို့သောမုန့်ကိုစားခြင်းက သွား၏တစ်စိတ်တစ်ပိုင်းကို ကျိုးပဲ့စေနိုင်သည်။

၄:၃၊ ၁၀—⁠ယေရမိက “[မိမိ] လူမျိုးသတို့သမီး” ကို “တော၌နေသော ကုလားအုတ်ငှက်” နှင့် အဘယ်ကြောင့်နှိုင်းယှဉ်သနည်း။ ကုလားအုတ်ငှက်သည် “သားငယ်တို့ကိုကိုယ်သားကဲ့သို့မမှတ်၊ ကြမ်းတမ်းစွာပြုတတ်၏” ဟု ယောဘ ၃၉:၁၆ တွင်ဖော်ပြထားသည်။ ဥပမာ၊ ဥများမှသားငယ်များပေါက်လာပြီးနောက် ကုလားအုတ်ငှက်မသည် အခြားငှက်မများနှင့်အတူ ထွက်သွားသည်၊ ငှက်ကုလားအုတ်အထီးသည် သားပေါက်များကိုကြည့်ရှုသည့် တာဝန်ကိုယူသည်။ အန္တရာယ်နှင့် မျက်နှာချင်းဆိုင်ရင်ဆိုင်ရသည့်အခါ မည်သို့ဖြစ်တတ်သနည်း။ သားပေါက်များကိုပစ်ကာ ကုလားအုတ်ငှက်အထီးရော အမများပါ အသိုက်မှ ထွက်ပြေးကြသည်။ ဗာဗုလုန်လူမျိုးတို့ ဝိုင်းရံတပ်ချထားချိန်တွင် ယေရုရှလင်မြို့တွင်းအစာခေါင်းပါးမှုသည် အလွန်ပြင်းထန်သောကြောင့် ပုံမှန်ဆိုလျှင် သနားကြင်နာမှုရှိသော မိခင်ဖြစ်သူတို့သည် တော၌နေသောကုလားအုတ်ငှက်ကဲ့သို့ မိမိတို့၏ရင်သွေးတို့ကို ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ကြသည်။ ယင်းသည် မြေခွေးမတို့တင်ပြသော မိခင်မေတ္တာနှင့် လုံးလုံးခြားနားသည်။

၅:၇—⁠ယေဟောဝါသည် ဘိုးဘေးတို့၏အပြစ်များအတွက် လူတို့ကိုတရားစီရင်ခြင်းလော။ မဟုတ်ပါ၊ ယေဟောဝါသည် ဘိုးဘေးတို့၏အပြစ်များကြောင့် လူတို့ကို တိုက်ရိုက်အပြစ်မပေးပါ။ “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်” ဟုသမ္မာကျမ်းစာကဆိုသည်။ (ရောမ ၁၄:၁၂) သို့သော် အပြစ်၏အကျိုးဆက်သည် နောက်ပိုင်းလူမျိုးဆက်များ ခံစားရသည်အထိ ကြာရှည်နိုင်သည်။ ဥပမာ၊ ရှေးဣသရေလလူတို့ ရုပ်ပုံကိုးကွယ်မှုဘက်သို့ လမ်းလွဲသွားခြင်းက နောက်ပိုင်းအချိန်တွင် တည်ကြည်သောဣသရေလလူတို့အတွက်ပင် ဖြောင့်မတ်သောလမ်းစဉ်ကို ကိုင်စွဲရန် ခက်ခဲခဲ့သည်။—⁠ထွက်မြောက်ရာ ၂၀:၅

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

၃:၈၊ ၄၃၊ ၄၄ယေရုရှလင်မြို့၌ ဘေးဆိုးကျရောက်နေချိန်အတွင်း မြို့သူမြို့သားတို့၏ အော်ဟစ်အကူအညီတောင်းဆိုမှုကို ယေဟောဝါ နားမထောင်ခဲ့ပါ။ အဘယ်ကြောင့်နည်း။ လူတို့သည် နာခံမှုမရှိခဲ့ကြသည့်ပြင် နောင်တမယူခဲ့ကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါနားညောင်းစေလိုပါက ကျွန်ုပ်တို့သည် ကိုယ်တော်အားနာခံရမည်။—⁠သု. ၂၈:၉

၃:၂၁-၂၆၊ ၂၈-၃၃ကြီးမားပြင်းထန်သည့် ခက်ခဲဆင်းရဲမှု ကြုံရလျှင်ပင် မည်သို့ခံရပ်နိုင်သနည်း။ ယေရမိက ကျွန်ုပ်တို့ကို ပြောပြပါသည်။ ယေဟောဝါသည် ချစ်ခင်ကြင်နာမှုလုပ်ရပ်များနှင့် ကြွယ်ဝတော်မူပြီး သနားကြင်နာမှုများပြားကြောင်း ကျွန်ုပ်တို့မမေ့သင့်ပါ။ ကျွန်ုပ်တို့ အသက်ရှင်နေရခြင်းကိုယ်နှိုက်က မျှော်လင့်ချက်ကို မစွန့်လွှတ်ဖို့ လုံလောက်နေပြီဖြစ်ပြီး ယေဟောဝါအား ပြစ်တင်ညည်းညူခြင်းမရှိဘဲ ကယ်တင်ခြင်းရရန် စိတ်ရှည်စွာ၊ ငြိမ်ဝပ်စွာမျှော်လင့်နေဖို့လိုကြောင်း သတိရသင့်သည်။ ထို့ပြင် “[ကျွန်ုပ်တို့၏] နှုတ်ကို မြေမှုန့်၌ကပ်စေ” သင့်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် အကြောင်းကောင်းရှိ၍သာ စုံစမ်းမှုများဖြစ်ခွင့်ပြုသည်ကို အသိအမှတ်ပြုကာ ယင်းတို့ကို နှိမ့်ချစွာလက်ခံသင့်သည်။

