လျှာ၏အစွမ်းတန်ခိုး
လျှာ၏အစွမ်းတန်ခိုး
သစ်ကုလားအုတ်၏လျှာသည် ၁၈ လက်မရှည်ကာ သစ်ကိုင်းများမှသစ်ရွက်များကိုဆွဲယူရန် လျင်မြန်ပြီးစွမ်းအားအပြည့်အဝရှိသည်။ ဝေလငါးပြာ၏လျှာသည် ဆင်တစ်ကောင်၏အလေးချိန်မျှလေးသည်။ ယင်းလျှာရွေ့ရန် လိုအပ်သောခွန်အားကို စဉ်းစားကြည့်ပါ။
ယင်းတို့၏အရွယ်အစား၊ အလေးချိန်၊ စွမ်းအားတို့နှင့်နှိုင်းသော် လူ့လျှာသည် ဘာမျှမဟုတ်ချေ။ သို့သော် လူ့လျှာသည် အစွမ်းတန်ခိုးပိုထက်၏။ လူ့ကိုယ်ခန္ဓာ၏ ဤသေးငယ်သောအစိတ်အပိုင်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာက ဤသို့ဆို၏– “လျှာသည် အသက်ရှင်စေရန်၊ သေစေရန်တန်ခိုးရှိ၏။” (သု. ၁၈:၂၁၊ သမ) မှန်ပါသည်၊ လုပ်ကြံပြောဆိုသည့်လိမ်လည်ခြင်းနှင့် မမှန်သောသက်သေခံခြင်းတို့ကြောင့် အပြစ်မဲ့သူများအား ပျက်စီးစေရုံမက သေခြင်းကိုပင်ဖြစ်စေသည့် လူ့လျှာ၏ သေစေနိုင်သောအစွမ်းတန်ခိုးကို ကျွန်ုပ်တို့ဘယ်နှစ်ကြိမ်ကြားဖူးခဲ့သနည်း။
ထို့နည်းတူ နာကြည်းစေသောစကားများကြောင့် ကြာရှည်စွာပေါင်းသင်းခဲ့သောမိတ်ဆွေများပင် မိတ်ပျက်ကြရသည်။ အခံရခက်သောစကားများသည် စိတ်ခံစားမှုများကို ကြေမွစေနိုင်သည်။ “သင်တို့သည် ငါ့စိတ်ဝိညာဉ်ကိုနှောင့်ယှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း” ဟု မိတ်ဆွေများ၏ကြီးစွာရှုတ်ချခံရသော ယောဘ မြည်တမ်းခဲ့သည်။ (ယောဘ ၁၉:၂) ထိန်းချုပ်မှုမရှိသောလျှာ၏ဖျက်ဆီးနိုင်စွမ်းကို တပည့်ဖြစ်သူယာကုပ်က ဤသို့ကွက်ကွက်ကွင်းကွင်းဖော်ပြခဲ့သည်– “လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။ လျှာသည်မီးဖြစ်၏။”—ယာကုပ် ၃:၅၊ ၆။
အခြားတစ်ဖက်တွင်မူ လျှာ၏အစွမ်းတန်ခိုးသည် အသက်ကယ်ခြင်းကိုလည်းဖြစ်စေနိုင်သည်။ ထောက်ထားစာနာပြီး နှစ်သိမ့်ပေးသောစကားများသည် စိတ်ဓာတ်ကျခြင်းနှင့် ကိုယ်ကိုကိုယ်သတ်သေခြင်းမှ တချို့သူတို့ကို ကယ်တင်ခဲ့သည်။ အကြံဉာဏ်ကောင်းကို လိုက်နာသည့်အခါ မူးယစ်ဆေးအလွဲသုံးသူနှင့် ဆိုးသွမ်းသူလူဆိုးအတော်များများသည် အချိန်မတိုင်မီသေခြင်းမှ လွတ်လာခဲ့ကြသည်။ မှန်ပါသည်၊ ဖြောင့်မတ်သူတစ်ဦး၏လျှာသည် “အသက်ဖြစ်” စေပြီး “လျောက်ပတ်သောစကားသည် ငွေအပြောက်မှာစီခြယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။”—သု. ၁၅:၄; ၂၅:၁၁။
သို့သော် လျှာကိုအကောင်းဆုံးအသုံးပြုနိုင်သည့်နည်းမှာ ယေဟောဝါဘုရားသခင်အား ချီးမွမ်းခြင်း၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်းနှင့် သမ္မာကျမ်းစာမှအလွန်တန်ဖိုးရှိလှသောအမှန်တရားကို အခြားသူတို့အား သွန်သင်ပေးခြင်းဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ယေရှုဤသို့ဆို၏– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။