၃:၂၇ငယ်ရွယ်ချိန်တွင် ယုံကြည်ခြင်းစမ်းသပ်မှုများနှင့် ရင်ဆိုင်ရခြင်းက အခက်အခဲများနှင့် ကဲ့ရဲ့ပြောင်လှောင်မှုများကို ခံရပ်ခြင်း ဖြစ်ပေမည်။ သို့သော် “လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း” ပါသည်။ အဘယ်ကြောင့်နည်း။ ငယ်ရွယ်ချိန်တွင် ခက်ခဲဆင်းရဲမှုထမ်းပိုးထမ်းတတ်ရန် သင်ယူထားခြင်းက နောက်ပိုင်းနှစ်များတွင်ရင်ဆိုင်ရမည့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ခြင်းဖြစ်သည်။

၃:၃၉-၄၂ကျွန်ုပ်တို့၏အပြစ်များကြောင့် ခက်ခဲဆင်းရဲခံနေရချိန်တွင် “မြည်တမ်း” ခြင်းသည် ပညာမရှိပါ။ အမှားပြုခြင်း၏အကျိုးဆက်များကို ရိတ်သိမ်းနေရခြင်းအတွက် မြည်တမ်းမည့်အစား ‘ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍ ထာဝရဘုရားသခင်ထံတော်သို့ ပြန်သွားကြကုန်အံ့။’ နောင်တယူပြီး ကျွန်ုပ်တို့၏လမ်းစဉ်ကို တည့်မတ်ခြင်းက ပညာရှိရာရောက်သည်။

ယေဟောဝါအားသင်၏ယုံကြည်ကိုးစားရာ ဖြစ်စေပါ

သမ္မာကျမ်းစာမှ ယေရမိမြည်တမ်းကျမ်းက ဗာဗုလုန်လူမျိုးတို့ မီးရှို့ဖျက်ဆီးပြီး လူဆိတ်ညံလျက်ကျန်ရစ်စေခဲ့သည့် ယေရုရှလင်မြို့နှင့် ယုဒပြည်ကို ယေဟောဝါမည်သို့ရှုမြင်တော်မူကြောင်း ဖော်ပြသည်။ ယင်းတွင်မှတ်တမ်းတင်ထားသော အပြစ်ကိုအသိအမှတ်ပြုသည့် ဖော်ပြချက်များက ဘေးဆိုးကျရောက်ခြင်းမှာ လူတို့၏အမှားများကြောင့်ဖြစ်ကြောင်း ယေဟောဝါ၏ရှုထောင့်ကို အထင်အရှားပေါ်လွင်စေသည်။ ဤမှုတ်သွင်းခံကျမ်းထဲတွင် ယေဟောဝါအား မျှော်လင့်သည့်ဖော်ပြချက်နှင့် ဖြောင့်မတ်သောလမ်းစဉ်သို့ ပြန်လှည့်လိုသည့်ဆန္ဒတို့ဖော်ပြသော လင်္ကာပိုဒ်များလည်း ပါဝင်သည်။ ယင်းတို့သည် ယေရမိခေတ်အချိန်က လူအများစု၏ စိတ်သဘောထားမဟုတ်သော်လည်း ယေရမိနှင့် နောင်တရသောအကြွင်းအကျန်တို့၏ စိတ်သဘောထားဖြစ်သည်။

ယေရမိမြည်တမ်းကျမ်းတွင် ဖော်ပြထားသည့်အတိုင်း ယေရုရှလင်မြို့အခြေအနေနှင့်ပတ်သက်၍ ယေဟောဝါစစ်ဆေးကာ တရားစီရင်ခြင်းက ကျွန်ုပ်တို့အား အရေးကြီးသော သင်ခန်းစာနှစ်ခု သင်ပေးသည်။ ပထမ၊ ယေရုရှလင်မြို့ဖျက်ဆီးခံရခြင်းနှင့် ယုဒပြည် လူဆိတ်ညံရာဖြစ်ခြင်းက ယေဟောဝါအားနာခံရန် လှုံ့ဆော်ပေးပြီး ဘုရားသခင့်အလိုတော်လျစ်လျူမရှုဖို့ သတိပေးချက်တစ်ခုဖြစ်သည်။ (၁ ကောရိန္သု ၁၀:၁၁) ဒုတိယသင်ခန်းစာမှာ ယေရမိ၏ပုံနမူနာမှဖြစ်သည်။ (ရောမ ၁၅:၄) မျှော်လင့်ချက်မဲ့အခြေအနေဖြစ်ပုံရသည့်တိုင် အလွန့်အလွန်ဝမ်းနည်းကြေကွဲနေသော ပရောဖက်သည် ကယ်တင်ခြင်းအတွက် ယေဟောဝါကို မျှော်ကိုးခဲ့သည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကိုယ်တော့်နှုတ်မြွက်စကားတော်ကို အကြွင်းမဲ့ကိုးစားပြီး ကိုယ်တော်ကို ကျွန်ုပ်တို့၏ကိုးစားရာဖြစ်စေရန် အလွန်အရေးကြီးလှပါသည်တကား။—⁠ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ပရောဖက်ယေရမိသည် မိမိကြေညာခဲ့သောတရားစီရင်ခြင်းသတင်းစကား ပြည့်စုံသည်ကို မြင်တွေ့ခဲ့ရ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ခရစ်ယာန်ကြားနေမှုအရေးကိစ္စနှင့်ပတ်သက်၍ ဤကိုရီးယားသက်သေခံများ၏ ယုံကြည်ခြင်းသည် စမ်းသပ်ခံခဲ့ရ